သက်တန့်ဆေး
Vol. 65 Ch. 913
ယဲ့ချန်သည် ကျောက်စိမ်းပုလင်းအတွင်း ကြည့်လိုက်သောအခါ ဆန့်စေပမာ သေးငယ်၍ ပုလဲကဲ့သို့ တောက်ပသော ဆေးလုံး ငါးဆယ်နှင့် ခြောက်ဆယ်အကြား တွေ့လိုက်ရသည်။
"ဒါက ရှေးခေတ်ကျင့်ကြံသူတစ်ယောက် ချန်ထားရစ်ခဲ့တဲ့ သက်တန့်ဆေး ဖြစ်တယ်"
တန်းယွမ်က ရှင်းပြလိုက်သောအခါ သူက ခေါင်းငုံ့၍ ထူးဆန်းသော ဆေးများကို စစ်ဆေးလိုက်သည်။
"ဒီသက်တန့်ဆေးကို ကျင့်ကြံသူတစ်ယောက် ဖော်စပ်ခဲ့ပြီး ရုပ်ခန္ဓာကို ပြောင်းလဲစေတဲ့အပြင် ကျင့်ကြံဆင့်ကိုလည်း တိုးတက်စေနိုင်တယ်။ အဖိုးအတန်ဆုံးကတော့ ဒီဆေးက သိမ်မွေ့လွန်းပြီး မကောင်းတဲ့ သဘာဝတွေကို သန့်စင်ပေးနိုင်တယ်"
သက်ဆန့်ဆေးများဖြစ်စေ၊ ဟင်းလင်းပြင်နတ်လှံဖြစ်စေ အမည်မသိ ကျင့်ကြံသူတစ်ယောက်၏ ရတနာဖြစ်နိုင်ပြီး စကြဝဠာအတွင်း ပျောက်ကွယ်သွားခဲ့ကာ မြို့ပျက်အတွင်း ချန်ထားရစ်ခြင်း ဖြစ်ပေလိမ့်မည်။
"ရှေးခေတ်က ဆေးတစ်လုံးဟာ ဘယ်လောက်အစွမ်းထက်မလဲ သိချင်မိတယ်"
ယဲ့ချန်က ဆေးတစ်လုံးကို ထုတ်ယူ၍ ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးကာ အဆိပ်မရှိကြောင်း သေချာသဖြင့် ပါးစပ်အတွင်း ထည့်လိုက်သည်။ ၎င်းက နွေးထွေးသော စီးကြောင်းတစ်ခုပမာ ပျော်ဝင်သွားစဥ် သူက တင်ပျဥ်ခွေထိုင်ချလိုက်သည်။ ကျောက်စိမ်းပုလင်းအတွင်းမှ ဆေးကို သူက ချက်ချင်းသောက်လိုက်သောအခါ ကျန်လူများမှာ ထိတ်လန့်သွားပြီး တန်းယွမ်၏စကားကို မကြားနိုင်ခဲ့သောကြောင့် အဆိပ်ရှိမည်ကို စိုးရိမ်နေကြသည်။ သူတို့က ယဲ့ချန်တစ်ယောက် အန္တရာယ်ကင်းပါစေဟု မျှော်လင့်ရင်း မျက်ခြည်မပြတ် စောင့်ကြည့်ပေးနေကာ အခြေအနေကို အလွတ်မပေးဝံ့ချေ။ သက်တန့်ဆေးကို သောက်ပြီးနောက် ဆေးစွမ်းအင်များက ခြေလက်နှင့် သွေးကြောများအတွင်း ရောက်ရှိသွားကာ ပုန်းကွယ်နေသော နတ်ဆိုးသဘာဝများကို စတင်သန့်စင်ပေးခဲ့သည်။
ကိုယ်ပွားများကို ပြန်လည်ပေါင်းစပ်ပြီးနောက် ယဲ့ချန်သည် ကိုယ်တွင်းနတ်ဆိုးကို ဖိနှိပ်ထားခဲ့သော်လည်း မတည်ငြိမ်ခဲ့ပေ။ ထို့ကြောင့် သူက နတ်ကိုယ်ပွားကျင့်စဥ်ကို ထပ်မံအသုံးမပြုရဲတော့ဘဲ တစ်နေ့တွင် ကိုယ်တွင်းနတ်ဆိုး သောင်းကျန်းမည်ကို စိုးရိမ်နေခဲ့ရသည်။ သက်တန့်ဆေးကို သောက်သုံးပြီးနောက် သူ၏ကိုယ်တွင်းနတ်ဆိုးမှာ သန့်စင်ခံလိုက်ရပြီး သွေးဆာရက်စက်ခြင်းများ နည်းပါးလာကြောင်း ခံစားလိုက်ရသည်။ ဆေးတစ်လုံးတည်းက ၎င်းကို အပြည့်အဝ မဖိနှိပ်နိုင်ခဲ့သော်လည်း ကြမ်းကြုတ်မှုများကို အတိုင်းအတာတစ်ခုအထိ လျော့ကျသွားစေသည်။
ယဲ့ချန်နှင့် နောက်လိုက်များက အောက်ဘုံတွင် ရှိနေစဥ် စမ်းသပ်ချက်ကို ရက်ပေါင်းများစွာ မမြင်နိုင်သောကြောင့် ရွှမ်မူက ဒေါသထွက်နေသည်။ လက်သည်က တန်းယွမ်ဖြစ်ကြောင်း သိထားသော်လည်း ခွန်အားရော အဆင့်အတန်းပါ လုံးဝကွာခြားသဖြင့် ပြဿနာမရှာရဲပေ။
"အောက်ဘုံကို မမြင်နိုင်မှတော့ ဒီနေရာမှာ စောင့်နေစရာ အကြောင်းမရှိဘူး။ အချိန်ပြည့်ပြီဆိုမှ ငါ ပြန်လာမယ်"
သူက အေးစက်စက်ရေရွတ်ကာ ခန်းမအတွင်းမှ ထွက်ခွာသွားသောကြောင့် တန်းယွမ်သည် ဒေါသထွက်နေသော်လည်း တည်ငြိမ်စွာ ပြုံးနေခဲ့သည်။ ကျန်လေးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမှမဆိုဘဲ မျက်လုံးများ မှိတ်ကာ ပြန်လည်ကျင့်ကြံလိုက်ကြသည်။ ရွမ်မူက အမှန်တကယ် ထူးဆန်းနေပြီး အောက်ဘုံကို မမြင်နိုင်လျှင်လည်း သူတို့အတွက် ပြဿနာမရှိပေ။ သူတို့က မည်သည့်နေရာတွင်မဆို ကျင့်ကြံရန် အဆင်ပြေပြီး တစ်လဆိုသော အချိန်ကို မဆိုထားနှင့်၊ နှစ်ပေါင်းများစွာသည်ပင် မျက်တောင်တစ်ခတ်ဟု ထင်မှတ်ကြသည်။
"တန်းယွမ် ခွေးအိုကြီး သူက အောက်ဘုံမှာ ဘာကို ဖုံးကွယ်ချင်နေတာလဲ"
ရွှမ်မူသည် စိတ်ထဲမှ အော်ဟစ်ဆဲဆိုနေကာ တန်းယွမ်၏လုပ်ရပ်က ယဲ့ချန်နှင့် တစ်နည်းနည်း ပတ်သက်နေနိုင်ကြောင်း ခန့်မှန်းနိုင်ခဲ့သည်။ အမှောင်မြို့သို့ ယဲ့ချန် ရောက်လာချိန်မှစတင်ပြီး သူက ခြိမ်းခြောက်မှုတစ်ခုကို ခံစားနေရကာ အကြောင်းအရင်း မရှိပေ။ ထိုအချိန်၌ သူသည် အားကိုးရာအဖြစ် အဆင့်မြင့် ရှင်းဟွမ်မျိုးနွယ်ဝင်တစ်ယောက်ဖြစ်ကာ သူနှင့် မဟာမိတ်ဖွဲ့ထားသော စစ်သူကြီးကုန်းမန်ကို သတိရလိုက်သည်။ သူက စစ်သူကြီးသုံးယောက်၏ ထောက်ခံမှုကို ရထားပြီး ရွှမ်ရဲသာ နောက်ထပ်စစ်သူကြီးတစ်ယောက်၏ တပည့်ဖြစ်သွားလျှင် လေးယောက်အထိ တိုးသွားပြီး အမှောင်မြို့တွင် သူ၏အာဏာက ကြီးမားလာပေလိမ့်မည်။
"တန်းယွမ်က အောက်ဘုံကို မင်းတို့မမြင်နိုင်အောင် ပိတ်ဆို့ထားတယ်။ ဒါက ဘာကြောင့်လဲ"
ကုန်းမန်၏နန်းတော်အတွင်း ရောက်ရှိလာသော ရွှမ်မူက အကြောင်းစုံ တင်ပြလိုက်သောအခါ သူက အလွန်ခေါင်းရှုပ်သွားသည်။ စစ်သူကြီးဆယ်ယောက်အကြားတွင် သူက တန်းယွမ်တစ်ဦးတည်းကို ဖောက်ထွင်းမမြင်နိုင်ပေ။ တစ်ဖက်လူက အလွန်ဆန်းကျယ်ပြီး သေမင်း၏ တန်ဖိုးထားခြင်းခံရကာ ကျင့်ကြံခြင်းတွင်လည်း သူ့ထက် မြင့်မားပေသည်။
"ကျုပ်အထင် သူက တစ်ခုခုကို ဖုံးကွယ်ထားတာ ဖြစ်ရမယ်။ ဒါကလည်း အမှောင်မြို့ကို ထိခိုက်အောင် ကြံနေတာ ဖြစ်လိမ့်မယ်"
ရွှမ်မူက ကုန်းတိုက်လိုက်ပြီး ကောင်းကင်သို့ တစ်ချက်ခိုးကြည့်လိုက်၏။ သေမင်း၏ ဝိညာဥ်အသိစိတ်က အမှောင်မြို့တစ်ခုလုံးနှင့် ပေါင်းစပ်ထားသောကြောင့် သူ၏စကားကို ကြားနိုင်ပေလိမ့်မည်။
"တန်းယွမ်က ငါတို့မျက်စိအောက်မှာ မကောင်းကြံတာမျိုး ခွင့်မပြုနိုင်ဘူး။ ငါက အောက်ဘုံရဲ့တည်နေရာကို သိထားလို့ နောက်လိုက်တွေကို စစ်ဆေးခိုင်းလိုက်မယ်"
သူ၏ရည်ရွယ်ချက်ကို နားလည်သော ကုန်းမန်ကလည်း ပူးပေါင်း၍ ပြောဆိုလိုက်သည်။ ထို့နောက် ထိပ်တန်းကြယ်သခင် တစ်ယောက်နှင့် ကောင်းကင်ကြယ်သခင် ငါးယောက်က နန်းတော်အတွင်း ထွက်ပေါ်လာကြသည်။
"အောက်ဘုံရဲ့ အခြေအနေကို သွားစစ်ဆေးစမ်း။ ဒါပေမယ့် စမ်းသပ်မှုကိုတော့ မနှောင့်ယှက်ရဘူး"
ကုန်းမန်သည် ငယ်သားခြောက်ယောက်ကို အမိန့်ပေးလိုက်သောအခါ သူတို့က ပြိုင်တူခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် သူက အခန်းတစ်ခုအတွင်းရှိ အစီအရင်ကို ပြုပြင်ပြောင်းလဲကာ ငယ်သားများကို အမှောင်မြို့အပြင်ဘက်သို့ စေလွှတ်လိုက်သည်။ ထိုအချိန်တွင် တန်းယွမ်၏မျက်လုံးများ ဖြတ်ခနဲ ပွင့်လာကာ ကုန်းမန်၏လုပ်ရပ်ကြောင့် လေဟာနယ် လှုပ်ခတ်သွားကြောင်း အာရုံခံမိသောအခါ အေးစက်တင်းမာနေသည်။ သို့သော် သူက လေးနက်စွာ စဥ်းစားပြီးနောက် တစ်ချက်ပြုံးကာ ထိုင်ရာမှမထဘဲ တိတ်တဆိတ် ဆက်လက်ကျင့်ကြံခဲ့သည်။
အောက်ဘုံတွင် ယဲ့ချန်သည် သက်တန့်ဆေးကို အောင်မြင်စွာ သန့်စင်ပြီးနောက် အကျိုးကျေးဇူးများစွာ ရရှိခဲ့ပြီး ကျင့်ကြံဆင့်လည်း အခြေတည်သွားခဲ့သည်။ သူက အဆင့်မြင့်ကြယ်သခင်တစ်ယောက် ဖြစ်လာရန် အချိန်သာ လိုအပ်ပြီး နတ်အရိုး၏ ဧရိယာကလည်း ကျောရိုးတလျှောက် ဆက်တိုက်ကျယ်ပြန့်နေသည်။ ထို့ကြောင့် သူ၏ခွန်အားက အချိန်တိုင်း ခုန်ပေါက်တိုးတက်လာနေပြီး အရှိန်အဝါက ရုတ်တရက်ဆန်စွာ မြင့်တက်လာသည်။ သူက မတ်တပ်ထရပ်လိုက်ပြီး နတ်လှံကို စိုက်ကြည့်ကာ တစ်လှမ်းချင်း ချဥ်းကပ်သွားသည်။ ထိပ်တန်းကြယ်သခင်တစ်ယောက်ကိုပင် သတ်နိုင်သော ထိုလက်နက်၏ ဖိအားကြောင့် သူက စိုးရိမ်နေပြီး ဘယ်လက်ရှိ ဓားပျံထိပ်ဖျားပိုင်းကို ဆုပ်ကိုင်ထားခဲ့သည်။ အကယ်၍ နတ်လှံသာ ရုတ်တရက် တိုက်ခိုက်လာခဲ့လျှင် ၎င်းဖြင့် စွမ်းအားများကို ခုခံကာကွယ်နိုင်ပေလိမ့်မည်။
ယဲ့ချန်၏ ခြေလှမ်းများက နှေးကွေးသော်လည်း တည်ငြိမ်နေသဖြင့် လူတိုင်းက စိုးရိမ်စိတ်နှင့် မျှော်လင့်ချက်များ တပြိုင်နက် ဖြစ်ပေါ်နေကြသည်။ ဒဏ္ဍာရီလာ နတ်လက်နက်ကို သူက ရယူနိုင်မည်လားဟု မေးခွန်းထုတ်နေကြစဥ် ခြေသုံးလှမ်းအကွာသို့ ရောက်သောအခါ ၎င်း၏သတ်ဖြတ်လိုစိတ်က ပိုမိုပြင်းထန်လာကာ ကိုယ်ထည်မှာ တဆတ်ဆတ် တုန်ခါနေ၏။ သို့သော် သူက ၎င်းကို ထိပ်တိုက်ရင်ဆိုင်ပြီး ဆက်တိုးသွားရင်း နတ်လှံကို ဆုပ်ကိုင်ပြီးလျှင် ဓားပျံလက်နက်ဝိညာဥ်ဖြင့် ဖိနှိပ်ပစ်မည်ဟု တွေးထားခဲ့သည်။
"ဘန်း"
နောက်ထပ်ခြေတစ်လှမ်းအတိုးတွင် သူ၏ညာလက်က လှံရိုးကို ဆုပ်ကိုင်မိသွားကာ အစွမ်းထက် အရှိန်အဝါတစ်ခု ဘက်ပေါင်းစုံသို့ ပြန့်ထွက်လာသည်။ ၎င်းက ပတ်ဝန်းကျင်မှ ကြယ်အပျက်အစီးများကို လွင့်ထွက်သွားစေသော်လည်း သူ၏ရုပ်ခန္ဓာကို ဖြတ်သန်းသွားရုံသာဖြစ်၍ အန္တရာယ်မရှိပေ။ သူ့ကို လက်နက်ဝိညာဥ်က ဆက်သွယ်လာပြီး ရွှေပိုင်နက်သားရဲအောက် မနိမ့်ကျသော ဧရာမသတ္တဝါကြီးတစ်ကောင် ဖြစ်နေခဲ့သည်။ ဟင်းလင်းပြင် နတ်လှံ၏ဖိအားကို သူက သန်မာသော စိတ်ဓာတ်ဖြင့် ကြံ့ကြံ့ခံရင်း နောက်ဆုံးတွင် ဆုပ်ကိုင်နိုင်ခဲ့သောအခါ လက်နက်ဝိညာဥ်က ပိုင်ရှင်အဖြစ် လက်ခံပေးခဲ့သည်။ ထို့ကြောင့် နတ်လှံသည် ယဲ့ချန်၏ လက်နက်အဖြစ်သို့ ရောက်ရှိသွားကာ ဓားပျံလက်နက်ဝိညာဥ်ဖြင့် ဖိနှိပ်ရန်ပင် မလိုအပ်တော့ပေ။ ၎င်းသည် အသုံးပြုသူ၏ ခွန်အားကို မြှင့်တင်ပေးနိုင်သောကြောင့် သူ၏အရှိန်အဝါ ဆက်တိုက်မြင့်တက်လာ၏။ အကယ်၍ နတ်လှံမရှိလျှင် သူက ကောင်းကင်ကြယ်သခင်တစ်ယောက်ကိုသာ တိုက်ခိုက်နိုင်သော်လည်း ၎င်းဖြင့်ဆိုလျှင် ထိပ်တန်းကြယ်သခင်တစ်ယောက်ကိုပင် သေချာပေါက် ဆန့်ကျင်နိုင်ပေလိမ့်မည်။
"ယဲ့ချန် မင်း အောင်မြင်သွားပြီလား"
ထိုအချိန်တွင် ယဲ့ချန်၏ အပေါင်းအပါများက စုဝေးရောက်ရှိလာကာ ခြင်္သေ့ကြီးက လေးစားစွာ မေးလိုက်သည်။
"ကျုပ်လည်း ဒီလိုထင်ပါတယ်"
ယဲ့ချန်က ခေါင်းညိတ်ပြလိုက်ပြီး နတ်လှံသည် သူ၏အရှိန်အဝါနှင့် ဖြည်းညှင်းစွာ ပေါင်းစပ်နေကြောင်း ခံစားလိုက်ရသည်။ သူက ဝိညာဥ်ကောင်များစွာနှင့် ၎င်းကို ပေါင်းစပ်ပေးလိုက်သောအခါ မူလတွင် အားနည်းနေသည့် လက်နက်ဝိညာဥ်မှာ ဝိညာဥ်ကောင်များကို ဝါးမျို၍ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိလာသည်။ ၎င်းက ဒဏ္ဍာရီလာ မြေအဆင့်လက်နက် ဖြစ်သောကြောင့် နောက်လိုက်များက အားကျခြင်းကြီးစွာဖြင့် ငေးမောနေကြသည်။
နတ်လှံ၏ တိုက်ခိုက်ရေးစွမ်းအားက မြင့်မားသောကြောင့် ယဲ့ချန်သည် အလွန်ကျေနပ်နေသည်။ ထိုအချိန်၌ ၎င်းက တဆတ်ဆတ်တုန်ခါလာ၍ လက်နက်ဝိညာဥ်သည် သူ့ကို ဆက်သွယ်ကာ သတိပေးလာခဲ့သည်။
"ငါတို့ဆီကို ကျင့်ကြံသူခြောက်ယောက် ဦးတည်လာနေတယ်။ ထိပ်တန်းကြယ်သခင် တစ်ယောက်နဲ့ ကောင်းကင်ကြယ်သခင် ငါးယောက်"
ယဲ့ချန်က ခပ်တိုးတိုး ရေရွတ်လိုက်ပြီး မျက်လုံးများတွင် အေးစက်စက် အလင်းတစ်ခု ဖြတ်ခနဲ ဖြစ်ပေါ်လာသည်။ အောက်ဘုံတွင် နယ်ခြားသရဲများမှလွဲလျှင် အခြားမျိုးနွယ်များမရှိသကဲ့သို့ ကျင့်ကြံဆင့်အရ စမ်းသပ်မှုတွင် ဝင်ရောက်ယှဥ်ပြိုင်နေသူများ မဖြစ်နိုင်ရာ တစ်ခုခု မှားယွင်းနေခဲ့လေသည်။