← Chapters

အမှတ်အားလုံး သိမ်းယူခြင်း

Vol. 65 Ch. 902

အမှတ်အားလုံး သိမ်းယူခြင်း

Vol. 65 Ch. 902

နတ်ဆိုးခြောက်ယောက်သည် ကံဆိုးမှုကို အပြစ်တင်နေပြီး အလွယ်တကူ သတ်နိုင်သည်ဟု ထင်ခဲ့သော အဆင့်သုံးမျိုးနွယ်ဝင် လေး​ယောက်မှာ ထူးခြားနေသည်။

"ခြင်္သေ့ကြီး နင်အာ မိုပင်း ဒီအမှတ်တွေကို မင်းတို့ ခွဲယူလိုက်ကြ"

စမ်းသပ်မှုအမှတ်တစ်သည် ယဲ့ချန်အတွက် အလွန်လွယ်ကူနေပြီး နောက်ပိုင်းတွင် အမှတ်များသူများကို သတ်ဖြတ်၍ ရှာဖွေနိုင်သောကြောင့် အပေါင်းအပါများအား အခွင့်အရေးပေးလိုက်သည်။ ဝိညာဥ်နယ်မြေက ကျယ်ဝန်းသော်လည်း ဝိညာဥ်နတ်ဘုရားကုန်းမြေအောက် အဆင့်နိမ့်သောကြောင့် ပုန်းအောင်းနေလျှင်ပင် သူက လိုက်လံရှာဖွေနိုင်သည်။ စမ်းသပ်မှုအမှတ်တစ်တွင် ဝိညာဥ်နတ်ဘုရားက ပြိုင်ဘက်ကင်းပြီး မည်သူမှ ထွက်ပြေးနိုင်မည် မဟုတ်ပေ။ အကယ်၍ သူသာ သေမင်းကြယ်၏အတွင်းပိုင်းသို့ ဝင်ရောက်ကာ သေမင်းနှင့်အနားသို့ ချဥ်းကပ်လိုလျှင် အစွမ်းထက်သူများ၏ အာရုံကို ဆွဲဆောင်ရမည်ဖြစ်သောကြောင့် အစွမ်းပြရန် ဆုံးဖြတ်ထားသည်။ သူ၏ကူညီမှုဖြင့် ကျန်သုံးယောက်က နတ်ဆိုးခြောက်ယောက်၏ ဝိညာဥ်များကို ဖျက်ဆီးကာ တစ်ယောက်လျှင် အမှတ်တစ်ထောင်ကျော် ပိုင်ဆိုင်ကုန်သည်။

"ယဲ့ချန် ငါတို့က ထိပ်တန်းတစ်ရာထဲ ရောက်သွားပြီ"

အမှတ်ပမာဏက ထိပ်တန်းတစ်ရာအတွင်း ရောက်သောအခါ ဝိညာဥ်နယ်မြေမှ သတင်းအချက်အလက်တစ်ခုကို သူတို့က ရရှိလိုက်ကြသည်။

"အမှတ်အမြင့်ဆုံးက ဘယ်သူတွေလဲ"

ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။

"အမှတ်အများဆုံးတွေက ရှင်းဟွမ်မျိုးနွယ်ရဲ့ ရွှမ်ရဲ၊ မိုးကြိုးမျိုးနွယ်ရဲ့ မာရာနဲ့ သွေးနတ်ဆိုး ရှီကြွယ်တို့ ဖြစ်တယ်။ ပထမဆုံးငါးယောက်ရဲ့ အမှတ်တွေက တစ်သောင်းကျော်စီဖြစ်ပြီး ရွှမ်ရဲဆိုရင် သုံးသောင်းကျော် ပိုင်ဆိုင်ထားတယ်"

နှိုင်းယှဥ်လိုက်လျှင် အမှတ်တစ်ထောင်ကျော်က မည်သို့မှမယှဥ်သာသောကြောင့် ခြင်္သေ့ကြီးက သက်ပြင်းချလိုက်သည်။ ဝိညာဥ်လောက၏ အလယ်တွင် အမှတ်အများဆုံး ငါးယောက်က လေထဲတွင် မျက်နှာဆိုင်းရပ်နေကာ နောက်ဆုံးယှဥ်ပြိုင်ရမည် ဖြစ်သောကြောင့် ရန်လိုနေသည်။

"ရွှမ်ရဲ မင်း ငါနဲ့ တိုက်ခိုက်ရဲသလား"

မာရာ၏အသံက ထစ်ချုန်းနေပြီး အစွမ်းထက်သောကြောင့် သာမန်ကျင့်ကြံသူများဆိုလျှင် သွေးများလောင်ကျွမ်း၍ နားစည်များ ပေါက်ကွဲပေလိမ့်မည်။ သူက ကြီးစိုးသော အရှိန်အဝါတစ်ခုကို ထုတ်ဖော်ထား၍ ဓားရှည်သဏ္ဍာန်ရှိသော ဧရာမ မိုးကြိုးကြီးတစ်စင်းကို ဆုပ်ကိုင်ထား၏။

"မာရာ မင်းက ငါ့အောက် အားနည်းတယ်။ မင်းတို့နှစ်ယောက် ပူးပေါင်းလိုက်ရင်တောင် ငါက အနိုင်ယူဖို့ ပြဿနာမရှိဘူး"

လေထဲတွင် မောက်မာစွာရပ်နေသော ရွှမ်ရဲက မာရာနှင့် ရှီကြွယ်ကို တစ်လှည့်စီကြည့်၍ စိန်ခေါ်လိုက်သောအခါ မျက်နှာထားများ တင်းမာကုန်သည်။ သိန်းချီသော ကြယ်သခင်များ၏ တိုက်ပွဲအဆုံးတွင် အရေအတွက်တစ်ထောင်ကျော် ကျန်ရစ်ပြီး သူတို့၏စိတ်ထဲတွင် အဆင့်တူပါရမီရှင်နှစ်ယောက်ကို စိန်ခေါ်နေသည့် ရွှမ်ရဲမှာ မောက်မာလွန်းသည်ဟု ထင်နေကြသည်။ သူတို့က ကြယ်သခင်သိန်းချီအနက် စမ်းသပ်မှုအတွင်း အသန်မာဆုံးများဖြစ်ကာ နောက်ဆုံးတိုက်ပွဲကို ရင်ဆိုင်ကြရပေလိမ့်မည်။

"ရွှမ်ရဲ မောက်မာလှချည်လား။ မာရာကို အနိုင်ယူနိုင်မှ ငါ့ကို တိုက်ခိုက်ရင်လည်း နောက်မကျပါဘူး"

ရှီကြွယ်က နှာခေါင်းရှုံ့လိုက်သည်။ ထိပ်တန်းသုံးယောက်၏အောက်တွင် မနီးမဝေးမှ ကပ်လိုက်နေသော ကျင့်ကြံသူ ဆယ်ယောက်ကျော်ရှိကာ ခွန်အားချင်းက မတိမ်းမယိမ်းဖြစ်သဖြင့် ကြယ်သခင်အဆင့်နိမ့်တွင် အခြားသူများကို အထင်သေးနိုင်ကြ၏။ သူတို့အားလုံးက မောက်မာပြီး အရှုံးမပေးလိုသောကြောင့် တိုက်ခိုက်လိုစိတ်များ တောက်လောင်ကာ နောက်ဆုံးတိုက်ပွဲတစ်ခု ဖြစ်ပေါ်လာရန် နီးကပ်နေသည်။ ထိုအချိန်၌ ပုံရိပ်တစ်ခုက သူတို့ကြားတွင် ရုတ်တရက် ထွက်ပေါ်လာကာ ယဲ့ချန်ဖြစ်နေပြီး တည်ငြိမ်အေးဆေးနေခဲ့သည်။

"ဒီတိုက်ပွဲကို တိုက်ခိုက်စရာ မလိုဘူး"

ယဲ့ချန်၏ ရုတ်တရက် ထွက်ပေါ်လာမှုက လူတိုင်းကို ရင်ထိတ်သွားစေပြီး မည်သို့ထွက်ပေါ်လာကြောင်းကို မည်သူမှ အာရုံမခံနိုင်ခဲ့ပေ။

"မင်းက ဘယ်သူလဲ"

တစ်ဖက်လူ၏ ခြိမ်းခြောက်နိုင်စွမ်းကို အာရုံခံမိသော ရွှမ်ရဲက မျက်မှောင်ကြုတ်လိုက်သည်။

"မင်းပါလား"

ရှီကြွယ်က ယဲ့ချန်ကို မှတ်မိလိုက်သော်လည်း အန္တရာယ်များသည်ဟု ခံစားနေရသဖြင့် သတိကြီးကြီးထားကာ သွေးချီများကို အဆင့်သင့်ထုတ်ဖော်ခဲ့သည်။ သူက အပြင်ဘက်တွင် သဘောထားသကဲ့သို့ မပေါ့ဆရဲဘဲ လေးနက်စွာ စိုက်ကြည့်နေ၏။ မာရာ၏အကြည့်သည်လည်း ယဲ့ချန်ထံ ကျရောက်လာပြီး ကျင့်ကြံသူတစ်ထောင်ကျော်ကလည်း အာရုံစိုက်နေခဲ့သည်။

"မင်းတို့တိုက်ခိုက်နေရင် အချိန်ကုန်တယ်။ ကြယ်သခင်အယောက်တစ်သိန်းကျော်မှာ တစ်ထောင်ကျော်ပဲ ကျန်ရစ်တယ်ဆိုတော့ မင်းတို့အားလုံးကို သတ်လိုက်ရင် ငါ့အမှတ်က သိန်းချီသွားလိမ့်မယ်"

ယဲ့ချန်က တစ်ချက်ပြုံး၍ ပြောလိုက်သောအခါ ကြယ်သခင်အားလုံး ဒေါသပေါက်ကွဲကုန်သည်။

"ခွေးကောင် မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ"

"မောက်မာတယ်"

သူတို့က အော်ဟစ်ကျိန်ဆဲနေသကဲ့သို့ ပါရမီရှင်များ၏ မျက်နှာများကလည်း မည်းနက်သွား၍ ကြယ်သခင်ထောင်ချီကို တစ်ယောက်တည်း စိန်ခေါ်ရဲသော ယဲ့ချန်၏မောက်မာမှုက အဆင့်ကျော်သွားခဲ့သည်။ ပါရမီရှင်များပင် ဤသို့စိန်မခေါ်ရဲသည့်အပြင် သူက အဆင့်သုံးမျိုးနွယ်ဝင် တစ်ယောက် ဖြစ်နေခဲ့သည်။

"ငါမြင်ဖူးသမျှထဲမှာ မင်းက အမောက်မာဆုံး လူသားပဲ။ လူသားမျိုးနွယ်ဆိုတာ ငါတို့ဖန်တီးထားတဲ့ အဆင့်သုံးမျိုးနွယ်ဆိုတာ မမေ့နဲ့"

ရွှမ်ရဲက မောက်မာစွာ ငေါက်ငမ်းလိုက်သော်လည်း ရှင်းဟွမ်မျိုးနွယ်သည် လူသားများကို ဖန်တီးနေသည်အား ယဲ့ချန်က တစ်ကြိမ်မှ မမြင်ဖူးပေ။ လူသားများက ကိုယ်တိုင်မျိုးပွားပြီး စကြဝဠာအတွင်း ရှင်သန်နေသောကြောင့် ဤသတင်းမှာ လူသားမျိုးနွယ်ကို ပိုမိုထိန်းချုပ်နိုင်စေရန်အတွက် ရှင်းဟွမ်မျိုးနွယ်၏ လိမ်ဆင်တစ်ခုပင် ဖြစ်သည်။

"ဒါဆိုရင် မင်း မမြင်ဖူးတာကို ဒီနေ့ ငါ ပြပေးမယ်"

ယဲ့ချန်က သတ္တိရှိရှိဖြင့် စိန်ခေါ်နေသောအခါ ဒေါသထွက်လွယ်သော မာရာက သူ၏မိုးကြိုးကိုမြှောက်ကာ ခုတ်ပိုင်းလာခဲ့သည်။ သူ၏လက်အတွင်းရှိ မိုးကြိုးက အရွယ်အစားကြီးမားလာပြီး မရေမတွက်နိုင်သော ဓားအလင်းများ ထွက်ပေါ်နေသည်။ ယဲ့ချန်၏ဝိညာဥ်က နတ်ဘုရားအသွင် ပြောင်းသွား၍ မီတာသောင်းချီမြင့်သော ဧရာမပုံရိပ်ကြီးဖြစ်သွားကာ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"ဘုန်း"

မာရာ၏တိုက်ကွက်က သူ့ကို ထိမှန်သွားပြီး မီးပွားများ ထွက်ပေါ်လာသော်လည်း အံ့သြတကြီး မင်သက်နေသည်။ တစ်ဖက်လူ၏ဝိညာဥ်က နတ်ဘုရားအဆင့်ဖြစ်နေကာ ဤတိုက်ကွက်သည် ခြစ်ရာပင် မထင်စေခဲ့သောကြောင့် မျက်နှာတစ်ခုလုံး အရုပ်ဆိုးသွားသည်။ ထောင်ချီသော ကြယ်သခင်များလည်း မျက်လုံးပြူးသွားကြပြီး သတိပြန်ဝင်လာသောအခါ ဘက်ပေါင်းစုံသို့ ထွက်ပြေးကုန်သည်။ ယဲ့ချန်ထံမှ ကြောက်မက်ဖွယ်စွမ်းအားကို ခံစားလိုက်ရသောကြောင့် ရွှမ်ရဲနှင့် ရှီကြွယ်ပင် မျက်နှာပျက်သွားကာ မည်သူမှ လှောင်ရယ်ခြင်း မပြုဝံ့တော့ချေ။

"သတ်ကြ"

ပါရမီရှင်ဆိုသူများက ချက်ချင်းလှုပ်ရှားလိုက်ကြပြီး ယဲ့ချန်ကို ပူးပေါင်း၍ မဖြေရှင်းနိုင်လျှင် တစ်ယောက်ချင်း အမှည့်ချွေခံရနိုင်ကြောင်း နားလည်ထားသည်။ တစ်ယောက်ကိုတစ်ယောက် အကောင်းမမြင်သူများက အချင်းချင်း ပူးပေါင်းလိုက်ကြသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ရွှမ်ရဲ၏ဝိညာဥ်က အရွယ်အစားကြီးမားလာကာ ကြယ်ကြီးတစ်လုံးကဲ့သို့ လက်သီးကြီးဖြင့် ယဲ့ချန်ကို ထိုးနှက်လိုက်သည်။ အဆင့်တစ်မျိုးနွယ်ဝင် တစ်ယောက်ဖြစ်သောကြောင့် သူက မာနအလွန်ကြီးပြီး ရှင်းဟွမ်မျိုးနွယ်၏ ဂုဏ်သိက္ခာကို အစော်ကားမခံနိုင်ပေ။ သူက ထာဝရပြည်ထောင်ကို သစ္စာဖောက်၍ အမှောင်မြို့တွင် ခိုလှုံရန် လာရောက်ခြင်းဖြစ်သော်လည်း မျိုးနွယ်၏ဂုဏ်ကို ကာကွယ်ရပေလိမ့်မည်။

"ဘုန်း"

ယဲ့ချန်သည် ဝင်ရောက်လာသော လက်သီးကြီးထံမှ စွမ်းအားလှိုင်းကို ခံစားရသော်လည်း လက်ဝါးဖြန့်၍ အသာအယာ ခုခံလိုက်သည်။ ရွှမ်ရဲ၏လက်သီးကြောင့် သူ၏လက်ဝါးက အနည်းငယ် ခြစ်ရာထင်သွားသော်လည်း လျင်မြန်စွာ ပျောက်ကွယ်သွား၍ ခဏအတွင်း အကောင်းအတိုင်း ဖြစ်သွားခဲ့၏။ ပြိုင်ဘက်ကင်းဖိအားတစ်ခုက တောင်ကြီးပမာ ကျဆင်းလာသောကြောင့် ရွှမ်ရဲမှာ မြေပြင်သို့ ထိုးကျသွား၍ ဘန်းခနဲ ရိုက်ချခံလိုက်ရသောကြောင့် အက်ကြောင်းများ ပြန့်ထွက်လာ၏။ ဤမြင်ကွင်းကြောင့် အခြားကြယ်သခင်များမှာ တုန်လှုပ်နေကြပြီး ဝိညာဥ်နတ်ဘုရား၏ ကြောက်မက်ဖွယ်ကောင်းပုံကို သိရှိသွားကြသည်။ သူတို့ကြားတွင် ရွှမ်ရဲကို ထိပ်တန်းများအနက် တစ်ယောက်ဟု သတ်မှတ်နိုင်ပြီး ပြိုင်ဘက်ကင်းဟု မဆိုလိုနိုင်သော်လည်း အစွမ်းထက်သည်။ သို့သော် သူ့ကို ယဲ့ချန်က လက်ဝါးတစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်လိုက်ပြီး စမ်းသပ်မှု၏ စည်းချက်ကို ချေမွပစ်လိုက်သည်။

အမှန်တကယ်၌ အပြင်ဘက်တွင်ဆိုလျှင် ယဲ့ချန်၏ခွန်အားသည် ထိုပါရမီရှင်များနှင့် မတိမ်းမယိမ်းသာ ဖြစ်သည်။ သို့သော် ဝိညာဥ်လောက၌ သူက ပြိုင်ဘက်ကင်းဖြစ်နေပြီး အဆင့်မြင့် ရှင်းဟွမ်တစ်ယောက်ဖြစ်သည့် ရွှမ်ရဲပင် မလှန်နိုင်ခဲ့ပေ။ သူ၏လက်ဝါးကို မလိုက်သောအခါ ရွှမ်ရဲမှာ ကြောက်စရာကောင်းလောက်အောင် အခြေအနေဆိုးပြီး ဝိညာဥ်စွမ်းအား အနည်းငယ်သာ ကျန်ရစ်သည်။ သူ၏ဘဝတွင် လက်ဝါးတစ်ချက်တည်းဖြင့် ဖိနှိပ်ခံရသည်မှာ အရှက်အကွဲဆုံး ဖြစ်ရပ်ပင်။

"မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲ"

ရှင်းဟွမ်မျိုးနွယ်၏ ပါရမီရှင်တစ်ယောက်ဟု သတ်မှတ်ခံထားရသော ရွှမ်ရဲမှာ စိတ်ဓာတ်ကျနေပြီး ကောင်းကင်သို့ မော့ကြည့်ကာ ရေရွတ်လိုက်သည်။ သို့သော် သူက လူသားတစ်ယောက်၏ အထင်သေးခံခဲ့ရသည့်အပြင် အလွယ်တကူ ရှုံးနိမ့်သွားသောအခါ မကျေမနပ်ဖြစ်နေသည်။

"မင်းကရော ငါ့ကို သင်ခန်းစာပေးမယ်လို့ ပြောခဲ့တယ်မလား"

ဝိညာဥ်နတ်ဘုရား၏ အကြည့်က ထွက်ပြေးရန် ကြိုးစားနေသော ရှီကြွယ်ထံ ကျရောက်လာကာ မေးလိုက်ခြင်းဖြစ်သည်။ ရှီကြွယ်မှာ ခါးသက်သက်ပြုံး၍ တစ်ဖက်လူ၏ခွန်အားက ဤမျှအစွမ်းထက်နေမည်ဟု မျှော်လင့်မထားပေ။ ဤအချက်က သူ့ကို သေမင်း၏လက်အောက်မှ လူသားကျင့်ကြံသူအကြောင်း သတိဝင်လာစေခဲ့၏။ ယဲ့ချန်၏ ဝိညာဥ်ခွန်အားက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်နေသောကြောင့် ရုပ်ခန္ဓာလည်း သန်မာပေလိမ့်မည်ဟု သူက သတ်မှတ်၍ မစော်ကားရန် ဆုံးဖြတ်လိုက်သည်။

ရှီကြွယ် မသိသည်မှာ အပြင်ဘက်၌ဆိုလျှင် သူနှင့် ယဲ့ချန်အကြား မည်သူက ပို၍သန်မာကြောင်း ပြောရခက်ပေလိမ့်မည်။ သို့သော်လည်း သူ၏စိတ်ထဲတွင် ယဲ့ချန်ကို ရန်စရန် မသင့်သူများအနက် တစ်ယောက်အဖြစ် သတ်မှတ်လိုက်လေသည်။

All Chapters