← Chapters

နတ်လှံ

Vol. 65 Ch. 910

နတ်လှံ

Vol. 65 Ch. 910

မြို့ပျက်အတွင်းမှ ပေါက်ကွဲသံများ အတွဲလိုက် ထွက်ပေါ်လာသောကြောင့် ရွှေပိုင်နက်သားရဲ၏ ခေါင်းအတွင်းရှိ ကျင့်ကြံသူများ တုန်လှုပ်နေကြသည်။ မြို့ပျက်က ဆက်လက်ပြိုကျနေပြီး အလယ်မှ နှစ်ခြမ်းကွဲထွက်သွားကာ ကြယ်တစ်ခုအလား ကြီးမားသော နယ်ခြားသရဲတစ်ကောင် ထွက်ပေါ်လာသည်။ ၎င်းက ဒေါသတကြီး ဟိန်းဟောက်၍ ပိုင်နက်သားရဲကို မကျေမနပ် စိုက်ကြည့်နေသည်။ ၎င်းက အိပ်မောကျနေစဥ် ပိုင်နက်သားရဲသည် မြို့ပျက်ကို ဆက်တိုက်စားသောက်နေသောကြောင့် နိုးထလာခြင်းဖြစ်ပြီး အရွယ်အစား ကြီးမားသော်လည်း အဆင့်အတန်းချင်း မတူပေ။

"ဟိုမှာ ဘာကြီးလဲ"

မိုးကြိုးမျိုးနွယ်ဝင်တစ်ယောက်က ရုတ်တရက် အော်ဟစ်၍ ညွှန်ပြလိုက်သောအခါ ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်ပြီး သုံးမီတာရှည်လျားသော လက်နက်တစ်ခု မျောလွင့်နေသည်ကို မြင်လိုက်ရသည်။ ၎င်းက လှံတစ်ချောင်းနှင့် ဆင်တူပြီး ကိုယ်ထည်က တဖိတ်ဖိတ် တောက်ပနေသည်။

"ဒါက မြေအဆင့် နတ်လက်နက်တစ်ခုဖြစ်ပြီး ဟင်းလင်းပြင်နတ်လှံလို့ ခေါ်တယ်။ မြေအဆင့် လက်နက်တွေက အလွန်ရှားပါးပြီး အစွမ်းထက်တဲ့အပြင် တာအိုစွမ်းအားတွေကိုလည်း သယ်ဆောင်ထားကြတယ်"

တန်းယွမ်၏ ဝိညာဥ်စွမ်းအားက ဝမ်းမြောက်ဝမ်းသာနှင့် ရှင်းပြလိုက်သည်။ ထိပ်တန်းမဟာမိတ်သည် မြေလက်နက် ပိုင်ဆိုင်ထားသော်လည်း တစ်ခုတည်းသာ ဖြစ်သည်။

"မြေလက်နက်တွေက အသိစိတ်သန်မာပြီး ထိပ်တန်းကြယ်သခင်တစ်ယောက်တောင် မယှဥ်နိုင်ဘူး။ ကျင့်ကြံသူတစ်ယောက်က သူတို့ကို အားသုံးပြီး ဖိအားပေးရင် အသတ်ခံရနိုင်တယ်။ စွမ်းအားရှင်တစ်ယောက်ကိုသာ မြေအဆင့် လက်နက်ပေးလိုက်ရင် ခွန်အားက အလွန်အစွမ်းထက်လာလိမ့်မယ်"

တန်းယွမ်၏စကားကြောင့် ယဲ့ချန်က ကျေနပ်သွားကာ မြေအဆင့် လက်နက်တစ်ခုကို ရယူနိုင်လျှင် အကူအညီကြီးမားစွာ ဖြစ်ပေလိမ့်မည်။ နတ်လှံအပြင် ကျောက်စိမ်းပုလင်းတစ်လုံးလည်း ရှိနေပြီး အထဲကို မမြင်ရသော်လည်း မြေလက်နက်နှင့်အတူ ရှိနေသောကြောင့် ရတနာ ဖြစ်ရပေလိမ့်မည်။

"ဘုန်း ဘုန်း ဘုန်း"

ရွှေပိုင်နက်သားရဲနှင့် သရဲကြီးက တိုက်ခိုက်နေသောကြောင့် ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်နေသည်။ သရဲက မည်သည့်အဆင့်မှန်း မသိရသော်လည်း ၎င်းကို သရေတိုက်ခိုက်နိုင်သည်အထိ အစွမ်းထက်နေသည်။ တိုက်ပွဲ၏ စွမ်းအင်လှိုင်းများက ကီလိုမီတာသန်းချီအထိ ပြန့်ထွက်သွားသော်လည်း နတ်လှံက မတုန်မလှုပ်ရှိနေပြီး အစွမ်းထက် အရှိန်အဝါတစ်ခု ခြုံလွှမ်းကာ ထိခိုက်ခြင်းမရှိပေ။ ၎င်း၏အရှိန်အဝါက ဆည်းဆာနတ်ဓားထက်ပင် ကျော်လွန်နေသည်။ ယဲ့ချန်က ရွှေပိုင်နက်သားရဲကို ကူညီရန်အတွက် ဆည်းဆာနတ်ဓားနှင့် ကောင်းကင်ဓားပျံများကို အဆင်သင့်ပြင်၍ သရဲကြီးကို အလစ်ချောင်းတိုက်ခိုက်ရန် ကြံစည်ထားသည်။

"အရှင်ရဲ့ဓားက နတ်လက်နက် အစစ်အမှန်မဖြစ်သေးပေမယ့် အလားအလာ ကြီးမားတယ်။ ဒါကို နတ်အဆင့် လက်နက်တစ်ခု ဖြစ်လာအောင် လက်နက်ဝိညာဥ် ထွက်ပေါ်လာရမယ်"

တန်းယွမ်က တအံ့တသြ ရေရွတ်လိုက်သောအခါ ဆည်းဆာနတ်ဓားသည် မရိုးရှင်းကြောင်း နားလည်ထားသော ယဲ့ချန်၏အတွေးက ပိုမိုသေချာလာခဲ့သည်။ သူက နတ်လှံကို အရယူနိုင်လျှင် နောက်ထပ်နတ်လက်နက်တစ်ခု ပိုင်ဆိုင်ရမည် ဖြစ်သောကြောင့် ဆုံးဖြတ်ချက် ချလိုက်သည်။

"ဘန်း"

သရဲ၏တိုက်ကွက်ကြောင့် ပိုင်နက်သားရဲမှာ ထိခိုက်သွားဟန်ဖြင့် ရွှေရောင်သွေးများ အန်ထွက်လာသည်။ အရွယ်ရောက်ပြီးလျှင် ၎င်းက စကြဝဠာအတွင်း အရှင်သခင်တစ်ပါး ဖြစ်သော်လည်း လက်ရှိတွင် မွေးကာစ အကောင်ပေါက်လေး ဖြစ်နေပြီး ဤမျှသန်မာသည်ကိုက အံ့သြစရာကောင်းနေသည်။ သရဲကြီးသည် မြို့ပျက်အတွင်း နေထိုင်ရင်း မူလကျောက်များကို စုပ်ယူနေခဲ့ပြီး အသန်မာဆုံး ကျင့်ကြံသူများပင် ယှဥ်နိုင်မည် မဟုတ်ပေ။ ပိုင်နက်သားရဲက ဒေါသတကြီး ကြုံးဝါးလိုက်သောအခါ ရွှေရောင်အလင်းများ တောက်ပလာကာ ရန်သူထံ ခုန်ဝင်လိုက်သည်။ ဧရာမ အကောင်ကြီးနှစ်ကောင်၏ တိုက်ပွဲက ကြီးကျယ်ခမ်းနားပြီး မြင်သာနေကာ ကောင်းကင်ရှိ သာမန်နယ်ခြားသရဲများမှာ အမှုန့် ဖြစ်ကုန်သည်။

ရွှမ်ရဲနှင့် နောက်လိုက်များသည် ရန်သူကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့ရပြီး နှစ်ဆယ့်ငါးယောက်သာ လွတ်မြောက်နိုင်ခဲ့သည်။ ကျန်နောက်လိုက်များကိုမူ သူတို့က စွန့်ပစ်ခဲ့သောကြောင့် အသက်ရှင်စရာ အကြောင်းမရှိပေ။

"ဘာတွေဖြစ်နေတာလဲ"

ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသောကြောင့် ရွှမ်ရဲက ရင်ထိတ်သွားကာ အဝေးသို့ ကြည့်လိုက်သောအခါ တိုက်ပွဲကို မြင်လိုက်ရသည်။ ကောင်းကင်ပင် ကွဲထွက်မတတ်ဖြစ်နေကာ အနီးအနားတွင် ကြယ်များရှိနေပါက သေချာပေါက် ဖျက်ဆီးခံရပေလိမ့်မည်။

"ရွှေပိုင်နက်သားရဲ"

သူ၏အသံက တုန်ရီနေပြီး အံ့သြခြင်းနှင့် ပျော်ရွှင်ခြင်းကို တပြိုင်နက် ခံစားလိုက်ရသည်။ ရှင်းဟွမ်တစ်ယောက် ဖြစ်သောကြောင့် သူက ပိုင်နက်သားရဲများနှင့် ရင်းနှီးပြီး ရွှေအဆင့်မျိုးနွယ်က တော်ဝင်မျိုးနွယ်ဟု သတ်မှတ်နိုင်ကာ သွေးမျိုးဆက် အလွန်မြင့်မားသည်။ ၎င်းမျိုးနွယ်ကို မူလတွင် ရှင်းဟွမ်မျိုးနွယ်က ထိန်းချုပ်ခဲ့သော်လည်း မျိုးသုဥ်းသွားသည်မှာ အချိန် အလွန်ကြာမြင့်နေပြီး စကြဝဠာအတွင်း ပြန့်ကြဲနေသော အရေအတွက် အနည်းငယ်သာ ကျန်ရစ်၏။ အဆင့်မြင့် ရှင်းဟွမ်တစ်ယောက် ဖြစ်သောကြောင့် သူက ဤပိုင်နက်သားရဲကို ဆက်သွယ်နိုင်လျှင် ယဥ်ပါးနိုင်မည်ဟု ယုံကြည်သောကြောင့် စိတ်ထဲတွင် ကျေနပ်နေသည်။ ၎င်းက အကောင်ပေါက်ဖြစ်သောကြောင့် ဥအတွင်းမှ မွေးဖွားလာသည်မှာ အချိန်ကြာမြင့်သေးပုံ မရသောကြောင့် သူက အပျော်လွန်နေပြီး မျက်လုံးများတွင် လောဘမီး တောက်လောင်နေသည်။

အကယ်၍ ပိုင်နက်သားရဲတစ်ကောင် ပိုင်ဆိုင်ထားလျှင် ရွှမ်ရဲကို အင်အားစုတိုင်းက လိုချင်​လာကြမည့်အပြင် စစ်သူကြီးများကလည်း တပည့်အဖြစ် လက်ခံကြပေလိမ့်မည်။ အမှောင်မြို့၏ အင်အားကို ထိန်းညှိရန်အတွက် သေမင်းက အင်အားစုရှစ်ခု ခွဲခြားထားသောကြောင့် အားပြိုင်မှု ပြင်းထန်သောအခါ ရွှေပိုင်နက်သားရဲက အကူအညီကြီးမားစွာ ပေးနိုင်သည်။ ထို့အပြင် ၎င်းကို စီးသွားလျှင် အောက်ဘုံမှ ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းသို့ ပြန်ရောက်နိုင်သောကြောင့် သူ့အတွက် စမ်းသပ်ချက်က စိုးရိမ်စရာ မရှိတော့ပေ။

"ဒီတိုက်ပွဲက ပြင်းထန်လွန်းတယ်။ ကျုပ်တို့ နောက်ဆုတ်ရင် ကောင်းလိမ့်မယ်"

နောက်လိုက်တစ်ယောက်က အလန့်တကြားဖြင့် ရွှမ်ရဲကို သတိပေးလိုက်သည်။

"နောက်မဆုတ်ဘူး။ နယ်ခြားသရဲတွေကို ဂရုစိုက်ပြီး ပုန်းနေကြ"

သူက မောက်မာစွာ အမိန့်ပေးလိုက်၏။ သို့သော် အကောင်ကြီးများ၏ တိုက်ပွဲကြောင့် သာမန်နယ်ခြားသရဲများ ထွက်ပြေးသွားပြီဖြစ်ရာ သူတို့ကို တိုက်ခိုက်ရန် အချိန်မရှိပေ။ ၎င်းတို့က ခြေဦးတည့်ရာ ပျံသန်းသွားသောကြောင့် သူတို့အနေဖြင့် တိုက်ပွဲ၏ အားလှိုင်းများကို ရှောင်တိမ်းနိုင်လျှင် အဆင်ပြေပေလိမ့်မည်။ ထိုအချိန်တွင် အကောင်ကြီးနှစ်ကောင်က တိုက်ခိုက်ရင်း အနားသို့ ရောက်လာသောအခါ တန်ပြန်အားလှိုင်းများကို မခုခံနိုင်သောကြောင့် သူတို့ကို ကြောက်လန့်သွားစေသည်။

"ဘန်း"

အချိန်မီ မရှောင်တိမ်းနိုင်ခဲ့သော ကျင့်ကြံသူသုံးယောက်မှာ တိုက်ပွဲအတွင်း ကြားညှပ်သွား၍ ဟင်းလင်းပြင်ကို စုတ်ဖြဲပစ်နိုင်သည့် စွမ်းအားအောက်တွင် သွေးမြူအဖြစ် ပေါက်ကွဲသွားကြ၏။ ရွှမ်ရဲနှင့် ကျန်၂၂ယောက်က လွတ်မြောက်သွားကာ မျက်တောင်တစ်ခတ်အတွင်း တိုက်ပွဲက အဝေးတစ်နေရာသို့ ပြန်လည်ရောက်ရှိသွားသည်။ ကြောက်မက်ဖွယ် သားရဲကြီးနှစ်ကောင်ရှေ့မှောက်တွင် ပုရွက်ဆိတ်ပမာ သေးငယ်သောကြောင့် ကျင့်ကြံသူများက တုန်လှုပ်နေကြ၏။

"ငါတို့ ဝေးဝေးကို ထွက်သွားရင် ကောင်းမယ်။ နောက်တစ်ကြိမ်ဆိုရင် ဒီတိုက်ပွဲကြောင့် အသတ်ခံရနိုင်တယ်"

အချိန်မီ မရှောင်နိုင်ခဲ့သော ကျင့်ကြံသူသုံး​ယောက် သေဆုံးသွားသည့် မြင်ကွင်းက သူတို့ကို ကြောက်စိတ်များ ဖြစ်ပေါ်လာစေသည်။ အားလုံးက အဆင့်နိမ့်ကြယ်သခင်များ ဖြစ်သော်လည်း ဤစွမ်းအားရှေ့မှောက်တွင် အလွန်သေးငယ်နေကြသည်။

"ဒီလောက်ငယ်နေတာတောင် အစွမ်းထက်နေပြီ။ အရွယ်ရောက်လာရင် ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ"

ရွှမ်ရဲကမူ ပို၍ရူးသွပ်လာပုံရကာ ဤပိုင်နက်သားရဲကို အခြားကျင့်ကြံသူများအရင် ပိုင်ဆိုင်ရန် စိတ်ပိုင်းဖြတ်လိုက်၏။ သူ၏အမြင်၌ မွေးကာစ သားရဲ၏အတွေးများက ရိုးရှင်းသောကြောင့် ရှင်းဟွမ် အဆင့်အတန်းဖြင့်ဆိုလျှင် ရာနှုန်းပြည့် အောင်မြင်မည်ဟု ယုံကြည်နေသည်။

"ငါတို့ ထွက်မသွားဘူး"

သူက လောဘကြောင့် ရူးသွပ်သွားသောအခါ နောက်လိုက်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်၏။ အကယ်၍ တိုက်ပွဲသာ နောက်တစ်ကြိမ် နီးကပ်လာလျှင် ထွက်ပြေးရန် အချိန်မရှိသောကြောင့် သူတို့က ဆက်မနေရဲတော့ပေ။ ထို့ကြောင့် တစ်ယောက်ပြီးတစ်ယောက် ရွှမ်ရဲကို စွန့်ခွာပြီး ထွက်ပြေးသွားသောအခါ သူ့အနားတွင် ရှင်းဟွမ်နှစ်ယောက်သာ ကျန်ရစ်သည်။

"ငကြောက်တွေ မင်းတို့ စောင့်နေစမ်း။ ငါက ဒီရွှေပိုင်နက်သားရဲကို အပိုင်သိမ်းပြီးရင် မင်းတို့ကို နှိပ်စက်ပြမယ်"

ရွှမ်ရဲသည် ထွက်ပြေးသွားသူများကို ကဲ့ရဲ့လိုက်စဥ် တိုက်ပွဲက ပိုမိုပြင်းထန်လာနေခဲ့သည်။ ရွှေပိုင်နက်သားရဲ၏ ခွန်အားက နယ်ခြားသရဲအောက် နိမ့်ကျနေပြီး တစ်ကိုယ်လုံး ထိခိုက်ဒဏ်ရာများ ရနေသည်။ သို့သော် ၎င်း၏ ပြန်လည်ကောင်းမွန်နှုန်းက အံ့သြစရာကောင်းလွန်းပြီး ခဏအတွင်း ပျောက်ကွယ်သွားကာ တိုက်ကွက်များ ပို၍ကြမ်းကြုတ်လာ၏။ ၎င်းက စကြဝဠာအတွင်း ထိပ်တန်းမျိုးနွယ်တစ်ခု ဖြစ်သောကြောင့် ခွန်အားကို သံသယဝင်စရာ မရှိပေ။

တိုက်ပွဲအချိန် ကြာမြင့်လာသောအခါ ရွှေပိုင်နက်သားရဲ၏ အစာအိမ်အတွင်း ရောက်နေသည့် မူလကျောက်များ အစာချေဖျက်ခံခဲ့ရသည်။ ၎င်းက ကြီးထွားနှုန်းနှေးကွေးသော သာမန်မျိုးနွယ်များနှင့် ကွဲပြားပြီး အစာလုံလောက်လျှင် ကြီးပြင်းနှုန်းက အဆရာချီ ပိုမြန်၏။ အထူးသဖြင့် အသက်အန္တရာယ်ရှိနေလျှင် အစွမ်းထက်အသက်အားက ပေါက်ကွဲထွက်လာတတ်သည်။ ၎င်း၏စိတ်အတွင်း လွန်ခဲ့သောအချိန်မှ ရှေးဟောင်းမှတ်ဉာဏ်အပိုင်းအစများ နိုးထလာပြီး မျိုးဆက်အမွေအနှစ်များ ဖြစ်ကြလေသည်။

All Chapters