← Chapters

နယ်ခြားသရဲများ

Vol. 65 Ch. 906

နယ်ခြားသရဲများ

Vol. 65 Ch. 906

"ဒီကောင်တွေက သည်းမခံနိုင်တော့ဘူး ထင်တယ်"

တစ်ဖက်မှ လှုပ်ရှားမှုကြောင့် မာရာက ဒေါသတကြီး ကြုံးဝါးလိုက်သော်လည်း လက်ထဲရှိ မိုးကြိုးဓားအရောင်အောက်တွင် မျက်နှာထားသည် တိုက်ပွဲကို ကြိုတင်ပြင်ဆင်ထားဟန်ဖြင့် တည်ကြည်နေ၏။

"ရွှမ်ရဲ မင်းနဲ့ငါ တိုက်ပွဲမပြီးသေးဘူး။ သတ္တိရှိရင် ထွက်လာစမ်း။ ရှင်းဟွမ်မျိုးနွယ်က အရေအတွက်နဲ့ အနိုင်ကျင့်တတ်တဲ့ အရှက်မရှိ ငကြောက်တွေလား"

သူက လေထဲသို့ ခုန်တက်ကာ အော်ဟစ်စိန်ခေါ်လိုက်သော်လည်း ရွှမ်ရဲက သူရဲဘောကြောင်နေသည်။

"ဒီအချိန်မှာ မင်းနဲ့ တစ်ယောက်ချင်းတိုက်ခိုက်ရအောင် ငါက အရူးလား"

သူက နောက်လိုက်များ၏အနောက်တွင် နေရာယူထားပြီး နှာခေါင်းရှုံ့လိုက်၏။

"ကောလဟာလတွေအတိုင်း ရှင်းဟွမ်တွေက အဆင့်မြင့်လေလေ ငကြောက်တွေဖြစ်သွားတာပဲ။ မင်းတို့ဘောတွေက စောက်ရမ်းပျော့တယ်။ အရေအတွက်သာတာလေးနဲ့ ငါက ကြောက်မယ် ထင်နေတာလား။ ခွေးကောင်တွေကို သေအောင် ရိုက်ပစ်ကြ"

မာရာက လှောင်ရယ်လိုက်သည်။

"တိုက်ခိုက်ကြစမ်း။ တစ်ယောက်မှ အသက်မရှင်စေနဲ့"

ရွှမ်ရဲ၏မျက်နှာက ရှက်စိတ်ကြောင့် မည်းနက်သွားကာ အေးစက်စက် အမိန့်ပေးလိုက်သည်။

"ငါသွေးဆာနေတာ ဒီလောက်ကြာပြီ၊ အခုမှ တိုက်ခိုက်ရတော့မယ်"

တစ်ကိုယ်လုံး သွေးရောင်တောက်ပသော ရှီကြွယ်ထံမှ ပြင်းထန်ရက်စက်သော သတ်ဖြတ်လိုစိတ်တစ်ခု ထွက်ပေါ်လာပြီး သွေးနတ်ဆိုးမျိုးနွယ်၏ သဘာဝ အပြည့်အဝ ထွက်ပေါ်လာခဲ့သည်။ ယဲ့ချန်က ဆည်းဆာနတ်ဓားကို ထုတ်ယူ၍ အသင့်ပြင်လိုက်သကဲ့သို့ ခြင်္သေ့ကြီးထံမှလည်း ခရမ်းရောင်မီးတောက်များ တဟုန်းဟုန်း ထွက်ပေါ်လာ၏။

"ငါ့ကောင်တို့ အသားကင်လေးဘာလေး မစားချင်ကြဘူးလား"

တိုက်ပွဲဖြစ်ပွားလျှင် အသေအပျောက် အလွန်များနိုင်ပြီး ယဲ့ချန်သည် သူ့ကို အလွန်သတ်ချင်နေသော ရွှမ်ရဲအား စိုက်ကြည့်နေသည်။ တစ်ဖက်လူက သူ့ကို သတ်ဖြတ်ချင်နေသည်မှာ ရွှမ်မူ၏ပယောဂ ပါဝင်နိုင်ပြီး အမှောင်မြို့၏ ရှုပ်ထွေးသော အတွင်းရေးကို မခန့်မှန်းတတ်ပေ။ အဆင့်နိမ့်ကြယ်သခင်များက တိုက်ခိုက်ရန် နီးကပ်လာစဥ် တဝုန်းဝုန်းအသံများ အဝေးမှ ရုတ်တရက် ထွက်ပေါ်လာကာ စကြဝဠာကြီးပင် တုန်ခါသွားပုံရသည်။ ထို့နောက် အဝါရောင်အရိပ်များက ပျားအုပ်များသဖွယ် စုဝေးရောက်ရှိလာကာ ဝိညာဥ်များနှင့် ဆင်တူနေပြီး ကြောက်မက်ဖွယ် အသွင်သဏ္ဍာန်ပေါင်းစုံကို ပိုင်ဆိုင်ထားကြ၏။

"နယ်ခြားသရဲတွေ"

အောက်ဘုံတွင် လှုပ်ရှားကျက်စားပြီး ကြောက်စရာကောင်းသော ဤအရာများအကြောင်း သိထားသည့် ရွှမ်ရဲက မျက်နှာပျက်သွားသည်။ ၎င်းမျိုးနွယ်က မြင်မြင်ရာ ဝါးမျိုစားသောက်တတ်ပြီး ကောင်းကင်နတ်ဆိုးများထက် ပိုမိုရက်စက်ကြမ်းကြုတ်သည်။ မူလတွင် ၎င်းတို့က ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းအတွင်း နေထိုင်ခဲ့သော်လည်း အစွမ်းထက်သူများ မောင်းထုတ်လိုက်သောကြောင့် အောက်ဘုံသို့ နယ်နှင်ခံလိုက်ရခြင်းဖြစ်သည်။ စမ်းသပ်မှုကို တာဝန်ယူထားသော ကောင်းကင်နတ်ဆိုးသည် အရေအတွက်အနည်းငယ်သာ ရှင်ကျန်ရစ်မည်ဟု ဆိုခဲ့ခြင်းမှာ မထူးဆန်းတော့ပေ။ နယ်ခြားသရဲအများစုက နတ်အစေခံများဖြစ်ပြီး ကြယ်သခင်အနည်းငယ်သာ ရှိသော်လည်း အရေအတွက်က တွေးမရလောက်အောင် များပြားသည်။

အရေအတွက် တစ်ထောင်ကျော်ပါဝင်သော ရွှမ်ရဲ၏အုပ်စုက နယ်ခြားသရဲများ၏ ပစ်မှတ် ဖြစ်လာကာ သောင်းချီသော သရဲများ ဝင်ရောက်လာသည်။

"နောက်ဆုတ်ကြ"

နယ်ခြားသရဲများ ထွက်ပေါ်လာသောအခါ ယဲ့ချန်က ချက်ချင်းအမိန့်ပေးလိုက်ပြီး နောက်လိုက်နှစ်ရာကျော်နှင့်အတူ အလျင်အမြန် ဆုတ်ခွာသွားသည်။ သူက သန်မာသူများချည်း စုစည်းထားသဖြင့် ခဏအတွင်း အတော်ဝေးဝေး ရောက်သွားခဲ့၏။ ကျန်တစ်ဖက်တွင် ရွှမ်ရဲ၏အုပ်စု၌ အရေအတွက်များလွန်းသောကြောင့် တစ်​ယောက်တစ်ပေါက်ဖြစ်နေကာ အမိန့်ပေးရန် ခက်ခဲသည်။ သူတို့က အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ အသက်ရှင်ရေးအတွက် သွေးရူးသွေးတန်း ဖြစ်နေသောကြောင့် အခြားသူများကို ဂရုမစိုက်နိုင်ပေ။

"ခွေးကောင်တွေ နေရာတိုင်းမှာ နယ်ခြားသရဲတွေရှိနေတယ်၊ မပြေးကြနဲ့။ ခုခံရေးပုံစံတည်ဆောက်ပြီး ကာကွယ်စမ်း"

ရွှမ်ရဲက ဒေါသတကြီး အမိန့်ပေးနေသော်လည်း ကျင့်ကြံသူတစ်ထောင်ကျော်သည် ခြေဦးတည့်ရာထွက်ပြေးနေသဖြင့် တစ်နေရာစီ ရောက်သွားလျှင် နယ်ခြားသရဲများ၏ ဝါးမျိုခြင်း ခံရပေလိမ့်မည်။ ဤနောက်လိုက်များက ယဲ့ချန်ကို ရင်ဆိုင်ရဲသော သူ၏သတ္တိဖြစ်ကာ အကယ်၍ အားလုံးသေဆုံးသွားလျှင် ရင်ဆိုင်တိုက်ခိုက်ဝံ့သော စိတ်မျိုး မရှိချေ။ သို့သော် သူ၏နောက်လိုက်များမှာ နောက်ဆုံးအချိန်မှ လာရောက်ပူးပေါင်းခဲ့ကြသောကြောင့် တစ်ကိုယ်ကောင်းဆန်စွာ ထွက်ပြေးနေခြင်းက ပြဿနာ ဖြစ်နေသည်။ နယ်ခြားသရဲများ၏ ခန္ဓာကိုယ်ထက်တွင် ဆူးချွန်များ ဖြစ်တည်လာပြီး အားနည်းသူများမှာ ထိုးစိုက်ခံလိုက်ရချိန်တွင် ဘာမှမကျန်အောင် စုပ်ယူခံလိုက်ရသည်။ ၎င်းတို့က သွေးနံ့ရသော ယင်ကောင်များပမာ ကျင့်ကြံသူများကို လိုက်လံတိုက်ခိုက်နေသောကြောင့် အခြေအနေက ရှုပ်ထွေးနေသည်။

"ဖောက်ထွက်ကြစမ်း"

ရန်သူ၏အင်အားက ထင်ထားသည်ထက် ကျော်လွန်နေသောကြောင့် ရွှမ်ရဲက စိုးရိမ်တကြီး အမိန့်ပေးလိုက်သည်။ အကယ်၍ ဆက်လက်တိုက်ခိုက်နေလျှင် သူ၏နောက်လိုက်တစ်ထောင်ကျော်မှာ အားလုံး သုတ်သင်ခံလိုက်ရနိုင်သောကြောင့် တတ်နိုင်သမျှ အမြန်ဆုံး ဆုတ်ခွာရပေလိမ့်မည်။ သူက အဝေးသို့ ကြည့်လိုက်သောအခါ ယဲ့ချန်သည် နောက်လိုက်များကို ဦးဆောင်ပြီး နတ်ဆိုးများထံမှ ဖောက်ထွက်နိုင်လုနီးပါး ဖြစ်နေသည်ကို မြင်လိုက်ရ၏။ သူကလည်း နယ်ခြားနတ်ဆိုးနှစ်ကောင်ကို ဦးဆောင်သတ်ဖြတ်၍ ဖောက်ထွက်လိုက်သောအခါ နောက်လိုက်များက နောက်ဆုံးတွင် ဦးတည်ရာရသွားပြီး ချက်ချင်းလိုက်ပါလာကြသည်။

ကောင်းကင်တွင် စွမ်းအားပေါင်းစုံ ရှုပ်ထွေးနေပြီး ဖရိုဖရဲတိုက်ပွဲကြီးအတွင်း မျိုးနွယ်အသီးသီးမှ ကျင့်ကြံသူများစွာ သေဆုံးနေကြသည်။ ကိုယ့်အသက်ကိုယ် အဆုံးရှုံးမခံလိုသူများက အစွမ်းကုန်ထုတ်ဖော်၍ တိုက်ခိုက်နေကြသည်။ ရွှမ်ရဲ၏အုပ်စုအပြင် အခြားအုပ်စုများလည်း တိုက်ခိုက်ခံနေရပြီး ဒဏ်ရာရသူရ၊ သေသူသေနှင့် အခြေအနေက လုံးဝရှုပ်ထွေးနေ၏။ အလုံခြုံဆုံးမှာ ယဲ့ချန်၏အဖွဲ့ဖြစ်ပြီး အရေအတွက်နည်းပါးသဖြင့် ပစ်မှတ်က သေးငယ်သည့်အပြင် လူတိုင်းက သန်မာကြ၏။ ထို့ကြောင့် တိုက်ခိုက်ရသော သရဲအရေအတွက် နည်းပါးသောအခါ အသေအပျောက် နည်းပါးစွာဖြင့် သူတို့ ဖောက်ထွက်နိုင်ခဲ့သည်။ ယဲ့ချန်၏ ဆင်ခြင်ဉာဏ်နှင့် ဦးဆောင်နိုင်စွမ်းကို မာရာနှင့် ရှီကြွယ်က လေးစားနေပြီး ဝိညာဥ်နယ်မြေအတွင်း အစွမ်းပြခဲ့သောကြောင့် အစွမ်းထက်သူများကို ဆွဲဆောင်ကာ ပူးပေါင်းစေနိုင်ခဲ့သည်။

ယဲ့ချန်၏အုပ်စုက တိုက်ခိုက်ရေးအင်အား အမြင့်ဆုံးဖြစ်သော်လည်း ရွှမ်ရဲ၏အုပ်စုတွင် အားနည်းသူရော သန်မာသူပါ ရောထွေးနေပြီး အရေအတွက်များသော အခြားအုပ်စုများမှာ ရွှမ်ရဲ၏အုပ်စုကဲ့သို့ အခြေအနေမကောင်းပေ။

"လူတိုင်း ငါ့နောက်က ကပ်လိုက်ခဲ့ကြ"

ယဲ့ချန်သည် အဝေးတစ်နေရာမှ ချဥ်းကပ်လာသော နယ်ခြားသရဲသိန်းချီကို မြင်လိုက်ရသောကြောင့် လူတိုင်းကို ဦးဆောင်ကာ ဘေးဘက်သို့ ဖောက်ထွက်လိုက်၏။ သူတို့က ပြင်းထန်စွာတိုက်ခိုက်၍ ရာချီသော နယ်ခြားသရဲများကို သတ်ဖြတ်ခဲ့သော်လည်း အရေအတွက်က နှစ်ရာကျော်မှ တစ်ရာကျော်အထိ ကျဆင်းသွားခဲ့သည်။ သို့သော် အစွမ်းထက်သူများချည်း စုဝေးနေသောကြောင့် ခွန်အားက အားမနည်းသောအခါ ဖောက်ထွက်ခြင်း အောင်မြင်ခဲ့သည်။ မိုပင်းသည် တိုက်ပွဲအတွင်း ရုန်းကန်နေရပြီး ယဲ့ချန်သာ ကာကွယ်မပေးခဲ့လျှင် သေဆုံးသွားပေလိမ့်မည်။ သူက ယဲ့ချန်ကို အသက်သခင်ကျေးဇူးရှင်ဟု သတ်မှတ်ကာ အလွန်ကျေးဇူးတင်နေပြီး သေဆိုလျှင်ပင် ငြင်းပယ်မည် မဟုတ်ပေ။ နာရီအနည်းငယ်အကြာတွင် သူတို့က နယ်ခြားသရဲများထံမှ ဖောက်ထွက်နိုင်ခဲ့ပြီး ကြယ်အပျက်အစီးများကြားတွင် ပုန်းအောင်းကာ လူတိုင်း တင်ပျဥ်ခွေထိုင်ချ၍ ကျင့်ကြံလိုက်ကြသည်။

"ဘယ်နှယောက်ကျသွားလဲ"

ယဲ့ချန်က မာရာကို မေးလိုက်ခြင်းဖြစ်သည်။

"၃၇ယောက်"

အောက်ဘုံတွင် တစ်လ အသက်ရှင်ရမည်ဖြစ်သော်လည်း နေ့ဝက်အတွင်း အကျအဆုံးများသောကြောင့် မာရာက သက်ပြင်းတစ်ချက်ချလိုက်သည်။ ဤရလဒ်က ကောင်းမွန်သည်ဟု ဆိုနိုင်သော​ကြောင့် ယဲ့ချန်က ခေါင်းညိတ်လိုက်ပြီး သိန်းချီသော ရန်သူများအကြား ပိတ်မိသွားလျှင် လွတ်မြောက်ရန် လွယ်ကူမည် မဟုတ်ချေ။

"ခွေးကောင်ရွှမ်ရဲ အခြေအနေ ဘယ်လိုရှိလဲ"

မာရာက တစ်ချက်ပြုံး၍ မေးလိုက်သည်။

"အခုချိန်ဆိုရင် ဒီကောင်က ငိုနေလောက်ပြီ။ နယ်ခြားသရဲတွေ ဒီလောက်များနေမှတော့ ဒီကောင် အတော်ထိသွားမှာပဲ"

ရှီကြွယ်က လှောင်ရယ်လိုက်သည်။ သေခြင်းတရားကို အတူတကွရင်ဆိုင်လာသောကြောင့် သူတို့က ပို၍ရင်းနှီးလာကာ စကားပြောရာတွင် ပေါ့ပါးလာကြ၏။ ဤတိုက်ပွဲအပြီးတွင် သူတို့က သေခြင်းရှင်ခြင်းကို အတူတကွကျော်ဖြတ်ခဲ့သော မိတ်ဆွေများအဖြစ် သတ်မှတ်နိုင်သည်။ ထိုအချိန်၌ ရွှမ်ရဲက အခြေအနေဆိုးရွားနေကာ ကိုယ့်ကိုကိုယ် ကာကွယ်နေရသောကြောင့် ယဲ့ချန်ကိုပင် စိတ်ထဲမရှိတော့ချေ။ မူလတွင် နယ်ခြားသရဲအရေအတွက်က နည်းပါးသောကြောင့် ဖောက်ထွက်နိုင်မည်ဟု ထင်ထားသော်လည်း ထိုအတွေးက တုံးအလွန်းနေသည်။ အရေအတွက်များသောကြောင့် အချိန်မီ မဆုတ်ခွာနိုင်သည့်အပြင် ရန်သူအရေအတွက်က ကျိုင်းကောင်အုပ်ကြီးများပမာ ချက်ချင်းတိုးလာခဲ့သည်။ အစပိုင်းတွင် သတ်ဖြတ်ရင်း ဆုတ်ခွာနိုင်သော်လည်း ရန်သူအရေအတွက် များလွန်းသောအခါ ဆက်လက်တိုက်ခိုက်နေလျှင် အားလုံး ရှင်းပစ်ခံရနိုင်ချေ ရှိသည်။ အယောက်၁၃၀၀ ကျော် ပါဝင်သော အုပ်စုက အယောက်ကိုးရာသာ ကျန်ရစ်ပြီး များပြားနေဆဲဖြစ်ရာ နောက်ဆုတ်ခြင်း၌ အခက်အခဲ ဖြစ်နေသည်။

"အစ်ကို ငါတို့ ဒီလူတွေကို ခေါ်နေရရင် နောက်ဆုံးမှာ မလွတ်လောက်ဘူး"

ရှင်းဟွမ်မျိုးနွယ်ဝင်တစ်ယောက်က ရွှမ်ရဲကို အသံချင်းဆက်သွယ်၍ တစ်ကိုယ်ကောင်းဆန်စွာ ပြောလိုက်သည်။ သူတို့ကို နောက်ပြန်ဆွဲခေါ်နေသော အားနည်းသူများကြောင့် မဟုတ်လျှင် လွတ်လွတ်လပ်လပ် ဆုတ်ခွာထွက်ပြေးနိုင်ပေလိမ့်မည်။

"ငါတို့ အတူတူဆုတ်ကြမယ်။ အရေအတွက်ငါးဆယ်ထက် မကျော်စေနဲ့။ သူတို့ကို ချက်ချင်းဆုံးဖြတ်ခိုင်းပြီး လိုက်မလာရင် သေရမယ်လို့ ပြောလိုက်"

ရွှမ်ရဲက ခဏတာစဥ်းစားပြီးနောက် ရှင်းဟွမ်များထံ ဆက်သွယ်ကာ ရက်စက်စွာ အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့"

သူ၏အဖွဲ့တွင် ရှင်းဟွမ်၁၆ယောက် ပါဝင်သောကြောင့် နောက်ထပ်ကျင့်ကြံသူ အယောက်သုံးဆယ်သာ ခေါ်ယူရန် ဆုံးဖြတ်လိုက်၏။ ကျန်ကျင့်ကြံသူများ၏ အသက်ကိုမူ ရှင်းဟွမ်များက ထည့်မတွက်ခဲ့ကြပေ။ အခြေအနေက မည်သို့ပင်ဖြစ်စေကာမူ၊ ယဲ့ချန်က အထက်စီးသို့ ရောက်နေသောကြောင့် ရွှမ်ရဲက စိတ်ဓာတ်ကျနေသည်။ သူက ပိတ်မိနေစဥ် တစ်ဖက်လူက ဖောက်ထွက်သွားနိုင်ပြီး လုံခြုံသော နေရာတစ်ခုသို့ သေချာပေါက် ရောက်နေပေလိမ့်မည်။ များပြားလှသော နယ်ခြားသရဲများကို နာရီအနည်းငယ် တိုက်ခိုက်ပြီးနောက် သူက ပင်ပန်းပြီး သွေးအန်မတတ် ဒေါသထွက်နေခဲ့လေသည်။

All Chapters