← Chapters

ကျိုးလီ၏တပည့်

Vol. 65 Ch. 909

ကျိုးလီ၏တပည့်

Vol. 65 Ch. 909

ရွှေပိုင်နက်သားရဲသည် မြို့ကို တည်ဆောက်ထားသော သတ္တုများကို တစ်ချက်သာ ကိုက်လိုက်သော်လည်း ကျေနပ်သော မျက်နှာနှင့် တမြုံ့မြုံ့ ဝါးနေခဲ့သည်။ ၎င်း၏ အဓိကအစားအစာမှာ ကြယ်ကျောက်တုံးများဖြစ်ပြီး ကြယ်တစ်လုံးစာပမာဏကို တစ်လုတ်တည်းဖြင့် မျိုချနိုင်သော်လည်း လက်ရှိတွင် အလွန်သိမ်မွေ့စွာဖြင့် အရသာခံ စားသောက်ရင်း စွမ်းအင်များကို စုပ်ယူနေသည်။ အမှောင်မြို့ရှိ ခန်းမအတွင်း၌ ကျင့်ကြံသူခြောက်ယောက် ထိုင်နေသော်လည်း ပတ်ဝန်းကျင်က ထူးဆန်းနေသည်။ သူတို့က အောက်ဘုံရှိ စမ်းသပ်မှုကို နည်းလမ်းတစ်မျိုးဖြင့် စောင့်ကြည့်နိုင်သော်လည်း ဤတစ်ကြိမ်တွင် မြင်ကွင်းက မှောင်မည်းနေသည်။ အောက်ဘုံတွင် တစ်စုံတစ်ခု ဖြစ်ပျက်နေဟန်ဖြင့် မည်သည်ကိုမှ မမြင်ရသောကြောင့် စမ်းသပ်ချက်ကို မသိနိုင်တော့ပေ။

"ဒီကောင်က တစ်ခုခုလုပ်လိုက်တာ ဖြစ်ရမယ်"

ရွှမ်မူက တန်းယွမ်ကို မကျေမနပ်စိုက်ကြည့်နေပြီး လက်သည်အဖြစ်နိုင်ဆုံးမှာ ထိုလူ ဖြစ်သည်။ ကျန်ငါးယောက်က တစ်ခုခုလုပ်လျှင် အချင်းချင်းသိနိုင်သော်လည်း တန်းယွမ်၏ကျင့်ကြံဆင့်က အသန်မာဆုံးဖြစ်သောကြောင့် သူ၏လုပ်ရပ်ကို ခန့်မှန်းမရပေ။ ရွှမ်မူက ဒေါသတကြီးဖြစ်နေသော်လည်း သူက အေးတိအေးစက် မျက်နှာထားဖြင့် တည်ငြိမ်စွာထိုင်ပြီး ရလဒ်ကို စောင့်နေသည်။ အောက်ဘုံအတွင်း ပိုင်နက်သားရဲသည် မြို့ကြီးကို ဆက်တိုက်ကိုက်ဝါးနေသော်လည်း နှစ်ကြိမ်မြောက်တွင် တစ်ကိုယ်လုံး တောက်ပလာသည်။

"အရှင် အခြေအနေ ဘယ်လိုလဲ"

ထိုအချိန်၌ ယဲ့ချန်၏နားအတွင်း ခပ်အက်အက် အသံတစ်ခု ဝင်ရောက်လာပြီး အသံရှင်မှာ တန်းယွမ် ဖြစ်နေခဲ့သည်။ သူက အလွန်နှိမ့်ချ ရိုကျိုးသော လေသံဖြင့် ပြောလာခြင်း ဖြစ်သည်။

"ခင်ဗျားက"

ယဲ့ချန်က အခြားသူများကို အကဲခတ်လိုက်သောအခါ အပြင်ဘက်သို့ စူးစမ်းနေကြပြီး တန်းယွမ်၏အသံကို ကြားပုံမရချေ။

"ကျုပ်က ကောင်းကင်မူလကြယ်ကဖြစ်ပြီး ကျိုးလီရဲ့ တပည့်တစ်ယောက်ပါ။ ဒါပေမယ့် ကျုပ်ထွက်လာတာ နှစ်တစ်သောင်းကျော်နေပြီဆိုတော့ သေမင်းရဲ့ နောက်လိုက်တစ်ယောက် ဖြစ်လာခဲ့တယ်။ ကောင်းကင်မူလကြယ်အကြောင်း အပြင်လူတွေ သိသွားမှာကို စိုးရိမ်လို့ ငါ လုံးဝပြန်မလာခဲ့ဘူး။ တကယ်လို့ အမှောင်မြို့မှာဆိုရင် သေမင်းက ဝိညာဥ်အသိစိတ်နဲ့ နေရာတိုင်းကို ပေါင်းစပ်ထားလို့ ကျုပ်ဆက်သွယ်ရဲမှာ မဟုတ်ဘူး။ စိတ်ချင်းဆက်သွယ်ရင်တောင် သူက ကြားနိုင်တယ်။ အရှင် အောက်ဘုံကိုမဝင်ခင် ကျုပ်ရဲ့ဝိညာဥ်စွမ်းအား အနည်းငယ်ကို ထည့်ပေးလိုက်တာ ဖြစ်ပါတယ်"

တန်းယွမ်က ရှင်းပြလိုက်သောအခါ ကောင်းကင်မူလကြယ်၏ သုညပိုင်ရှင်သုံးယောက်အနက် တစ်ယောက် ဖြစ်နိုင်သည်။

"ခင်ဗျားရဲ့ ကြယ်ဝိညာဥ် ပေါင်းစပ်နှုန်းကရော"

"သုည"

ယဲ့ချန် ထင်ထားသည့်အတိုင်း တစ်ဖက်လူက ကောင်းကင်မူလကြယ်၏ သမိုင်းကြောင်းအတွင်းမှ သုညပိုင်ရှင်တစ်ယောက် ဖြစ်နေခဲ့သည်။

"သေမင်းရဲ့ နောက်ခံကရော"

"ကျုပ် သေချာမသိပေမယ့် သူက ရှေးခေတ်ဟောင်းရဲ့ လူသားမျိုးနွယ်ဝင်တစ်ယောက် ဖြစ်လိမ့်မယ်။ အပြင်လူတွေက သူ့အကြောင်း မသိကြဘူး။ ကျုပ်က အမှောင်မြို့မှာ သူ့နောက်ခံကို စုံစမ်းနေပေမယ့် ဘာမှသိပ်မသိရသေးဘူး။ သူ့ခွန်အားက ဆရာအောက်ရောက်မှာ မဟုတ်တဲ့အပြင် ဖြစ်တည်မှုကလည်း ဆန်းကျယ်နေတယ်"

တန်းယွမ်က ဤသို့ရှင်းပြလိုက်သော်လည်း သေမင်းက ရန်သူလား မိတ်ဆွေလား မခွဲခြားနိုင်ပေ။ ရှေးခေတ်ဟောင်း၏ လက်ကျန်ကျင့်ကြံသူများမှာ ကိုယ်ပိုင်အတွေးများရှိပြီး ကျိုးလီနှင့် တစ်ဖက်တည်းဆိုလျှင် တန်းယွမ်က သရုပ်မှန်ကို သိထားပြီး ဖြစ်ပေလိမ့်မည်။

"အရှင်က ကျောက်စိမ်းနန်းတော်ကို ဖွင့်နိုင်သွားပြီလား"

တန်းယွမ်က စိတ်လှုပ်ရှားနေပြီး ရွှေပိုင်နက်သားရဲသည် လူသားမျိုးနွယ်၏ မျှော်လင့်ချက်ဖြစ်ကြောင်း သိထားခဲ့သည်။ ယဲ့ချန်က ခေါင်းညိတ်ပြလိုက်ပြီး ကျိုးလီသည် သူ့ကို အကြောင်းစုံ ပြောပြထားသဖြင့် ယုံကြည်ကြောင်း သိသာနေသည် ။သူက လူသားမျိုးနွယ်ကို သစ္စာဖောက်သွားသော ချီတောက်နှင့် ကိုယ်ကျင့်တရားချင်း သေချာပေါက် ကွာခြားပေလိမ့်မည်။ လူအနည်းငယ်သာ ယဲ့ချန်၌ ရွှေပိုင်နက်သားရဲများရှိကြောင်း သိထားပြီး အပြင်လူများသိရန် မဖြစ်နိုင်ပေ။

"သေမင်းက အရှင့်မှာ ပိုင်နက်သားရဲတစ်ကောင်ရှိတာကို သိနိုင်တယ်။ ဒါကြောင့် တစ်ကောင်ထက်ပိုပြီး ထုတ်ပြလို့ မဖြစ်ပါဘူး"

တန်းယွမ်က လေးနက်စွာ သတိပေးလိုက်သည်။ စကြဝဠာအတွင်း ၎င်းမျိုးနွယ်က တစ်ကောင်စနှစ်ကောင်စသာ ကျန်ရစ်ပြီး ထွက်ပေါ်လာလျှင် အင်အားစုများစွာအကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားပေလိမ့်မည်။ ကျန်တစ်ဖက်တွင်လည်း သေမင်းက သူ့ကို ပိုမိုအာရုံစိုက်လာနိုင်ပြီး ဤဝှက်ဖဲကြောင့် ပြဿနာအကြီးအကျယ် တက်သွားပေလိမ့်မည်။ ၎င်းမျိုးနွယ်သည် နတ်ပြည်ထောင်များ၏ အာဏာကို ခြိမ်းခြောက်နိုင်လောက်အောင် အစွမ်းထက်သောကြောင့် ဖြစ်သည်။

"ငါလည်း ဒီအကြောင်း တွေးမိပါတယ်။ သေမင်းကတော့ ငါ့မှာ ပိုင်နက်သားရဲတစ်ကောင်ရှိနေတာကို သေချာပေါက် သိနေလိမ့်မယ်"

ယဲ့ချန်က ခေါင်းညိတ်လိုက်ပြီး မူလတွင် တစ်ဖက်လူက ရန်သူလား မိတ်ဆွေလား မကွဲပြားသောကြောင့် သတိကြီးကြီးထားခဲ့ရသည်။ အောက်ဘုံမှ ပြန်ရောက်လာလျှင် တန်းယွမ်က နည်းလမ်းမျိုးစုံ အသုံးပြုပြီး ထိန်းချုပ်မည်ကို စိုးရိမ်နေခဲ့သည်။ သူက ရွှေပိုင်နက်သားရဲကို ထုတ်ပြလိုက်ခြင်းမှာ သေမင်းကို ဆွဲဆောင်ပြီး တန်းယွမ်အား နောက်တွန့်သွားစေရန်ဖြစ်သည်။ လက်ရှိတွင် တန်းယွမ်က ကျိုးလီ၏တပည့် ဖြစ်နေသောအခါ ပြဿနာများကို ကိုင်တွယ်ရန် ပိုမိုလွယ်ကူလာခဲ့သည်။

"ကျုပ်က အရှင့်ကိုစမ်းသပ်ဖို့ သေမင်းကို ပြောပေးပါမယ်။ ဒါပေမယ့် ထာဝရပြည်ထောင်ရဲ့ သူလျှိုဖြစ်နိုင်တဲ့ ရွှမ်မူ ဒီအကြောင်း သိလို့ မဖြစ်ပါဘူး"

"နားလည်ပြီ"

"သေမင်းက ကျုပ်ကို အလွန်ယုံကြည်ပြီး ကိစ္စများစွာ လက်လွှဲထားပေမယ့် သရုပ်မှန်ကိုမသိမချင်း သူ့ကို အရေးကြီးသတင်းတွေ မပြောရဲဘူး။ ကျုပ်သေချာတာ တစ်ခုတော့ ရှိတယ်။ ဓားပျံအစိတ်အပိုင်းတစ်ခုကို သူ ပိုင်ဆိုင်ထားတယ်"

တန်းယွမ်၏ သတင်းစကားက အလွန်အရေးပါသောကြောင့် ယဲ့ချန်က စိတ်လှုပ်ရှားလာခဲ့ပြီး သေမင်းအနားသို့ ချဥ်းကပ်ရန် ဆုံးဖြတ်လိုက်သည်။

"ကျုပ်က အောက်ဘုံကို သူတို့တွေမမြင်အောင် ဖုံးကွယ်ပေးထားလို့ အရှင်လုပ်ချင်တာကို စိတ်တိုင်းကျ လုပ်နိုင်ပါတယ်။ ဒီအကာအကွယ်ကို ၂၅ရက်ကြာရင် ရုတ်သိမ်းမှာဖြစ်လို့ ရွှေပိုင်နက်သားရဲကို ဖုံးကွယ်ထားဖို့ မမေ့ပါနဲ့"

အမှောင်မြို့၏ စစ်သူကြီးတစ်ယောက်ဖြစ်သော တန်းယွမ်သည် ယဲ့ချန်ဘက်မှဖြစ်သောကြောင့် အရာရာက ပိုမိုလွယ်ကူလာခဲ့သည်။ သူက အ​မှောင်မြို့အကြောင်း အသေးစိတ်ကို ရှင်းပြခဲ့ပြီး စစ်သူကြီးရှစ်ယောက် ဦးဆောင်သော အင်အားစုရှစ်ခု ကွဲပြားနေကာ ရှုပ်ထွေးသော ဆက်ဆံရေးရှိကြောင်း ဖော်ပြခဲ့သည်။ တန်းယွမ်နှင့် ရင်ဆိုသော စစ်သူကြီးနှစ်ယောက်က ထိုရှစ်​ယောက်ထက် ပို၍အဆင့်မြင့်ကာ အားပြိုင်မှုတွင် ဘေးထွက်ရပ်နေကြသူများ ဖြစ်၏။ သေမင်းက သံသယဝင်စရာမရှိလောက်အောင် အသန်မာဆုံးဖြစ်ပြီး မည်သူမှ သူ၏သရုပ်မှန်နှင့် ကျင့်ကြံဆင့်ကို မသိသည့်အပြင် အများစုက မြင်ပင်မမြင်ဖူးကြချေ။ သူက အ​မှောင်မြို့တွင်း တစ်နေရာ၌ ပုန်းအောင်းကျင့်ကြံနေကာ တန်းယွမ်ပင်လျှင် ဆယ်စုနှစ်တစ်ခုကြာမှ တွေ့ရတတ်သည်။ သို့သော် နှစ်တစ်သောင်းကြာသော သက်တမ်းကြောင့် အမှောင်မြို့က အလွန်အစွမ်းထက်ကာ နတ်ပြည်ထောင်များကို ကြောက်လန့်​စေသည်။ ထိုနှစ်များအတွင်း အမှောင်မြို့ ဝင်ရောက်လာသော ပါရမီရှင်များအားလုံး ပျောက်ကွယ်သွားပြီး တန်းယွမ်၏ ခန့်မှန်းချက်အရ သေမင်းက လေ့ကျင့်ပေးနေခြင်း ဖြစ်နိုင်သည်။

သေမင်း ဖုံးကွယ်ထားသော အင်အားက မေးခွန်းထုတ်စရာဖြစ်နေပြီး စစ်သူကြီးတစ်ယောက်ဖြစ်သော တန်းယွမ်ပင် များစွာမသိရပေ။ လူဦးရေက ဘီလီယံချီပြီး ပိရမစ်ကဲ့သို့ အဖွဲ့အစည်းသဘောမျိုးဖြစ်ကာ သေမင်းပြီးလျှင် စစ်သူကြီးများ၊ ထို့နောက် ရွှမ်မူကဲ့သို့ ပါရမီရှင်များ စသဖြင့် ခွဲခြားထားသည်။ တန်းယွမ်၏ရှင်းပြမှုကြောင့် ယဲ့ချန်က အမှောင်မြို့အကြောင်းကို ပိုမိုနားလည်လာခဲ့သည်။

"ကျုပ် ရွှမ်ရဲကို သတ်လို့ရမလား"

ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။

"သတ်လိုက်ပါ အရှင်။ ဒီခွေးကောင်ကို အလွတ်မပေးပါနဲ့"

ရွှမ်ရဲသည် အောက်ဘုံအတွင်း ယဲ့ချန်၏လျှို့ဝှက်ချက်များကို အနည်းနှင့်အများ သိသွားနိုင်သောကြောင့် တန်းယွမ်က ချက်ချင်းလက်ခံလိုက်သည်။ မူလတွင် ရွှမ်ရဲကို သတ်လိုက်လျှင် ရွှမ်မူက ရူးသွပ်သွားပြီး တိုက်ခိုက်လာလျှင် လက်ရှိကျင့်ကြံဆင့်ဖြင့် မခုခံနိုင်သောကြောင့် ယဲ့ချန်က အကျိုးအပြစ်ကို တွက်နေရသည်။ ရွှမ်မူက ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း ခွန်အားရော အဆင့်အတန်းပါ တန်းယွမ်အောက် နိမ့်ကျသောကြောင့် သူ့အတွက် စိုးရိမ်စရာမရှိတော့ပေ။ တန်းယွမ်၏ဝိညာဥ်စွမ်းအားက သူနှင့် စကားအနည်းငယ် ပြောနေစဥ် အပြင်ဘက်ကို ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းလိုက်သည်။

ရွှေပိုင်နက်သားရဲသည် မြို့ပျက်၏ အပျက်အစီးများကို စားသောက်လိုက်သောအခါ ပြင်းထန်သည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာနေသဖြင့် ယဲ့ချန်က စပ်စုချင်နေခဲ့သည်။

"ဒီမြို့ပျက်ကို ရှေးခေတ်ဟောင်းက နယ်ခြားမျိုးနွယ်တစ်ခု တည်ဆောက်ခဲ့တာ ဖြစ်လိမ့်မယ်။ ဒီမြို့ကို မူလကျောက်ဆိုတဲ့ အရာတွေနဲ့ တည်ဆောက်ထားပြီး စွမ်းအင်က ကြယ်အဆီအနှစ်တွေထက် ပိုပြီးသန့်စင်တယ်"

တန်းယွမ်က ရှင်းပြလိုက်သောအခါ ရွှေပိုင်နက်သားရဲအတွက် ပိုမိုသင့်တော်သော အစာမှာ မူလကျောက်ဟု ခေါ်ကြောင်း ယဲ့ချန် သိလိုက်ရသည်။ သူနှင့် ၎င်းက စိတ်ချင်းဆက်သွယ်နိုင်သောအခါ မူလကျောက် အနည်းငယ်စားလိုက်ရုံဖြင့် နှစ်ဝက်အထိ အစာမလိုအပ်ကြောင်း ပြောလာခဲ့သည်။ ၎င်း၏ဆာလောင်စိတ်ကို ကျေနပ်စေနိုင်သော အရာက ရှားပါးသဖြင့် မြို့ပျက်ကို ကုန်စင်အောင် မစားနိုင်လျှင်ပင် သူက မြို့ပျက်တစ်ခုလုံးကို တစ်စမကျန် တူးထုတ်သွားရပေလိမ့်မည်။

All Chapters