← Chapters

တန်းယွမ်

Vol. 65 Ch. 904

တန်းယွမ်

Vol. 65 Ch. 904

ပါရမီမရှိသော်လည်း စိတ်ခွန်အား သန်မာသောကြောင့် စကြဝဠာအတွင်း အသက်ရှင်နိုင်ခဲ့သည့် မိုပင်းအပေါ် ယဲ့ချန်က လေးစားသောကြောင့် ခေါင်းညိတ်​ပြလိုက်သည်။

"ငါက အကောင်းဆုံးကြိုးစားပြီး မင်းကို ကူညီပေးမယ်။ ဒါပေမယ့် အမှောင်မြို့ကို ဝင်ရောက်နိုင်ဖို့ ဆိုတာကတော့ မင်းကိုယ်တိုင်အပေါ် မူတည်တယ်"

သေခြင်းစမ်းသပ်ချက်အကြောင်းကို ရေရေရာရာ မသိထားသောကြောင့် ယဲ့ချန်က ဤမျှသာ ကတိပေးနိုင်သည်။

"မင်းတို့ထဲမှာ အယောက်သုံးထောင်ကျော် ကျန်ရစ်ပြီး သေခြင်းစမ်းသပ်ချက်ကို ကျော်ဖြတ်ဖို့ အဆင်သင့်ဖြစ်ပြီလား။ အသက်ရှင်တဲ့သူတွေက နောက်ထပ်စမ်းသပ်ချက်ကို ရောက်မှာဖြစ်ပြီး သေရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ်ကံပဲ"

ကောင်းကင်နတ်ဆိုးသည် အဆင့်နိမ့် ကြယ်သခင်များကို ငုံ့ကြည့်၍ ထူးဆန်းသော အသံဖြင့် ရယ်မောနေခဲ့သည်။ ပါရမီရှင်များက တည်ငြိမ်နေပြီး အယောက်တစ်ရာနှစ်ရာသာ ရှင်သန်မည်ဆိုလျှင် အသက်ရှင်မည်ဟု ယုံကြည်သောကြောင့် ဖြစ်သော်လည်း ကျန်ကြယ်သခင်များမှာ အလွန်စိုးရိမ်နေကြသည်။

"ဒီစမ်းသပ်ချက်မှာ အသက်ရှင်ဖို့အတွက် သန်မာနေရုံနဲ့ မရဘူး။ ပိုပြီးသန်မာလေလေ သေဖို့လွယ်လေလေ ဖြစ်တယ်"

သို့သော် သူ၏စကားသံကို ကြားလိုက်ရသောအခါ ပါရမီရှင်များအားလုံး ရင်ထိတ်သွားကာ စမ်းသပ်ချက်က မည်သို့ဖြစ်မည်ကို တွေးနေကြပြီး မပေါ့ဆရဲတော့ပေ။

"အရင်ဆုံး မင်းတို့အနေနဲ့ အပေါင်းအပါတွေ ရှာထားသင့်တယ်။ ကျင့်ကြံသူတစ်ယောက်က ဘယ်လောက်သန်မာပါစေ၊ စကြဝဠာထဲမှာ တစ်ကိုယ်တော် ရှင်သန်ဖို့ မဖြစ်နိုင်ဘူး"

ကောင်းကင်နတ်ဆိုး၏ အကြံပေးချက်ကြောင့် ကြယ်သခင်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး အုပ်စုများ စတင်ဖွဲ့စည်းလိုက်ကြသည်။ မာရာသည် သူ့အောက် အနည်းငယ်သာ အားနည်းသည့် မိုးကြိုးမျိုးနွယ်ဝင် ခြောက်ယောက်နှင့်အတူ ထရပ်၍ လူအုပ်ကို တစ်ချက်ဝေ့ကြည့်ကာ တင်ပျဥ်ခွေထိုင်နေသော ယဲ့ချန်ထံ လျှောက်လာခဲ့သည်။

"ငါ မင်းနောက်ကို လိုက်ခွင့် ရှိမလား"

ယဲ့ချန်က ခေါင်းမော့၍ ကြည့်လိုက်သောအခါ မာရာက ဤသို့မေးလာခဲ့သည်။

"ဘာကြောင့်လဲ"

"မင်းက ငါတို့ထက် ပိုသန်မာတဲ့အတွက် စမ်းသပ်ချက်အတွင်းမှာ အမိန့်နာခံချင်တယ်"

မာရာ၏စကားကို ကြားသောအခါ ယဲ့ချန်က ခေါင်းတစ်ချက်ညိတ်ပြ၍ လက်ခံလိုက်သည်။ ရိုးသား၍ ယုံကြည်ရန် ထိုက်တန်သူများဟု ကျော်ကြားသော မိုးကြိုး မျိုးနွယ်က မည်သည့်အခြေအနေသို့ ရောက်ပါစေ၊ နောက်ကျောဓားထိုးမည် မဟုတ်ချေ။ မာရာနှင့် နောက်လိုက်များက ယဲ့ချန်နှင့်မနီးမဝေးတွင် ထိုင်ချလိုက်သောအခါ ရှီကြွယ်သည် အလေးအနက်စဥ်းစား၍ အံကြိတ်နေခဲ့သည်။ နောက်ဆုံးတွင် သူက သွေးနတ်ဆိုးကိုးယောက်ကို ဦးဆောင်၍ ယဲ့ချန်ထံ ရောက်လာပြီး ပူးပေါင်းလိုခဲ့သည်။ ယဲ့ချန်က မိုးကြိုးမျိုးနွယ်ကို မဆိုင်းမတွ လက်ခံရဲသော်လည်း သွေးနတ်ဆိုးများကိုမူ တွန့်ဆုတ်နေသည်။ သူက သွေးပြည်ထောင်တွင် ထိုမျိုးနွယ်ဝင်များနှင့် တိုက်ခိုက်ဖူးသောကြောင့် ကောက်ကျစ်ရက်စက်သော သဘာဝကို သိထားပြီးဖြစ်သည်။ အကယ်၍ သူက မယုံကြည်လျှင် လက်မခံရုံသာဖြစ်သော်လည်း မျိုးနွယ်တိုင်းတွင် အကောင်းနှင့်အဆိုး ရှိသောကြောင့် ဝေခွဲမရ ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူက မာရာထံ တစ်ချက်ကြည့်လိုက်သောအခါ ခေါင်းညိတ်ပြနေသည်ကို မြင်လိုက်ရ၏။

မာရာနှင့် ရှီကြွယ်သည် ပြိုင်ဘက်များ ဖြစ်သောကြောင့် အတိတ်တွင် တိုက်ခိုက်ခဲ့ဖူးပြီး တစ်ယောက်အကြောင်း တစ်ယောက် သိထားသည်။ ရိုးသားသော မာရာက ခေါင်းညိတ်ပြနေသည့်အပြင် ရှီကြွယ်က သစ္စာဖောက်သွားလျှင်လည်း ဖိနှိပ်နိုင်စွမ်း ရှိနေသောကြောင့် ယဲ့ချန်က လက်ခံလိုက်သည်။

"မင်းက ငါနဲ့ ပူးပေါင်းချင်တယ်ဆိုရင် သေခြင်းစမ်းသပ်ချက်မှာ ငါ့စကားကို နားထောင်ရမယ်။ အမိန့်ကို ဆန့်ကျင်ရင် အကျိုးဆက်ကို ရင်ဆိုင်ရမယ်"

သူက အေးစက်စက် သတိပေးလိုက်သောအခါ ထက်ရှသော အကြည့်ကြောင့် ရှီကြွယ်က လေးနက်စွာ ကတိပေးခဲ့သည်။

"နားထောင်ပါမယ်။ မဟုတ်ရင် ဘာကြောင့် ငါ့နောက်လိုက်တွေကို ခေါ်လာမှာလဲ"

သူက မောက်မာသူတစ်ယောက်ဖြစ်ကာ မည်သူကိုမှ အညံ့မခံလိုသော်လည်း ဝိညာဥ်လောကအတွင်း ယဲ့ချန်၏အစွမ်းကို မျက်မြင်တွေ့ခဲ့ရသောကြောင့် ပူးပေါင်းလိုခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင် ရွှမ်ရဲသည် ရှီကြွယ်နှင့် မာရာအောက် အနည်းငယ်သာ အားနည်းသည့် ပါရမီရှင်ဆယ်ယောက်ကျော်နှင့် သာမန်ကျင့်ကြံသူ နှစ်ရာကျော်ကို စုဆောင်းနိုင်ခဲ့သော်လည်း ဒေါသထွက်နေခဲ့သည်။ သူ့အမြင်တွင် ယဲ့ချန်က အသန်မာဆုံး ပြိုင်ဘက်ဖြစ်နေပြီး ရှင်းဟွမ်မျိုးနွယ်၏ မာနအရ လူသားတစ်ယောက်နှင့် မပူးပေါင်းနိုင်ပေ။

ယဲ့ချန်သည် ကျောက်စိမ်းနန်းတော်အတွင်းမှ ငွေချပ်ဝတ်ငါးရာကျော်နှင့် မရေမတွက်နိုင်သော တိမ်နက်ချပ်ဝတ်များကို ယူဆောင်လာခဲ့ပြီး အများစုကို ကောင်းကင်မူလကြယ်တွင် ထားရစ်ခဲ့သော်လည်း အနည်းငယ်ကို ဒန်တန်အတွင်း သိမ်းဆည်းထား၏။ သူက နင်အာနှင့် ခြင်္သေ့ကြီးအတွက် ကောင်းကင်ငွေချပ်ဝတ်တစ်စုံစီ ပေးထားပြီး ဖြစ်သောကြောင့် မိုပင်းအတွက် ထုတ်ပေးရန် စဥ်းစားနေခဲ့သည်။ မိုပင်းက လူသားတစ်ယောက် ဖြစ်သောကြောင့် သေခြင်းစမ်းသပ်ချက်အတွင်း သေဆုံးသွားလျှင် နှမြောစရာဖြစ်သောကြောင့် သင့်မသင့် စဥ်းစားနေခဲ့သည်။

"ဒီစမ်းသပ်ချက်မှာ လက်နက်မျိုးစုံကို အသုံးပြုနိုင်ပေမယ့် ချပ်ဝတ်တွေကို တားမြစ်ထားတယ်။ မဟုတ်ရင် မင်းတို့ကို အောက်ဘုံအပြင်ဘက်ဆီ ထာဝရ ပို့ပစ်မယ်"

ကောင်းကင်နတ်ဆိုး၏ စကားကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်ပြီး သေခြင်းစမ်းသပ်ချက်အပြီးတွင် မိုပင်းအတွက် ချပ်ဝတ်တစ်ခုပေးရန် ဆုံးဖြတ်လိုက်၏။ အောက်ဘုံဆိုသော နေရာသည် သေခြင်းစမ်းသပ်ချက် ကျင်းပမည့် နေရာ ဖြစ်ပေလိမ့်မည်။ မာရာနှင့် ရှီကြွယ်က ယဲ့ချန်နှင့် ပူးပေါင်းခဲ့သောကြောင့် နောက်ထပ်ကျင့်ကြံသူများလည်း ပူးပေါင်းလာသောအခါ အရေအတွက်က နှစ်ရာကျော်သွားခဲ့သည်။ အဆင့်နိမ့် ကြယ်သခင်သုံးထောင်ကျော်က နောက်ဆုံးတွင် ဆယ်ဖွဲ့ဖြစ်သွားပြီး အယောက်ငါးရာ ခြောက်ရာမှ တစ်ရာ နှစ်ရာအထိ ပါဝင်ကြ၏။

အောက်ဘုံသည် အခြားစမ်းသပ်ချက်များနှင့် ကွာခြားပြီး လျှို့ဝှက်လွန်းသောကြောင့် ရွှမ်မူပင် မသိသောအခါ ရွှမ်ရဲက လေးနက်နေသည်။ သူက စိတ်များလေးလံနေပြီး ၎င်းသည် ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်း အပြင်ဘက်ရှိ ဆန်းကျယ်သော နေရာတစ်ခုဖြစ်ကြောင်း ကြားဖူးနားဝရှိထားသော်လည်း မရေမတွက်နိုင်သော အန္တရာယ်များ ပြည့်နှက်နေသည်။

"ငါနဲ့အတူ လိုက်ခဲ့ကြ"

ကောင်းကင်နတ်ဆိုးသည် ခန်းမအတွင်းရှိ ကျင့်ကြံသူတိုင်းကို ဦးဆောင်ပြီး ရှည်လျားကာ ခမ်းနားသော စင်္ကြံလမ်းတစ်ခုအတိုင်း ထွက်ခွာလိုက်သည်။ ထို့နောက် မြေပြင်တွင် ဆန်းကျယ်သော ရုန်းများစွာ ရေးထွင်းထားကာ အစီအရင်ကြီးတစ်ခု ဖန်တီးထားသော ခန်းမတစ်ခုထံ ရောက်ရှိလာကြသည်။ အစီအရင်က အောက်ဘုံသို့ တည်နေရာပြောင်းပေးရန် ဖြစ်နိုင်သော်လည်း စမ်းသပ်မှု၏ စည်းကမ်းအသေးစိတ်ကို မသိရသဖြင့် ကြယ်သခင်များက စိတ်ရှုပ်ထွေးနေကြသည်။

"စည်းမျဥ်းစည်းကမ်းတွေက ဘာတွေလဲ။ ဘယ်လိုဆိုရင် ငါတို့က စမ်းသပ်ချက်ကို အောင်မြင်မှာလဲ"

မျိုးနွယ်ပေါင်းစုံမှ ကျင့်ကြံသူများက အော်ဟစ်လိုက်ခြင်း ဖြစ်သည်။

"နောက်ဆုံးအထိ အသက်ရှင်နိုင်ရင် အောင်မြင်တယ်"

ကောင်းကင်နတ်ဆိုးက လှောင်ပြုံးတစ်ချက်ပြုံး၍ ဖြေလိုက်သောအခါ လူတိုင်း တုန်လှုပ်သွားကြ၏။ ချပ်ဝတ်များကို အသုံးပြုခွင့် မပေးထားသောကြောင့် ထာဝရ သေဆုံးသွားနိုင်ချေရှိသဖြင့် အချင်းချင်း ဆွေးနွေးနေစဥ် ခမ်းနားစွာ ဝတ်ဆင်ထားသော ပုံရိပ်ခြောက်ခု ရောက်ရှိလာသည်။ စမ်းသပ်မှုကို တာဝန်ယူထားသော ကောင်းကင်နတ်ဆိုးသည် ထိုခြောက်ယောက်ကို မြင်သောအခါ လေးစားစွာ ဦးညွှတ်လိုက်သဖြင့် အားလုံး၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ထိုခြောက်ယောက်တွင် ရှင်းဟွမ်၊ မဟူရာနတ်ဆိုး၊ သွေးနတ်ဆိုး၊ ရွှေနတ်သား၊ ကောင်းကင်နတ်ဆိုးနှင့် လူသားမျိုးနွယ်ဝင် တစ်ယောက်စီ ပါဝင်ပြီး အသွင်အပြင်များ ကွဲပြားသော်လည်း ကြောက်မက်ဖွယ် အရှိန်အဝါကိုယ်စီ ပိုင်ဆိုင်ထားသည်။ သူတို့၏အရှိန်အဝါက စွမ်းအားရှင်များထက် သာလွန်နေသောကြောင့် ယဲ့ချန်ကို အလွန်အံ့သြစေခဲ့ပြီး အမှောင်မြို့၏ အင်အားကို နားလည်လိုက်သည်။

"အစ်ကို"

ရွှမ်ရဲက ရွှမ်မူကို မြင်သောအခါ လေးစားစွာ ဦးညွှတ်လိုက်ပြီး တစ်ဖက်က သူ့ကို ခေါင်းညိတ်အသိအမှတ်ပြုခဲ့သော်လည်း စကားတစ်ခွန်းမှ မပြောပေ။ သူက မောက်မာစွာ ပြုံးနေပြီး ယဲ့ချန်ကို အထက်စီးမှ လှမ်းကြည့်ကာ ဝိညာဥ်လောကအတွင်း ရှုံးနိမ့်မှုကို အခဲမကျေနိုင်ဖြစ်နေသည်။ သူနှင့်ပူးပေါင်းရန် ရွေးချယ်ခဲ့သူများမှာ မျက်လုံးများ ချက်ချင်းတောက်ပသွားကြပြီး ရွေးချယ်မှု မှန်ကန်သည်ဟု တွေးနေကြ၏။ ရွှမ်မူက စကားပြန်မပြောခဲ့သော်လည်း ရွှမ်ရဲကို အသိအမှတ်ပြုခဲ့သောကြောင့် အမှောင်မြို့တွင် ကျောထောက်နောက်ခံရှိသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ရွှမ်ရဲ၏နောက်လိုက် အရေအတွက်က ချက်ချင်းတိုးပွားလာကာ ရာချီသော အုပ်စုများ ထပ်မံပူးပေါင်းလာသဖြင့် တစ်ထောင်ကျော်သွားခဲ့သည်။

ယဲ့ချန်က ဤအဖြစ်ကို လျစ်လျူရှုထားပြီး လူသားကျင့်ကြံသူထံ အာရုံစိုက်ထားသည်။ ထိုလူက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်နှစ်ဖက်နောက်ပစ်၍ တည်ငြိမ်စွာ ရပ်နေ၏။ သူ၏စွမ်းအားက ကျန်ငါးယောက်နှင့် ကွဲပြားပြီး တည်ငြိမ်လွန်းသောကြောင့် ရေကန်ကြီးတစ်ခုပမာ နက်ရှိုင်းလှသည်။ ရုပ်ခန္ဓာတစ်ခုလုံးက လောကကြီးနှင့် ပေါင်းစပ်ရာတွင် အဆင့်တစ်ခုသို့ ရောက်နေပုံပေါ်သည်။ ယဲ့ချန်သည် ထိုလူ၏ခွန်အား အတိအကျကို မခန့်မှန်းနိုင်သကဲ့သို့ မျက်ကန်းကြီး၊ ကျိုးလီတို့နှင့် ယှဥ်လျှင် မည်သူက ပို၍သန်မာမည်ကို မပြောနိုင်ပေ။

လူသားကျင့်ကြံသူသည် အဆင့်နိမ့်ကြယ်သခင်ပေါင်း သုံးထောင်ကျော်တွင် တစ်ဦးတည်းသော လူသားဖြစ်သည့် ယဲ့ချန်ထံ အကြည့်ရောက်လာခဲ့သည်။ အကြည့်ချင်း ဆုံသွားသောအခါ ယဲ့ချန်သည် နက်ရှိုင်းလှသော ကြယ်ကောင်းကင်အတွင်း ရောက်သွားပုံပေါ်၏။ ထိုအချိန်တွင် ကျန်ကြယ်သခင်များသည်လည်း အမှောင်မြို့၏ အကြီးအကဲများတွင် လူသားတစ်ယောက် ပါဝင်ကြောင်း သတိထားမိလိုက်သည်။ သူတို့က ဝိညာဥ်လောကအတွင်း အစွမ်းပြခဲ့သည့် ယဲ့ချန်နှင့် ဆက်စပ်တွေးကြည့်လိုက်သောအခါ အမှောင်မြို့တွင် အဆက်အသွယ် ရှိနိုင်သည်ဟု မှတ်ယူလိုက်၏။

ယဲ့ချန်ကမူ လူသားကျင့်ကြံသူ၏ သရုပ်မှန်ကို စဥ်းစားနေခဲ့စဥ် တီးတိုးစကားသံများ ထွက်ပေါ်လာသည်။

"သူက သေမင်းရဲ့ စစ်သူကြီးဆယ်ယောက်ထဲက တန်းယွမ်မလား။ ပြောကြတာကတော့ စစ်သူကြီးတွေထဲမှာ သူ့ခွန်အားက ထိပ်တန်းဖြစ်ပြီး ဘယ်သူမှ ခွန်အားအတိအကျကို မသိကြဘူး။ အစွမ်းထက်လွန်းတယ်လို့ ပြောကြတာပဲ"

"တန်းယွမ်ဆိုတာ ဒီလူလား။ သူက သေမင်းပြီးရင် အစွမ်းအထက်ဆုံးလို့ ကောလဟာလတွေ ရှိတယ်။ လူသားတစ်ယောက်က ဒီလိုအဆင့်မျိုး ရောက်နိုင်တာ တကယ်မယုံနိုင်စရာကောင်းတယ်"

ထိုအချိန်၌ တန်းယွမ်သည် ယဲ့ချန်ကို စိုက်ကြည့်နေပြီး မျက်လုံးထဲတွင် အံ့သြသော ခံစားချက်များ ဖြတ်ခနဲ ထွက်ပေါ်လာသည်။ သို့သော် သူက အလျင်အမြန် ဖုံးကွယ်လိုက်သောအခါ မည်သူမှ သတိမထားမိခဲ့ကြပေ။

All Chapters