← Chapters

အခန်း (၉၀၅)

Vol. 65 Ch. 905

အခန်း (၉၀၅)

Vol. 65 Ch. 905

တန်းယွမ်၏ ခွန်အားနှင့် ကျင့်ကြံဆင့်အရ သူ၏စိတ်သည် ရှေးဟောင်းရေတွင်းကြီးပမာ တည်ငြိမ်နေသော်လည်း လက်ရှိတွင် ခံစားချက်များ ဖြစ်ပေါ်လာသည်။ သို့သော် စိတ်လှုပ်ရှားသော အချင်းအရာက သူ၏မျက်လုံးများအတွင်း ဖြတ်ခနဲ ပေါ်ပေါက်လာခြင်းသာဖြစ်၍ ရွှမ်မူတို့ငါးယောက်ပင် သတိမထားမိကြပေ။

"လူသားတစ်ယောက်က အမှောင်မြို့ရဲ့ စမ်းသပ်ချက်တွေကို မကျော်ဖြတ်နိုင်တာ နှစ်ပေါင်း ရာချီနေပြီ။ မင်းက စမ်းသပ်ချက်တွေကို အောင်မြင်မယ်ဆိုရင် ငါ့တပည့်အဖြစ် လက်ခံမယ်"

သူက ယဲ့ချန်ကို တစ်ချက်စိုက်ကြည့်၍ အက်ကွဲကွဲအသံဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။ သူ၏စကားကို ကြားသောအခါ ကြယ်သခင်များအားလုံးက မနာလိုခြင်းကြီးစွာ ဖြစ်နေကြ၏။ သာမန်ကျင့်ကြံသူတစ်ယောက်က ပါရမီရှိလျှင်ပင် အမှောင်မြို့သို့ရောက်လျှင် အောက်ခြေမှ စတင်ရမည်ဖြစ်သော်လည်း တန်းယွမ်၏ တပည့်ဖြစ်လာခြင်းမှာ ကောင်းကင်သို့ တစ်လှမ်းတည်းနှင့် တက်သွားခြင်းဖြစ်သည်။ သူတို့က မကျေနပ်သော်လည်း ဝိညာဥ်နယ်မြေအတွင်း အစွမ်းပြခဲ့သော ယဲ့ချန်ကို ကြောက်သဖြင့် ပေါ်တင်ထုတ်မပြောရဲပေ။ ရွှမ်မူတို့ငါးယောက်သည်လည်း သံယသများ ဖြစ်လာကြပြီး သူတို့နားလည်ထားသော တန်းယွမ်၏ အကျင့်စရိုက်က ထူးခြား၍ အခြားသူများနှင့် အပေါင်းအသင်းမလုပ်သူ ဖြစ်သည်။ သူက အမှောင်မြို့တွင် မိတ်ဆွေအနည်းငယ်သာရှိ၍ တပည့်ခေါ်ယူခြင်းကိုလည်း တစ်ကြိမ်မှ မလုပ်ဖူးသော်လည်း ယနေ့တွင် ယဲ့ချန်ကို တစ်ချက်သာကြည့်ပြီး တပည့်အဖြစ် လိုချင်နေသည်။ သူတို့က ယဲ့ချန်ကို အကဲခတ်လိုက်ပြီး ဝိညာဥ်နယ်မြေအတွင်း ကျန်ကြယ်သခင်များကို ဖိနှိပ်ခဲ့သော မြင်ကွင်းကို သုံးသပ်လိုက်ရင်း တစ်ခုခု ထူးခြားနိုင်သည်ဟု စဥ်းစားနေကြသည်။

"တန်းယွမ်ဟုတ်လား။ သူက ကြယ်သခင်တန်းနဲ့ ပတ်သက်နေတာများလား"

ထိုအချိန်၌ ကြယ်သခင်နှစ်ယောက်လုံးကို မြင်ဖူးသော ယဲ့ချန်က အတွေးနက်နေခဲ့သည်။ အကယ်၍ အမှောင်မြို့မှ တန်းယွမ်သည် ကြယ်သခင်တန်းယွမ်သာဖြစ်လျှင် သူက ချက်ချင်းမှတ်မိနိုင်သော်လည်း တူညီသော အချက်များ မရှိပေ။ လူသားတစ်ယောက်အနေဖြင့် တန်းယွမ်က သန်မာလွန်းနေသောအခါ မျက်ကန်းကြီး၊ ကျိုးလီတို့နှင့် ပတ်သက်နေနိုင်သည်။

"စီနီယာရဲ့ စကားအတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်က အမှောင်မြို့ကို ဝင်နိုင်ခဲ့ရင် စဥ်းစားလိုက်ပါမယ်"

တစ်ဖက်လူက ရန်သူလား မိတ်ဆွေလား မသိရသည့်အပြင် ဆန်းကျယ်သော သရုပ်မှန်ကြောင့် ယဲ့ချန်က သတိထားရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ တန်းယွမ်သာ တပည့်လက်ခံမည်ဟု သတင်းလွှင့်လိုက်လျှင် မရေတွက်နိုင်သော ကျင့်ကြံသူများ အပြေးရောက်လာမည် ဖြစ်သော်လည်း ယဲ့ချန်၏အ​ဖြေက စဥ်းစားရန် ဖြစ်နေသောအခါ ကြားရသူတိုင်း ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်နေကြသည်။ အကယ်၍ သူတို့ကို တန်းယွမ်ကသာ ရွေးချယ်ခဲ့လျှင် ချက်ချင်းလက်ခံလိုက်ကြပေလိမ့်မည်။ တန်းယွမ်၏စိတ်ထားအရ သေချာပေါက် ဒေါသူပုန်ထမည် ဖြစ်သောကြောင့် ရွှမ်မူက စိတ်ထဲတွင် ကျေနပ်နေခဲ့သည်။

"ကောင်းပြီ။ ငါ မင်းကို နောက်တစ်ကြိမ် လာရှာမယ်"

သို့သော် သူ့ကို အံ့သြစေသည်မှာ တန်းယွမ်က စိတ်ကောင်းဝင်နေပြီး ခေါင်းတစ်ချက် ညိတ်ပြလိုက်ခြင်း ဖြစ်သည်။

"ဘာတွေဖြစ်နေတာလဲ"

ကျင့်ကြံသူများစွာက စိတ်ရှုပ်ထွေးနေကြပြီး နားမလည်နိုင်ဖြစ်နေစဥ် ခြိမ်းခြောက်မှုတစ်ခုကို ခံစားနေရသော ရွှမ်မူက သူ၏အတွေးကို အတည်ပြုလိုက်သည်။ ယဲ့ချန်၏ ဝိညာဥ်နတ်ဘုရားက ဝိညာဥ်နယ်မြေ၌သာ အစွမ်းထက်ခြင်းဖြစ်ကြောင်း သူက သုံးသပ်လိုက်ပြီး မျက်လုံးများက ရက်စက်တင်းမာနေသည်။ တစ်ဖက်လူ၏နောက်ခံက မည်သူဖြစ်ပါစေ၊ အမှောင်မြို့မဝင်ရောက်နိုင်ခင် သတ်ဖြတ်ပစ်ရန် ဆုံးဖြတ်လိုက်၍ ရွှမ်ရဲနှင့် လျှို့ဝှက်ဆက်သွယ်လိုက်သည်။

"ဒီကောင့်ကို အောက်ဘုံမှာ သတ်ပစ်စမ်း။ သဲလွန်စမကျန်စေနဲ့"

ခြိမ်းခြောက်မှုဟု ခံစားရလျှင် မည်မျှအားနည်းသူဖြစ်ပါစေ၊ တုံ့ဆိုင်းခြင်းမရှိ လုပ်ကြံတတ်သော ရွှမ်မူ၏ စိတ်ထားက အောက်တန်းကျလွန်းသည်။

"ဒါပေမယ့် ငါက သူ့ကို မယှဥ်နိုင်ဘူး"

ဝိညာဥ်နယ်အတွင်း ဆိုးရွားစွာ ရိုက်နှက်ခံခဲ့ရသော ရွှမ်ရဲက စိတ်ဓာတ်ကျနေပြီး ခေါင်းယမ်းလိုက်သည်။

"ဒီခွေးကောင်ရဲ့ဝိညာဥ်က ထူးခြားပေမယ့် မင်းကြောက်စရာ မလိုဘူး။ သူရဲ့တိုက်ခိုက်နိုင်စွမ်းက မင်းအောက်မှာ ရှိတယ်။ လိုအပ်မယ်ဆိုရင် လျှို့ဝှက်ကျင့်စဥ်ကို အသုံးပြုပြီး ငါ ဝင်ပါမယ်"

"ဒါပေမယ့် ဒီလိုလုပ်မယ်ဆိုရင် ငါ့အသက်အဆီအနှစ်ကို ထိခိုက်မှာပေါ့"

"မစိုးရိမ်ပါနဲ့၊ မင်းသာ အမှောင်မြို့ကို ရောက်လာရင် ပြန်လည်ကုသဖို့ ဆေးဝါးတွေ ငါ ရှာနိုင်တယ်"

အဆင့်နိမ့် ကြယ်သခင်တစ်ယောက်ကို သတ်ရန် များစွာအားထုတ်နေရသောကြောင့် ရွှမ်မူက ယဲ့ချန်ကို မကျေမနပ် စိုက်ကြည့်လိုက်သည်။ ရွှမ်ရဲသည် အစ်ကိုဖြစ်သူ၏ အကြောင်းအရင်းကို နားမလည်သော်လည်း မလှန်ရဲသောကြောင့် နားထောင်ရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။ သူ့ဘက်တွင် ကြယ်သခင်တစ်ထောင်ကျော်ရှိပြီး ယဲ့ချန်၏အုပ်စုတွင် အယောက်နှစ်ရာနီးပါးသာ ရှိသည်။ အကြောင်းအရင်းမှာ ယဲ့ချန်က နောက်ထပ်လက်မခံလိုသောကြောင့်ဖြစ်ပြီး မျိုးနွယ်ပေါင်းစုံမှ ကျင့်ကြံသူများတွင် ကိုယ်ပိုင်အတွေးများ ရှိနိုင်သဖြင့် အရေအတွက်များလျှင် တစ်ယောက်တစ်ပေါက် ဖြစ်နေလိမ့်မည်။ ထို့အပြင် အောက်ဘုံက မည်သို့သောနေရာဖြစ်ကြောင်း မသိရသဖြင့် လူများစွာစုဝေးနေလျှင် ကြီးမားသော ပစ်မှတ် ဖြစ်နေသည်။

ယဲ့ချန်၏စိတ်ထဲတွင် အုပ်စုတစ်ခုတွင် အယောက်နှစ်ဆယ်အထိသာ လက်ခံလိုသော်လည်း ရွှမ်ရဲ၏ တိုက်ခိုက်ခြင်းကို ကာကွယ်ရန်အတွက် သူက အင်အားများ စုဆောင်းခဲ့ရသည်။ ထိုအချိန်တွင် အမှောင်မြို့၏ ကျင့်ကြံသူ ခြောက်ယောက်က အစီအရင်၏အပြင်ဘက်တွင် နေရာခြောက်ခု၌ ထိုင်ချလိုက်သည်။ ထိုနေရာများက အစီအရင် အသက်သွင်းရန်အတွက် သော့ချက်များ ဖြစ်ပေလိမ့်မည်။

"ငါက မင်းတို့ကို အောက်ဘုံဆီ ပို့ဆောင်ပေးပြီး စောင့်ကြည့်နေမယ်။ အချိန်တစ်လ အသက်ရှင်နိုင်ရင် နောက်ဆုံးစမ်းသပ်ချက်ကို ဝင်နိုင်လိမ့်မယ်"

တန်းယွမ်က တစ်ခုခုကို စဥ်းစားနေဟန်ဖြင့် မျက်မှောင်ကြုတ်ထားရင်း ပြောလိုက်၏။ အောက်ဘုံက အလွန်အန္တရာယ်များပြီး အထူးပါရမီရှင်များပင် ကံမကောင်းလျှင် သေဆုံးသွားနိုင်သည်။ သေမင်းက ဤတစ်ကြိမ်တွင် ၎င်းကို ရွေးချယ်ခဲ့သော အကြောင်းအရင်းအား သူ နားမလည်ချေ။ ကြယ်သခင်ပေါင်းသုံးထောင်ကျော်က အစီအရင်အတွင်း တစ်​ယောက်ပြီး တစ်ယောက် ဝင်လိုက်ကြသည်။

"ရွှမ်ရဲက မင်းကို ရန်လိုနေတယ်။ သူက ဒီလောက်လူတွေ အများကြီး စုဆောင်းထားတယ်ဆိုတော့ အောက်ဘုံကိုရောက်ရင် သေချာပေါက် လှုပ်ရှားလိမ့်မယ်"

မာရာက သတိပေးလိုက်သော်လည်း ယဲ့ချန်က ခံစားချက်မဲ့စွာဖြင့် ခေါင်းညိတ်ပြသောကြောင့် သူရော ရှီကြွယ်ပါ တိတ်ဆိတ်သွားကြ၏။ သူတို့က ယဲ့ချန်နှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့သောကြောင့် နောက်ဆုံးအထိ လိုက်ပါမည့်အပြင် ရွှမ်ရဲနှင့်လည်း မသင့်မြတ်ကြပေ။ ကျင့်ကြံသူခြောက်ယောက်က စွမ်းအားများထုတ်ဖော်၍ အစီအရင်ကို အသက်သွင်းလိုက်သောအခါ ကောင်းကင်၌ ချီမုန်တိုင်းတစ်ခု ဖြည်းဖြည်းချင်း ဖြစ်တည်လာသည်။ ၎င်း၏အလယ်တွင် ကီလိုမီတာသန်းရာချီ အဝေးမှ မြင်ကွင်းကို လူတိုင်း ထင်ရှားစွာ မြင်နေရသည်။ ဤစွမ်းအား ရှေ့မှောက်တွင် ယဲ့ချန်က အားနည်းသည်ဟု ခံစားနေရကာ အမှောင်မြို့၏ ကျင့်ကြံသူခြောက်ယောက်သည် အချိန်လေဟာနယ်ချီကို အဆင့်မြင့်မြင့်အထိ ကျင့်ကြံထားကာ အချိန်နှင့် လေဟာနယ်ကို ပြောင်းပြန်လှန်နိုင်သည်အထိ အစွမ်းထက်နေကြသည်။

သူက ဤအဆင့်သို့ မည်သည့်အချိန်မှ ရောက်နိုင်မည်နည်းဟု စဥ်းစားနေစဥ် ချီမုန်တိုင်းက ဖြည်းဖြည်းချင်း ကျဆင်းလာကာ အဆင့်နိမ့်ကြယ်သခင်များကို လွှမ်းခြုံသွားသည်။ သူတို့က တစ်ယောက်ပြီးတစ်ယောက် လှစ်ခနဲ ပျောက်ကွယ်သွား၍ မျက်လုံးများ ဖွင့်လိုက်သောအခါ ထူးဆန်းသော နေရာတစ်ခုထံ ရောက်နေကြ၏။ ထိုနေရာ၌ ကြယ်အပိုင်းအစများက အချိန်တိုင်း ပုံသဏ္ဍာန်ပြောင်းလဲနေကာ လှိုင်းထန်သော မြစ်ကြီးတစ်စင်းပမာ မျောလွင့်နေကြသည်။ စကြဝဠာအတွင်း အဝေးတစ်နေရာသို့ ကြည့်လိုက်လျှင် အလင်းတန်းတစ်ခုကို တွေ့နိုင်ပြီး ၎င်း၏ပုံသဏ္ဍာန်အရ ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်း ဖြစ်ပေလိမ့်မည်။ အမှောင်မြို့က သူတို့ကို အပြင်ဘက်နေရာတစ်ခုထံ အစီအရင်ဖြင့် ပို့ဆောင်ပေးခဲ့သည်။

ယဲ့ချန်၏ အဖွဲ့သားများက လျင်မြန်စွာ စုဝေးလိုက်ကြပြီး အယောက်နှစ်ရာနီးပါးတွင် မည်သူမှ ပျောက်ကွယ်မနေခဲ့ပေ။ ရွှမ်ရဲသည်လည်း နောက်လိုက်များကို စုဆောင်းခဲ့ပြီး အရေအတွက် တစ်ထောင်ကျော်သောကြောင့် ယဲ့ချန်၏အဖွဲ့ထက် အရေအတွက်များစွာ သာလွန်နေ၏။

"လူတိုင်း ငါနဲ့အတူ ပူးပေါင်းပြီး ဒီကောင်တွေကို သတ်စမ်း"

ရွှမ်ရဲက အေးစက်စက် နှာခေါင်းရှုံ့၍ အမိန့်ပေးလိုက်ရင်း ဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်၏။ ၎င်းက အဆင့်မြင့် ဝိညာဥ်လက်နက်တစ်ခုဖြစ်ကာ အဖြူရောင် တောက်ပနေပြီး ဓားသွားက ဖောက်ထွင်းမြင်နေရသည်။

"ဒါက.."

"ငါတို့က ဘယ်နေရာကို ရောက်မှန်းတောင် မသိဘူး။ ဘာကြောင့် အချင်းချင်း သတ်ဖြတ်နေရမှာလဲ"

သူ၏နောက်လိုက်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး မနာခံလိုခဲ့ပေ။

"အရူးတွေ သေခြင်းစမ်းသပ်ချက်ရဲ့ စည်းမျဥ်းကို မသိထားဘူးလား။ အယောက်ရာချီပဲ အသက်ရှင်နိုင်မယ်ဆိုရင် သူတို့ကို သတ်လိုက်တာနဲ့ ငါတို့အသက်ရှင်ဖို့ အခွင့်အရေး ပိုများတယ်"

ရွှမ်ရဲက လေသံတင်းတင်းနှင့် ငေါက်ငမ်းလိုက်သည်။ သူ၏စကားကြောင့် နောက်လိုက်များက အတွေးနက်သွားပြီး ၎င်းမှာ အဓိပ္ပါယ်ရှိပုံရသော်လည်း နောက်ဆုံးတွင် ရွှမ်ရဲ၏ဓားဖျားက သူတို့ဘက် လှည့်လာပေလိမ့်မည်။ စမ်းသပ်ချက်ကို ကျော်ဖြတ်ရန်အတွက် သူတို့ကို ရွှမ်ရဲက ဂရုစိုက်မည် မဟုတ်သောကြောင့် ကိုယ်ကျိုးအတွက် စဥ်းစားနေရသည်။ သို့သော် ရွှမ်ရဲ၏အစ်ကိုက အမှောင်မြို့တွင် နေရာတစ်​နေရာ ရထားသောကြောင့် ရွှမ်ရဲကို သတ်ဖြတ်လိုက်လျှင် အကျိုးဆက်များကို ပြင်းထန်စွာ ခံစားရပေလိမ့်မည်။ နောက်ဆုံးတွင် သူတို့က ရွှမ်ရဲကို မဆန့်ကျင်ရဲသောအခါ အယောက်တစ်ထောင်ကျော်သော အဆင့်နိမ့် ကြယ်သခင်များသည် ယဲ့ချန်၏အဖွဲ့ကို ဘက်ပေါင်းစုံမှ ပိတ်ဆို့ထားလိုက်လေသည်။

All Chapters