သေလမ်းရှာသူ
Vol. 65 Ch. 911
အစွမ်းထက်မျိုးနွယ်များသည် မျိုးဆက်မပြတ်စေရန်အတွက် အမွေခံမှတ်ဉာဏ်များကို သွေးမျိုးဆက်အတွင်း ချန်ထားရစ်တတ်ကြသည်။ ပိုင်နက်သားရဲမျိုးနွယ်၏ အမွေအနှစ်က ရုပ်ခန္ဓာအတွင်း ပေါင်းစပ်ထားခြင်းဖြစ်ကာ အသက်ဝင်လာလျှင် ပိုင်ရှင်ကို အလွန်အစွမ်းထက်သွားစေနိုင်သည်။ ရွှေပိုင်နက်သားရဲက မျက်စိကျိန်းစပ်လောက်အောင် ကြယ်တစ်လုံးပမာ တောက်ပနေပြီး အစွမ်းထက် အရှိန်အဝါတစ်ခုက ကောင်းကင်သို့ ထိုးတက်သွားစဥ် လက်ဝါးကြီးကို မြှောက်ကာ နယ်ခြားသရဲကို ရိုက်ပစ်လိုက်သည်။
"ဘန်း"
"ဂီး"
သရဲကြီး၏ အသားစများ ပဲ့ထွက်သွားသောကြောင့် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်ခြင်း ဖြစ်သည်။ ရွှေပိုင်နက်သားရဲသည် အဆင့်နှစ်မျိုးနွယ်များတွင် အသန်မာဆုံးအနက် ပါဝင်ပြီး တိုက်ပွဲက ကြမ်းတမ်းလေလေ ပို၍အစွမ်းထက်လေလေ ဖြစ်သည်။ ၎င်းက အကောင်ပေါက်လေးဖြစ်သော်လည်း ထုတ်ပြနေသော စွမ်းအားက အံ့မခန်းဖြစ်သည်။ နယ်ခြားသရဲသည် အောက်ဘုံအတွင်း နှစ်ပေါင်းများစွာ ရှင်သန်ခဲ့သောကြောင့် အသက်ကြီးမြင့်နေပြီဖြစ်ကာ မူလတွင် အသာစီးရထားသော်လည်း အချိန်ကြာသောအခါ အားနည်းလာ၏။ ပိုင်နက်သားရဲက ထပ်ကာထပ်ကာ ဒဏ်ရာရနေသော်လည်း ပို၍သန်မာလာပြီး အမွေအနှစ်များ အသက်ဝင်လာသောအခါ ခွန်အားက အဆင့်သစ်တစ်ခုသို့ ရောက်လာခဲ့သည်။ ၎င်းက ကြမ်းတမ်းစွာ တိုက်ခိုက်နေသောအခါ ရန်သူမှာ နောက်ဆုတ်ပေးနေရပြီး ဤမျှကြမ်းတမ်းမည်ဟု ယဲ့ချန်ပင် ထင်မထားခဲ့ပေ။ အကယ်၍ စစ်မြေပြင်တွင်ဆိုလျှင် ၎င်း၏စွမ်းအားကို သေချာပေါက် လျှော့တွက်မရသောကြောင့် သူက အလွန်ကျေနပ်နေသည်။
ရွှမ်ရဲသည် ၎င်း၏ခွန်အားကို မျက်မြင်တွေ့လိုက်ရသောအခါ သူထင်ထားသည်ထက် ကျော်လွန်နေသောကြောင့် အညံ့ခံစေရန် မစောင့်နိုင်တော့ဘဲ ပျော်ရွှင်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေသည်။ သူက ပိုင်နက်သားရဲ ဦးခေါင်းပေါ်တွင် မတ်တပ်ရပ်နေပြီး စကြဝဠာအတွင်း အရာရာကို အမိန့်ပေးနေသည်ဟု စိတ်ကူးယဥ်နေခဲ့သည်။ ၎င်း၏အမွေခံမှတ်ဉာဏ်များ နိုးထလာသောအခါ ရှင်းဟွမ်မျိုးနွယ်ကို ဆရာသခင်အဖြစ် အသိအမှတ်ပြုမည်ဟု အပိုင်တွက်ထား၏။ ၎င်းက ကြမ်းတမ်းရက်စက်ရာတွင် ပြိုင်ဘက်ကင်းဖြစ်နေပြီး နယ်ခြားသရဲကြီးအပေါ် ခုန်အုပ်ကာ ပါးစပ်ကြီးဖြင့် ကိုက်ချလိုက်သည်။
"ဝေါင်း"
နယ်ခြားသရဲက နာနာကျင်ကျင် အော်ဟစ်၍ ရွှေပိုင်နက်သားရဲထံမှ ရုန်းကန်နေသော်လည်း မည်မျှကြိုးစားပါစေ၊ မလွတ်မြောက်နိုင်ခဲ့ပေ။ ၎င်းက အစွမ်းထက်လွန်းနေပြီး တိုက်ခိုက်ခြင်းမှာ သွေးများအတွင်း စီးဆင်းနေသော အလိုလိုသိစိတ် ဖြစ်စေသည်။ နယ်ခြားသရဲသည် ၎င်းကို ဒဏ်ရာရစေရန် သွေးရူးသွေးတန်း တိုက်ခိုက်နေသောကြောင့် ပြင်းထန်သော်လည်း ပိုင်နက်သားရဲက သည်းခံ၍ မလွတ်တမ်း ကိုက်ဝါးနေသည်။ နောက်ဆုံးတွင် အော်သံနက်ကြီးများ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် ကိုက်ဖြဲခံလိုက်ရသော နယ်ခြားသရဲ၏ အလောင်းသည် မီးခိုးများအဖြစ် လွင့်ပြယ်သွားသည်။ တစ်ကိုယ်လုံး ဒဏ်ရာများ ပြည့်နှက်နေသော ရွှေပိုင်နက်သားရဲက မြေပြင်တွင် လှဲချကာ ဘောလုံးသဏ္ဍာန် ရစ်ခွေ၍ ဒဏ်ရာများ သက်သာစေရန် လျှာဖြင့် လျက်နေသည်။ ပြင်းထန်ကြမ်းတမ်းသော တိုက်ပွဲတစ်ခုကို ကျော်ဖြတ်ပြီးနောက် ၎င်းက အဖိုးတန်အတွေ့အကြုံများ ရရှိသွားကာ ကြီးမားစွာ တိုးတက်လာခဲ့သည်။
"တိုက်ပွဲပြီးပြီလား"
ယဲ့ချန်၏နောက်လိုက်များမှာ သက်ပြင်းကိုယ်စီ ချလိုက်ကြပြီး သားရဲကြီးနှစ်ကောင်၏ တိုက်ပွဲကို ကြောက်လန့်ခဲ့သော်လည်း သွေးများ ပွက်ပွက်ဆူနေသည်။ ၎င်း၏ဦးခေါင်းခွံ ပျက်စီးသွားလျှင် တစ်ဦးတလေမှ နယ်ခြားသရဲကို မခုခံနိုင်သောကြောင့် သေရပေလိမ့်မည်။ ထိုအချိန်၌ ရွှမ်ရဲသည် လေပေါ်သို့ ခုန်တက်ပြီး လှဲလျောင်းနေသော ပိုင်နက်သားရဲရှေ့သို့ ပျံသန်းလာခဲ့သည်။
"ဒီကောင်က ဘာလာလုပ်တာလဲ။ ရွှေပိုင်နက်သားရဲကို အနိုင်ယူနိုင်မယ်လို့ သွေးနားထင်ရောက်နေတာလား"
မာရာက တစ်ဖက်လူကို မြင်သောအခါ တအံ့တသြ ရေရွတ်လိုက်သည်။ ယဲ့ချန်သည်လည်း ရွှမ်ရဲကို သတ်ရန်အတွက် ကြံစည်နေစဥ် သေမင်းခံတွင်းသို့ ကိုယ်တိုင်ရောက်လာသော တစ်ဖက်လူကြောင့် ကြောင်အမ်းအမ်း ဖြစ်နေခဲ့သည်။ ပိုင်နက်သားရဲ၏ အရှိန်အဝါက သူတို့အားလုံးကို ဖုံးကွယ်ပေးထားသောကြောင့် ရွှမ်ရဲသည် ဦးခေါင်းခွံအတွင်း ယဲ့ချန်တို့ရှိနေကြောင်း မသိပေ။ သူ၏ကိုယ်တွင်းမှ အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ရှင်းဟွမ်၏အရှိန်အဝါသည် ၎င်း၏မျက်လုံးအတွင်း ဝင်ရောက်လာသည်။ ဒဏ်ရာများကို လျက်နေသော ၎င်းက ခေါင်းမော့၍ အဖြူရောင်အလင်းကြောင့် ပုရွက်ဆိတ်ပမာ သေးငယ်သော ရှင်းဟွမ်ကို သတိထားမိလိုက်သည်။ သူက ရှင်းဟွမ်မျိုးနွယ်၏ လျှို့ဝှက်ကျင့်စဥ်တစ်ခုကို အသုံးပြုနေပြီး အတိတ်တွင် ပိုင်နက်သားရဲများအား ထိန်းချုပ်ခဲ့သော နည်းလမ်းပင် ဖြစ်သည်။
အဖြူရောင် အလင်းအောက်တွင် ပိုင်နက်သားရဲသည် ပိုမိုပျော့ပြောင်းသွားကာ ယခင်ကလောက် ကြမ်းကြုတ်ရက်စက်ခြင်း မရှိတော့ပေ။ ၎င်းသည် အလင်းတန်းကြောင့် သိမ်မွေ့လာကြောင်း ယဲ့ချန်က ခံစားလိုက်ရပြီး တစ်ဖက်လူ ရောက်လာသော အကြောင်းအရင်းကို နားလည်သွားခဲ့သည်။ အကယ်၍ ၎င်းသာ သူ၏ဝိညာဥ်အသိစိတ်ဖြင့် ပေါင်းစပ်ထားခြင်းမရှိလျှင် ရွှမ်ရဲ၏ သားရဲအဖြစ် ရောက်ရှိသွားနိုင်သည်။
"ငါက ရွှမ်ရဲလို့ခေါ်တဲ့ အဆင့်မြင့် ရှင်းဟွမ်တစ်ယောက် ဖြစ်တယ်။ ရွှေပိုင်နက်သားရဲတွေက ငါတို့အမိန့်ကို နာခံရမယ်။ မင်းတို့က မြင့်မြတ်တဲ့ ရှင်းဟွမ်ရဲ့ ကျွန် ဖြစ်တယ်။ အခုကစပြီး ငါ့စကားကို နားထောင်စမ်း"
ရွှမ်ရဲသည် အသံကို အချိန်လေဟာနယ်ချီများဖြင့် ပေါင်းစပ်ပြီး မောက်မာစွာ အော်ဟစ်လိုက်သောအခါ မိုးချုန်းသံပမာ မြည်ဟီးသွားခဲ့သည်။
"ဒီကောင်က ငါ့သားရဲလေးကို အမိန့်နာခံစေချင်နေတာလား။ အိပ်မက်မက်နေတာပဲ"
ယဲ့ချန်က အေးစက်စက် ရယ်မောနေစဥ် ရွှမ်ရဲသည် ပိုင်နက်သားရဲထံမှ ခုခံလိုသော အမူအရာကို မတွေ့ရသဖြင့် အပျော်ကြီးပျော်နေသည်။ သူ၏ရည်မှန်းချက်က နီးကပ်လာပြီး ၎င်းကို သိမ်းသွင်းနိုင်သရွေ့ လောကကြီးအား အမိန့်ပေးနိုင်ပေလိမ့်မည်။ ၎င်းက ဧရာမလက်ဝါးကြီးကိုဖြန့်၍ ရှေ့သို့ ဆန့်ထုတ်လိုက်သောအခါ သူက ကြောက်လန့်သွားခဲ့သည်။ သို့သော် ၎င်းက ကြမ်းကြုတ်ရက်စက်ဟန် မရှိသောကြောင့် သူ့ကို လက်ခံသည်ဟု ထင်မှတ်ကာ စိတ်ကြီးဝင်လျက် လက်ဖဝါးအထက်သို့ တက်ရောက်လိုက်သည်။ သူ၏အမြင်တွင် ၎င်းသည် သူ၏သားရဲဖြစ်နေပြီး ဟင်းလင်းပြင်နတ်လှံကို အရယူကာ တောက်ပလင်းလက်လာတော့မည့် အနာဂတ်အား စိတ်ကူးယဥ်နေခဲ့သည်။
ပိုင်နက်သားရဲသည် စိတ်ကူးယဥ်၍ လောကကြီးကို မေ့လျော့နေသော ရွှမ်ရဲကို မလှုပ်နိုင်အောင် ချုပ်နှောင်ပစ်လိုက်သည်။ ၎င်းက ရွှေပိုင်နက်သားရဲမျိုးနွယ်၏ စွမ်းရည်တစ်မျိုးဖြစ်ကာ အရွယ်မရောက်သေးသဖြင့် အနည်းငယ်သာ တတ်ကျွမ်းထားသော်လည်း သူ့ကို ချုပ်နှောင်ရန်အတွက် လုံလောက်သည်ထက် ပိုနေခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ"
ရွှမ်ရဲသည် အလန့်တကြားဖြင့် အပြင်းအထန် ရုန်းကန်လိုက်သော်လည်း တတ်စွမ်းနိုင်သော အရာ မရှိချေ။
"မင်းက သခင်ကို ပုန်ကန်ချင်တာလား။ ငါ့ကို ဒီလိုဆက်ဆံရဲတယ်ပေါ့။ ရွှေပိုင်နက်သားရဲမျိုးနွယ်က ရှင်းဟွမ်မျိုးနွယ်ကို ဆန့်ကျင်ရဲရင် ငါတို့က မျိုးဖြုတ်သတ်ပစ်လိုက်ရမလား"
သူက ကြောက်လန့်နေသော်လည်း အလျင်အမြန် ဟန်ကိုယ့်ဖို့၍ လေးနက်သော မျက်နှာထားဖြင့် ခြိမ်းခြောက်လိုက်သည်။ အတိတ်တွင် သူတော်ကောင်း ဟန်ဆောင်ထားသော မြင့်မြတ်သည့် ရှင်းဟွမ်မျိုးနွယ်သည် ပိုင်နက်သားရဲများကို ဤသို့ခြိမ်းခြောက်ကာ ကျွန်အဖြစ် စေခိုင်းခဲ့ခြင်းဖြစ်သည်။ သူတို့၏မျိုးဆက် အမွေမှတ်ဉာဏ်များအတွင်း ရှင်းဟွမ်များကို အလိုလိုကြောက်လန့်သော အသိစိတ်ရှိသော်လည်း ယဲ့ချန်၏ ဝိညာဥ်အသိစိတ်ဖြင့် အပြည့်အဝ ပေါင်းစပ်ထားသောကြောင့် မကြောက်ပေ။ ထို့ကြောင့် သူ၏ခြိမ်းခြောက်စကားများသည် ရွှေပိုင်နက်သားရဲလေးအတွက် အသုံးမဝင်ချေ။
"ဒီကောင်က သေလမ်းရှာနေပြီ ဟား ဟား"
ဤမြင်ကွင်းကို အစအဆုံး မြင်နေရသော မာရာနှင့် ရှီကြွယ်မှာ ခွက်ထိုးခွက်လှန်ရယ်မောနေပြီး မောက်မာသော ရွှမ်ရဲအပေါ် မကျေနပ်သဖြင့် အရူးလုပ်ခံနေရသည်ကို မြင်သောအခါ ဝမ်းသာနေကြသည်။ ထို့နောက် ရွှေပိုင်နက်သားရဲ၏ ဦးခေါင်းခွံ ပွင့်သွားကာ ယဲ့ချန်နှင့် နောက်လိုက်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာသည်။ မူလတွင် ရွှမ်ရဲက အကြောင်းအရင်းကို မသိသောကြောင့် ရှုပ်ထွေးနေသော်လည်း နောက်ဆုံး၌ ၎င်းတွင် ပိုင်ရှင်တစ်ယောက်ရှိပြီး ယဲ့ချန်ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ သူက မာရာနှင့် ရှီကြွယ်ကို အကြိမ်များစွာ တိုက်ခိုက်ဖူးသောကြောင့် နောက်ခံကို အသေအချာသိထားပြီး သူ ခန့်မှန်းမရသည့် တစ်ဦးတည်းသော လူမှာ ယဲ့ချန် ဖြစ်သည်။
"မဖြစ်နိုင်ဘူး။ လူသားတစ်ယောက်က ဘယ်လိုလုပ် ရွှေပိုင်နက်သားရဲတစ်ကောင်ကို ယဥ်ပါးစေနိုင်တာလဲ"
ရွှမ်ရဲက မယုံနိုင်ဖြစ်နေသောကြောင့် စိတ်ထဲတွင် အသံကုန် အော်ဟစ်လိုက်သည်။ နောက်ဆုံးတွင် သူက ထောင်ချောက်အတွင်း ကျရောက်သွားကာ သေမင်းခံတွင်းသို့ ကိုယ်တိုင်ဝင်ရောက်မိခဲ့သောအခါ ကြောက်စိတ်ကြောင့် သွေးဆုတ်ဖြူရော်နေသည်။ သူက ရွှေပိုင်နက်သားရဲကို ယဲ့ချန် ပိုင်ဆိုင်ထားခြင်းအပေါ် မကျေမနပ်ဖြင့် မယုံကြည်နိုင်ခဲ့ပေ။
"သူ့အစ်ကိုက အမှောင်မြို့မှာ ရာထူးနည်းနည်းမြင့်တယ်။ သူ့ကို သတ်လိုက်ပြီး နယ်ခြားသရဲတွေ လက်ချက်လို့ ပြောရင်တောင် ရွှမ်မူက ယုံကြည်မှာ မဟုတ်ဘူး။ တစ်ဖက်လူက ငါတို့ကို လုပ်ကြံလာနိုင်တယ် အစ်ကိုကြီး"
မာရာက သတိပေးလိုက်ခြင်း ဖြစ်သည်။
"ဒီခွေးကောင်ကို အလွတ်ပေးလို့ မရဘူး။ မဟုတ်ရင် အနှေးနဲ့အမြန် ပြဿနာ ဖြစ်လာလိမ့်မယ်"
ရွှမ်ရဲသည် တောင်ပေါ်သို့ ပြန်မလွှတ်သင့်သော ကျားယုတ်မာတစ်ကောင်ဖြစ်ကြောင်း နားလည်သည့် ရှီကြွယ်က သတ်ဖြတ်ရန် တိုက်တွန်းလိုက်၏။
"သတ်လိုက်"
ယဲ့ချန်က ပြတ်ပြတ်သားသား အမိန့်ပေးလိုက်ပြီး ရွှမ်မူက ပြဿနာရှာလိုလျှင်ပင် တန်းယွမ်ကို နောက်ခံအဖြစ် ရထားသောကြောင့် စိုးရိမ်စရာမရှိပေ။
"နိမ့်ကျတဲ့ လူသားမျိုးနွယ် မင်းက ငါ့ကိုသတ်လိုက်ရင် မင်းတို့တွေ တစ်ယောက်မှ အသက်ရှင်မှာမဟုတ်ဘူး။ ငါ့အစ်ကိုက မင်းတို့ကို ပြဿနာလာရှာမှာ မကြောက်ဘူးလား"
ရွှမ်ရဲသည် ယဲ့ချန်က သူ့ကို အမှန်တကယ် သတ်ဖြတ်ချင်နေသောအခါ ကြောက်လန့်သွား၍ နောက်ခံဖြင့် ခြိမ်းခြောက်လိုက်သည်။ သို့သော် သူ၏စကားက မီးလောင်ရာလေပင့်လိုက်မိပြီး သေဆုံးရန် ထိုက်တန်ကြောင်း ယဲ့ချန်က သတ်မှတ်လိုက်သည်။ နောက်လိုက်များမှာ ယဲ့ချန်၏ပြတ်သားမှုကြောင့် အံ့သြသွားသော်လည်း အစီအမံတစ်ခု ရှိနိုင်ကြောင်း နားလည်လိုက်ကြသည်။
"စောက်စကားများလိုက်တာ"
မာရာက ဒေါသတကြီးဖြင့် မိုးကြိုးကို ဆင့်ခေါ်ဖန်တီးကာ ရွှမ်ရဲကို ရိုက်ချလိုက်သဖြင့် သွေးများအန်ထွက်ကာ ဒူးထောက်ကျသွားစေသည်။
"မင်းတို့အားလုံး ဒီကိစ္စကို မမေ့နဲ့"
ရွှမ်ရဲသည် မောက်မာနေဆဲဖြစ်ကာ တစ်ဖက်လူသည် သူ့ကို အမှန်တကယ် မသတ်ရဲကြောင်း ယုံကြည်နေပြီး မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ သူ၏အမြင်တွင် ယဲ့ချန်သည် နောက်ခံမရှိသော လူသားတစ်ယောက်ဖြစ်ကာ တန်းယွမ်၏တပည့်ဖြစ်လာရန် မသေချာသောကြောင့် ရွှမ်မူကို ထိတ်လန့်ရပေလိမ့်မည်။
"မင်းတို့စိတ်ကြိုက် လုပ်ကြကွာ"
ယဲ့ချန်က သူ၏စကားကို လျစ်လျူရှုပြီး ရွှေပိုင်နက်သားရဲ၏ ဦးခေါင်းအထက်သို့ ပျံတက်သွားသောအခါတွင်မှ ရွှမ်ရဲသည် အခြေအနေအမှန်ကို သဘောပေါက်သွားကာ လိပ်ပြာလွင့်မတတ် ကြောက်လန့်နေသည်။ မာရာနှင့် ရှီကြွယ်သည် မလှုပ်နိုင်သော သူ့ကို ဒွါရကိုးပေါက်မှ မီးခိုးများ ထွက်ပေါ်လာသည်အထိ ရိုက်နှက်နှိပ်စက်ခဲ့သောအခါ မြင်ကွင်းက ကြောက်စရာကောင်းလွန်းနေသည်။ နောက်ဆုံးတွင် ရွှေပိုင်နက်သားရဲက လက်ဝါးကို ဖျစ်ညှစ်လိုက်ပြီး ကောက်ကျစ်ယုတ်မာသော အဆင့်မြင့် ရှင်းဟွမ်တစ်ယောက်အား ပြာအဖြစ် နိဂုံးချုပ်ပေးလိုက်သည်။
ယဲ့ချန်သည် ရွှမ်ရဲ၏သေဆုံးမှုကို စိတ်ထဲမထားဘဲ အဝေးရှိ ဟင်းလင်းပြင်နတ်လှံနှင့် ကျောက်စိမ်းပုလင်းထံ စိုက်ကြည့်နေခဲ့လေသည်။