ရှင်သန်မှု
Vol. 009 Ch. 839
သူ၏ သန်မာ ထွားကျိုင်းသော ခန္ဓာကား စစ်နတ်ဘုရားအလား ထင်မှတ်ရသည်။
ထောင်ကျန်းက သူ၏လက်ကို ဆန့်တန်း လိုက်သည်တွင် ကောင်းကင်နှင့် မြေပြင်၌ သူ၏ခန္ဓာကိုယ်ကို ဗဟိုထား၍ မဟာလမ်းစဉ် စွမ်းအားက သူ့ထံကို စီးဆင်း လာတော့သည်။ သူ၏ လက်ရှိပုံစံကား ထည်ဝါ ကြီးမြတ်နေသည်။ သူ၏ကြေးနီရောင် အသားအရေနှင့် သူ့ခြေလက်များ မှာလည်း မဟာလမ်းစဉ်၏ သန့်စင်ခြင်း စွမ်းအားများကြောင့် ပြောင်းလဲ လာနေသည်။
သည်သန့်စင်ခြင်းက သူ့အား ပျက်စီးစေမည်လား… ပြန်လည် မွေးဖွားစေမည်လား။
မည်သို့ဆိုစေ လက်ရှိ ထောင်ကျန်းက ကျောက်မင်အတွက် အလွန် အန္တရာယ် များပေသည်။
ကျောက်မင်က ကျောက်ဟောင် ရှိနေရာ တိုက်ခိုက်ရေး ဝင်္ကပါသို့ ဝင်သွားသည်။ ရွှေဖီးနစ် အတောင်ပံက ကောင်းကင်ကို ဖုံးအုပ်သည်အထိ ဖြန့်ကြက်ထား၏။ ထို့နောက်တွင် မရေမတွက်နိုင်သော ပုံရိပ်ယောင်များ ဖြစ်ပေါ်လာသည်။ ထိုအရာများက လောက၏ ကြောက်မက်ဖွယ် အကောင်းဆုံးသော ဓားသွားများလို လေဟာနယ်ကို ဖြတ်တောက်နိုင်စွမ်း ရှိကြပေသည်။
မရေမတွက်နိုင်သော ပုံရိပ်ယောင်များက ထောင်ကျန်းကို လာရောက် တိုက်ခိုက် ကြသည်။
ထောင်ကျန်းက ထိုအရာများကို မြင်တွေ့ဟန်ပင် မရပေ။ သူက မာန်သွင်း အော်ဟစ်ကာ လေဟာနယ်ထဲကို ခုန်တက်လာသည်။ သူက လက်မြှောက် လိုက်သည်တွင် မဟာ လမ်းစဉ်စွမ်းအားက လိုက်ပါလာပြီး တောင်ပံ ရိုက်ချက်များအား တားဆီး သွားသည်။
ဝုန်း…
ထောင်ကျန်းက အတောင်ပံများကို ရိုက်ချိုးကာ ရှေ့ကို တက်လာသည်။ သူကား အနီးကပ် တိုက်ခိုက်ရန် အလွန် ဆန္ဒပြင်းပြနေ၏။
ယခုကား သူက တစ်ဖက်စစ်တပ်ကို လုံးဝ ဖျက်ဆီးရန် ဆန္ဒတစ်ခုသာ ရှိသည်။
ကျောက်ဟောင်က သူ၏ ဖီးနစ်ရတနာဓားဖြင့် လှမ်းခုတ်လိုက်သည်တွင် ရွှေရောင် လျှပ်စီးတန်းက လေဟာနယ်ကို ခွင်းလျက် ဝင်လာသည်။ နောက်မှလည်း ဧရာမဖီးနစ် သဏ္ဌာန်ပုံရိပ်ကြီး တစ်ခု လိုက်ပါလာကာ ကြီးမားသော စွမ်းအားက ထောင်ကျန်းကို လာရောက် ရိုက်ခတ်သည်။
တခြား တစ်ဖက်တွင် မရေမတွက်နိုင်သော ရှီတန်ခိုးရှင်များက အဆုံးမဲ့ ဓားရတနာကို စုပေါင်း ဝှေ့ယမ်းလိုက်ကြသည်တွင် သူ၏ပုံရိပ်ယောက်က ကောင်းကင်ကို လွမ်းခြုံသွား၏။ ဓားက အောက်ကို ကျဆင်းလာသည်တွင် လေဟာနယ်က တုန်ခါ လှုပ်ယမ်းသည်။
ဖီးနစ်ဓားရတနာက ထောင်ကျန်း၏ ရင်ဘတ်ကို နစ်ဝင်သွားသည့် အချိန်တွင် အဆုံးမဲ့ ဓားရတနာကလည်း သူ၏နောက်ကျောကို ကျဆင်းလာ၏။ ထိုမျှသော စွမ်းအားက ရှန့်ထိုအဆင့် အောက်တွင်ရှိသော မည်သည့် တန်ခိုးရှင်ကိုမဆို အဆုံးသတ်စေ နိုင်ပေသည်။ ထိုမျှ ကြောက်မက်ဖွယ် ကောင်းသော တိုက်ခိုက်မှုကို မည်သူမှ ခံနိုင်ရည်ရှိမည် မဟုတ်သော်လည်း ထောင်ကျန်းက သူ၏ ကိုယ်ပိုင်စွမ်းရည်ဖြင့် တောင့်ခံထားသည်။
လေဟာနယ်က တိတ်ဆိတ်သွားဟန် ရသည်။ ထောင်ကျန်း ကိုယ်တိုင်ကပင် ငြိမ်သက် သွား၏။ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားက သူ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းသည်တွင် သူ၏ပါးစပ်မှ သွေးများ စီးကျလာသည်။ သူ၏ကြေးနီရောင် ကြွက်သားများထဲ သွေးများ စိမ့်ထွက်လာသည်ဟု ထင်မှတ်ရသည်။
ကျောက်မင်က ထောင်ကျန်းအား ကြည့်သည်။ ထိုတိုက်ခိုက်မှုများက သူ့အား သတ်ဖြတ်ရန် လုံလောက်ပါ့မလား။
နတ်ဘုရား ဆေးကြောသန့်စင်ခြင်း ခံရသူက ဒဏ်ရာ ပြင်းထန်စွာ ရရှိသည်ကို သိသော်လည်း နတ်ဘုရား သန့်စင် ဆေးကြောခြင်းကြောင့် ဖြစ်တည်လာသော ခန္ဓာကိုယ်ကလည်း သာမန် မဟုတ်တော့သည်ကို သူ နားလည်ပေသည်။
“အစ်ကို…” ကျန့်ကန်းက ထောင်ကျန်းအား ကြည့်နေရင်း သူ၏နှလုံးမှ ကြီးမားသော နာကျင်မှုကို ခံစားနေရသည်။
တခြား စစ်မြေပြင်များတွင်လည်း တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်နေပေသည်။ ရီဖူရှင်း၏ မျက်လုံးများက နီမြန်းလာသည်။ ထောင်ကျန်း ဖြစ်ပျက်နေသည် များအား သူက သေချာပေါက် သိပေသည်။
“ဆရာ…”
သူ၏စိတ်နှလုံးက ကြီးမားစွာ နာကျင် ခံစားရသည်။ သူ့ထံမှ အကန့်အသတ်မဲ့သော စွမ်းအားများ စတင် မွေးဖွားလာ၏။ ကမ္ဘာသစ်ပင်က ပြင်းထန်စွာ လှုပ်ယမ်းလာကာ သူ့ထံမှ အရောင်များ ဖြာထွက်လာသည်။ ထိုအရာများက ကမ္ဘာသစ်ပင်၏ သစ်ကိုင်းနှင့် သစ်ရွက်များဖြစ်ကာ ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့လာသည်။
သူ၏ ခန္ဓာကိုယ် အတွင်းသို့ အဆုံးအစမဲ့သော စွမ်းအားများ စီးဆင်းလာပြီး သူ၏ မျက်လုံး၌လည်း မိုက်ရူးရဲ အငွေ့အသက်များ ဖြစ်ပေါ်လာ၏။ သူ့အနီးမှ တန်ခိုးရှင်များ၏ စိတ်စွမ်းအားများက ထောင်ပေါင်း များစွာသော စိတ်အမျှင်တန်းများ ဖြစ်သွားကာ သူ့စိတ်ထဲကို ဝင်လာကြသည်။ လောက သဘာဝ စွမ်းအင်များက ထိန်းချုပ်ရ ခက်ခဲလာခဲ့ကာ သူကား အသက်ကိုပင် မြန်ဆန်စွာ ရှူရှိုက်နေရ၏။
“ဖူရှင်း…” ဟွာဂျီယူနှင့် ရီဖူရှင်းတို့က စိတ်ချင်းနွယ်ဆက် နေကြရာ ရီဖူရှင်း ဘာလုပ်လိုသည်ကို သူမနားလည်သည်။ သူမက ခေါင်းယမ်းကာ ပြောသည်… “နင် ခံနိုင်မှာ မဟုတ်ဘူး…”
ရီဖူရှင်းက အားလုံး၏ စိတ်စွမ်းအားကို သူ၏ စိတ်စွမ်းအားအဖြစ် ပြောင်းလဲကာ အသုံးပြုလို့နေသည်။
သို့သော်လည်း ထိုသို့လုပ်ခြင်း၏ ကြီးမားသော အကျိုးဆက်ကို သူမနားလည်သည်။ ယခင်က သူမပင် သေလုမျောပါး ဖြစ်ခဲ့ဖူးသည်။ ယခု ရီဖူရှင်းကသာ သူမ၏ စိတ်စွမ်းအားနှင့် တခြားလူများ၏ စိတ်စွမ်းအားတို့အပြင် ဝင်္ကပါမှ စုစည်းထားသော စွမ်းအားများကို တစ်ကိုယ်တည်း အသုံးပြုခဲ့မည ်ဆိုပါက သူကား ထိုဒဏ်ဖြင့်ပင် သေဆုံး သွားနိုင်ပေသည်။
မည်သို့ဆိုစေ ထိုစွမ်းအားများက ပြင်ပမှ ဖြစ်ပေသည်။
“အရာခပ်သိမ်း ဖန်ဆင်းခြင်းစွမ်းအား…” ရီဖူရှင်းက တစ်ခွန်းပြောသည်။ ရုတ်တရက် သူ့အနီးတွင် ရှေးနတ်ဘုရား ခန္ဓာကိုယ်က စတင် ဖြစ်တည်လာ၏။ သူနှင့် တခြားဝင်္ကပါမှ လူများ အားလုံးကို ရှေးနတ်ဘုရားက ဖုံးအုပ်ထား၏။
ထိုရှေးနတ်ဘုရားက အားလုံးသော သူ၏စိတ်စွမ်းအားမှ ဖြစ်တည်လာဟန် ရသည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ရွှေရောင် သွေးများ စတင် စီးဆင်းလာသည်။ သူက အားလုံး၏ စိတ်စွမ်းအားဖြင့် ကိုယ်တွင်းမှ ဧကရာဇ်အသိအား အသက်ဝင် စေခဲ့သည်။ ချက်ချင်းပင် သူ၏ခန္ဓာကိုယ် အတွင်းမှ စွမ်းအားများက စုပ်ယူခံရသည်။ သူ၏သက်စောင့် ဟော်နန်းထဲမှ စွမ်းအားများပင် အရူးအမူး လောင်ကျွမ်းကြသည်။
ဧကရာဇ်အသိက မမြင်ရသော အလင်းမျက်နှာပြင် တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ရှေးနတ်ဘုရား၏ ခန္ဓာကား အကန့်အသတ်မဲ့ ကြီးမားဟန်ရ၏။ ထိုအခိုက်တွင် အားလုံး၏စိတ်များက လုံးဝဥသုံ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။
“ခင်ဗျားတို့ ကျုပ်နဲ့ တိုက်ခိုက်ဖို့ ဆန္ဒရှိလား…” ရီဖူရှင်း၏အသံက အားလုံး၏စိတ်ထဲကို ရောက်လာသည်။
“သေချာတာပေါ့…”
“ဒါဆိုလည်း တိုက်ကြရအောင်…”
သူတို့၏ သဘောထားများ အားလုံးက ရီဖူရှင်းထံကို ရောက်လာသည်။ သူတို့အားလုံးက ရီဖူရှင်းနှင့်အတူ အဆုံးစွန်အထိ တိုက်ခိုက်ရန် ဆန္ဒရှိကြ၏။
ရီဖူရှင်း၏ စိတ်နှလုံးက နွေးထွေးရသည်။ သည်တိုက်ပွဲ ပြီးနောက်တွင် သူတို့အား စိတ်မပျက်စေရဟု ရီဖူရှင်းက မိမိကိုယ်ကို သန္နိဋ္ဌာန် ချလိုက်သည်။
ရှေးနတ်ဘုရား၏ ပုံပန်းသဏ္ဌာန် မှာလည်း ပြောင်းလဲ လာနေသည်။ ကျော၌ အတောင်ပံတစ်စုံ ဖြစ်ပေါ်လာပြီး ပြင်းထန်စွာ ဖြန့်ကြက်ခြင်းတွင် ရှေးနတ်ဘုရားကား နတ်ငှက် အသွင်သဏ္ဌာန်သို့ ပြောင်းလဲ သွားတော့၏။
နတ်ငှက်က သူ၏အတောင်ပံအား ရိုက်ခတ်ကာ ရှေ့ကို ရုတ်တရက် ပျံသန်းလာသည်။ သူကား ကောင်းကင်တွင် ဘုရင်တစ်ပါးလို ပြုမူကျင့်ကြံနေ၏။
အားလုံးမှာ ပြင်းထန်သော ဖိအားအောက်ကို ကျရောက်သွားရပြီး ရန်သူဖြစ်စေ၊ မိတ်ဆွေဖြစ်စေ တူညီသော ကံကြမ္မာကို ထမ်းပိုးရသည်။
“စိတ်ငြိမ်ငြိမ်ထား…” ထို့ကျန်း၏ စိတ်အသိက အားလုံးထံကို ရောက်လာသည်။ သူတို့အားလုံးက မျက်လုံးကို မှိတ်ကာ ရှိရှိသမျှသော စွမ်းအားများကို ရီဖူရှင်းထံသို့ ပို့လွှတ်ကြ၏။
အားလုံးက သူတို့၏အသက်များကို ရီဖူရှင်းသို့ ပေးအပ်ကြသည်။
ကောင်းကင်နှင့် မြေပြင်အကြား အလွန်ထက်ရှသော လေလှိုင်းတစ်ခု ရိုက်ခတ်သွားသည်။ ရွှေအတောင်ပံ နတ်ငှက်က လေထုကို ခွင်းကာ လူအများအပြားအား တိုက်ခိုက်သည်။ နတ်ငှက် ဖြတ်သန်းသွားရာ နေရာတိုင်း၌ သွေးချောင်း စီးသွားဟန်ရကာ မည်သူမှလည်း တားဆီးနိုင်စွမ်း မရှိပေ။
ရိုက်နှက် ထိုးခုတ်သံများ ဆက်လက် ဖြစ်ပေါ်နေသည်။ လမ်းတစ်လျှောက် တွင်လည်း လူများ ဆက်တိုက် သေကျေနေကြ၏။ နတ်ငှက်က သူတို့ထံကို ပျံသန်းလာတိုင်း လမ်းတစ်လျှောက်မှ လူများ သွေးမြေကျရ၏။
သူတို့အားလုံး ရူးသွပ် နေကြသည်လား။
ထောင်ကျန်းက ရူးသွပ်သည်ဆိုလျှင် ရီဖူရှင်းကကော…။
ရီဖူရှင်းထံမှ ထွက်ပေါ်လာသော စွမ်းအားက ထိုမျှ ဖျက်ဆီးအား ပြင်းမည်ဟု မည်သူ တွေးထင်မိမည်နည်း။
ကောင်းကင်ထက်တွင် စစ်တုရင် ကစားနေသော ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်ပင် စိတ်အနှောင့်အယှက် ဖြစ်သွားဟန်ရသည်။ သူ၏မျက်လုံးက ထောင်ကျန်းကို ကြည့်နေရာမှ ရီဖူရှင်းထံသို့ ရောက်လာသည်။ သူက ကောင်းကင်၏ ဘုရင်တစ်ပါး ဖြစ်သော နတ်ငှက် အသွင်သဏ္ဌာန်ကို ကြည့်သည်။
ထိုအရာက မည်သို့သော တိုက်ခိုက်ရေး ဝင်္ကပါနည်း။
တော်ဝင်ကျဲ နန်းတော်မှ ထွက်ပေါ်လာသော စွမ်းအားတိုင်းမှာ သူ၏ ခန့်မှန်း တွက်ချက်မှုများ အားလုံးကို သွေဖည်နေခဲ့သည်။ အထူးသဖြင့် ထောင်ကျန်းက နတ်ဘုရား ဆေးကြော သန့်စင်ခြင်းကို ဆင့်ခေါ်ခြင်းမှာ သူတစ်ခါမှ မတွေးမိဖူးသော ကိစ္စရပ်ဖြစ်သည်။
ရီဖူရှင်းက လူအုပ်ကြီးကို တိုက်ခိုက် ဖြတ်သန်းကာ ထောင်ကျန်း ရှိနေရာသို့ လှမ်းသွားနေသည်။
လတ်တလောတွင် ထောင်ကျန်းကား ပြင်းထန်သော တိုက်ခိုက်မှုများအား ခုခံနေရသည်။ ဖီးနစ်ဓားက သူ့အသားထဲကို နစ်ဝင်သွားရာ သွေးများက မြင်မကောင်းအောင် ထွက်လာနေသည်။ ကျောက်ဟောင်၏ မျက်လုံးများက သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ် လာနေသည်။ ထောင်ကျန်းက နတ်ဘုရား ဆေးကြော သန့်စင်ခြင်း စွမ်းအားကို ဆင့်ခေါ်နိုင်သည့်တိုင် သေချာပေါက် သေရပေမည်။
“လာစမ်း…” ထောင်ကျန်းက ခေါင်းမော့ကာ ကောင်းကင်အား ကြည့်လျက် အော်ဟစ်လိုက်သည်။ ရုတ်တရက် မဟာလမ်းစဉ်၏ လောကစွမ်းအားများက တိုက်ခိုက် ကြတော့သည်။ ကောင်းကင်ထက်မှ စီးဆင်းလာသော ဖျက်ဆီးအားက ထောင်ကျန်း ခန္ဓာထဲသို့ ဝင်သွားသည်ကို ခံစားမိသည်တွင် ကျောက်ဟောင်၏အမူအရာက ပြောင်းလဲ သွားသည်။
ဝုန်း…
ထောင်ကျန်းထံမှ ပြင်းထန်သော စွမ်းအားများ အက်ကွဲ ထွက်လာသည်။ သူက လက်သီးများအား တင်းတင်း ဆုပ်လိုက်သည်တွင် မဟာလမ်းစဉ် စွမ်းအားက သူ၏လက်များသို့ စီးဆင်းလာသည်။ တစ်ဆက်တည်းပင် ရှေ့တွင် ရှိနေသော ကျောက်ဟောင်အား ဦးတည်၍ ထောင်ကျန်းက တစ်ဟုန်ထိုး ပြေးလာသည်။
ကျောက်ဟောင်ကား တော်ဝင် မြင့်မြတ်သော ဖီးနစ်ငှက်အဖြစ် ပြောင်းလဲ သွားဟန်ရသည်။ သူကိုယ်တိုင်လည်း ဧရာမအသွင်သို့ ကြီးမားလာပြီး ဝင်္ကပါအတွင်းမှ စွမ်းအားများကို စုစည်းသည်။ ထောင်ကျန်း၏လက်သီးများ တစ်လုံးပြီးတစ်လုံး ကျဆင်းလာသည်တွင် ကြီးမားသော ဖျက်ဆီးအားက ဖီးနစ်ခန္ဓာထဲကို ဖြတ်သန်း စီးဆင်းသွားပြီး လုံးဝ ပျက်စီးစေခဲ့သည်။ မဟာလမ်းစဉ်၏ စွမ်းအားက အရာအားလုံးကို ဖျက်ဆီးကာ ကျောက်ဟောင် ရှိနေရာ၌ ပြင်းထန်သော ပေါက်ကွဲမှု တစ်ခုအား ဖြစ်ပေါ်စေသည်။
အလွန် အားကောင်းသော ရှီတန်ခိုးရှင် တစ်ယောက်ကား အရိုက်ခံရကာ မြေပြင်ပေါ်ကို ကျသည်။ လူအများအပြားမှာ အစအန ပျောက်ကွယ် သွားကြရ၏။
တိုက်ခိုက်ရေး ဝင်္ကပါကား ချက်ချင်း ပြိုလဲသည်။ ကျောက်ဟောင်မှာလည်း အဝေးကို လွင့်စဉ်သွားကာ သွေးများ အဆက်မပြတ် အန်သည်။ ပြင်းထန်သော အင်အားက သူ့အတွင်း ကလီစာများကို ပြင်းထန်စွာ ဒဏ်ရာရစေသည်။
ဝှီး…
ကျောက်မင်က မြန်ဆန်သော ဆုံးဖြတ်ချက်ဖြင့်ပင် ဖီးနစ် အတောင်ပံများကို ဖြန့်ကြက်ကာ ထောင်ကျန်း၏ ခန္ဓာကိုယ်သို့ ရိုက်ခတ် လိုက်သည်။
ထောင်ကျန်းက သူ၏ လက်တစ်ဖက်ကို မြှောက်ကာ အတောင်ပံများကို ကာကွယ်သည်။ အတောင်ပံများက သူ၏လက်များကို ရိုက်ခတ် သွားသည်တွင် လက်မှ သွေးများ ယိုစီးကျလာသည်။ သူက လက်ဖြင့် အတောင်ပံ ရိုက်ချက်များအား အတတ်နိုင်ဆုံး ကာကွယ်ကာ ခြေထောက်ဖြင့် ရှေ့ကို တွန်းသွားလိုက်သည်။ လက်တစ်ဖက်က အကာအကွယ် ယူထားချိန်တွင် သူက ညာလက်ဖြင့် လှမ်း၍ရိုက်လိုက်သည်။ ကျောက်မင်က အတောင်၌များဖြင့် ပိတ်ဆို့ကာ ရိုက်ချက်အား ခုခံ၏။ အကယ်၍ အတောင်ပံများက တော်ဝင်ရတနာ မဟုတ်ခဲ့လျှင် သေချာပေါက် ပျက်စီး သွားပေလိမ့်မည်။
သို့တိုင်အောင် ကျောက်မင်ကား ကျောက်ဟောင် ကဲ့သို့ပင် လွင့်စဉ်သွား၏။ ပိုဆိုးသည်ကား ဝင်္ကပါက ပြိုလဲသွားပြီးဖြစ်ရာ ရိုက်ချက်အား သူ့ကိုယ်ပိုင် စွမ်းအားဖြင့် ခုခံခဲ့ရသည်။
ဝူလျန်က ထိုမြင်ကွင်အား ကြည့်ကာ မျက်နှာပျက် သွားသည်။ သူ၏ အဆုံးမဲ့ဓားရတနာက ပိုမိုကြီးမားလာကာ ကောင်းကင်ကို ဖုံးအုပ်လာ၏။
ခွပ်…
ကြောက်မက်ဖွယ် အက်ကွဲသံတစ်ခု မြည်လာကာ ထောင်ကျန်း၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်လာပြီး ပြိုလဲတော့မည့် အခြေအနေ ဖြစ်လာသည်။
တော်ဝင်လမ်းစဉ်၏ သန့်စင်ဆေးကြောခြင်း စွမ်းအားက တစ်ဖန် ဆင်းသက် လာပြန်သည်။ ထောင်ကျန်းက သူ၏အကန့်အသတ်ကို ရောက်သွားပြီဟု ခံစားရ၏။ သူ့တွင် အချိန်မရှိတော့ပေ။
အလင်းတန်းတစ်ခု သူ့ကို ဖြတ်သန်း စီးဆင်းသွားကာ ထောင်ကျန်းက နောက်လှည့်လျက် ပြေးလွှားလိုက်ပြီး ဝူလျန်ထံသို့ လက်ဝါးရိုက်ချက်များ အဆက်မပြတ် ရိုက်ထုတ်လိုက်သည်။
“သေစမ်း…” အဆုံးမဲ့ခန္ဓာကိုယ်ကား ဧရာမကြီးမားကာ အလွန်အမင်း မာကျောသည်။ ဝူလျန်ကလည်း အဆုံးမဲ့ဓားကို ဝှေ့ယမ်းလျှင် မရေမတွက်နိုင်သော ပုံရိပ်ယောင်များ ပေါ်လာသည်။
သို့သော်လည်း ထောင်ကျန်းက မာန်သွင်းကာ ရှေ့ကို ဆက်တိုးလာပြီး လက်ဝါးဖြင့် ရိုက်နှက်သည်ကို မြင်လိုက်ရသည်။ ထိုအခိုက်တွင် သူကား မရေမတွက်နိုင်သော လက်ဝါးများ တိုးဝင်လာသည်ကို မြင်ရသည်။
ဝှီး… ဝှီး… ဝှီး…
လက်ဝါးရိုက်ချက်များ အဆုံးမဲ့ ဓားရတနာပေါ်ကို အဆက်မပြတ် ကျရောက်လာခဲ့ကာ ထောင်ကျန်း၏ တိုက်ခိုက်မှုများကလည်း ရပ်တန့်သွားသည့်ဟန် မရှိပေ။ သူ၏ပြင်းထန်သော တိုက်ခိုက်မှုများက အဆုံးမဲ့ ဓားရတနာနှင့် အဆုံးမဲ့ခန္ဓာကိုယ်သို့ အဆက်မပြတ် ကျရောက်လာသည်။
လက်ဝါး တစ်ချက်ပြီးလျက် နောက်တစ်ချက်…။
နောက်ဆုံးတွင် လက်ဝါး ရိုက်ချက်များက အဆုံးမဲ့ဓားကို ကျော်လွန်လျက် အဆုံးမဲ့ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်း လာတော့သည်။
ဘန်း..
တန်ခိုးရှင် တစ်ယောက်၏ ခန္ဓာကိုယ်က ကြေပျက် သွားသည်။
ထို့နောက် နောက်တစ်ယောက် သေဆုံးရပြန်၏။ တန်ခိုးရှင်များ၏ ခန္ဓာကိုယ်က တစ်ယောက်ပြီး တစ်ယောက် ကြေပျက်သွားကာ ဝူလျန်၏ ခန္ဓာကိုယ်ကလည်း အဆက်မပြတ် တုန်ခါသွားပြီး ပါးစပ်မှ သွေးများ စီးကျလာသည်။ လက်ဝါး ရိုက်ချက်များက မဟာလမ်းစဉ်၏ ဆေးကြေသန့်စင်ခြင်း စွမ်းအားများ ပါဝင်နေဟန် ရသည်။
ထောင်ကျန်း၏ လှုပ်ရှားမှုများက တဖြည်းဖြည်း နှေးကွေးသွားကာ ဝူလျန်မှာလည်း အချိန်မရွေး ပြိုလဲတော့မည့် အခိုက်အတန့်ကို ရောက်လာသည်။
နောက်ဆုံးတွင် လက်ဝါးများ ပျောက်ကွယ် သွားသည်။ ထောင်ကျန်း၏ လက်များက အားမဲ့စွာ ဘေးကို တွဲလောင်း ကျသွား၏။ နောက်ထပ် နတ်ဘုရား ဆေးကြောသန့်စင်ခြင်း စွမ်းအားက သူ့ထံကို ကျဆင်းလာသည်တွင် ပြင်းထန်စွာ တုန်ခါသွားပြီး နောက်ကို လွင့်စဉ်သွားသည်။
သို့သော်လည်း ကျန့်ကန်းက လျှပ်တစ်ပြက် သူ့အား ဖမ်းဆီးလိုက်ပြီး သူ၏ပခုံးထက်၌ ထမ်းပိုးသည်။
“တောင့်ထား… အစ်ကို…” ကျင့်ကျန်းက အော်ဟစ်လိုက်သည်။
ထောင်ကျန်း၏ မျက်လုံးများ၌ အားအင် သိပ်ကျန်ဟန် မရတော့ပေ။ သူ၏စွမ်းအားများက ကုန်ခန်းသွားပြီ ဖြစ်သည်။ ကောင်းကင်ထက်တွင် မဟာလမ်းစဉ်၏ စွမ်းအားများ တစ်ဖန်ပြန်လည် စုစည်း လာနေသည်ကို မြင်လျှင် သူက အားနည်းစွာ ပြောသည်… “သွားတော့…”
“မသွားဘူး…” ကျင့်ကန်းက ခေါင်းယမ်းသည်။
“ဒါက အမိန့်ပဲ…” ထောင်ကျန်းက အားနည်းစွာ ပြောသည်။ ကျင့်ကန်းကား သူ့ကို ဆက်လက် သယ်ဆောင်ကာ ကောင်းကင်ထက်မှ မဟာ လမ်းစဉ် စွမ်းအားကို ကြည့်သည်။
နတ်ဘုရား သန့်စင်ဆေးကြောခြင်း စွမ်းအားက တစ်ဖန်ဆင်းသက် လာပြန်သည်။ ထောင်ကျန်းက မျက်လုံးကို မှိတ်လိုက်သည်။
သည်တိုက်ပွဲတွင် သူတတ်နိုင်သည်များ အားလုံးကို လုပ်ခဲ့ပြီး ဖြစ်သည်။ မြေရိုင်းပြည်နယ်က တစ်ဖက် အင်အားစုကို ဖျက်ဆီး နိုင်မည်ဟု သူ မျှော်လင့်သည်။
ဝုန်း..
ကျယ်လောင်သော အသံတစ်သံကို ကြားကြရသည်။ နတ်ဘုရား ဆေးကြော သန့်စင်ခြင်း စွမ်းအားက သူ့ထံကို ကျဆင်းလာခြင်း မရှိပေ။ ထောင်ကျန်းက မျက်လုံးကို ဖွင့်ကြည့်လျှင် ဧရာမနတ်ငှက်ကြီးက သူ့ကို မိုးလျက် မဟာလမ်းစဉ် စွမ်းအားကို တားဆီးထားခြင်းအား မြင်ရသည်။
ဧရာမနတ်ငှက်ကြီးက အောက်ကို လှမ်းကြည့်ကာ ပြောသည်… “ဆရာ…”
သူက နတ်ငှက်၏ မျက်လုံးများကို ကြည့်သည်တွင် ရင်းနှီးသော မျက်လုံးအစုံကို မှတ်မိသည်။ သူ၏မျက်နှာ၏အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
သူမတော်တဆ လက်ခံခဲ့သော တပည့်ကား ပြည်နယ်ကိုးခုတွင် အထွန်းတောက်ဆုံး လူတစ်ယောက် ဖြစ်လာပေလိမ့်မည်။
ထိုနေ့ ရောက်လာမည့် အချိန်အား သူက စောင့်စားလိုသော်လည်း သူ့တွင် အခွင့်အရေး ရှိမည်လား မသေချာပေ။
“အသက်ရှင်နေပါ…” ထောင်ကျန်းက မျက်လုံးကို မှိတ်လိုက်ရင်း နောက်ဆုံး တစ်ခွန်းကို ပြောခဲ့သည်။
နတ်ငှက်ကြီးက သူ့အား ကြည့်နေဆဲဖြစ်ကာ တီးတိုးပြောသည်… “ဆရာလည်း အသက်ရှင်နေပါ…”
***