နတ်ဂိုဏ်းသခင်လေး
Vol. 80 Ch. 1037
ချင်မူလည်း နတ်ဘုရင်လန်ဝူနည်းတူ သံသယဝင်မိသည်။ ရှေးဟောင်းစစ်နတ်ဘုရား ဖြစ်သည့်အလျောက် အနောက်နတ်မင်းသည် ထိုမျှမရိုးရှင်းနိုင်ချေ။ သို့သော် သူ့အတွက် အနောက်နတ်မင်း ရိုးသားသည်ဖြစ်စေ၊ မရိုးသားသည်ဖြစ်စေ အရေးမကြီး။ အနောက်နတ်မင်း အသက်ရှင်ကျန်ခဲ့ရန်နှင့် အနောက်ဝင်ရိုးစွန်းမှ ကောင်းကင်စက်မှုလက်မှုလုပ်သားများ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသို့ သွားရောက်နိုင်ရန်က ပို၍အရေးကြီးသည်။
ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၌ လက်မှုပညာသည်များစွာ ရှိခဲ့သော်လည်း ယခုတွင် ကောင်းကင်လက်မှုပညာရှင်ဟု ခေါ်ဆိုနိုင်သော နတ်လက်မှုပညာသည်အနည်းငယ်သာ ရှိတော့သည်။ မျိုးဆက်သစ်များအား ပျိုးထောင်နေရဆဲဖြစ်သဖြင့် လေ့ကျင့်သင်ကြားပေးရန် အနောက်၀င်ရိုးစွန်းမှ ထိပ်တန်းကောင်းကင်စက်မှုလက်မှုပညာရှင်များကို လိုအပ်သည်မှာ အမှန်ပင်။
ချင်မူနှင့် သိကြားဗုဒ္ဓသည် ရင်းနှီးသော်လည်း သိကြားဗုဒ္ဓက ခိုင်ဧကရာဇ်၏ စစ်နတ်ဘုရား ဖြစ်နေသေးသည်။ ထို့အပြင် သူ့မှာ အချစ်ကိစ္စကြောင့် ပြဿနာများနေရာ ဘယ်ဆီရောက်၍ ဘယ်ပျောက်နေမှန်း မသိရပေ။
ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေးကို ဖြတ်ကျော်ပြီးနောက်တွင်တော့ သိကြားဗုဒ္ဓသည် အားကိုး၍မရကြောင်း ချင်မူ သိခဲ့ရပြီး ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှ ဒေသခံလူငယ်များအား ပျိုးထောင်ပေးခြင်းကသာ အမျှော်မြင်အရှိဆုံး လုပ်ဆောင်ချက်ဖြစ်နိုင်မှန်း သဘောပေါက်ခဲ့ရသည်။
ခိုင်ဧကရာဇ်ခေတ်အစောပိုင်းအချိန်များတွင် နောက်လိုက်တစ်စုသည် ခိုင်ဧကရာဇ်နှင့်အတူ ကမ္ဘာလောကတခွင် စွန့်စားလှည့်လည်သွားလာခဲ့ကြသည်။ သူတို့မှာ ထိုစဉ်က လူမသိ၊ သူမသိများ ဖြစ်ခဲ့ကြသော်လည်း နောက်ပိုင်း၌ ခိုင်ဧကရာဇ်၏ ကောင်းကင်နတ်ဧကရာဇ်လေးပါးနှင့် ကောင်းကင်ဆရာလေးဦးအဖြစ် ဂုဏ်သတင်း ကျော်စောလာခဲ့၏။ သို့သော် ချုံဧကရာဇ်ခေတ်၏ နာမည်ကြီးပုဂ္ဂိုလ်များကမူ ခိုင်ဧကရာဇ်ခေတ်အတွင်း မည်သည့်အရေးကြီးကိစ္စတွင်မှ ဝင်ရောက်ပါဝင်ခြင်းမရှိသလို၊ အောင်မြင်မှုများလည်း မရရှိခဲ့ချေ။
ထာ၀ရငြိမ်းချမ်းရေးအင်ပါယာအနေဖြင့် ၎င်းကို သာဓက ယူနိုင်၏။
ချင်မူနှင့် အနောက်နတ်မင်းလည်း တိုင်ပင်ဆွေးနွေးပြီးနောက် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသို့ စေလွှတ်မည့် ကောင်းကင်စက်မှုလက်မှုပညာရှင်အရေအတွက်ကို ဆုံးဖြတ်လိုက်ကြ၏၊ ထိုကောင်းကင်စက်မှုလက်မှုပညာရှင်တို့ မီးဖိုများ၊ နတ်လက်နက်များ သယ်ဆောင်လျက် စွမ်းအင်အကူးအပြောင်းတံတားမှ ဖြတ်သန်းသွားကြသည်ကို ကြည့်ပြီးနောက်မှသာ ချင်မူ စိတ်အေးသွားသည်။
ကျန်ရှိသည့် ကောင်းကင်စက်မှုလက်မှုပညာရှင်တို့က ကောင်းကင်နဂါး ရတနာရထားလှည်းအား ဆက်လက်ပြုပြင်နေကြသည်။ ရတနာရထားလှည်းမှာ အင်မတန် ရှုပ်ထွေးသည့်အပြင် အထူးချွန်ဆုံး စက်မှုလက်မှုလုပ်သားများက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသို့ ထွက်သွားကြပြီဖြစ်သည့်အတွက် သိပ်မကျွမ်းကျင်သူသာ ကျန်ခဲ့သည်။ ထို့ကြောင့် ချင်မူကိုယ်တိုင် ပြုပြင်ပေးရလေသည်။
အနောက်နတ်မင်းက သူ့ကို ကူညီရင်း ရယ်သည်။ “နင်က ကောင်းကင်နတ်အရှင် ဖြစ်ပြီးတော့ ဒါတွေလည်း သိတာပဲလား”
ချင်မူမှ နဖူးမှ ချွေးကို သုတ်လိုက်သည်။ “ကျွန်တော်က အရင်တုန်းက နွားကျောင်းတဲ့ ပန်းပဲဆရာလေဗျာ... ဒါတွေက ကျွန်တော့်ရဲ့ အရင်အလုပ်တွေလို့ ပြောလို့ရတယ်”
အနောက်နတ်မင်းက စပ်စပ်စုစု မေး၏။ “နွားကျောင်းတဲ့ ပန်းပဲဆရာ ဟုတ်လား... နင် တခြားဘာတွေရော လုပ်တတ်သေးလဲ”
ချင်မူက တခဏ စဉ်းစားပြီးနောက် ဖြေ၏။ “ပန်းချီဆွဲနိုင်တဲ့ ဆေဆရာ၊ ဓားတွေ၊ ဓားမတွေ လွှဲနိုင်ခုတ်နိုင်တဲ့ ဗေဒင်ဆရာ၊ ဓမ္မလေးနက်တဲ့ သူခိုး... အင်း... ပြီးတော့ ပရိဘောဂတွေ လုပ်နိုင်တဲ့ အပ်ချုပ်သမားလည်း ဟုတ်တယ်”
အနောက်နတ်မင်းမှာ မပြုံးမိဘဲ မနေတော့ပေ။ “နင်က တကယ်ကို တောသားပဲ... မြင့်မြတ်တည်ကြည်လွန်းတဲ့ တခြားကောင်းကင်နတ်အရှင်တွေနဲ့ မတူဘူး... သူတို့ဆို ပြောပုံဆိုပုံကအစ နား၀င်ချိုနေရော”
ချင်မူမှာ ရတနာရထားလှည်းအား ပြင်ဆင်နေသည်ကို အာရုံစိုက်ထားရင်း ဖြေသည်။ “ကျွန်တော်က သူတို့နဲ့ ဘယ်တူပါ့မလဲ.... သူတို့က မျိုးရိုးမြင့်ပေမယ့် ကျွန်တော်ကတော့ သာမန်လူလေ”
နှစ်ရက်ကြာပြီးနောက် ရတနာရထားလှည်းအား ပြင်ဆင်ပြီးသွား၏။
“အနောက်နတ်မင်း.... ကျွန်တော် တောင်၀င်ရိုးစွန်းဆီ မြန်မြန်သွားပြီး တောင်နတ်မင်းနဲ့ တွေ့ရမှာမလို့ ဒီမှာ ကြာကြာ မနေတော့ဘူး”
ချင်မူ နှုတ်ဆက်စကားပြောလိုက်သည်။ “ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်ဆယ်ပါးက အပြင်ကကြည့်ရင် မတည့်ကြပေမယ့် တကယ်တမ်း နတ်မင်းတို့ကို တိုက်ခိုက်ဖို့ ကြံစည်နေကြတာ... တောင်၀င်ရိုးစွန်းဆီ သွားပြီး တောင်နတ်မင်း ဘေးကင်းရဲ့လား ကျွန်တော် ကြည့်မှဖြစ်မယ်”
အနောက်နတ်မင်းလည်း သူ့ကို ဆွဲမထားတော့ပေ။ “တောင်ဝင်ရိုးစွန်းဆီ နင် အန္တရာယ်ကင်းကင်းရောက်တဲ့အကြောင်း သတင်းပြန်ပို့ဦးနော်”
ချင်မူ သဘောတူလိုက်သည်။ နတ်ဘုရင်လန်ဝူက ရထားလှည်းပေါ် ရောက်နှင့်နေပြီဖြစ်ပြီး အနောက်နတ်မင်းက သူ့ကို လိုက်ပို့ပေးသည်။ သူမသည် ရထားလှည်းထဲရှိ အမျိုးသမီးနတ်ဘုရင်ထံ ကြည့်ကာ ခပ်တိုးတိုး ပြော၏။ “ကောင်းကင်နတ်အရှင်၊ သူက တကယ်ပဲ ဖန်ဆင်းရှင်တွေရဲ့ နတ်ဘုရင်လား”
ချင်မူမှာ တခဏ ချီတုံချတုံ ဖြစ်သွားပြီးနောက် ပြန်ဖြေလိုက်သည်။ “သူနဲ့အတူ မြေအောက်ဘုံအရှင်သခင်ကို တွေ့ခဲ့ဖူးတယ်”
အနောက်နတ်မင်း စဉ်းစားသွားသည်။ “မြေအောက်ဘုံအရှင်သခင် သူ့သရုပ်မှန်ကို သိတယ်ဆို ငါ့မှာ ပြောစရာဘာမှ မရှိတော့ပါဘူး... မြေအောက်ဘုံအရှင်သခင်က ငါတို့ နတ်မင်းလေးပါးထက် အများကြီး ပိုထက်မြက်တယ်... သူ့တစ်ဘဝလုံးမှာ ကောင်းကင်နတ်ဧကရာဇ်ကြောင့်ပဲ ကြီးကြီးမားမား ဆုံးရှုံးခဲ့ဖူးတာ... ဒါပေမဲ့ ကောင်းကင်နတ်အရှင်ကို ငါ သတိပေးချင်တယ်.... နင်က ရှေးဟောင်းကမ္ဘာဦးခေတ်နဲ့ မရင်းနှီးပေမယ့် ငါကတော့ ရင်းနှီးတဲ့အတွက် အင်မတန်မှ ကြောက်တယ်... ဖန်ဆင်းရှင်တွေဟာ ရှေးဟောင်းကမ္ဘာဦးခေတ်ရဲ့ အုပ်စိုးသူတွေပဲ... ရှေးဟောင်းနတ်ဘုရားတွေတောင် သူတို့ရဲ့ ဖမ်းဆီးခံရပြီး ကျွန်ပြုခံခဲ့ရတယ်”
‘ရှေးဟောင်းနတ်ဘုရားတွေလည်း ဖန်ဆင်းရှင်တွေ ဖမ်းဆီးတာခံရပြီး ကျွန်ပြုခံရတာလား’
ချင်မူ သတိအနေအထား ဖြစ်သွားသည်။ သူက ရထားလှည်းထဲရှိ ပြိုင်ဘက်ကင်းအလှပိုင်ရှင်လေးဆီ လှမ်းကြည့်ပြီးနောက် အကြည့်ပြန်လွှဲကာ ဆက်ပြောလိုက်၏။ “အရှင်မင်းကြီး၊ ကျွန်တော့်ကို ဆက်ပြီး လိုက်မပို့ပါနဲ့တော့”
သူ ရထားလှည်းပေါ်လိုက်သည့်အခါ နဂါးချီလင်သည် လူအသွင်ပြောင်း၍ ရထားလှည်း မောင်းလိုက်ပြီး ယန်အာက နဂါးချီလင်ဘေး၌ ဝင်ထိုင်သည်။ နဂါးချီလင် ခပ်အုပ်အုပ်တစ်ချက် အော်လိုက်သည်နှင့် ကောင်းကင်နဂါးများက လေပေါ်ပျံတက်၍ နတ်ခံတပ်အနောက်ရှိ စွမ်းအင်အကူးအပြောင်းတံတားဆီ ပျံသန်းသွားသည်။
နတ်ဘုရင်လန်ဝူသည် နူးညံ့သိမ်မွေ့သော မျက်ဝန်းများဖြင့် ပြတင်းပေါက်အပြင်သို့ ကြည့်ရင်း ပြော၏။ “အနောက်နတ်မင်း ပြောလိုက်တာကို ယုံလား”
ချင်မူ့အကြည့်က တည်ငြိမ်အေးဆေးစွာဖြင့် သူမမျက်နှာအပေါ် ကျရောက်သွားသည်။ “ကျွန်တော် ယုံသင့်တယ်လို့ မမကြီးထင်လား”
နတ်ဘုရင်လန်ဝူ တိတ်ဆိတ်သွားသည်။
“ကျွန်တော် ယုံတယ်”
ချင်မူက အလေးအနက် ပြန်ဖြေသည်။ “ဖန်ဆင်းရှင်တစ်ယောက်တည်းက အင်အားမကြီးဘူး... ဒါပေမဲ့ အရွယ်ရောက်ပြီးသား ဖန်ဆင်းရှင်ထောင်သောင်းချီဆိုရင် သူတို့စုစုပေါင်း ယဇ်ပူဇော်ပေးတဲ့ စွမ်းအားက နတ်ကောင်းကင်ခန်းမအဆင့်တင်မကဘူး၊ ဧကရာဇ်ပလ္လင်အဆင့်တွေကိုတောင် တန်ပြန်တိုက်ခိုက်နိုင်တယ်.... ဖန်ဆင်းရှင် သိန်းနဲ့ချီသွားရင်တော့ ပိုလို့တောင် ကြောက်စရာကောင်းဦးမယ်... ကုဋေနဲ့ ချီလာတဲ့အခါ သူတို့ရဲ့အင်အားက ရှေးဟောင်းနတ်ဘုရားတွေကို ကျွန်ပြုခိုင်းနိုင်တဲ့အထိ သေချာပေါက် အင်အားကြီးလာမယ်... ဒါကြောင့် အနောက်နတ်မင်း မလိမ်ပါဘူး “
နတ်ဘုရင်လန်ဝူက အကြည့်လွှဲလိုက်သည်။ “ဖန်ဆင်းရှင်မျိုးနွယ်ကို နင်လည်း ကြောက်လား”
ချင်မူ ခေါင်းယမ်းလိုက်ရင်း ပေါ့ပေါ့ပါးပါး ဖြေ၏။ “ကျွန်တော်ကိုယ်တိုင်က ဖန်ဆင်းရှင်ပဲဟာ... ဘာကြောင့် ကြောက်ရမှာလဲ”
နတ်ဘုရင်လန်ဝူက သူ့ကို လေးနက်တည်ကြည်စွာ ကြည့်သည်။ “မဟာဧကရာဇ်ကလည်း ဖန်ဆင်းရှင်ပဲ... ဒါပေမဲ့ သူက ဖန်ဆင်းရှင်မျိုးနွယ်ကို ကြောက်တဲ့အတွက် မျိုးသုဉ်းသတ်ဖြတ်ဖို့ ဝန်မလေးခဲ့ဘူး”
“ဒါပေမဲ့ ကျွန်တော်က မဟာဧကရာဇ်မှ မဟုတ်တာ”
ချင်မူက ပြတင်းပေါက်ဆီ အကြည့်ပို့၍ တစတစ နီးကပ်လာနေသော စွမ်းအင်အကူးအပြောင်းတံတားထံ ကြည့်ကာ အေးအေးလူလူ ရှင်းပြသည်။ “ကမ္ဘာခေတ်ဦး စကြဝဠာကို လွှမ်းမိုးကြီးစိုးခဲ့တဲ့ ဖန်ဆင်းရှင်တွေရဲ့ခေတ်က ကုန်သွားပါပြီ... မျက်မှောက်ခေတ်မှာ ဖန်ဆင်းရှင်တွေဟာ သနားစရာ အိမ်ခြေရာမဲ့တွေသာသာပဲ ရှိတယ်.... မမကြီးလည်း အဲဒီလိုအိမ်ခြေရာမဲ့ထဲက တစ်ယောက်ပဲ... မျက်မှောင်ခေတ်နဲ့ လိုက်လျောညီထွေ ပြောင်းလဲမှ ရှင်သန်နိုင်ကြလိမ့်မယ် ... မမကြီးလည်း အပါအဝင်ပေါ့”
ကောင်းကင်နဂါး ရတနာရထားလှည်းသည် တဖြည်းဖြည်း အရှိန်လျော့ရင်း စွမ်းအင်အကူးအပြောင်းတံတားဆီ ချဉ်းကပ်သွားနေ၏။
“ဖန်ဆင်းရှင်တွေရဲ့ ဘိုးဘေးနန်းတော်ကို ရှာတွေ့ပြီးပြီ... နေရာအတိအကျ ဆုံးဖြတ်ဖို့တော့ လိုသေးတယ်... ပြီးတော့ အတားအဆီးအစီအရင်က ဘာဆိုတာကိုလည်း အတိအကျ ရှာရဦးမယ်”
ချင်မူ့မျက်ဝန်းများက နတ်ဘုရင်လန်ဝူ၏ မျက်ဝန်းများအား စိုက်ကြည့်သည်။ “ကျွန်တော် ပြောပြီးစကား ပြန်မရုတ်သိမ်းဘူးလို့ ကတိပေးနိုင်ပါတယ်... ဖန်ဆင်းရှင်မျိုးနွယ် ပရမတ္တကမ္ဘာကနေ ထွက်လာပြီး ဒီကမ္ဘာထဲ ပြန်လာနိုင်အောင် ကျွန်တော် လုပ်ပေးပါ့မယ်”
နတ်ဘုရင်လန်ဝူည် တခဏကြာ စဉ်းစားနေပြီးနောက် မေး၏။ “ဖန်ဆင်းရှင်မျိုးနွယ်က အရင်ခေတ်ကလို လွှမ်းမိုးကြီးစိုးပစ်လိုက်မှာ မကြောက်ဘူးလား”
“မကြောက်ဘူး”
ချင်မူ ခုံကို မှီလိုက်သည်။ “မမကြီးတို့တွေ အရင်တုန်းကအတိုင်း မဖြစ်နိုင်တော့ဘူး... ဘိုးဘေးနန်းတော် ရှိရင်တောင်မှ အရင်လို ပြန်မဖြစ်နိုင်တော့ဘူး... ကမ္ဘာဦးခေတ်ရဲ့ နတ်ဘုရင်ရှုကျွင်းဆို အဲဒီအချက်ကို လက်ခံထားပြီးပြီ... ဒါပေမဲ့ ဒီနေ့ခေတ်ရဲ့ နတ်ဘုရင်အနေနဲ့ မမကြီးကတော့ လက်ခံပေးဖို့ လိုသေးတယ်”
နတ်ဘုရင်လန်ဝူ တိတ်ဆိတ်သွားသည်။ တအောင့်ကြာသည့်အခါ သူမက ပြန်ဖြေသည်။ “ဘိုးဘေးနန်းတော်ရဲ့ တည်နေရာအကြမ်းဖျင်း အရင်ပြောပြပါ”
ချင်မူ၏ ချီစွမ်းအင်သည် စကြဝဠာမြေပုံတစ်ခုအား ဖွဲ့တည်လိုက်ပြီး သူက ချိတ်ပိတ်ခံထားရသော ဘိုးဘေးနန်းတော်၏ တည်နေရာအား ပြလိုက်သည်။ နတ်ဘုရင်လန်ဝူက ငေါက်ခနဲ ထရပ်သဖြင့် ချင်မူ သူမအား အလျင်အမြန် သတိပေးလိုက်ရ၏။ “အကြမ်းဖျင်းတည်နေရာကိုပဲ သိသေးတာ မမကြီးရဲ့... နေရာအတိအကျ ရှာရဦးမယ်”
ရထားလှည်း၏ ကန့်လန်ကာ မြှောက်တင်ခံလိုက်ရပြီး နတ်ဘုရင်လန်ဝူသည် ရထားလှည်းထဲမှ ထွက်လာ၏။ သူမက သူ့ကို ကျောခိုင်းထားသော်လည် ခေါင်းကလေးငဲ့စောင်းကာ ပြောသည်။ “အထွတ်အမြတ်ကလေးငယ်၊ နင်က ဖန်ဆင်းရှင်လို့ ပြောခဲ့တယ်... ဒါပေမဲ့ ဖန်ဆင်းရှင်တစ်ယောက်ရဲ့ မာနကို နင် နားလည်မှာမဟုတ်သလို၊ ဖန်ဆင်းရှင်တွေရဲ့ သွေးကြွေးကိုလည်း နင် ကိုယ်ချင်းစာနိုင်မှာ မဟုတ်ဘူး... နင်က ကံကောင်းတိုက်ဆိုင်လို့ ငါတို့မျိုးနွယ်ရဲ့ အထွတ်အမြတ်ကလေးငယ် ဖြစ်လာတဲ့ အပြင်လူသက်သက်ပဲ”
သူမ၏အရိပ် ပျောက်ကွယ်သွားသည်။
ချင်မူမှာ မှင်သက်လျက် ကျန်ခဲ့သည်။ နဂါးချီလင်၏အသံက အပြင်မှ ပျံ့လွင့်လာသည်။ “ဂိုဏ်းသခင်၊ ကျွန်တော်တို့ စွမ်းအင်အကူးအပြောင်းတံတားထဲ ဝင်မှာလား... သူ ပြန်လာတာ စောင့်မှာလား”
ချင်မူက အနိမ့်အမြင့်မရှိသော လေသံဖြင့် ပြန်ဖြေသည်။ “စောင့်စရာမလိုဘူး... သွားကြစို့”
နဂါးချီလင်မှာ ဇဝေဇဝါ ဖြစ်သွားသဖြင့် ရထားလှည်းထဲ လှည့်ကြည့်၏။ ကန့်လန့်ကာကို ဖြတ်၍ ရေပြင်ပမာ တည်ငြိမ်နေသော ချင်မူ့အမူအရာကို မြင်လိုက်ရသည်။
“သခင်လေး ဘာဖြစ်သွားတာလဲ” ယန်အာက တိုးတိုးလေး မေး၏။
နဂါးချီလင်မှာ စဉ်းစားနေသည်။ သူက ကောင်းကင်နဂါးများကို စွမ်းအင်အကူးအပြောင်းတံတားထဲသို့ ဝင်ရောက်စေလိုက်ပြီး သူမအမေးအား ပြန်မဖြေပေ။
ယန်အာသည် တိုးတိုးလေး ဆက်ပြောနေ၏။ “သခင်လေးက နတ်ဘုရင်လန်ဝူကို သဘောကျနေမယ့် သူ့ခံစားချက်တွေကို မြိုသိပ်လွန်းတယ်လို့ ငါ ခံစားရတယ်... သူ့စိတ်နှလုံးကို သိမ်းပိုက်နိုင်မယ့် ဂိုဏ်းသခင်တစ်ယောက်တော့ ငါတို့ ရှာသင့်တယ် ထင်တယ်နော်... အဲဒါဆို သူ နည်းနည်းတော့ ပျော်ရလောက်တယ်”
သူမက ရထားလှည်းထဲသို့ ချောင်းကြည့်ပြီးနောက် နဂါးချီလင်၏ပခုံးပေါ် တက်ကာ နားအနား ကပ်ပြောသည်။ “ငါတို့ တောင်ဝင်ရိုးစွန်းဆီ ရောက်ရင် အမေ့ကို အပူကပ်ပြီး သခင်လေးအတွက် မိန်းမတစ်ယောက် ရှာခိုင်းရမယ်”
နဂါးချီလင် ခေါင်းယမ်းလိုက်သည်။ “အဲဒါက အကြောင်းရင်းမဟုတ်ဘူး... ကျွန်တော် ရထားလှည်းကို ထိန်းနေရလို့ ... မမကြီးယန်အာ အထဲဝင်ပြီး ဂိုဏ်းသခင်ကို ဂိုဏ်းသခင် မှန်ပါတယ်လို့ ပြောပေးပါလား”
ယန်အာမှာ အူတူတူ မေးလိုက်မိ၏။ “အဲဒီစကားနဲ့တင် လုံလောက်လို့လား... သခင်လေးကြိုက်တဲ့ မိန်းကလေးကလည်း ငါ မဟုတ်ဘူးလေ.... ငါ ပြောရင်လည်း ဘာထူးနေမှာလဲ”
နဂါးချီလင်လည်း မတတ်သာတော့သဖြင့် သူမကိုသာ ရထားလှည်း ထိန်းခိုင်းလိုက်ရင်း ပုံစံအစစ်အမှန်ပြန်ပြောင်းကာ ရထားလှည်းထဲ ဝင်လိုက်သည်။
ရထားလှည်းထဲတွင် ချင်မူသည် မျက်လုံးပိတ်ထားလျက် ရှိပြီး မျက်ရည်စီးကြောင်းနှစ်ကြောင်းက သူ၏မျက်ဝန်းထောင့်စွန်းများမှ စီးကျနေသည်။ သူက အက်ကွဲနေသည့်အသံဖြင့် ခပ်တိုးတိုး ရေရွတ်နေလေသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ လူသားမျိုးနွယ်အတွက် မျှော်လင့်ချက်နဲ့ ရှင်သန်နိုင်မယ့် အခွင့်အရေး ရှာဖို့က ... ဘာကြောင့် ဒီလောက်ခက်တာလဲ.... ဘာကြောင့် ဒီလောက် ဒုက္ခများတာလဲ”
သူ့မှာ အသက်ပင် ရှူမရတော့သည့်တိုင်အောင် ပြိုလဲသွားသဖြင့် အသက်ကို မျှဉ်း၍ ရှူနေရသည်။
“ဧကရာဇ်အတိုင်ပင်ခံရေ... ကျွန်တော် ဧကရာဇ်အတိုင်ပင်ခံ ဖြစ်လာမှပဲ ခင်ဗျား ဘယ်လောက် စိတ်ဖိစီးခဲ့ရမှန်း နားလည်ပါတော့တယ်... ခင်ဗျား ဘယ်မှာလဲဗျာ”
ဧကရာဇ်အတိုင်ပင်ခံ ကျန်းပိုင်ကွေ့ကို ချင်မူ သတိရနေမိသည်။ ဤတစ်ကြိမ်တွင် သူ လိုအပ်နေသည်မှာ သူ၏စိတ်နလုံးအား သိမ်းပိုက်နိုင်မည့် ဂိုဏ်းသခင်မတစ်ယောက် မဟုတ်ပေ။ တစ်ယောက်နှင့်တစ်ယောက် ရိုင်းပင်းကူညီ၍ နှစ်သိမ့်ပေးနိုင်မည့် တာအိုမိတ်ဆွေတစ်ယောက် ဖြစ်သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ကျန်းပိုင်ကွေ့သည် လူငယ်ဂိုဏ်းချုပ်၏ ထောက်ပံ့မှုကို ရရှိခဲ့ပြီးနောက် ဧကရာဇ်ယန်ဖုန်း၏ ကူညီအားပေးမှုကိုလည်း ရရှိခဲ့၏။ သူက ချင်မူ့ထက် များစွာ ကံကောင်းပေသည်။ ကျန်းပိုင်ကွေ့ စိတ်ဓာတ်ကျပြီး လမ်းပျောက်သည့်အခါတိုင်း လူငယ်ဂိုဏ်းချုပ်က သူတို့ လုပ်နေသောအရာက မှန်ကန်ကြောင်း သူ့ကို အမြဲသတိပေးတတ်သည်။
အခက်အခဲများနှင့် ကြုံသည့်အခါတိုင်းလည်း ဧကရာဇ်ယန်ဖုန်းသည် သူနှင့် ပခုံးချင်းယှဉ်ရပ်၍ ဖိအားကို အတူတူ ရင်ဆိုင်ပေး၏။
သို့သော် ယခု ချင်မူ့တွင် တစ်ယောက်မှ မရှိပေ။
နဂါးချီလင်က လမ်းလျှောက်လာပြီးနောက် ချင်မူ့ခြေထောက်နားတွင် လှဲချသည်။
“ဂိုဏ်းသခင်၊ ဂိုဏ်းသခင် လုပ်နေတာတွေကို ကျွန်တော် နားမလည်ပေမယ့်...”
နဂါးချီလင်တည် တခဏ တွန့်ဆုတ်နေပြီးနောက် ဆက်ပြော၏။ “မှန်ကန်တဲ့အရာလို့ ခံစားရတယ်”
ချင်မူ မျက်လုံးများ ဖွင့်လိုက်ကာ ဤသတ္တဝါကြီး၏ ခေါင်းကြီးအား အသာအယာ ပွတ်သပ်ပေးလိုက်သည်။ “မင်းပဲ ဖက်တီးနဂါးရာ မင်းပဲ ငါ့ကို နားလည်တာ.... မင်းရဲ့ လူထိန်းကျမ်းစာက တော်တော်ပေါက်မြောက်တာပဲ”
နဂါးချီလင်က ခေါင်းထောင်၍ ရယ်သည်။ “ဂိုဏ်းသခင်၊ ကျွန်တော့်စိတ်ထဲမှာ ဂိုဏ်းသခင်က အဲဒီမနက်ခင်းမှာ ကျွန်တော့်ဘေးက ဖြတ်လျှောက်သွားတဲ့ လူငယ်လေးလိုပဲ ရှိပါသေးတယ်... ဂိုဏ်းသခင်က အရှေ့မှာ ရှိတဲ့ နန်းတွင်းကောလိပ်ကို ကြည့်ရင်း အဲဒီက လူတွေအားလုံး တောသားတွေလို့ တွေးနေခဲ့တာ မဟုတ်လား”
ချင်မူ တဟားဟား ရယ်ကာ ထရပ်လိုက်သည်။
နဂါးချီလင်လည်း ထရပ်ပြီး သူ၏လည်ဆံမွှေးများ၊ အကြေးခွံများကို ခါသည်။ သူသည် ချင်မူ့ဘေးတွင် ရပ်နေ၏။ “အဲဒီတုန်းက ဂိုဏ်းသခင်က ကျွန်တော့်ကို မုခ်ဝအရှေ့က ကျောက်ခြင်္သေ့ကြီးလို့ ထင်ခဲ့တယ်.... ဂိုဏ်းသခင်ရဲ့မျက်လုံးတွေမှာ တက်ကြွမှုတွေ၊ ဖြတ်လတ်မှုတွေ ပြည့်နှက်နေခဲ့ပြီး လုပ်ကိုင်နိုင်စွမ်းတွေလည်း ပြည့်သျှံနေခဲ့တယ်.... ကျွန်တော် နန်းတွင်းကောလိပ်ရဲ့ မုခ်ဝမှာ လူတွေအများကြီး မြင်ခဲ့ရပေမယ့် ဂိုဏ်းသခင်လို လူငယ်မျိုးကိုတော့ တွေ့ခဲ့ဖူးဘူး... အဲဒီတုန်းက ကျွန်တော် ဗိုက်ဆာလွန်းလို့ သတိလစ်သွားတုန်းက ဂိုဏ်းသခင်ကို ကြည့်ရင်း လူငယ်ဂိုဏ်းချုပ်နောက်တစ်ယောက်၊ ကျန်းပိုင်ကွေ့နောက်တစ်ယောက်နဲ့ ဧကရာဇ်ယန်ဖုန်းနောက်တစ်ယောက်တို့ကို မြင်ခဲ့ရတယ်”
“ဒါက လူထိန်းကျမ်းစာမဟုတ်ပါဘူး... ကျွန်တော့်စိတ်ရင်းထဲက စကားတွေပါ”
သူက ရယ်ည်။ “ဂိုဏ်းသခင်က စွမ်းအင်ဆေးလုံးတွေ ဖော်တတ်လို့ ကျွန်တော် ဂိုဏ်းသခင်နောက် တကောက်ကောက် လိုက်နေတာ မဟုတ်ပါဘူး... တမင်တကာ အရှက်မရှိ ကပ်စားနေတာလည်း မဟုတ်ဘူး... ကမ္ဘာပေါ်မှာ စွမ်းအင်ဆေးလုံး ဖော်စပ်နိုင်တဲ့ ဆေးဆရာတွေ တစ်ပုံကြီး ရှိပေမယ့် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဂိုဏ်းသခင်ကတော့ တစ်ယောက်ပဲ ရှိတယ်.... ဂိုဏ်းသခင်ဆီမှာ အရှိန်တဟုန်းဟုန်း တောက်လောင်နေတဲ့ စိတ်ဝိညာဉ်၊ ကောင်းကင်နဲ့မြေပြင်ကို မကြောက်တဲ့ စိတ်ဝိညာဉ်ကို မြင်ခဲ့ရလို့ပါ”
“အခြားသူတွေအတွက် ကောင်းကင်ဟာ အကြီးမြတ်ဆုံး၊ သူတို့ကတော့ ဒုတိယလို့ ထင်မှတ်ကြတယ်... ဒါပေမဲ့ ဂိုဏ်းသခင်က မိမိကိုယ်သာလျှင် အကြီးမြတ်ဆုံး၊ ကောင်းကင်ဟာ ဒုတိယလို့ ခံယူတယ်... အဲဒီလိုပြင်းထန်တဲ့ ယုံကြည်ချက်ကြောင့် ဂိုဏ်းသခင်ဟာ အမြဲတမ်း အများရဲ့ အာရုံစိုက်ရာ ဖြစ်လာခဲ့တယ်... ဂိုဏ်းသခင်က လောကသခင်ခန္ဓာပဲလေ မဟုတ်ဘူးလား”
နဂါးချီလင်က ဆက်ပြောသည်။ “ဂိုဏ်းသခင်ဟာ အားအင်အပြည့်နဲ့ တက်ကြွနေပြီး ဘာကိုမှ မကြောက်သလို၊ မယိုင်လဲ ၊ မပြိုလဲသွားမယ့် နတ်ဂိုဏ်းသခင်လေးပဲ အမြဲဖြစ်နေမှာပါ”
ချင်မူ၏ စိတ်ဓာတ်ကျနေသော အမူအရာ ပျောက်ကွယ်သွားပြီး သူက မျက်ရည်များ သုတ်ရင်း ပြော၏။ “ဟုတ်တယ် .... ငါက လောကသခင်ခန္ဓာပဲ ... ဘယ်တော့မှ မပြိုလဲဘူး... ငါ့စိတ်က ဘယ်တော့မှ မငြိမ်းသေဘူး... ငါက နတ်ဂိုဏ်းသခင်လေးပဲ ရှိသေးတယ်”
ကောင်းကင်နဂါး ရတနာရထားလှည်းသည် ညင်ညင်သာသာ ရပ်သွားပြီး ယန်အာ၏ ပျော်ရွှင်နေသောအသံအား ကြားလိုက်ရ၏။ “သခင်လေး၊ ဖက်တီးနဂါး ငါတို့ တောင်ဝင်ရိုးစွန်းဆီ ရောက်ပြီ”
ချင်မူလည်း အားအင်အပြည့်ဖြင့် ရထားလှည်းအပြင် ထွက်လိုက်သည်။
နဂါးချီလင်က ပြုံးလိုက်ပြီး ခြေလှမ်းသွက်သွက်များဖြင့် သူ့အနောက်မှ လိုက်လာ၏။