← Chapters

နတ်အရိုး စတင်ဖြစ်ပေါ်လာခြင်း

Vol. 65 Ch. 912

နတ်အရိုး စတင်ဖြစ်ပေါ်လာခြင်း

Vol. 65 Ch. 912

ယဲ့ချန်သည် အဝေးရှိ နတ်လှံထံ ဦးတည်လိုက်ပြီး အနီးသို့ရောက်သောအခါ အသွင်အပြင်ကို ရှင်းလင်းစွာ မြင်ခဲ့ရသည်။ ၎င်းက သုံးမီတာကျော် ရှည်လျားပြီး ရွှေရောင်အလင်းတစ်ခု ခြုံလွှမ်း၍ ပတ်ဝန်းကျင်တွင် သားရဲပုံရိပ်အချို့ တည်ရှိနေ၏။ ၎င်းတို့က ကြမ်းကြုတ်ရက်စက်ပုံပေါ်သော်လည်း တည်ကြည်လေးနက်သော အမူအရာကြောင့် အနည်းငယ် ထူးဆန်းနေသည်။

"ဒီပုံရိပ်တွေက သူတော်စင်သားရဲဖြစ်ပြီး လက်နက်ဝိညာဥ် ဖြစ်လိမ့်မယ်"

တန်းယွမ်၏စကားသံ ထွက်ပေါ်လာသောအခါ သူက ကောင်းကင်မီးလက်မောင်းကာအတွင်းမှ သတင်းအချက်အလက်များကို ပြန်လည်တွေးတောလိုက်သည်။ သူတော်စင်သားရဲသည် စကြဝဠာအတွင်း အဆင့်တစ် အစွမ်းထက် မျိုးနွယ်တစ်ခုဖြစ်ကာ လက်နက်ဝိညာဥ်ဖြစ်ရန် အသင့်တော်ဆုံးဖြစ်၍ မျိုးတုံးသတ်ဖြတ်ခံခဲ့ရသည်။ ၎င်း၏ခွန်အားက အလွန်မြင့်မားပြီး အားအနည်းဆုံးပင်လျှင် ထိပ်တန်းကြယ်သခင်အင်အား ပိုင်ဆိုင်ထားသော်လည်း ကံမကောင်းစွာဖြင့် မျိုးပြုတ်သွားသောကြောင့် ယဲ့ချန်မှာ သက်ပြင်းချလိုက်မိသည်။ မြေအဆင့်လက်နက်က အမှန်တကယ်ထူးခြားပြီး သာမန်လက်နက်များ ယှဥ်မရအောင် အစွမ်းထက်သောအခါ သူက ပြင်းထန်သော တန်ပြန်အားကို ခုခံနေရသည်။

စွမ်းအင်လှိုင်းတစ်ခုက သူ့ကို တွန်းကန်နေပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ် ထွက်ပေါ်လာသောကြောင့် ဝိညာဥ်ပင် အေးခဲသွားမယောင် ခံစားလိုက်ရကာ ချိုးဖောက်ထွက်ရန်ပင် ခက်ခဲနေ၏။ သူက ဓားတစ်စင်းပမာ ထက်ရှသော အကြည့်ဖြင့် နတ်လှံကို စိုက်ကြည့်ရင်း ပြတ်သားစွာ ရှေ့တိုးလိုက်သည်။ သူက အနီးသို့ ချဥ်းကပ်လိုသော်လည်း အစွမ်းထက်ဖိအားကြောင့် တစ်ကိုယ်လုံး တုန်ခါနေကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရပြီး မျက်နှာပျက်နေခဲ့သည်။ အခြားလူများသည် နတ်လှံက ဖိအားသက်သက်ဖြင့် သူ့ကို နောက်ဆုတ်သွားစေသော မြင်ကွင်းကြောင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိပြီး ဤမျှအစွမ်းထက်နေမည်ဟု ထင်မထားခဲ့ပေ။

အစွမ်းထက်ဖိအားသည် မွေးညှင်းပေါက်များအတွင်း အပ်များကဲ့သို့ ထိုးဖောက်ဝင်ရောက်နေကာ တစ်ကိုယ်လုံး ကြေမွမတတ် နာကျင်နေသည်။ သူ၏လက်ရှိခွန်အားဖြင့် မြေအဆင့် လက်နက်အနားသို့ပင် မကပ်နိုင်သောအခါ အားနည်းလွန်းနေသော အဖြစ်ကို ယဲ့ချန်က မကျေနပ်နိုင်ခဲ့ပေ။ အကယ်၍ သူသာ ၎င်းကို ဆုပ်ကိုင်နိုင်လျှင် ဓားပျံဝိညာဥ်၏ အကူအညီဖြင့် အညံ့ခံစေနိုင်သော်လည်း အနားသို့ပင် မကပ်နိုင်ခဲ့ချေ။

"ငါ မင်းကို မယူနိုင်ဘူးလို့ မယုံဘူး"

သူက စိတ်ကို လုံးဝပိုင်းဖြတ်ကာ မားမားမတ်မတ်ရပ်ပြီး တစ်လှမ်းချင်း ရှေ့တက်လိုက်သောအခါ နတ်လှံနှင့် ခြေလှမ်းတစ်ရာအကွာတွင် ရုပ်ခန္ဓာက စတင်ပုံပျက်လာသည်။ သူက နေရာတွင် မတ်တပ်ရပ်လိုက်ပြီး ဖိအားကြောင့် ရုပ်ခန္ဓာက ဆက်တိုက်ပျက်စီးနေသော်လည်း ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာကြောင့် ပြန်လည်ကောင်းမွန်လာသည်။ ဤသို့သံသရာလည်နေသောအခါ နာကျင်မှုသည် သာမန်ကျင့်ကြံသူမျိုး သည်းခံနိုင်သော အရာမဟုတ်သဖြင့် နောက်လိုက်များမှာ သူ့ကို အလွန်တရာ လေးစားသွားကြသည်။ သူတို့ဆိုလျှင် ဤသို့သော နာကျင်မှုမျိုးကို သည်းခံနိုင်မည်မဟုတ်ဘဲ ရုပ်ခန္ဓာ ဆက်တိုက်ပျက်စီးနေရသော အဖြစ်ကို သည်းခံရန် အလွန်သန်မာသော စိတ်ဓာတ်ခွန်အား လိုအပ်သည်။ ခြင်္သေ့ကြီးပင်လျှင် ဤမြင်ကွင်းကြောင့် သူ့ကို လေးစားနေပြီး ထိုနေရာ၌ဖြစ်လျှင် အချိန်အနည်းငယ်အတွင်း သေဆုံးသွားပေလိမ့်မည်။ နင်အာသည် သူ၏ကျောကို ကြည့်နေရင်း မျက်ရည်များ စတင်ကျဆင်းလာသည်။ သူမသည် ခွန်အားကိုဆာလောင်နေသော ယဲ့ချန်၏စိတ်ကို နားလည်သဖြင့် ဝမ်းနည်းနေပြီး ဤမျှကြိုးစားနေရခြင်းမှာ မိသားစုနှင့် ကောင်းကင်မူလကြယ်ကို ကာကွယ်လိုသောကြောင့်ဟု နားလည်နေသည်။ သူမက လင်ယောကျ်ားဖြစ်သူ၏ ဝန်ထုပ်ဝန်ပိုးကို ခွဲဝေလိုသောကြောင့် ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့သော်လည်း ပါရမီက အကန့်အသတ်ရှိသောကြောင့် ကောင်းကင်ဖျက်ဆီးရေး နတ်သစ်သီးကို အပြည့်အဝ မစုပ်ယူနိုင်သေးပေ။

"နောက်ထပ်တောင့်ခံထားရမယ်"

ပြင်းထန်သော နာကျင်မှုသည် ယဲ့ချန်ကို သတိလစ်စေနိုင်သော်လည်း သန်မာသော စိတ်ထားဖြင့် တောင့်ခံနေပြီး အကန့်အသတ်သို့ရောက်ပြီဟု ထင်မှတ်ချိန်တိုင်းတွင် ရုပ်ခန္ဓာက အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့၏။ ရုပ်ခန္ဓာက ဆက်တိုက်ကောင်းမွန်နေသောအခါ ရုပ်ခွန်အားရော ကျင့်ကြံဆင့်ပါ တိုးတက်လာပြီး သူ၏အထင်အတိုင်း နတ်ခန္ဓာကို ကျင့်ကြံရန် အကောင်းဆုံးနည်းလမ်းမှာ ဤသို့သောဖိအားမျိုး ဖြစ်သည်။ သူက နောက်ထပ်ခြေနှစ်လှမ်း ထပ်တက်လိုက်သောအခါ ဖိအားပမာဏ ချက်ချင်းတိုးလာ၍ ခက်ခက်ခဲခဲ ခုခံနေသော်လည်း ရုပ်ခန္ဓာက ပြန်လည်ပြိုကွဲလာပြန်သည်။ သည်းခံနိုင်လျှင် ပို၍အစွမ်းထက်လာမည်ကို သိထားသောကြောင့် သူက အံကြိတ်နေပြီး အချိန်က ဆက်လက်သွားနေရာ နာရီအနည်းငယ် ကုန်ဆုံးသွားပြီဖြစ်သည်။

နင်အာ၊ ခြင်္သေ့ကြီးနှင့် နောက်လိုက်များသည် သူ့ကို စောင့်ကြပ်ကာကွယ်ပေးနေရင်း တင်ပျဥ်ခွေထိုင်ကာ ကျင့်ကြံနေကြသည်။ ရွှေပိုင်နက်သားရဲလည်း ရှိနေသောကြောင့် နယ်ခြားသရဲများက လာရောက်မတိုက်ခိုက်ဝံ့ပေ။ ဖိအားနှင့် အသားကျစေပြီးနောက် ယဲ့ချန်သည် နောက်ထပ်ခြေလှမ်းလိုက်စဥ် အရှိန်အဝါတစ်ခုက ကောင်းကင်သို့ ဝုန်းခနဲ မြင့်တက်လာသည်။ ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးသည် ပတ်ဝန်းကျင်မှ ချီများကိုစုပ်ယူပြီး ကြမ်းတမ်းစွာ လည်ပတ်နေပြီး တစ်လုံးချင်းစီရှိ ဝိညာဥ်ကောင်များမှာ ပို၍အဆင့်မြင်လ့ာပုံပေါ်သည်။ ၎င်းတို့၏အလယ်တွင် အစွမ်းထက်ဝိညာဥ်တစ်ခုစီ ဖြစ်တည်လာပြီး ရှင်းဟွမ်မျိုးနွယ်နှင့် ဆင်တူသော်လည်း သူက အတပ်မပြောနိုင်ချေ။ ဖြစ်နိုင်သည်မှာ အနာဂတ်၌ သူ၏ဒန်တန်အတွင်း ရှင်းဟွမ်များ မွေးဖွားလာနိုင်ချေရှိရာ နားလည်နိုင်သော အတိုင်းအတာထက် ကျော်လွန်နေသည်။ ကြယ်ကိုးလုံး၏အလယ်တွင် ရှိနေသော နတ်သန္ဓေက ခရမ်းရောင်အလင်းများ တဖိတိဖိတ် တောက်ပနေသည်။

နောက်ဆုံးတွင် ယဲ့ချန်၏ကျင့်ကြံဆင့်သည် ကြယ်သခင်အလယ်အဆင့်သို့ ရောက်ရှိသွားကာ ခွန်အားမှာ အဆင့်သစ်တစ်ခုသို့ တိုးတက်ခဲ့သည်။

"ကြည့်ရတာ ငါလည်း အစွမ်းထက်ချင်ရင် ကိုယ့်ကိုကိုယ် နှိပ်စက်ရမယ် ထင်တယ်"

ယဲ့ချန် အဆင့်တက်သွားသောအခါ ခြင်္သေ့ကြီးက တအံ့တသြ ရေရွတ်လိုက်မိပြီး နောက်တွင် ကျန်ရစ်မနေလိုခဲ့ပေ။ နင်အာသည်လည်း ကောင်းကင်ဖျက်ဆီးရေး နတ်သစ်သီး၏ စွမ်းအားများကို စုပ်ယူနေပြီး ယဲ့ချန်မှာ ပြန်လည်မွေးဖွားလာသကဲ့သို့ ခံစားနေရသည်။ အချိန်လေဟာနယ် ချီကိုးမျိုးကလည်း ပို၍သိပ်သည်းလာပြီး ကြောက်မက်ဖွယ်ဖိအားအောက်တွင် ဉာဏ်အလင်းတစ်ခု ဖြတ်ခနဲ ဖြစ်တည်လာသည်။ အသက်တာအိုသည် လောက၏တာအိုနှင့် ပေါင်းစပ်ပြီးလျှင် ဒဏ္ဍာရီလာ နတ်အဆင့်သို့ ရောက်သွားပေလိမ့်မည်။ သူ၏ကျောဘက်တွင် ရွှေရောင်အလင်းများ ပြန့်ထွက်လာကာ အရိုးဖွဲ့စည်းပုံသည် တစ်မျိုးတဖုံ ပြောင်းလဲသွား၍ ထူးဆန်းစွာ ဖြစ်တည်လာသည်။ ပြောင်းလဲသွားသော အရိုးပမာဏက နည်းပါးသော်လည်း သာမန်ကျင့်ကြံသူများ ထိပ်တန်းကြယ်သခင်အဆင့် ရောက်သည့်တိုင်အောင် မကျင့်ကြံနိုင်သော နတ်အရိုးများ ဖြစ်ပေသည်။ ကြယ်တာရာဘုံကိုးလွှာ ကျင့်စဥ်သည် သူ့ကို နတ်အရိုးများ စတင်ဖြစ်ပေါ်လာစေပြီး အနည်းငယ်မျှသာဖြစ်သော်လည်း ပေါ့သေးသေး မဟုတ်ပေ။ စွမ်းအားရှင်တစ်ယောက်ပင် နတ်အရိုးများကို မဖျက်ဆီးနိုင်သောကြောင့် သူ၏ရုပ်ခန္ဓာ အရည်အသွေးကို ကြီးမားစွာ ဆင့်ကဲတိုးတက်စေခဲ့သည်။

ဟင်းလင်းပြင်နတ်လှံကို ကြည့်နေသော ယဲ့ချန်၏မျက်လုံးများက ပို၍ပြတ်သားလာပြီး နောက်ထပ်ခြေဆယ်လှမ်း ထပ်တိုးလိုက်သောအခါ ခြေလှမ်းသုံးဆယ်အကွာသို့ ရောက်လာပြီး ဖိအားနှင့် ထပ်မံကြုံတွေ့လိုက်ရသည်။ ၎င်းက အလွန်အစွမ်းထက်ပြီး​ထိပ်တန်းကြယ်သခင်တစ်ယောက်ပင် ပေါ့ဆမိလျှင် မြေအဆင့် လက်နက်၏ သတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။ သူက အလယ်အဆင့် ကြယ်သခင်တစ်ယောက်သာဖြစ်၍ ခွန်အားက အဆင့်တူများထက် သာလွန်နေသော်လည်း ထိပ်တန်းကြယ်သခင်အဆင့်နှင့် မယှဥ်နိုင်ချေ။ ထို့ကြောင့် သူ မပေါ့ဆရဲသဖြင့် ဓားပျံထိပ်ဖျားပိုင်းကို လက်ထဲတွင် ဆုပ်ကိုင်ထားကာ ခုခံရန် အသင့်ပြင်ထားခဲ့၏။ အကယ်၍ နတ်လှံသာ ထိခိုက်သွားလျှင် အလွန်နှမြောစရာကောင်းသောကြောင့် သူက ၎င်းဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ လက်ရှိတွင် သူသည် ဓားပျံမှာ မြေအဆင့် လက်နက်များထက် တစ်ဆင့်မြင့်သော ကောင်းကင် နတ်လက်နက်တစ်ခုဖြစ်ကြောင်း သေချာသွားခဲ့သော်လည်း လက်နက်အပြည့်အစုံ မရနိုင်ခင် နတ်လှံက သူ၏ခွန်အားကို ကြီးမားစွာ အထောက်အကူပေးနိုင်သည်။

ယဲ့ချန်၏အကြည့်သည် မနီးမဝေးတွင် မျောလွင့်နေသော ကျောက်စိမ်းပုလင်းထံ ကျရောက်သွားသည်။ ၎င်းက နှင်းကဲ့သို့ဖြူဖွေးပြီး အပြစ်တစ်စက်မျှမရှိအောင် သန့်စင်နေကာ အလွန်အမင်းနွေးထွေးသော စွမ်းအင်တစ်မျိုး ထုတ်ဖော်နေသည်။ ဤနွေးထွေးမှုမျိုးက ကြုံတွေ့လိုက်သူတိုင်းကို သက်တောင့်သက်သာ ရှိစေသောကြောင့် သာမန်ရတနာ မဖြစ်နိုင်ချေ။ ကျောက်စိမ်းပုလင်းနှင့် နတ်လှံ၏အကွာအဝေးက ခြေလှမ်းနှစ်ဆယ် ဖြစ်သောကြောင့် သူသာ ရှေ့ဆက်တိုးနိုင်လျှင် ရယူနိုင်သော အကွာအဝေးအတွင်း တည်ရှိသည်။ သူက အံကြိတ်ရင်း ၎င်းထံ တစ်လှမ်းချင်း ချဥ်းကပ်သွားသော်လည်း နတ်လှံ၏ဖိအားကြောင့် ရယူရန် ကျရှုံးဆဲဖြစ်ပြီး ရုပ်ခန္ဓာ ပျက်စီးသွားပြန်သည်။ သန်မာသောစိတ်ဓာတ်ဖြင့် သူက သည်းခံ၍ ညာလက်ကို အားကုန်ဆန့်ထုတ်လိုက်သောအခါ ၎င်းကို ထိတွေ့နိုင်ခဲ့သည်။

"နောက်ထပ်နည်းနည်းလောက်"

သူက ဘယ်ခြေထောက်ကို တစ်လှမ်းတက်လိုက်သောအခါ ကျောက်စိမ်းပုလင်းကို ဆုပ်ကိုင်နိုင်ခဲ့သော်လည်း ညာလက်က ပြတ်ထွက်လုနီးပါး ကြေမွနေပြီဖြစ်သည်။ သူက ဝမ်းမြောက်ဝမ်းသာဖြင့် လက်ဝါးအတွင်းမှ အေးစက်စက် အထိအတွေ့ကို ခံစားလိုက်ရသည်။ ထိုအချိန်၌ ကျောက်စိမ်းပုလင်းကို မြင်ဖူးထားသော နောက်လိုက်များသည် သူ၏လုပ်ရပ်ကို မြင်သောအခါ တအံ့တသြဖြင့် စပ်စုလာကြသည်။

"ကျောက်စိမ်းပုလင်းထဲမှာ ဘာတွေရှိနေတာလဲ"

သူတို့က မျက်တောင်မခတ် စိုက်ကြည့်နေစဥ် ယဲ့ချန်သည် ကျောက်စိမ်းပုလင်းကို ဖွင့်လိုက်သောအခါ အံ့သြစရာ ရနံ့တစ်ခု ပြန့်ထွက်သွားကာ တစ်ကိုယ်လုံးရှိ မွေးညှင်းပေါက်များ ပွင့်ထွက်သွားသကဲ့သို့ ထင်မှတ်ရလေသည်။

All Chapters