အောက်ဘုံမှ ရှေးဟောင်းမြို့ပျက်
Vol. 65 Ch. 908
အမှောင်မြို့၏ စွမ်းအားကို နတ်ပြည်ထောင်များက ကြောက်လန့်သောကြောင့် နှစ်စဥ် သူလျှိုများစွာကို ပို့ဆောင်တတ်သည်။ အမှောင်မြို့တွင် ရှိနေသော သူလျှိုအရေအတွက်ကို မသိရသော်လည်း နည်းမည် မဟုတ်ပေ။ ယဲ့ချန်က သူလျှိုများစွာကို တပြိုင်နက် ထိန်းချုပ်နိုင်လိုက်သောကြောင့် ထိုအင်အားစုများထံ သတင်းမှားများဖြင့် အချိန်မရွေး အယုံသွင်းနိုင်၏။ မူလတွင် ရွှမ်ရဲက သူ့ကို သတ်ချင်နေသော အကြောင်းအရင်းက မေးခွန်းထုတ်စရာ ဖြစ်နေသော်လည်း သူလျှိုများထံမှ အကြောင်းစုံသိခဲ့ရသည်။ ရွှမ်မူသည် ရွှမ်ရဲကို စမ်းသပ်ချက်များတွင် ထင်ပေါ်စေချင်ပြီး စစ်သူကြီးတစ်ယောက်၏ တပည့်ဖြစ်စေလိုကာ သူ၏အဆင့်အတန်း မြင့်မားလာရန် ဖြစ်သည်။ အကယ်၍ ရွှမ်ရဲသာ စမ်းသပ်ချက်တိုင်းတွင် ပြိုင်ဘက်များကို အလဲထိုးနိုင်ခဲ့လျှင် သူ့အကြံ အောင်မြင်နိုင်သော်လည်း ပထမဆုံးစမ်းသပ်ချက်မှာပင် ယဲ့ချန်က ပြတ်ပြတ်သားသား ရိုက်နှက်လိုက်သဖြင့် စစ်သူကြီးများက စိတ်မဝင်စားတော့ပေ။ တစ်ဖက်လူက သူ့ကို လုပ်ကြံချင်နေသောအခါ မျက်လုံးများက အေးစက်တင်းမာလာပြီး လောလောဆယ်တွင် ရွှမ်ရဲကိုဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။ ရွှမ်မူက ထိပ်တန်းကြယ်သခင် ဖြစ်နေသောကြောင့် လက်ရှိခွန်အားဖြင့် ဖြေရှင်းရန် မလွယ်သေးပေ။
"ယဲ့ချန် ငါတို့ ဘာဆက်လုပ်ကြမလဲ"
ခြင်္သေ့ကြီးက မေးလိုက်ခြင်းဖြစ်ကာ အောက်ဘုံ၌ လမ်းဟူ၍ မရှိသောကြောင့် စိုးရိမ်စရာ ဖြစ်နေသည်။
"ငါ့နောက်က လိုက်ခဲ့"
ယဲ့ချန်က ပတ်ဝန်းကျင်ကို စူးစမ်းလိုက်ပြီး အဝေးတစ်နေရာသို့ အာရုံခံကာ အမိန့်ပေးလိုက်သောအခါ နောက်လိုက်တစ်ရာကျော် ချက်ချင်းလိုက်ပါလာကြ၏။ ဝိညာဥ်ကောင်များနှင့် ပေါင်းစပ်ပြီးနောက် သူတို့က ပို၍စည်းလုံးလာကာ သူ၏အမိန့်ကို တသဝေမတိမ်း လိုက်နာခဲ့ကြသည်။ နယ်ခြားသရဲများကို ရှောင်တိမ်း၍ သူတို့က အချိန်ကြာမြင့်စွာ ခရီးဆက်ပြီးနောက် ကြယ်အပျက်အစီးများကြားတွင် မြို့ပျက်တစ်ခု ဘွားခနဲ ထွက်ပေါ်လာ၏။ ၎င်းက ကြယ်တစ်ခုပမာ ကြီးမားပြီး ပျက်စီးယိုယွင်းနေသော်လည်း အတိတ်တွင် မည်မျှကြီးကျယ်ခမ်းနားကြောင်း တွေးကြည့်နိုင်သည်။ မရေမတွက်နိုင်သော နယ်ခြားသရဲများက မြို့ပြင်တွင် စုဝေးနေကာ ယခင်တိုက်ခိုက်ဖူးသည်များထက် ပို၍သန်မာကာ ကြယ်သခင်အဆင့်များချည်း ဖြစ်သည်။ ၎င်းထံမှ စွမ်းအင်အရှိန်အဝါတစ်ခု ထွက်ပေါ်နေပြီး ကြယ်အဆီအနှစ်ထက် ပို၍သန့်စင်နေကာ ဆောက်လုပ်ထားသော သတ္တုကို မည်သူမှ မခန့်မှန်းနိုင်ပေ။
"ယဲ့ချန် မင်း မြို့ထဲကို ဝင်မလို့လား"
ခြင်္သေ့ကြီးက ယဲ့ချန်၏အကြံကို ချက်ချင်းရိပ်မိလိုက်ပြီး နင်အာကလည်း စပ်စုဟန်ဖြင့် ကြည့်လာခဲ့သည်။ သူက ခဏတာစဥ်းစား၍ မြို့တွင်း၌ မည်သည့်အရာရှိကြောင်း မသိသော်လည်း စိတ်ဝင်စားစရာကောင်းနေသဖြင့် ခေါင်းညိတ်လိုက်သည်။ ဤမြင်ကွင်းကြောင့် နောက်လိုက်များမှာ တုန်လှုပ်နေပြီး မြို့တွင်းဝင်ရန် မဆိုထားနှင့်၊ မြို့ပြင်တွင် နယ်ခြားသရဲသိန်းချီရှိနေကာ ယှဥ်ပြိုင်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ ၎င်းတို့အနက် အားအနည်းဆုံးမှာ အဆင့်နိမ့်ကြယ်သခင်များဖြစ်ပြီး အများစုက အလယ်အဆင့်များ ဖြစ်သောအခါ ထိပ်တန်းကြယ်သခင်တစ်ယောက်ပင် ပိတ်မိသွားလျှင် အသတ်ခံရပေလိမ့်မည်။ စွမ်းအားရှင်အဆင့် ကျင့်ကြံသူတစ်ယောက်ပင် ဤမျှများပြားသော နယ်ခြားသရဲအားလုံးကို သုတ်သင်နိုင်မည် မဟုတ်ချေ။ ၎င်းတို့က အလွန်ထူးဆန်းပြီး ရန်သူ၏စွမ်းအားကို စုပ်ယူနိုင်သောကြောင့် တိုက်ပွဲအတွင်း အားနည်းသွားစေနိုင်သည်။ ကြယ်ကြီးတစ်လုံးပမာ ကြီးမားသော မြို့ပျက်အတွင်း ဝင်ရောက်ရန်အတွက် ယဲ့ချန်၌ အကြံတစ်ခုရှိနေပြီး ဒန်တန်အတွင်း စစ်ဆေးလိုက်သည်။
သူက ရွှေပိုင်နက်သားရဲပေါက်လေးကို စုဆောင်းထားသမျှ ကြယ်ရတနာများ ကျွေးမွေးခဲ့ပြီး အရွယ်မရောက်သေးသော်လည်း အစွမ်းထက်လာ၍ စွမ်းအားရှင်တစ်ယောက်ပင် သတ်နိုင်မည် မဟုတ်ပေ။
"ငါ့မှာ ဝှက်ဖဲတစ်ခု ရှိတယ်"
၎င်း၏စွမ်းအားကြီးမားပုံကို အတိအကျသိထားသော ယဲ့ချန်က တစ်ချက်ပြုံးလိုက်သောအခါ နောက်လိုက်များက နားမလည်ဟန်ဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့၏အတွေးထဲတွင် နယ်ခြားသရဲသိန်းချီကို ရင်ဆိုင်နိုင်သော ဝှက်ဖဲအကြောင်း အလွန်သိချင်နေကြသည်။
"စမ်းသပ်ချက်မှာ ချပ်ဝတ်တွေ အသုံးမပြုရပေမယ့် ဒီကောင်လေးကိုတော့ အသုံးပြုခွင့်ရှိတယ်"
သူက ညာလက်ကို ယမ်းလိုက်သောအခါ အလွန်ကြီးမားသော ရွှေပိုင်နက်သားရဲ ထွက်ပေါ်လာသဖြင့် လူတိုင်း၏အမြင်ကို ဖုံးကွယ်ထားသည်။ ကြယ်သခင်တစ်ရာကျော်က ဧရာမသတ္တဝါကြီးရှေ့တွင် ဧရာမဆင်ကြီး ခြေထောက်အောက်ရှိ ပုရွက်ဆိတ်ပမာ သေးငယ်နေသည်။ သူတို့က ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ ပိုင်နက်သားရဲတစ်ကောင် ဖြစ်နေသောကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ ယဲ့ချန်က ၎င်းကို မည်သည့်နေရာမှ ဆင့်ခေါ်လိုက်မှန်း မသိရသော်လည်း တစ်ကိုယ်လုံးတွင် ရွှေရောင်တဖိတ်ဖိတ် တောက်ပနေကာ ချပ်ဝတ်တစ်ခု တပ်ဆင်ထားသကဲ့သို့ ထင်မှတ်ရသည်။
"ကောင်းကင်ဘုံ ဒါကြီးက ဒဏ္ဍာရီလာ ရွှေပိုင်နက်သားရဲလား"
ယဲ့ချန်၏ နောက်လိုက်အားလုံးက ဤအဖြစ်ကို မျှော်လင့်မထားသောကြောင့် တအံ့တသြ ငေးမောနေမိသည်။ ပိုင်နက်သားရဲတစ်ကောင်ဖြင့်ဆိုလျှင် နယ်ခြားသရဲသိန်းချီကို ရှင်းပစ်ရန် ပြဿနာမရှိသည့်အပြင် ဝင်ဆောင့်လိုက်ရုံဖြင့် မြို့ပျက်တစ်ဝက်ခန့် ကြေမွသွားနိုင်သည်။ ခြင်္သေ့ကြီးနှင့် နင်အာကို ယဲ့ချန်က ပြောပြထားသဖြင့် ကြိုသိထားသော်လည်း မျက်မြင်တွေ့လိုက်ရသောအခါ အလွန်အံ့သြသွားကြသည်။ မူလတွင် သူက ၎င်းကို ထုတ်မသုံးခဲ့သည်မှာ မလိုအပ်သောကြောင့်ဖြစ်ပြီး မြို့ပျက်ကြောင့် သူ၏စပ်စုလိုစိတ်က အထွတ်အထိပ် ရောက်သွားခဲ့သည်။ ၎င်းက ကြယ်အဆီအနှစ်ထက် သန့်စင်သော စွမ်းအင်ကို ထုတ်ဖော်နေသဖြင့် ၎င်းအတွက် အစာဖြစ်နိုင်သည်။ ရွှေပိုင်နက်သားရဲအတွက် အစာရှာရန် ခက်ခဲလွန်းသောကြောင့် သူက ကြယ်တစ်လုံးစာ အရင်းအမြစ်ကို တွေ့လိုက်ရသောအခါ လက်မလွှတ်လိုခဲ့ပေ။
"သွားကြစို့"
ရွှေပိုင်နက်သားရဲက ဒူးတုပ်လိုက်သောအခါ ဦးခေါင်းအလယ်က နှစ်ဖက်ကွဲထွက်သွားကာ နေရာလပ်တစ်ခု ဖြစ်ပေါ်လာသည်။ ယဲ့ချန်က ဦးဆောင်၍ ဝင်ရောက်သွားသောအခါ လူတိုင်းက ပျော်ရွှင်စွာ လိုက်ပါလာကြပြီး အစွမ်းထက်လွန်းသော ဝှက်ဖဲကြောင့် အစစ်အမှန်ဟူ၍ မယုံနိုင်ဖြစ်နေကြသည်။ ထို့နောက် ၎င်း၏ဦးခေါင်းက ပြန်ပိတ်သွားကာ အတွင်း၌ ကျယ်ဝန်းပြီး အရိုးခွံနှစ်ခုဖြင့် ကာကွယ်ထားသည်။ ထိုနေရာက အားနည်းချက်ဖြစ်ပြီး အတွင်းမှ တိုက်ခိုက်ခံရလျှင် အလွယ်တကူ သေဆုံးသွားနိုင်သည်။ သို့သော် ၎င်းက ယဲ့ချန်ကို အပြည့်အဝနာခံပြီး အပြင်ပတ်ဝန်းကျင်ကို ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းနိုင်သည်။ ရှေးဟောင်းမြို့ပျက်ကို မြင်သောအခါ ၎င်းက ဆာလောင်လာကြောင်း ခံစားနေရသည်ကို ယဲ့ချန်က အာရုံခံမိသောကြောင့် ခွင့်ပြုလိုက်သောအခါ ပျော်ရွှင်စွာ ပြေးဝင်သွားခဲ့သည်။
ရုတ်တရက် ထွက်ပေါ်လာသော ရွှေပိုင်နက်သားရဲကြောင့် နယ်ခြားသရဲများက ရုတ်ရုတ်သဲသဲ ဖြစ်သွားသော်လည်း ကျိုင်းကောင်အုပ်ပမာ တိုးဝင်လာကြ၏။ ၎င်းက ဧရာမလက်ကြီးကို မြှောက်၍ သရဲအများဆုံးရှိသော နေရာကို တစ်ချက်ယမ်းလိုက်သောအခါ အစွမ်းထက်လွန်းသဖြင့် ဟင်းလင်းပြင်မှာ ကွဲထွက်သွားသည်။ ၎င်းက အချိန်လေဟာနယ်ချီ သို့မဟုတ် ကောင်းကင်ချီများ မပါဝင်သော်လည်း ရုပ်ခွန်အားသက်သက်ဖြင့်ပင် ကြောက်စရာကောင်းလွန်းနေသည်။
"ဘန်း"
ဤရိုက်ချက်ကြောင့် မရေမတွက်နိုင်သော နယ်ခြားသရဲများသည် အမှုန့်ဖြစ်သွားကာ ကောင်းကင်တွင် ချက်ချင်းရှင်းလင်းသွား၏။ ဤမြင်ကွင်းကြောင့် လူတိုင်း ပါးစပ်အဟောင်းသားဖြစ်နေကာ ရွှေပိုင်နက်သားရဲသည် ရန်သူထောင်ချီကို လက်ဝါးတစ်ချက်တည်းဖြင့် ရှင်းပစ်နိုင်စွမ်း ရှိနေသည်။ ယဲ့ချန်၏ နောက်လိုက်များသည် ကျောရိုးထဲတွင် ကြောက်စိတ်များ ဖြစ်တည်လာကာ မဆန့်ကျင်မိသည်မှာ ကံကောင်းလွန်းသောကြောင့် ဖြစ်သည်။ သူတို့၏အမြင်တွင် ရွှမ်ရဲက သနားစရာဖြစ်နေပြီး ရွှေပိုင်နက်သားရဲကိုသာ မြင်လျှင် ယဲ့ချန်ကို ဆန့်ကျင်ရဲသော သတ္တိရှိမည် မဟုတ်ပေ။ မူလတွင် ယဲ့ချန်က သူ့ကို အလွတ်ပေးထားခြင်းမှာ အလေးအနက် မထားသောကြောင့်ဖြစ်ကာ ဆင်တစ်ကောင်သည် အချိန်မရွေး နင်းသတ်နိုင်သော ပုရွက်ဆိတ်ကို လျစ်လျူရှုထားသကဲ့သို့ ဖြစ်သည်။
နယ်ခြားသရဲများက ဆက်တိုက်အသတ်ခံနေရသော်လည်း ပိုးဖလံများပမာ တိုးဝင်လာနေပြီး ရွှေပိုင်နက်သားရဲကို ဆူးချွန်များနှင့် ဝိုင်းထိုးလိုက်သော်လည်း တဖြောင်းဖြောင်း ကျိုးထွက်ကုန်သည်။ သတ္တုနံရံတစ်ခုထက်ပင် ထူထဲမာကျောသော ၎င်း၏အရေပြားကို ထိုးဖောက်ခြင်းသည် နယ်ခြားသရဲများ၏ ခွန်အားဖြင့်ဆိုလျှင် ဟာသတစ်ပုဒ်သာ ဖြစ်၏။ သရဲများက စွမ်းအင်ကို စုပ်ယူချင်သော်လည်း ၎င်းက ရုပ်ခွန်အားသက်သက်ဖြင့်သာ တိုက်ခိုက်နေပြီး ချီစွမ်းအင် တစ်စက်တလေပင် ပါဝင်ခြင်း မရှိချေ။ ၎င်းက အလွန်အစွမ်းထက်ပြီး စကြဝဠာအတွင်း အသက်ရှင်ခဲ့သော မျိုးနွယ်ဖြစ်သောကြောင့် နယ်ခြားသရဲအရေအတွက် မည်မျှများပြားပါစေ၊ ဖြုံပင်မဖြုံပေ။
"ဘုန်း"
ရွှေပိုင်နက်သားရဲက သရဲများကို လျစ်လျူရှုထားပြီး မြို့ပျက်အတွင်း ခုန်ဝင်လိုက်သောအခါ မြို့တစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွား၏။
"ဝူး"
၎င်းက အလွန်ပျော်ရွှင်နေပုံရပြီး ကြီးမားသော ပါးစပ်ကြီးကိုဟ၍ မြို့ပျက်ကြီးကို ကိုက်ချလိုက်သည်။ ထို့နောက် အရသာရှိသော အစားအသောက်တစ်မျိုးကို ကျေနပ်စွာ အရသာခံနေသည့်အလား တကျွတ်ကျွတ် ဝါးစားနေသည်။ ၎င်း၏ကိုက်ချက် တစ်ခုတည်းဖြင့် မြို့ပျက်၏ အဆောက်အအုံပေါင်းများစွာက ပျက်စီးသွားကာ အစာအိမ်အတွင်း ရောက်သွားခဲ့လေသည်။