သေခြင်းစမ်းသပ်ချက်
Vol. 65 Ch. 903
ယဲ့ချန်၏ဖိအား ကျဆင်းလာသောအခါ ရွှမ်ရဲကဲ့သို့ ဆိုးဆိုးရွားရွား အဆုံးမသတ်လိုသော ရှီကြွယ်က အလင်းတန်းပမာ ထွက်ပြေးသွားရာ ခဏအတွင်း ကီလိုမီတာရာချီ ရောက်ရှိသွားသည်။
"မင်းက ထွက်ပြေးချင်တာလား။ ပြန်လာစမ်း"
ဝိညာဥ်နတ်ဘုရားက လက်ဝါးဖြန့်လိုက်သောအခါ စုပ်အားတစ်ခု ပြင်းထန်စွာ ဖြစ်ပေါ်လာ၍ သူက လက်ဝါးထံ ဘုန်းခနဲ ပြန်ရောက်လာခဲ့သည်။ ထို့နောက် မြေပြင်တွင် ရိုက်ချခံလိုက်ရသောအခါ ရွှမ်ရဲကဲ့သို့ ဝိညာဥ်စွမ်းအား အနည်းငယ်သာ ကျန်ရစ်၍ ဝိညာဥ်နယ်မြေမှ ထုတ်ပယ်ခံရလုနီးပါး ဖြစ်နေသည်။
"မင်းက ယဲ့ချန်ဟုတ်လား။ ခွန်အား အစွမ်းထက်နေတာနဲ့ မောက်မာမနေနဲ့။ အမှောင်မြို့ထဲကို ရောက်ရင်တောင် ငါက မင်းကို သေအောင်ကစားပစ်နိုင်တယ်"
ရွှမ်ရဲက မကျေနပ်ခြင်းကြီးစွာဖြင့် အော်ဟစ်လိုက်သည်။ သူ့ထက် ကျင့်ကြံခြင်းရော ပါရမီပါ ပိုမိုထူးချွန်သည့် အစ်ကိုဖြစ်သူ ရွှမ်မူက ထိပ်တန်းကြယ်သခင်တစ်ယောက်ဖြစ်ကာ အမှောင်မြို့တွင် ပစားပေးခံရသည်။
"မင်းဘာသာ ဘယ်သူဖြစ်ဖြစ် စောက်ဂရုမစိုက်ဘူး"
အရှုံးကို ရင်ဆိုင်နေရသော်လည်း မောက်မာနေသည့် ရွှမ်ရဲကို ယဲ့ချန်က အေးစက်စက်ပြောကာ ဧရာမလက်ဝါးကြီးဖြင့် တဘုန်းဘုန်း ရိုက်နှက်လိုက်သည်။ ဝိညာဥ်စွမ်းအား အနည်းငယ်သာ ကျန်ရစ်သဖြင့် ထပ်ကာထပ်ကာ အရိုက်ခံလိုက်ရသောအခါ သူ၏ဝိညာဥ်က ပြိုကွဲသွားသည်။ ထို့နောက် ယဲ့ချန်၏အကြည့်က လူတိုင်းထံ ကျရောက်လာသောအခါ သူတို့က တုန်လှုပ်နေကြပြီး ခဏအတွင်း ကီလိုမီတာရာချီ ထွက်ပြေးနိုင်ခဲ့သော ရှီကြွယ်ပင်လျှင် အဖမ်းခံရဆဲဖြစ်ရာ မလှုပ်ရဲတော့ပေ။ သူ၏အကြည့်က ရှီကြွယ်ထံ ကျရောက်လာသောအခါ ရှီကြွယ်သည် ခါးသက်သက်ပြုံးလိုက်ပြီး ရွှမ်ရဲကဲ့သို့ အဆုံးမသတ်လိုခဲ့ပေ။
"ငါ အရှုံးပေးပါတယ်"
ထို့နောက် သူ၏ဝိညာဥ်က ဘန်းခနဲ ပေါက်ကွဲသွားကာ ကိုယ့်ကိုကိုယ် ဖျက်ဆီးလိုက်သော်လည်း အမှတ်များသည် ယဲ့ချန်ထံ ရောက်ရှိလာသည်။ အဆင့်တစ်နှင့် သုံးကို ရှင်းပစ်လိုက်သောအခါ သူက အဆင့်တစ်သို့ ရောက်ရှိလာပြီး အလွယ်တကူ အနိုင်ယူလိုက်သောကြောင့် ကျန်ပြိုင်ဘက်များမှာ တတ်စွမ်းနိုင်သောအရာ မရှိချေ။ ဝိညာဥ်နယ်မြေအတွင်းပိုင်း၌ မဟူရာနတ်ဆိုးက တင်ပျဥ်ခွေထိုင်နေပြီး အနားတွင် ပုံရိပ်တစ်ခု ရောက်ရှိနေကာ ရွှမ်ရဲနှင့် ရုပ်ချင်းဆင်သော ရွှမ်မူ ဖြစ်နေသည်။ အမှောင်မြို့တွင် စစ်သူကြီးဆယ်ဦးနှင့် ပြိုင်ဘက်ကင်း ပါရမီရှင်ခြောက်ယောက် ရှိကာ တစ်ယောက်ချင်းစီသည် ထိပ်တန်းကြယ်သခင်များဖြစ်၍ အဆင့်တက်ရန် အလားအလာ ပိုင်ဆိုင်ထားကြသည်။
"ဒီနှစ်ရဲ့ ဂိုဏ်းဝင်အသစ်တွေက အတော်အစွမ်းထက်တယ်။ သူတို့ထဲက တစ်ယောက်က မင်းရဲ့ညီထက် ပိုသန်မာနေမယ်လို့ မထင်ထားဘူး"
မဟူရာနတ်ဆိုးက ဤသို့ပြောလိုက်သောအခါ ရွှမ်မူ၏မျက်နှာက မည်းနက်သွားသည်။ ရွှမ်ရဲက အဆင့်နိမ့်ကြယ်သခင်များတွင် ထိပ်တန်းပါရမီရှင် တစ်ယောက် ဖြစ်သောကြောင့် စမ်းသပ်ချက်သုံးခုတွင် ပထမရယူရန် သူက တိုက်တွန်းခဲ့သည်။ ဤသို့ဖြင့် သူက ရွှမ်ရဲကို စစ်သူကြီးတစ်ယောက်၏ နောက်လိုက်ဖြစ်လာစေရန် အကြံပြုနိုင်ပေလိမ့်မည်။ ညီဖြစ်သူကို အမှောင်မြို့က တန်ဖိုးထားလျှင် သူ၏နေရာလည်း ပို၍ခိုင်မာလာမည် ဖြစ်သော်လည်း ကျပန်းလူသားတစ်ယောက်က သူ၏အစီအစဥ်များကို ဖျက်ဆီးသွားခဲ့၏။
"ပါရမီရှင်တွေက နှစ်တိုင်းထွက်ပေါ်လာပြီး အစွမ်းထက်ကြပေမယ့် အရေအတွက် အနည်းငယ်သာ အမြင့်ကို တက်နိုင်ကြတယ်။ အမှောင်မြို့ကိုဝင်တာက ပထမဆုံးခြေလှမ်းဖြစ်ပြီး အနာဂတ်မှာ ဘယ်သူက တန်ဖိုးထားခံရမယ်ဆိုတာ မသေချာဘူး"
ရွှမ်မူက ပြောလိုက်သောအခါ မဟူရာနတ်ဆိုးက တစ်ချက်သာပြုံး၍ မှတ်ချက်မပေးခဲ့ပေ။ သူ၏စကားက အဓိပ္ပါယ်ရှိသော်လည်း ကျန်တစ်ဖက်တွင် မြင့်တက်လာသော ပါရမီရှင်များလည်းရှိပြီး အမှောင်မြို့၏ ထောက်တိုင်ကြီးများ ဖြစ်လာခဲ့သည်။ အဆင့်မြင့် ရှင်းဟွမ်တစ်ယောက်ဖြစ်သော ရွှမ်မူ၏ပါရမီက အမှန်တကယ်ထူးခြားပြီး အသက်ငယ်ငယ်ဖြင့် ထိပ်တန်းကြယ်သခင် ဖြစ်လာခဲ့သည်။ သူ၏အနာဂတ်က အကန့်အသတ်မဲ့ပြီး အနာဂတ်တွင် အမှောင်မြို့၌ နေရာရလာနိုင်သောကြောင့် သူက မလေးမစားမလုပ်လိုသဖြင့် နှုတ်ဆိတ်နေလိုက်သည်။ ရွှမ်မူသည် ဝိညာဥ်နယ်မြေအတွင်းမှ ယဲ့ချန်ကို ကြည့်နေရင်း ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည်ဟု ခံစားနေရသည်။ ထို့ကြောင့် သူက စစ်သူကြီးဆယ်ဦးအတွင်း ပါဝင်သော လူသားအကြောင်း တွေးမိလိုက်သည်။ သူက ထိုလူကို တစ်ကြိမ်သာမြင်ဖူးသော်လည်း သန်မာလွန်းသောကြောင့် မေ့မရသော ခံစားချက် ဖြစ်စေခဲ့သည်။ အဆင့်သုံး လူသားမျိုးနွယ်သည် စိတ်ကူးမရလောက်အောင် ကျင့်ကြံနိုင်စွမ်း မြင့်မားနေသည်။ အမှောင်မြို့တွင် မျိုးနွယ်ရန်ငြှိုးများကို ကန့်သတ်ထားပြီး အတွင်းပြဿနာများကို ခွင့်ပြုမထားသော်လည်း သူက လူသားမျိုးနွယ်ကို ရန်လိုစိတ်ရှိပြီး မျိုးနွယ်နှစ်ခုကြားမှ အတွင်းရေးများစွာကို သိထားသည်။
ယဲ့ချန်က ဝိညာဥ်နယ်မြေအတွင်း ရှင်းလင်းရေး လုပ်နေသောအခါ ရွှမ်မူ၏မျက်နှာမှာ မည်းနက်နေသည်။ တစ်ဖက်လူ၏ အရည်အချင်းအရ အမှောင်မြို့သို့ ဝင်ရောက်ခြင်းကို တားမြစ်မရနိုင်သောကြောင့် သူကိုယ်တိုင် ဝင်ရောက်စွက်ဖက်ခွင့် မရှိချေ။ ရွှမ်ရဲသည် အမှောင်မြို့ဝင်ရောက်ရန် ပြဿနာမရှိသော်လည်း စမ်းသပ်ချက်များတွင် မထွန်းတောက်နိုင်လျှင် စစ်သူကြီးတစ်ယောက်၏ တပည့် ဖြစ်မလာနိုင်ပေ။ သူတို့က တပည့်အဖြစ် ပြိုင်ဘက်ကင်း ပါရမီရှင်များကိုသာ မျက်စိကျမည်ဖြစ်ကာ အနည်းငယ်နိမ့်ကျလျှင်ပင် စိတ်မဝင်စားကြပေ။ ဤအချက်က ရွှမ်မူ၏နေရာကို ထိခိုက်လာစေနိုင်သောကြောင့် သူက ယမ်းပုံမီးကျ ဒေါသထွက်နေသည်။
ဝိညာဥ်လောက၏ အပြင်ဘက်ရှိ ခန်းမအတွင်း ကြယ်သခင်ပေါင်းများစွာသည် စိတ်ဓာတ်ကျနေပုံဖြင့် တင်ပျဥ်ခွေထိုင်ကာ ဝိညာဥ်ကို ပြန်လည်ကုသနေကြသည်။ နာရီဝက်အကြာတွင် ယဲ့ချန်၊ ခြင်္သေ့ကြီး၊ နင်အာနှင့် မိုပင်းက အခေါင်းအတွင်းမှ ထွက်လာကာ ခန်းမအတွင်း နေရာယူလိုက်သည်။ ထိုအချိန်တွင် ကြယ်သခင်ပေါင်းသိန်းချီ၏ အကြည့်များသည် သူတို့ထံ ကျရောက်လာကာ မနာလိုခြင်း၊ အားကျခြင်းနှင့် လေးစားခြင်းဟူသော ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေသည်။ မူလတွင် သူတို့က ယဲ့ချန်ကို အလေးအနက် မထားခဲ့သော်လည်း အဆင့်သုံးမျိုးနွယ်တစ်ယောက်က ရုတ်တရက် ဆန်လွန်းစွာဖြင့် သူတို့အားလုံးကို ရှင်းပစ်ခဲ့သည်။ ဤအချက်ကြောင့် သူတို့က ယဲ့ချန်တို့အုပ်စုကို နောက်ထပ်အထင်မသေးရဲတော့ပေ။
ရွှမ်ရဲသည် ယဲ့ချန်ကို မုန်းတီးစွာ စိုက်ကြည့်နေပြီး ရွှမ်မူ၏အစီအစဥ် ပျက်စီးသွားရသည့် အပြစ်ကို ပုံချချင်နေသည်။ သို့သော် သူ၏ခွန်အားက တစ်ဖက်လူအောက် နိမ့်ကျနေသောအခါ ပေါ်တင်တိုက်ခိုက်ရန် ကြောက်လန့်နေသည်။ လက်စားချေရန်အတွက် အစ်ကိုဖြစ်သူကို အကူအညီတောင်းရန် ဆုံးဖြတ်ပြီး အမှောင်မြို့သို့ ဝင်ရောက်နိုင်ရေးကို ဦးစားပေးခဲ့သည်။ အခြားပါရမီရှင်များသည်လည်း ယဲ့ချန်ကို ရန်မစရဲသောကြောင့် တုန်လှုပ်နေပြီး အကြည့်ချင်း ရင်မဆိုင်ရဲသဖြင့် မျက်နှာလွှဲနေကြသည်။ စကြဝဠာအတွင်း အသက်ရှင်နိုင်ရေးအတွက် သန်မာသူကို လေးစားရန် လိုအပ်ပြီး မဆင်မခြင်တိုက်ခိုက်မိလျှင် ဆိုးဆိုးရွားရွား အဆုံးသတ်သွားပေလိမ့်မည်။
ယဲ့ချန်သည် ဝိညာဥ်နတ်ဘုရားကြောင့် ဤပြိုင်ဘက်များက သူ့ကို ကြောက်လန့်နေကြောင်း နားလည်ထားသည်။ အကယ်၍ ခွန်အားချင်း မတိမ်းမယိမ်းဖြစ်ကြောင်း သိသွားလျှင် မည်သို့တွေးကြမည်နည်း။ သို့ရာတွင် အကျိုးကျေးဇူးအဖြစ် သာမန်ကိစ္စများတွင် ဤကြယ်သခင်များက သူ့ကို ရန်စတော့မည် မဟုတ်ပေ။
သူ့ကို သတ်ရန်အတွက် ကြံစည်နေသော မီးတောက်နီနန်းတော်၏ တပည့်များမှာ ထောင့်တစ်နေရာတွင် ခေါင်းငိုက်စိုက်ကျနေသည်။ သူတို့က စမ်းသပ်မှုအတွင်း ရောက်သောအခါတွင်မှ အခြားကြယ်သခင်များ၏ အစွမ်းကို သိလိုက်ရပြီး ခဏအတွင်း အားလုံး ထုတ်ပယ်ခံခဲ့ရ၏။ သို့သော် ဤမျှအစွမ်းထက်သော အဆင့်နိမ့် ကြယ်သခင်အားလုံးကို ယဲ့ချန်က တစ်ကိုယ်တော် ရှင်းပစ်လိုက်ကြောင်း သိရသောအခါ ကြောက်ဒူးတုန်နေကြသည်။ သူတို့၏ခွန်အားဖြင့်ဆိုလျှင် တစ်ဖက်လူ၏ ရှေ့မှောက်တွင် အမှိုက်တစ်စထက် မပိုပေ။ သူတို့အားလုံးက နောက်ဆုတ်ရန် စဥ်းစားနေပြီး ယဲ့ချန်ကို သတ်လိုလျှင် နန်းတော်သခင်အား ပိုမိုသန်မာသူများ စေလွှတ်ရန် အကြောင်းကြားရပေလိမ့်မည်။
"စမ်းသပ်ချက် အမှတ်တစ်က ဝိညာဥ်ခွန်အားကို စမ်းသပ်တာ ဖြစ်တယ်။ ငါတို့က လူတိုင်းရဲ့ စွမ်းဆောင်ရည်ကို မှတ်တမ်းတင်ထားတယ်။ နောက်ထပ်လာမှာကတော့ သေခြင်းစမ်းသပ်ချက်ဖြစ်ပြီး မင်းတို့ထဲက အရေအတွက် တစ်ရာနှစ်ရာသာ အသက်ရှင်နိုင်လိမ့်မယ်။ တကယ်လို့ နောက်ဆုတ်ချင်တယ်ဆိုရင် အခု ထွက်သွားနိုင်တယ်"
ခန်းမ၏အထက်တွင် ကောင်းကင်နတ်ဆိုး ပြန်လည်ထွက်ပေါ်လာကာ လူတိုင်းကို တစ်ချက်ဝေ့ကြည့်၍ အသိပေးလိုက်သည်။ မီးတောက်နီနန်းတော်၏ တပည့်များမှာ မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားကာ ကြောက်လန့်သောကြောင့် ချက်ချင်းထွက်ခွာသွားကြသည်။ အရေအတွက်သိန်းချီတွင် ရာချီသာ ရှင်သန်နိုင်မည် ဖြစ်သောအခါ သေဆုံးနှုန်းက ကြောက်ခမန်းလိလိ ဖြစ်နေသည်။ အမှောင်မြို့သို့ ဝင်ရောက်ရန် မရေမတွက်နိုင်သော ကျင့်ကြံသူများစွာ နှစ်စဥ် ရောက်လာကြသော်လည်း အရေအတွက် အနည်းငယ်သာ ဝင်ခွင့်ရခြင်းက အဆန်းမဟုတ်တော့ပေ။ သက်ဆိုင်ရာမျိုးနွယ်များတွင် ပါရမီရှင်များဖြစ်၍ ကိုယ့်ကိုကိုယ် ယုံကြည်သော်လည်း ဤနေရာသို့ ရောက်သောအခါ ပိုမိုသန်မာသူများကို တွေ့လာရသည်။ ဝိညာဥ်ခွန်အား စမ်းသပ်ချက်က ကြယ်သခင်များစွာကို အမှန်တရားအား သဘောပေါက်စေခဲ့ပြီး နောက်တစ်ခေါက်၌ အသက်ရှင်ကျန်ရစ်သူ နည်းပါးကြောင်း သိသောအခါ အလျှိုလျှို ထွက်ခွာသွားကြသည်။ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် အုပ်စုလိုက် ထွက်ခွာသွားသောအခါ မူလတွင် လူဦးရေ သိပ်သည်းနေသည့် ခန်းမကျယ်ကြီးအတွင်း ဗလာ ဖြစ်သွားခဲ့သည်။
သိန်းချီသော အရေအတွက်မှ သောင်းချီ၊ ထို့နောက် ထောင်ချီအဖြစ် ကျဆင်းသွားကာ ကျန်ရစ်သူများသည် အမှောင်မြို့သို့ ဝင်ရောက်ရန်အတွက် အသက်ကိုပင် ပဓာနမထားသူများ ဖြစ်ကြသည်။
"တကယ်လို့ သေခြင်းတရားနဲ့ ငါ ကြုံရမယ်ဆိုရင်တောင် မစိုးရိမ်ကြပါနဲ့။ ငါ့ခွန်အားကို ငါကိုယ်တိုင်သိထားပြီး အမှောင်မြို့ကို မဝင်နိုင်ရင်တောင် ထိုက်တန်ပါတယ်"
မိုပင်းက လေးနက်စွာ ပြောလိုက်ခြင်းဖြစ်သည်။
"မင်းက ဘာကြောင့် ထွက်မသွားတာလဲ"
ယဲ့ချန်က မေးလိုက်သည်။
"ငါက ဒီအထိရောက်နေမှတော့ နောက်မဆုတ်ဘူး။ ငါသာ ကြောက်လို့ နောက်ဆုတ်ရမယ်ဆိုရင် သေတာ အကြိမ်ပေါင်း မနည်းဘူး။ ငါ သေမယ်ဆိုရင်တောင် ရုန်းကန်ကြိုးစားရင်း သေမယ်"
မိုပင်း၏စကားက တည်ကြည်နေသည်။ သူက စကြဝဠာအတွင်း လေလွင့်သူတစ်ယောက်အဖြစ် ခြေဦးတည့်ရာ ထွက်ပြေးနေရခြင်းကို စိတ်ကုန်နေသည်။ သူက အစွမ်းထက်သူတစ်ယောက် ဖြစ်လာရန်အတွက် အမှောင်မြို့သို့ ဝင်ရောက်ရန် လိုအပ်နေပြီး တစ်ခုတည်းသော အခွင့်အရေးဖြစ်ရာ သေရမည်ဆိုလျှင်တောင် လက်မလျှော့တော့ပေ။