← Chapters

ကျောင်းပွဲတော်နေ့

Vol. 11 Ch. 2

ကျောင်းပွဲတော်နေ့

Vol. 11 Ch. 2

ဘာလိုလိုနဲ့ကျောင်းပွဲတော်နေ့က ရောက်လာပြီ။ ပွဲမစခင် နှစ်ရက်လောက်အလိုကတည်းက ကျောင်းသားတွေက ပွဲတော်အတွက်ပြင်ဆင်နေကြပြီမလို့ ဆရာတွေလည်း ကျောင်းစောဆင်းပေးတာမျိုး လုပ်ပေးခဲ့ပါတယ်။ တခြားအတန်းတွေနည်းတူ အထူးတန်းလည်း သူတို့ပြဇာတ်အတွက် အသင့်ဖြစ်နေပြီ။

“ဒါက ငါမြင်ဖူးသမျှထဲမှာ ပျင်းစရာအကောင်းဆုံး စနိုးဝှိုက်ပဲ။ ဒီအတိုင်းသာဆိုရင် ဒီနှစ်ငါတို့ပြဇာတ်တော့ ဂွမ်းပြီ။”

တိုက်ပွဲကွင်းပြင်မှာ အသင့်ပြင်ဆင်ပြီးပြီဖြစ်တဲ့ ပြဇာတ်ဇာတ်စင်ရဲ့နောက်မှာ အထူးတန်းက အဖွဲ့သားတွေအကုန်လုံးရှိနေပြီးတော့ ပြဇာတ်မကခင် နောက်ဆုံးအနေနဲ့ လေ့ကျင့်နေကြတယ်။ ဘယ်လာက လီနာလေ့ကျင့်နေတာကိုကြည့်ရင်း သက်ပြင်းရှည်ကြီးချလိုက်ရင်း ပြောလိုက်တာ။ ဘယ်လာနဲ့အတူထိုင်နေတဲ့ နျူရေကလည်း ခေါင်းညိတ်လိုက်တယ်။ အခုလီနာက တောထဲမှာ စွန့်ပစ်ခံရတဲ့အခန်းကို သရုပ်ဆောင်နေတာဖြစ်ပြီး ရုပ်က မျက်နှာသေနဲ့ပါ။

“ညကလည်းမှောင်လာပြီ။ အလင်းရောင်လဲမရှိတော့ဘူး၊ တောကောင်တွေရဲ့အသံလည်းကြားနေရတယ်။ ကြောက်လိုက်တာ...”

ဒိုင်ယာလော့တစ်ကြောင်းကို လီနာရွတ်ပြပြီးနောက်မှာ နျူရေတို့ပိုသေချာသွားပြီ။ လီနာသရုပ်ဆောင်တဲ့ပုံစံက တစ်မျိုးဖြစ်နေတာကြောင့် စနိုးဝှိုက်က တောထဲမှာ မျက်စိသူငယ်နားသူလည်နဲ့ ကြောက်လန့်နေတဲ့ သနားစရာကလေးမဖြစ်ရမယ့်အစား ကြောက်စရာ စိတ္တဇလူသတ်သမားရုပ်ပေါက်နေပြီ။

“တခြားဟီးရိုးကျောင်းတွေကလည်း ငါတို့ကျောင်းပွဲတော်ကိုလာမှတဲ့။ ငါတို့ရဲ့ကြောက်စရာ စနိုးဝှိုက်ပြဇာတ်ကိုမြင်ပြီး အားလုံးထွက်မပြေးလောက်ပါဘူးနော်။”

ဘယ်လာက သေချင်နေတဲ့မျက်လုံးတွေနဲ့ လီနာကိုကြည့်နေရင်းကနေ နျူရေကို ပြောလိုက်တယ်။ နျူရေကတော့ ပခုံးတွန့်ပြလို့။

“စလာကတည်းက ပြဇာတ်ထည့်မိတာကိုမှားတာ။ ဘော့စတွန်နည်းပညာဟီးရိုးကျောင်းဆိုရင် ပြဇာတ်အစား ဘရိတ်ဒန့်ထည့်ပြီး Youtube ပေါ်မှာ နာမည်ကြီးသွားတယ်ဆိုလား။”

“အေးနော်၊ ပြဇာတ်က ကျောင်းတိုင်းလိုလိုမှာ နှစ်တိုင်း ထည့်နေကြတာဆိုတော့ လူတွေငြီးငွေ့နေကြပြီ။”

“မတတ်နိုင်ဘူးလေ၊ ဆရာအီဂိုက ပြဇာတ်မှပြဇာတ်ဖြစ်နေတာကိုး။” တကယ်လည်း အထူးတန်းက တခြားအတန်းတွေလိုမျိုး မဲစနစ်နဲ့ ရွေးချယ်ပိုင်ခွင့် မရလိုက်ဘူးလေ။

သူတို့စကားပြောနေတုန်း လေ့ကျင့်ရာကနေ ပြန်လာတဲ့ မင်းသားလေးအီဗန်က လက်တပြပြနဲ့ နျူရေဆီကို ပြေးလာတယ်။

“နျူရေ၊ ပွဲတော်မှာ လျှောက်လည်ကြမယ်လေ။”

နျူရေက အီဗန်ကိုမော့ကြည့်လိုက်ပြီး နာရီကို ပြန်ငုံ့ကြည့်ပါတယ်။ ဆယ်နာရီထိုးပဲရှိသေးပြီး သူတို့ပြဇာတ်က ညနေပိုင်းနေအေးတဲ့အချိန် လေးနာရီမှစမှာပါ။

“စိတ်ပြေလက်ပျောက် တခြားအတန်းတွေ ဘာလုပ်နေလဲ လိုက်ကြည့်တာလည်း မဆိုးဘူးပဲ။ ပြောရရင် တစ်မနက်လုံးလေ့ကျင့်နေရလို့ အန်ချင်စိတ်တောင်ပေါက်နေပြီ။”

“ဒါဖြင့်လည်း ကျွန်တော့်ဘုရင်မလေးကို လိုက်ပါစောင့်ရှောက်ပါရစေ။”

အီဗန်က စပ်ဖြီးဖြီးနဲ့စလာတော့ နျူရေက အီဗန့်ဗိုက်ကို တံတောင်နဲ့တွက်လိုက်တယ်။ ဒါပေမဲ့ မျက်နှာမှာ ရှက်သွေးဖြာသွားတာကိုတော့ ဖုံးကွယ်လို့မရခဲ့ဘူး။ အရင်နှစ်ကျောင်းပေါင်းစုံပြိုင်ပွဲကတည်းက သူတို့ဆက်ဆံရေးက နည်းနည်းထူးဆန်းနေပြီးပြီ။ အချိန်ကြာလာတာနဲ့အမျှ အီဗန်က သူ့အနားပိုပြီးတွယ်ကပ်လာလေပဲ။

“ကောင်းပြီလေ၊ သွားကြတာပေါ့။” နျူရေက အီဗန့်လက်ကို ဆွဲလိုက်တယ်။ အဲဒီနောက်တော့ တိုက်ပွဲကွင်းပြင်ရဲ့အပြင်ဘက်ကို ထွက်လိုက်ပါတယ်။ တိုက်ပွဲကွင်းပြင်နဲ့နှလုံးပုံရေကန်တို့က တောအုပ် Bနဲ့ တောအုပ် A ဧရိယာတွေထဲမှာ ရှိနေကြတာပါ။ အဲဒီ အထင်ကရနေရာနှစ်ခုကြားမှာတော့ မိန်းလမ်းမကြီးတစ်ခုရှိတယ်။ အခုအဲဲဒီလမ်းမက ကျောင်းပွဲတော်ရဲ့ပွဲစျေးကျင်းပရာနေရာဖြစ်နေပြီး ကျောင်းအတန်းတိုင်းလိုလိုက ဆိုင်လေးတွေလာဖွင့်ကြတယ်။

“အီဗန်၊ ဟိုမှာကြည့်။ အရုပ်လုပ်တဲ့ရောင်စုံရွံနဲ့ အရုပ်မျိုးစုံလုပ်ရောင်း​နေတဲ့ဆိုင်တဲ့။ ပထမနှစ်တွေမှာ ဒီလိုအရည်အချင်းမျိုးနဲ့ကျောင်းသားတွေ ရှိနေမယ်လို့ ထင်မထားဘူး။”

နျူရေက ဆိုင်လေးတွေကို ပတ်ကြည့်ရင်းကနေပြီး ဆိုင်တစ်ခုကို နာမည်ဖတ်ကြည့်ရုံနဲ့ အတော်စိတ်ဝင်စားသွားတယ်။ အီဗန်ကတော့ ချက်ချင်းမျက်နှာပျက်သွားပြီး

“အဲဒါ၊ ပထမနှစ် အတန်း Dက ဂျူနီယာနန်စီဖွင့်ထားတာ။ သူက နည်းနည်းထူးဆန်းတာမလို့ ဝင်ကြည့်လို့ ကောင်းချင်မှကောင်းမှာ...”

အီဗန်က တားဖို့လုပ်လိုက်ပေမဲ့ နျူရေက ဆိုင်ထဲရောက်သွားပြီမလို့ စကားကိုမဆုံးသေးဘဲ ရပ်လိုက်ရတယ်။ ပြီးတော့ နောက်အကြောင်းအရင်းရှိသေးတယ်။ အဲဒီဆိုင်မှာ ရောင်းနေသမျှ အရုပ်ကလေးတွေက...

“ဟမ်...ရှေ့ဆုံးမှာပြထားတဲ့ရုပ်ထုက ကျောင်းအုပ်က ကြိုးတစ်လုံးရေကူးဝတ်စုံနဲ့ပြေးနေတဲ့ ရွံရုပ်ထု။ ဒီမှာက ဖရာလီတာက မျက်နှာမပါတဲ့လူတစ်ယောက်ရဲ့ခေါင်းကို ဒေါက်ဖိနပ်နဲ့ တက်နင်းပြီး အရူးလိုရယ်နေတဲ့အရုပ်။ ဒါက ဝိုင်သောက်နေတဲ့ ဖလေရာအရုပ်။ ဘုရားရေ... မစ်ရှင်အဖွဲ့တစ်ခုလုံးရဲ့ရှက်စရာကောင်းတဲ့ပုံစံနဲ့ အရုပ်တွေကို တင်ရောင်းနေတာပဲ။ ပြီးတော့ အထူးတန်းက ကျောင်းသားတွေအရုပ်တွေရောပဲ။”

ဖျောက်... ဖျောက်...

နျူရေက ချက်ပေါ်အင်္ကျီလေးနဲ့ဆိုင်ကယ်စီးနေဟန်ထုထားတဲ့ သူ့အရုပ်သူမြင်လိုက်ရပြီးနောက်မှာတော့ လက်ဆစ်တွေကို စချိုးတယ်။ အရုပ်တွေရဲ့ဖန်တီးရှင် နန်စီဆိုတဲ့ကောင်မလေးကတော့ တစ်ကိုယ်လုံးတဆတ်ဆတ်တုန်နေပြီ။

“ဘုရင်မကြီးရေ၊ ဒါက ကျောင်းသားတွေအပျော်လုပ်ထားတာလေ။ စိတ်ဆိုးလို့မကောင်းဘူးမဟုတ်လား။ ဒီတိုင်းထားပြီး နောက်ဆိုင်တွေသွားလည်ကြရအောင်။”

အီဗန်က ဖျန်ဖြေမှပဲ နျူရေက စိတ်လျှော့ပြီးသက်ပြင်းချလိုက်တယ်။ ပြီးတဲ့နောက် နန်စီကို နဖူးတောက်လိုက်ပြီးပြောတယ်။

“ဂျူနီယာလေး၊ နောက်ဆိုရင် ကာယကံရှင်ရဲ့ခွင့်ပြုချက်မရဘဲ အဲဒီလိုအရုပ်တွေ လုပ်မရောင်းနဲ့။”

“ဟုတ်... ဟုတ်ကဲ့ပါရှင့်။”

နျူရေက ပြောပြောဆိုဆိုနဲ့ ရှေ့ကနေထွက်သွားရော။ အီဗန်ကတော့ နောက်ကနေ မသိမသာခွာကျန်နေရစ်ခဲ့ပြီး နန်စီလက်ထဲကို ပိုက်ဆံတွေအထပ်လိုက်ထိုးပေးလိုက်ပါတယ်။

“ငါ့အတွက် နျူရေအရုပ်ကလေးသိမ်းထားပေး။ တခြားသူတွေကို မရောင်းနဲ့နော်။ ပွဲပြီးခါမှ လာယူမယ်။”

“ဟုတ်ကဲ့ပါ၊ စီနီယာအီဗန်။”

စီနီယာနဲ့ဂျူနီယာနှစ်ယောက်က တစ်ဖက်နဲ့တစ်ဖက် အပေးအယူတည့်သွားပြီး တစ်ယောက်ကိုတစ်ယောက် ပြိုင်တူပြုံးပြလိုက်ကြတယ်။ ဒါပေမဲ့ စက္ကန့်အနည်းငယ် ကြာချိန်မှာပဲ အီဗန်က အန္တရာယ်အငွေ့အသက်ကိုခံစားမိတာကြောင့် နောက်လှည့်ကြည့်လိုက်တော့ နျူရေက သူ့ကိုနောက်ကနေ လက်ပိုက်ကြည့်နေနှင့်ပြီးပြီ။

“အီဗန်... ရှင်က ဘာကိစ္စ ကျွန်မအရုပ်ကို ခိုးဝယ်ပြီးသိမ်းဖို့လုပ်နေတာလဲ။”

“သေပါပြီဗျ...”

အဲဲဒီနောက်တော့ နျူရေက အီဗန်ကိုနားထင်မွှေးကနေ ဆောင့်ဆွဲပြီး စျေးပွဲတော်ကို ဆက်လျှောက်ပါလေရော။ အီဗန်ကတော့ နောက်ကနေ ကားယားကားယားနဲ့ တရွတ်တိုက်ကြီးပါသွားတော့တာပေါ့။

...

“နောက်ဆုံးတော့ ပုံမှန်နဲ့တူတဲ့ဆိုင်တွေ့ပြီ။”

အီဗန်နဲ့နျူရေတို့က အစွမ်းကုန်ပြုံးထားတဲ့မျက်နှာနဲ့ တာလီယာရဲ့ဆိုင်ရှေ့မှာ ရပ်လိုက်တယ်။ တာလီယာနဲ့ ယုတိုတို့က တစ်ဆိုင်တည်းမှာရှိနေကြတာဖြစ်ပြီးတော့ သူတို့ဆိုင်က တစ်ဆိုင်တည်းဆိုပေမဲ့ ရောင်းတဲ့ကုန်ပစ္စည်းက မတူကြဘူးရယ်။

“အယ်... ဒီတော့ တာလီယာက ဟော့ဒေါ့လုပ်ရောင်းနေပြီး ယုတိုက ဆူရှီလုပ်ရောင်းနေတာပေါ့။ ဒါပေမဲ့ ဆိုင်ဆိုင်းဘုတ်က အတန်း B ဟော့ဒေါ့ဆိုင်ဆို။”

နျူရေက မေးလိုက်တော့ တာလီယာက ပြုံးထားရင်းနဲ့ပဲ ပြန်ဖြေပါတယ်။ “အစကတည်းက ဟော့ဒေါ့တစ်မျိုးပဲ ရောင်းဖို့စီစဥ်ထားတာဆိုပေမဲ့ ယုတိုက ဟော့ဒေါ့ကို ကျန်းမာရေးနဲ့မညီညွတ်လို့ မလုပ်နိုင်ဘူးဆိုပြီး ဇွတ်ငြင်းရာကနေ ဒီလိုဖြစ်သွားတော့တာပဲ။ အချိန်ကလည်းကပ်နေတော့ ဆိုင်းဘုတ်အသစ်လည်း မအပ်နိုင်တော့ဘူး။”

နောက်တော့ တာလီယာက ဖြစ်ခဲ့တာတွေကို အသေးစိတ် ပိုရှင်းပြတယ်။ အတန်းသားတွေက ဟော့ဒေါ့အတွက်ပဲ ပြင်ဆင်ထားတာမလို့ ဆူရှီအတွက်ကုန်ကြမ်းမရှိပေမဲ့ ယုတုက အကုန်လုံးသူ့ဘာသာဝယ်လာခဲ့တာဆိုပဲ။ ပြီးတော့ တော်တော်လည်းကျွမ်းကျင်သေးတယ်။ အီဗန်က ယုတိုတစ်ယောက် လက်လက်ဆတ်ဆတ်ဆူရှီလုပ်နေတာကို ကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်တယ်။

“အမယ်၊ မင်းက တကယ့်ဆူရှီစားဖိုမှူးအတိုင်းပါပဲလား။”

“နယူးယောက်ကျောင်းကို ဝင်ခွင့်မလျှောက်ခင်တုန်းက ကျောင်းလခမရှိတာနဲ့ ဆူရှီဆိုင်မှာ အချိန်ပိုင်းဝင်လုပ်ရင်း တတ်လာတာလေ။” ယုတိုက တိုတိုတုပ်တုပ်ပြန်ဖြေတယ်။ အီဗန်က ယုတိုအတည်ပြောနေမှန်း သတိထားမိသွားပြီး ဝမ်းနည်းမိသွားတယ်။

“ဘုရားရေ၊ ယုတိုက သူ့ဘဝကြီးကို Hard Mode ဖွင့်ပြီး ကစားနေတာပဲ။ ငါလည်း အမေသာမရှိရင် ဒီကျောင်းကို တက်နိုင်မှာမဟုတ်ဘူး။”

နောက်တော့ နျူရေပါသနားသွားပြီး ယုတိုရဲ့ဆူရှီတွေကို ဝယ်အားပေးဖြစ်သွားတယ်။ တအားကြီးအဆင့်မြင့်တဲ့ ဆူရှီမျိုးမဟုတ်ပေမဲ့ တူနာငါးသေတ္တာအသားနဲ့အခြေခံ အသီးအနှံတချို့ပါတယ်။ အဲဒီအပေါ်မှာမှ မရောနိစမ်းပေးတဲ့ အမြန်စာစားသောက်ဆိုင်က စျေးပေါပေါ ဆူရှီမျိုးပါ။ ဒါပေမဲ့ ယုတိုက သူတို့ရှေ့မှာတင် လုပ်ပြပေးနေတာဖြစ်ပြီး သန့်ရှင်းလက်ဆတ်အရသာကောင်းတယ်။

“အချိန်လည်းလင့်နေပြီဆိုတော့ နောက်တစ်နေရာ သွားကြည့်ကြမလား။”

နျူရေက ဆယ့်နှစ်နာရီထိုးပြီဆိုတာ ပြနေတဲ့ နာရီကိုကြည့်ပြီး ပြောလိုက်တယ်။ ပြဇာတ်က လေးနာရီဆိုပေမဲ့ ပြဇာတ်အဖွဲ့သားတွေအနေနဲ့ စောရောက်ဖို့လိုတယ်လေ။

“ပွဲစျေးတန်းတစ်ခုလုံး လည်ပြီးသွားပြီဆိုပေမဲ့ ကျောင်းအတွင်းဧရိယာတွေကျန်သေးတာပဲ။ ဒုတိယနှစ်ကတော့ ဘာတွေလုပ်မယ်ဆိုတာ ငါတို့သိထားတော့ နောက်မှသွားလည်ရအောင်။ ပထမနှစ်ကို အရင်သွားလည်တာပေါ့။”

အီဗန်ကပြောလိုက်တယ်။ နျူရေက လေပူတွေမှုတ်ထုတ်ရင်းကနေ ခေါင်းညိတ်လိုက်တယ်။ “အင်း၊ ဒုတိယနှစ်က လူနည်းတာနဲ့ အတန်းတွေအကုန်လုံးပေါင်းပြီး ဒုတိယနှစ်တစ်ဆောင်လုံးကို သရဲအိမ်အဖြစ်ပြောင်းပစ်လိုက်တယ်ကြားတယ်။ ဟီးရိုးတွေပဲဖြစ်နေပြီဆို ဘယ်သူက သရဲကြောက်မှာလဲ။”

“ဒါပေမဲ့ ပျော်ဖို့ကောင်းမယ်လို့ ထင်မိသား။” အီဗန်က နျူရေကြောက်ပြီးသူ့ကိုလာဖက်မလားဆိုတာ တွေးမိတာနဲ့တင် လည်ချင်စိတ်ပေါက်နေပြီ။ ဒါပေမဲ့ သူတို့အတွဲမှာ ဆုံးဖြတ်ချက်ချတာက နျူရေဆိုတော့ ပထမနှစ်အဆောင်ဘက်ကို အရင်ကူးဖြစ်သွားကြတယ်။

ပထမနှစ်က အခန်းတော်တော်များများက လက်ဖက်ရည်ဆိုင်တို့၊ ဗေဒင်ဟောတာတို့၊ ရုပ်ရှင်ရုံအသေးလေးဖွင့်တာတို့ လုပ်ထားကြတယ်။ နျူရေတို့လည်း အားလုံးကိုလည်ချင်ပေမဲ့ အချိန်သိပ်မရတာမလို့ ကြည့်ရုံပဲကြည့်လာကြပေမဲ့ တစ်နေရာရောက်တော့ နျူရေက စိတ်ဝင်စားစရာ ဆိုင်တစ်ခုကို ရှာတွေ့သွားတယ်။

“အိမ်စေကဖေးလား။ မဆိုးလောက်ဘူးထင်တယ်။ ဆူရှီစားလာပေမဲ့ နေ့လယ်စာစားချိန်ရောက်ပြီဆိုတော့ ဗိုက်ဝတာတစ်ခုခု ထပ်စားကြမလား။”

“မဆိုးလောက်ဘူးထင်တယ်။”

အဲဒီနောက်တော့ သူတို့နှစ်ယောက်က အိမ်စေကဖေး ထဲကို ဝင်လိုက်ကြတယ်။ တံခါးဝမှာရပ်စောင့်နေတဲ့ အိမ်စေနှစ်ယောက်ကလည်း သူတို့ကို ဦးညွှတ်ပြီး အိမ်စေမဆန်တဆန် နှုတ်ဆက်ကြပါလေရော။

“အိမ်တော်ကနေ ပြန်လည်ကြိုဆိုပါတယ် သခင်လေးနဲ့ သခင်မလေး။”

“.....” အီဗန်က အဲဒီနှစ်ယောက်ကိုကြည့်နေရင်းကနေ ပြောစရာစကားတွေ ပျောက်သွားတယ်။

“နေပါဦး၊ မင်းတို့နှစ်ကောင်ကို ငါစာမေးပွဲတုန်းက တွေ့ဖူးသလိုပဲ။ အဲဒီတုန်းက ယောက်ျားကြီးတွေပါ။”

အီဗန်က ဆံပင်တုနဲ့အိမ်စေဝတ်စုံဝတ်ထားတဲ့ ပထမနှစ်ကျောင်းသား နှစ်ယောက်ကို ခုလိုပြောလိုက်တော့ ကျောင်းသားတွေက ငိုမဲ့မဲ့နဲ့အီဗန်ကို တိုင်ကြပါလေရော။

“စီနီယာအီဗန်... ကျွန်တော်တို့အဖြစ်ကို ကြည့်ပါဦး။ အီးဟီးဟီး...”

“မိန်းကလေးတွေက လူများတယ်ဆိုပြီး သားတို့ကို အနိုင်ကျင့်တယ်...”

“ယောက်ျားလေးသိက္ခာကျပါပြီဗျာ။”

အီဗန်ကတော့ လက်ရှိအခြေအနေကို ဘယ်လိုကိုင်တွယ်ရမှန်းမသိတာကြောင့် မျက်နှာကြီး ဖြူကာပြာကာကျလာတယ်။ နျူရေကတော့ တခိခိနဲ့ ဗိုက်နှိုက်ရယ်နေလေရဲ့။

“ပြဇာတ်ကမယ့်နေရာကို ပြန်သွားရဦးမှာဆိုတော့ အဲဒီကိစ္စခဏထားပြီး ဆိုင်ဝင်ထိုင်ကြရအောင်။ မိန်းကလေးတွေက စားစရာလုပ်ဖို့ တာဝန်ယူထားတာဆိုတော့ တစ်ခုခုကောင်းတာတော့ရမှာပါ။”

အဲဒီနောက်တော့ သူတို့က ခုံတစ်ခုံမှာဝင်ထိုင်ပြီး မီနျူးကို ကြည့်လိုက်ကြတယ်။ တကယ်လည်း ကောင်းတာတွေရှိနေတယ်။

“မှာစရာရှိတာ မြန်မြန်မှာ မြန်မြန်စားပြီးလစ်ဖို့ပြင်ပါ၊ သခင်ကြီးနဲ့သခင်မလေး။”

ရုတ်တရက် ဝိတ်တာဖြစ်ပုံရတဲ့ အိမ်စေတစ်ယောက်က အနားရောက်လာပြီး လေသံမာမာနဲ့ပြောတော့ အီဗန်က မော့ကြည့်လိုက်တယ်။ အဲဒီတစ်ယောက်​က ကိုင်းတိုရူးရူးပြီး ဆံပင်အနီရောင်ဆိုးထားတဲ့ ဖီးလစ်ရယ်။ နေ့တိုင်းလေ့ကျင့်ခန်းလုပ်နေတဲ့သူမလို့ ယဥ်လှတဲ့ အိမ်စေဝတ်စုံက သူ့ကြွက်သားတွေကို မဖုံးနိုင်မဖိနိုင်ဘဲ မာမာတောင့်တောင့်ကြီး။ ဒီတော့ အိမ်စေတစ်ယောက်အနေနဲ့ဆို ဘယ်လိုမှကြည့်မကောင်းတာ။ အီဗန်ဆိုရင် ထပဲပြေးရတော့မလိုလိုဖြစ်နေပြီ။ ဒါပေမဲ့ စားသောက်ဆိုင်ထဲမှာရှိနေကြတဲ့ သူတို့ကျောင်းက ကျောင်းသူတွေနဲ့ အလည်တာတဲ့ ဘော့စတွန်တို့ စူပါအမေရိကတို့ကျောင်းက ကျောင်းသူတွေက သူ့ကိုကြည့်ပြီး နှာခေါင်းသွေးတွေတောင် လျှံနေကြပြီ။

“အဟယ်... ဒီတစ်ယောက်က အဆင်လေးတော့။”

“ပြောမကောင်းတဲ့အိမ်စေပုံစံ သရုပ်ဆောင်နေတာနဲ့တူတယ်။”

“သူ့ကိုအိမ်စေတော်ရတဲ့ သခင်မလေးက တော်တော်ဒုက္ခရောက်မှာပဲနော်။”

အဲဒီစကားသံတွေကိုကြားရလေလေ၊ ဖီးလစ်ရဲ့မျက်နှာကြီးက ပိုပြီးခက်ထန်လာလေလေပဲ။ အီဗန်က ရယ်ချင်စိတ်ကိုမနည်းထိန်းရင်းကနေ မှာစရာရှိတာမှာလိုက်တယ်။

“ငါ့အတွက်က အီတလီခေါက်ဆွဲကို ကြက်သားနဲ့ပေး။ ပြီးရင် ပန်းသီးဖျော်ရည်သောက်မယ်။ နျူရေကရော...”

“ကျွန်မကတော့ ထမင်းနဲ့ကာရီဆိုရင် အဆင်ပြေပါတယ်။”

သူတို့နှစ်ယောက်မှာနေတာကို ဖီးလစ်က ဆောင့်ကြီးအောင့်ကြီးနဲ့ စာရွက်ပေါ်မှာ ချမှတ်လိုက်ပါတယ်။ စိတ်ထဲမှာတော့ ကျေနပ်ပုံ နည်းနည်းလေးမှမရ။

“ဒီအိမ်စေ အခုလိုအရှက်ခွဲခံနေရတာကို တကူးတက လာကြည့်ကြတဲ့အတွက် စီနီယာနှစ်ယောက်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မကြာခင်ကပဲ A- ကနေ A အဆင့်ကိုတက်ထားတာမလို့ စီနီယာအီဗန်ကို လာတွေ့ပါဦးမယ်။ ခုတော့ စားစရာရှိတာ စားကြပါ။”

ခဏနေတော့ ဖီးလစ်က စားစရာတွေနဲ့အတူပြန်လာပြီး အထက်က စကားတွေကိုပြောလိုက်တယ်။ အီဗန်က အိမ်စေကဖေးထဲမှာ ဆက်နေရဖို့ကို ကျောချမ်းလာပြီ။

‘ချီးထဲမှ၊ ဖီးလစ်ဆိုတဲ့ကောင်က ငါတို့ကို တကယ်ကြီး အထင်လွဲနေတာပဲ။ စားစရာတွေထဲတော့ အဆိပ်မခတ်လောက်ပါဘူးနော်။’

အီဗန်က အီတလီခေါက်ဆွဲကို ခက်ရင်းနဲ့ထိုးဖွရင်းကနေ စိတ်ထဲမှာ တွေးလိုက်တယ်။ နျူရေကတော့ စစားနေပြီဖြစ်ပြီး အီဗန်လုပ်နေတာတွေကို ကြည့်ရင်းက သတိပေးလိုက်တယ်။

“မြန်မြန်စားလေ၊ အခုတစ်နာရီထိုးတော့မယ်။”

“ဟူး...”

အီဗန်က လေပူတွေ မှုတ်ထုတ်လိုက်တယ်။ သူက တခြားစားပွဲဝိုင်းတွေကိုသွားပြီး လေသံမာမာနဲ့မေးနေတဲ့ ဖီးလစ်ကို တစ်ချက်ကြည့်ပြီးမှ အီတလီခေါက်ဆွဲကို ပါးစပ်နားတေ့လိုက်တယ်။

“ဒီကောင် အဆိပ်တော့မခတ်လောက်ပါဘူးလေ။ တစ်ခုခုမကျေနပ်တာရှိရင် စားပွဲအောက်ကနေလုပ်ကြံဖို့ထက် ငါ့ကိုမီးနဲ့ကင်မယ့်ကောင်မျိုး။”

...

All Chapters