သစ္စာပေးခြင်း
Vol. 65 Ch. 907
ယဲ့ချန်သည် နယ်ခြားသရဲများကို စောင့်ကြည့်ရန်အတွက် ဝိညာဥ်အသိစိတ်ဖြင့် ကင်းထောက်နေရင်း အုပ်စုကို ဦးဆောင်နေသည်။ သူတို့က ယာယီလွတ်မြောက်နေသော်လည်း အန္တရာယ်ကင်းသည်ဟု လုံးဝမဆိုနိုင်ပေ။
"ငါတို့က အောက်ဘုံမှာ ရှင်သန်နိုင်ရင် မင်းနောက်ကို လိုက်ချင်ပါတယ်။ ငါတို့ကို လက်ခံနိုင်မလား"
ထိုအချိန်၌ အုပ်စုအတွင်းမှ မာရာနှင့် ရှီကြွယ်သည် ယဲ့ချန်အနားသို့ ပျံသန်းရောက်ရှိလာကာ လေးလေးနက်နက် မေးလိုက်ကြ၏။ မာရာသည် မိုးကြိုးမျိုးနွယ်ဝင် တစ်ယောက်ဖြစ်သော်လည်း စကြဝဠာအတွင်း လှည့်လည်သွားလာနေသည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်သည်။ သူက အမှောင်မြို့သို့ ဝင်ရောက်လိုခြင်းမှာ အောင်မြင်နိုင်ချေ နည်းပါးသည့်တိုင်အောင် အစွမ်းထက်သူများ၏ လမ်းညွှန်မှုကို လိုချင်သောကြောင့် ဖြစ်သည်။ ရှီကြွယ်သည်လည်း အတူတူပင်ဖြစ်ကာ အကြောင်းအရင်းအချို့ကြောင့် သွေးပြည်ထောင်ကို စွန့်ခွာလာခဲ့သည်။ အကယ်၍ တန်းယွမ်၏ မျက်နှာသာပေးခြင်းခံရသော ယဲ့ချန်၏နောက်လိုက်များ ဖြစ်လာလျှင် အနာဂတ်က ကောင်းမွန်ပေလိမ့်မည်။ သူတို့က ပါရမီရှင်များဖြစ်သော်လည်း အမှောင်မြို့က ထူးခြားပြီး တစ်ကိုယ်တော်ဆိုလျှင် မြင့်မားလာရန် ခက်ခဲသည်။ သူတို့က တစ်သက်လုံးကြိုးစားလျှင်ပင် စစ်သူကြီးဆယ်ဦးကဲ့သို့ အစွမ်းထက်သူများနှင့် ထိတွေ့ဆက်ဆံခွင့် မရနိုင်သော်လည်း ယဲ့ချန်က ကွဲပြားခြားနားနေသည်။
သူတို့က ပူးပေါင်းလိုခြင်းမှာ သူ့ကို အကြွင်းမဲ့သစ္စာရှိမည် မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် အကျိုးရှိသောကြောင့် ဖြစ်သည်အား ယဲ့ချန်က နားလည်ထားသည်။
"မင်းတို့က ငါ့နောက်လိုက်ဖြစ်ချင်ရင် ရပါတယ်။ ဒါပေမယ့် မင်းတို့အနေနဲ့ တစ်ခု လုပ်ပေးရမယ်။ ဒါဆိုရင် အနာဂတ်မှာ ပိုပြီးသန်မာလာအောင် လုပ်ပေးမယ်"
ယဲ့ချန်က ခဏတာစဥ်းစား၍ ကမ်းလှမ်းလိုက်သည်။
"ဘာများလဲ"
ပါရမီရှင်နှစ်ယောက်က အနည်းငယ် စိုးရိမ်နေကြသည်။
"မင်းတို့က ဒါနဲ့ပေါင်းစပ်လိုက်ရင် ကျင့်ကြံဆင့် တိုးတက်သွားလိမ့်မယ်။ ငါ့ကို သစ္စာဖောက်ရင်တော့ ဒါက ပေါက်ကွဲပြီး သေရလိမ့်မယ်"
ယဲ့ချန်၏လက်ထဲတွင် မီးတောက်ပမာ ယိမ်းနွဲ့နေသော ဝိညာဥ်ကောင်နှစ်ကောင် ထွက်ပေါ်လာသောအခါ သူတို့က ရင်ထိတ်နေကြသည်။ ယဲ့ချန်က သူတို့ကို အလွယ်တကူ လက်မခံခဲ့သောကြောင့် ဖြစ်သည်။
"မင်းတို့သာ ငါ့ကို သစ္စာမဖောက်ရင် ဒါက အန္တရာယ်မရှိတဲ့အပြင် ပိုသန်မာလာအောင် လုပ်ပေးလိမ့်မယ်"
ယဲ့ချန်က သူတို့ကို ဖိအားမပေးခဲ့ဘဲ ဝိညာဥ်ကောင်နှင့် ပေါင်းစပ်မှသာ အကြွင်းမဲ့ ယုံကြည်ပေလိမ့်မည်။ အနာဂတ်တွင် သူက ရတနာများပေးအပ်ပြီး လမ်းညွှန်မည်ဖြစ်သော်လည်း ဝိညာဥ်ကောင်နှင့် မပေါင်းစပ်လျှင် ဤစမ်းသပ်ချက်အပြီး၌ လမ်းခွဲရုံပင်။
"ကောင်းပြီ။ ငါ သဘောတူတယ်"
အချိန်ကြာမြင့်စွာ စဥ်းစားပြီးနောက် မာရာက သဘောတူလိုက်သည်။ အဆင့်တူချင်းတွင် သူက ပါရမီရှင်တစ်ယောက်ဟု ဆိုနိုင်သော်လည်း နှစ်စဥ်နှစ်တိုင်း ကျင့်ကြံသူများစွာ ရောက်လာနေသော အမှောင်မြို့၌ မထူးခြားပေ။ သူက လက်ကိုဆန့်ထုတ်၍ ဝိညာဥ်ကောင်ကို ဆုပ်ကိုင်ကာ ပါးစပ်အတွင်း မျိုချလိုက်သည်။ ၎င်းက မိုးကြိုးဝိညာဥ်ကောင်ဖြစ်ပြီး အကြောင်းမသိသော ရှီကြွယ်က တွန့်ဆုတ်နေကာ အကျိုးဆက်ကို စောင့်ကြည့်လိုနေခဲ့သည်။ ယဲ့ချန်၏ကူညီပေးမှုဖြင့် အဆင့်နှစ် မျိုးနွယ်ဝင်တစ်ယောက်ဖြစ်သော မာရာက ဝိညာဥ်ကောင်နှင့် ပေါင်းစပ်ရာတွင် အလွန်ချောမွေ့နေပြီး ရုပ်ခန္ဓာက ၎င်း၏စွမ်းအားကို လက်ခံနိုင်ခဲ့သည်။ ထို့နောက် သူ့ကိုယ်တွင်းမှ အစွမ်းထက်အရှိန်အဝါတစ်ခု ဘက်ပေါင်းစုံသို့ ပြန့်ထွက်လာသောကြောင့် ရှီကြွယ်ပင် ခြေလှမ်းအနည်းငယ် အလန့်တကြား ဆုတ်လိုက်ရသည်။
"ဒါက ဘာများလဲ"
ခွန်အားအရာတွင် သူတို့နှစ်ယောက်ကြား၌ မကွာခြားသော်လည်း ဝိညာဥ်ကောင်နှင့် ပေါင်းစပ်လိုက်သောအခါ မာရာ၏ကျင့်ကြံဆင့်က ရုတ်တရက် မြင့်တက်သွားသည်။ အဆင့်နိမ့်ကြယ်သခင် အဆင့်မှ အလယ်အဆင့်သို့ ချက်ချင်းရောက်သွားပြီး မိုးကြိုးချီများကလည်း အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားကာ တာအိုသဘောတရားအချို့ကို နားလည်သွားဟန်ဖြင့် ဆန်းကျယ်သော အရှိန်အဝါတစ်ခု ထွက်ပေါ်နေ၏။
"သူရဲ့ နောက်ခံက ဘာလဲ။ ဒီလိုအရာလေး တစ်ခုတည်းနဲ့ ကျင့်ကြံဆင့်ကို အဆင့်ကြီးတစ်ဆင့် မြင့်တက်သွားစေတယ်"
ရှီကြွယ်က မယုံနိုင်ဖြစ်နေပြီး ယဲ့ချန်နောက်လိုက်လျှင် အနာဂတ်က အကန့်အသတ်မရှိကြောင်း နားလည်လိုက်၏။ အစွမ်းထက်သူတစ်ယောက်၏ ကျွန်ဖြစ်ရခြင်းသည် လွတ်လပ်သော ပုရွက်ဆိတ်တစ်ကောင်ထက် သာလွန်သည်ဟု သွေးနတ်ဆိုးမျိုးနွယ်က ခံယူထားသည်။ ပိုမိုသန်မာလာမည်ဆိုလျှင် သူက ယဲ့ချန်အမိန့်ကို နာခံရန် အသင့်ဖြစ်နေသည်။
"ငါ့ကိုလည်း ပေး"
သူက တည်ငြိမ်စွာ ပြောလိုက်ပြီး ယဲ့ချန်ကမ်းပေးလာသော သတ္တုဝိညာဥ်ကောင်ကို ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်သည်။ သွေးနတ်ဆိုးမျိုးနွယ်သည် အဆင့်နှစ်တွင် ထိပ်တန်းမျိုးနွယ်တစ်ခုဖြစ်ပြီး အဆင့်တစ်မဟုတ်သော်လည်း စကြဝဠာ၏ ဆင့်ကဲပြောင်းလဲမှုကို အမီလိုက်ခဲ့ကြသူများ ဖြစ်သည်။ နောက်ဆုံးတွင် သူတို့က ရှင်းဟွမ်မျိုးနွယ်နှင့် ရင်ဘောင်တန်းလာနိုင်ကာ နတ်ပြည်ထောင်ကြီးတစ်ခု တည်ထောင်နိုင်ခဲ့သည်။ သူ၏ပေါင်းစပ်ခြင်းက မာရာထက် ပို၍ချောမွေ့ကာ မြန်ဆန်နေပြီး ခဏအတွင်း ကြယ်သခင်အလယ်အဆင့်သို့ ရောက်ရှိသွား၏။ သူတို့၏အဆင့်တက်မှုက မြန်ဆန်လွန်းသောကြောင့် အခြားကြယ်သခင်များကို အားကျသွားစေခဲ့သည်။ သူတို့က ပါရမီရှိသော်လည်း ကြယ်သခင်အလယ်အဆင့်သို့ရောက်ရန် အနည်းဆုံး နှစ်ချီကျင်ကြံရန် လိုအပ်သည်။ သို့သော် ဝိညာဥ်ကောင်နှင့် ပေါင်းစပ်လိုက်သူ နှစ်ယောက်က ချက်ချင်းအဆင့်တက်သွားသောအခါ သူတို့အားလုံး အံ့သြမင်သက်နေကြသည်။
"ကျုပ်ရဲ့ညီအစ်ကိုတွေကလည်း ဆရာ့နောက်လိုက် ဖြစ်လာပါလိမ့်မယ်"
"ကျေးဇူးပြုပြီး လက်ခံပေးပါ ဆရာ"
မာရာ၏စကားအဆုံးတွင် မိုးကြိုးမျိုးနွယ်ဝင်များ ရောက်ရှိလာကာ သူ၏အဆင့်တက်မှုကို ကိုယ်တိုင်မြင်တွေ့ခဲ့သောကြောင့် ချက်ချင်းတောင်းဆိုလိုက်ကြသည်။ အဆင့်နှစ်မျိုးနွယ်ဝင်များက ပါရမီရှင်များဖြစ်ပြီး အစွမ်းထက်နောက်လိုက်များ လိုအပ်နေသော ယဲ့ချန်က မည်သူ့ကိုမှ မငြင်းပယ်ခဲ့ပေ။ ထို့နောက် သူက ကောင်းကင်ငွေ ချပ်ဝတ်တစ်စုံကို မာရာထံ ကမ်းပေးလိုက်သောအခါ တဖိတ်ဖိတ် တောက်ပနေသဖြင့် မာရာကို မယုံနိုင် ဖြစ်သွားစေခဲ့သည်။
"ကောင်းကင်ငွေချပ်ဝတ်"
"ဟုတ်တယ်။ ဒီစမ်းသပ်ချက်မှာ ချပ်ဝတ်တွေ အသုံးပြုလို့မရဘူးဆိုတော့ လောလောဆယ် သိမ်းထားလိုက်ဦး"
အုပ်စုအတွင်းရှိ ကြယ်သခင်များသည် မာရာ၏လက်အတွင်းမှ ကောင်းကင်ငွေချပ်ဝတ်ကို မြင်သောအခါ မျက်လုံးများ တောက်ပလာကြသည်။ ၎င်းက အလွန်ရှားပါးသော ရတနာတစ်ခုဖြစ်ကာ ထိပ်တန်းကြယ်သခင်များတွင် အချို့သာ တတ်နိုင်စွမ်းရှိကြသည်။ ၎င်း၏တန်ကြေးက ကြယ်အနည်းငယ်၏ စုပေါင်းတန်ဖိုးနှင့် ညီမျှပြီး ငွေရှိတိုင်း ဝယ်ယူခွင့်ရှိသည် မဟုတ်ချေ။
"ကျေးဇူးတင်ပါတယ် ဆရာ"
ဝိညာဥ်ကောင်နှင့် ပေါင်းစပ်ပြီးနောက် မာရာသည် ယဲ့ချန်အပေါ် လုံးဝသစ္စာရှိနေပြီး ကောင်းကင်ငွေချပ်ဝတ်ကို သိမ်းဆည်းလိုက်သည်။ ဤအဖြစ်ကို မြင်သောအခါ ရှီကြွယ်က အားကျနေပြီး သူ၏အမြင်၌ ယဲ့ချန်တွင် နောက်ထပ်ချပ်ဝတ်တစ်စုံ မရှိနိုင်ပေ။ သူက စောစောစီးစီး လက်မခံခဲ့ခြင်းအပေါ် နောင်တရနေပြီး သို့မဟုတ်လျှင် ၎င်းက သူ့အပိုင် ဖြစ်လာခဲ့ပေလိမ့်မည်။ ဝိညာဥ်ကောင်က သူ၏ကိုယ်ကျင့်စရိုက်ကို များစွာပြောင်းလဲသွားခြင်းမရှိဘဲ ယဲ့ချန်အပေါ် သစ္စာရှိလာစေရုံသာ ဖြစ်၏။
"ကျုပ်ရဲ့ညီအစ်ကိုတွေကလည်း ဆရာ့နောက်လိုက် ဖြစ်လာပါလိမ့်မယ်"
သွေးနတ်ဆိုးမျိုးနွယ်ဝင်များအပြင် ကျန်ကြယ်သခင်များကလည်း ယဲ့ချန် နောက်လိုက်ဖြစ်လာရန်အတွက် တောင်းဆိုခဲ့ကြသည်။ သူတို့က ကောင်းကင်ငွေချပ်ဝတ်ကို လိုချင်သောကြောင့် ဖြစ်နိုင်သော်လည်း ဝိညာဥ်ကောင်နှင့် ပေါင်းစပ်ပြီးလျှင် သစ္စာဖောက်ရန် မဖြစ်နိုင်သောကြောင့် ယဲ့ချန်က လက်ခံခဲ့သည်။ ဤအဖွဲ့က အမှောင်မြို့တွင် သူ၏ ပထမဆုံး အင်အားစု ဖြစ်သည်။
"အနာဂတ်မှာ ငါ့ကို ဆရာလို့ မခေါ်ကြနဲ့။ အစ်ကိုကြီးလို့ခေါ်ရင် ရပြီ"
"ဟုတ်ကဲ့"
အမှောင်မြို့သို့ အရေအတွက် မည်မျှဝင်ရောက်နိုင်ကြောင်း မခန့်မှန်းတတ်သော်လည်း အားလုံးက သူ၏သစ္စာရှိ နောက်လိုက်များ ဖြစ်လာကြပေလိမ့်မည်။ အမှောင်မြို့က မည်သို့သောနေရာဖြစ်ကြောင်း မသိသေးသဖြင့် သူက အလွန်သတိထားနေရ၏။ သူ၏ဆိုလိုရင်းကို ဉာဏ်ကောင်းသော နောက်လိုက်များက ချက်ချင်းနားလည်သွားကာ ခေါင်းညိတ်ပြလိုက်ကြသည်။ ထို့နောက် ယဲ့ချန်သည် နောက်လိုက်၁၇၃ယောက်ကို ဝိညာဥ်ကောင်များနှင့် ပေါင်းစပ်စေကာ အသန်မာဆုံး ၁၅ယောက်ကို ကောင်းကင်ငွေချပ်ဝတ်များ ပေးအပ်၍ အားနည်းသူများကို တိမ်နက်ချပ်ဝတ်တစ်စုံစီ ချီးမြှင့်လိုက်၏။ အကယ်၍ သူတို့က ကောင်းကင်ငွေချပ်ဝတ်ကို ရယူလိုလျှင် ကျင့်ကြံဆင့်က အနေအထားတစ်ခုသို့ ရောက်အောင် ကြိုးစားရပေလိမ့်မည်။
ကျင့်ကြံသူနှစ်ဆယ်ကျော်က တွန့်ဆုတ်နေကာ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ ထိုအချိန်တွင် ယဲ့ချန်၏ နောက်လိုက်များသည် လျှို့ဝှက်ထားအပ်သော အရာများကို သိထားသည့် ထိုလူစုအပေါ် ရန်လိုဟန်ဖြင့် စိုက်ကြည့်နေကြသည်။
"ငါတို့လည်း ဆရာ့နောက်လိုက် ဖြစ်ချင်ပါတယ်"
အကြည့်စူးစူးများကြောင့် ထိုကြယ်သခင် နှစ်ဆယ်ကျော်က ဦးခေါင်းများ ကျိန်းစပ်သွားကာ အလျင်အမြန် သဘောတူလိုက်ကြသည်။ ထိုအချိန်တွင်မှ ယဲ့ချန်၏ နောက်လိုက်များသည် ရန်လိုမှုများ လျော့ကျသွားခဲ့သည်။ ယဲ့ချန်က ထိုနှစ်ဆယ်ကျော်ကို ဝိညာဥ်ကောင်များနှင့် ပေါင်းစပ်လိုက်သောအခါ စိတ်ချင်း ဆက်သွယ်သွားသည့်အတွက် လျှို့ဝှက်ချက်အချို့ကို သိလိုက်ရသည်။ ထိုကျင့်ကြံသူနှစ်ဆယ်ကြားတွင် ခြောက်ယောက်က ရွှမ်မူ၏ နောက်လိုက်များဖြစ်ကာ သူလျှိုလုပ်ရန် ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။ ရှစ်ယောက်က အမှောင်မြို့တွင် အဆက်အသွယ်များရှိပြီး ကျန်ကျင့်ကြံသူများသည် အမှောင်မြို့ကို သူလျှိုလုပ်ရန်အတွက် နတ်ပြည်ထောင်များမှ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
"စိတ်ဝင်စားစရာပဲ"
ယဲ့ချန်က တစ်ချက်ပြုံး၍ ရေရွတ်လိုက်လေသည်။