ဆုတ်ခွာခြင်း
Vol. 009 Ch. 840
နတ်ငှက်၏မျက်လုံးများက အလွန်အမင်း ထက်ရှကာ အားကောင်းသော စိတ်ခံစားချက်များ ရှိနေသည်။
ထောင်ကျန်းက ရုပ်ခန္ဓာ၏ အကန့်အသတ်ကို ကျော်လွန်ကာ ယခု အားအင်များ ကုန်ခန်း ခြောက်ကပ်နေပြီ ဖြစ်သည်။
သူက နတ်ဘုရား ဆေးကြောသန့်စင်ခြင်းကို မည်သို့ ဆက်လက်၍ ခံနိုင်ရည် ရှိမည်နည်း။
နတ်ဘုရား ဆေးကြော သန့်စင်ခြင်းကား ထောင်ကျန်းက ဝင်္ကပါ၏ စွမ်းအားများကို အသုံးပြုခြင်းဖြင့် ရောက်လာစေခြင်း ဖြစ်ရာ သူ၏ပင်ကို စွမ်းရည် မဟုတ်ခဲ့ပေ။ ဆိုလိုသည်က ထောင်ကျန်း၏ အကောင်းဆုံး အခြေအနေ၌ပင် နတ်ဘုရား ဆေးကြော သန့်စင်ခြင်းကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် မဟာလမ်းစဉ် စွမ်းအားမှာ ဟိုဟိုဒီဒီ ပြေးလွှား ရိုက်ခတ်လျက် ထောင်ကျန်း ရှိနေရာကို ရှာဖွေနေဟန် ရသည်။
နတ်ငှက်က မော့ကြည့်ကာ ကြောက်မက်ဖွယ် စွမ်းအား သူ့ထံကို ဦးတည်လာသည်ကို မြင်၏။ သူ၏မျက်လုံးများက စူးရှသွားသည်။
နတ်ငှက်အတွင်း၌ ရီဖူရှင်းကား တိတ်ဆိတ်စွာ ရပ်နေသည်။ နတ်ငှက်ကား ရှေးနတ်ဘုရား သတ္တဝါဆန်းဖြစ်ကာ အားလုံး၏ စိတ်စွမ်းအားဖြင့် ပေါင်းစပ် ဖန်တီးထားခြင်း ဖြစ်သည်။
ဆရာက နန်းတော်အတွက် တိုက်ခိုက်ခဲ့ကာ သူ၏အသက်ကိုပင် စတေးရန် ဝန်မလေးခဲ့ပေ။
ယခု ဆရာက အားပြန်ပြည့် သွားပြီဖြစ်ရာ ထိုနတ်ဘုရား ဆေးကြောသန့်စင်ခြင်း စွမ်းအားကို သူ တားဆီးရပေမည်။
စူးရှသော အလင်းများ နတ်ငှက်ကို စီးဆင်းသွားကာ ကြယ်တာရာ ရောင်စဉ်များအလား အဆင့်လွန် လောကဓာတ် စွမ်းအားများမှာ ကွန်ချာသဖွယ် ဖြစ်သွားသည်။
နတ်ဘုရား ပြစ်ဒဏ်က သူတို့ထံကို ရောက်လာသောအခါ ဘန်းခနဲ မြည်သံနှင့်အတူ ကြယ်တာရာ အရံအတားက ကြေပျက်သွားပြီး နတ်ငှက်မှာလည်း ပြင်းထန်စွာ တုန်ယင် သွားရသည်။ ရီဖူရှင်းမှာလည်း စိတ်နှင့်ကိုယ် ပြိုလဲလုမတတ် ခံစားချက်ကို ရသည်။ သို့သော်လည်း သူ၏ ဧကရာဇ်အသိက လောင်ကျွမ်းနေကာ သူ့တွင် အလွန် ပြင်းထန်သော ဆုံးဖြတ်ချက်လည်း ရှိနေသည်။
သူသာ ကျဆုံးသွားပါက သူ၏ဆရာမှာ သေချာပေါက် သေရပေမည်။
ဘုန်း … ဘုန်း…
နတ်ဘုရား ပြစ်ဒဏ်မှာ နတ်ငှက်ခန္ဓာကိုယ်အား အဆတ်မပြတ် တိုက်ခိုက်နေဆဲ ဖြစ်သည်။ ဤတွင် နတ်ငှက်၏ ခန္ဓာကိုယ်မှာလည်း အက်ကွဲကြောင်းများ စတင် ဖြစ်တည်လာကာ ပြိုလဲတော့မည့် အခြေအနေသို့ ရောက်လာသည်။ အတွင်း၌ ရီဖူရှင်း၏ စိတ်အသိကလည်း ပြင်းထန်သော ဖိအားကို ခံစားနေရကာ တစ်ကိုယ်လုံးမှာလည်း သွေးခြင်းခြင်း နီရဲနေသည်။
“တိုက်ခိုက်ရေးဝင်္ကပါ…” ကျယ်လောင်သော အသံနှင့်အတူ ယန်ဟောင်နှင့် တခြား စွမ်းအားမြင့် တန်ခိုးရှင်များ ဦးဆောင်လာသော ဝင်္ကပါက နတ်ငှက်၏အပေါ်ကို ရောက်လာကာ နေရာ ယူလိုက်ကြသည်။ ယန်ဟောင်ကား ယခုတွင် တော်ဝင် ချပ်ဝတ်ရတနာကို ဝတ်ဆင်ထားကာ ပင်မနေရာ၌ ရပ်တည်နေ၏။
သို့တိုင်အောင် ကြောက်မက်ဖွယ် အလင်းက ကျဆင်းလာသောအခါ ဝင်္ကပါအား ထွင်းဖောက် သွားခဲ့ပြီး ယန်ဟောင်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင် သွားသည်။ ဝင်္ကပါ တစ်ခုလုံးမှာလည်း ပျက်စီးလုနီးပါး ဖြစ်သွား၏။
ကောင်းကင်ထက်တွင် နတ်ဘုရား ပြစ်ဒဏ်မှာ စတင် ပျောက်ပျက်လာပြီ ဖြစ်ကာ နောက်ထပ် တိုက်ခိုက်မှု အနည်းငယ်တွင် လုံးဝ ကွယ်ပျောက် တော့မည် ဖြစ်သည်။
ဘုန်း… နောက်ထပ် ကျယ်လောင်စွာ မြည်ဟည်းသံ တစ်ချက်နှင့်အတူ ကောင်းကင်ဝင်္ကပါက ပြိုလဲသည်။ ယန်ဟောင်၏ ခန္ဓာ ကောင်းကင်ထက်မှ ကျဆင်းသွားကာ နတ်ဘုရားပြစ်ဒဏ်က ဝမ်ရှင်းကို ဆက်လက် ရိုက်ခတ်၏။ နတ်ငှက်၌ ပိုမိုကြီးမားသော အက်ကွဲကြောင်းများ ဖြစ်လာကာ လုံးဝ ပျက်စီးတော့မည် ထင်ရသည်။
“ကျုပ် ခံမယ်…” အသံတစ်သံနှင့်အတူ နောက်တစ်ယောက် ရှေ့ကို တက်လာသည်။ သူတို့ကား ဟောင်စီနှင့် သူ့လူများ ဖြစ်ကြသည်။ သူတို့ကလည်း တိုက်ခိုက်ရေး ဝင်္ကပါတစ်ခု ဖွဲ့ကြ၏။ ကြီးမြတ်သော အရောင်အဝါများ ဖြစ်ပေါ်လာကာ ဧရာမ ရန်ဟောင် နတ်ဘုရားတစ်ပါး ပေါ်လာသည်။
“သွားစမ်း…” ဟောင်စီက မော့ကြည့်ကာ နတ်ဘုရား ပြစ်ဒဏ်ကို သူက ဦးစွာ တိုက်ခိုက်သည်။ ကြီးမားသော အားလှိုင်းက ကောင်းကင်နှင့် မြေပြင်ကို ဖြတ်သန်း ရိုက်ခတ်လာလျှင် စစ်သည်တော် တစ်စုအား စစ်သူရဲက ဦးဆောင်ကာ ထိုးနှက် ခုတ်ထစ်သည်။ ထိုအရာကား အလွန် အားကောင်းသော သိုင်းပညာ ပုံရိပ်ယောင်ဖြစ်၏။ သို့သော်လည်း ပုံရိပ်ယောင်စစ်တပ်မှာ နတ်ဘုရားအလင်း၏ ရိုက်ခတ်မှု၌ တိုက်စစ် ပျောက်ကွယ်သွားပြီး ဟောင်စီနှင့် တခြားလူများ၏ ခန္ဓာကိုယ်ကလည်း ပြင်းထန်စွာ တုန်ခါသွားရသည်။
“အဲဒါ ပျောက်တော့မယ်…” အဝေးမှ တိုက်ပွဲကို ကြည့်နေသူများမှာ အသက်ရှူပင် ရပ်လုမတတ် ဖြစ်နေကြသည်။ သူတို့၏ စိတ်နှလုံးက ကြီးစွာ တုန်ယင်နေကာ လက်သီးကို တင်းတင်း ဆုပ်ထားကြ၏။
မြေရိုင်းပြည်နယ်မှ တိုက်ပွဲကို ပါဝင်တိုက်ခိုက်သူများ သာမက လာရောက် ကြည့်ရှုသူများပင် အလွန်အမင်း စိုးရိမ်နေကြသည်။
သူတို့က သည်အဆင့်ကို ကျော်ဖြတ်ရမည်။
တော်ဝင်စစ်ပွဲတွင် တော်ဝင်ကျဲ နန်းတော်မှ တန်ခိုးရှင်များ၏ ခိုင်မာသော စိတ်ဓာတ်တို့က သူတို့အား စိတ်လှုပ်ရှား စေခဲ့သည်။
တော်ဝင်ကျဲနန်းတော်က အနိုင်ရမှ ဖြစ်ပေမည်။
“ဒီ အတားအဆီးကို ကျော်ဖြတ်နိုင်ရင် ထောင်ကျန်းနဲ့အတူ တော်ဝင်ကျဲ နန်းတော်က ကြီးကြီးမားမား ပြောင်းလဲ တိုးတက်လိမ့်မယ်…” လူအုပ်ထဲမှ တစ်ယောက်က ကြည်လင် ပြတ်သားစွာ ပြောသည်။
သူကား အဘိုးအို တစ်ယောက် ဖြစ်ကာ အားကောင်းသော ကိုယ်ရောင် ကိုယ်ဝါကို ပိုင်ဆိုင်၏။ သူကား ကောင်းကင်မြေရိုင်း အဆင့်တွင် နံပါတ်၂၉တွင်ရှိသော ရှီတန်ခိုးရှင် သစ်နက်ရှင် ဖြစ်သည်။
“အမှန်ပဲ … ဒီတော်ဝင်စစ်ပွဲမှာ တော်ဝင်ကျဲ နန်းတော်က ရည်မှန်းချက် တစ်ခုတည်း ထားပြီးတော့ ထိပ်သီး အင်အားစုတွေနဲ့အတူ တက်ညီလက်ညီ တိုက်ခိုက်ခဲ့ကြတယ်… သူတို့က အသက်ကို ပဓာနမထားဘဲ မြေရိုင်းပြည်နယ် အတွက် တိုက်ပွဲဝင်နေတာ မြင်ရတော့ ကျုပ်က ကိုယ့်ကိုယ်ကိုယ် ရှက်မိသလိုပဲ…” နောက်ထပ် ကောင်းကင်မြေရိုင်း အဆင့်တွင် ရှိသော တစ်ယောက်က ပြောသည်။
စစ်ပွဲကို လာရောက် ကြည့်ရှုသူများထဲတွင် အလွန် အားကောင်းကာ နာမည် ကျော်ကြားသော တန်ခိုးရှင်များ ပါဝင်ကြသည်။
“ဒါဆို ခင်ဗျား ဝင်တိုက်ရဲလား…” တစ်ယောက်က ပြောသည်။
သစ်နက်ရှင်က တစ်ဖက်ကို ကြည့်ကာ ပြတ်သားစွာ ပြောသည်… “ခင်ဗျားတို့တွေက မြေရိုင်းပြည်နယ်ရဲ့ အတော်ဆုံး တန်ခိုးရှင်တွေပဲ… အားလုံးပေါင်းရင် စစ်တပ်တစ်ခုတောင် ဖြစ်နိုင်တယ်… ဒီတစ်ခါ ကျောက်ပြည်ထောင်က မြေရိုင်းပြည်နယ်ကို ကျူးကျော်ပြီး တိုက်ခိုက်ပြီးတော့ မြေရိုင်းပြည်နယ်မှာ အခြေကုတ်ဖို့ ကြိုးစားတယ်… အခု တိုက်ပွဲက အရေးကြီးတဲ့ အချိန်အခါကို ရောက်နေပြီ… ကျုပ်တို့က ဝင်တိုက်ရင် အများကြီး ပြောင်းလဲနိုင်တယ်… ဘယ်သူတွေက ကျောက်ပြည်ထောင်ကို ကျုပ်နဲ့အတူ မောင်းထုတ်ဖို့ ဆန္ဒရှိလဲ…”
“ကျုပ် ဝင်တိုက်မယ်…”
“ကျုပ်လည်း ပါမယ်…”
“မြေရိုင်းပြည်နယ်က လူတွေက မကြောက်ဘူး…”
“ကျောက်ပြည်ထောင်… မြေရိုင်းပြည်နယ်က ထွက်သွား…”
တစ်ယောက်ပြီး တစ်ယောက်က အော်ဟစ် ပြောဆိုကြသည်။ အားလုံးက သစ်နက်ရှင်၏ ပြောစကားတွင် စိတ်ဓာတ်များ တက်ကြွ လာကြ၏။ သူတို့က ရှေ့ကို တက်လာသည်တွင် ကြီးမားသော အင်အားစုတစ်ခု ဖြစ်တည်လာသည်။
တခြားတစ်ဖက်တွင် ကျောက်ပြည်ထောင် ဘုရင်က ရုတ်တရက် အဝေးကို လှမ်းကြည့်သည်။ လူများစွာက သူတို့ထံကို ပြေးလာကြသည်ကို မြင်လျှင် သူက အေးစက်စွာ ပြောသည်… “မင်းတို့က ငါ့ကို စိန်ခေါ်ရဲတာလား…”
သူ၏အသံက ကောင်းကင်နှင့် မြေပြင်ကို ကြီးစွာ လှုပ်ယမ်း သွားစေခဲ့ကာ ထိုအင်အားစုကို အနည်းနှင့်အများ ရိုက်ခတ်ခဲ့သည်။ သည်လူများက စစ်ပွဲတွင် ပါဝင်တိုက်ခိုက် ကြတော့မည်ကို သူသိရာ ထိုလူများ၏စိတ်နှလုံးကို ခေျာက်ချားစေအောင် တမင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်။
အမှန်တကယ်ပင် ကျောက်ပြည်ထောင် ဘုရင်က ထိုသို့ ပြောလိုက်သည်နှင့် လူအများအပြားက ပြေးလွှားရာမှ ရပ်တန့် လိုက်ကြသည်။ မည်သို့ဆိုစေ ပြောလိုက်သူကား ရှန့်ထိုတစ်ပါး ဖြစ်သည်။
“မဟာလမ်းစဉ်သို့ လျှောက်လှမ်းမယ့်လူက ဉာဏ်အလင်း မရခင် ကတည်းက စိတ်နှလုံးထဲမှာ ခိုင်မာ ပြတ်သားမှု ရှိရတယ်… ဥပမာ ထောင်ကျန်းလိုပေါ့….” ကျေးရွာ ခေါင်းဆောင်က ဆက်ပြောသည်… “တန်ခိုးကျင့်တယ် ဆိုတာက စိတ်နှလုံးကို လေ့ကျင့်တာပဲ… တစ်စုံတစ်ယောက်က ကိုယ့်စိတ်အပေါ်မှာ ရိုးသားမှု မရှိရင် ညဏ်အလင်း ရရင်လည်း အဓိပ္ပာယ် မရှိဘူး…”
ကျေးရွာခေါင်းဆောင်၏ စကားကိုကြားသော လူများ၏ စိတ်နှလုံးများ လှုပ်ရှား သွားကြသည်။ မကြာမီ သူတို့၏သွေးများ ဆူပွက်လာကြ၏။ ဤသည်မှာ ရှန့်ထိုတစ်ပါး၏ မှတ်သားနာယူဖွယ် စကားဖြစ်သည်။
“တိုက်…”
စစ်တပ်က ရှေ့ကို ဆက်တက်လာသည်။ ကျောက်ပြည်ထောင် ဘုရင်၏မျက်နှာက သိပ်မကောင်းတော့ပေ။ ကျေးရွာ ခေါင်းဆောင်က သူ့အား ကြည့်ကာ ပြောသည်… “ကျောက်ပြည်ထောင် ဘုရင်… ခင်ဗျား မြင်လား… ဒီတိုက်ပွဲမှာ ကျောက်ပြည်ထောင် စစ်တပ်က သေချာပေါက် ရှုံးနိမ့်လိမ့်မယ်…”
သိသာစွာပင် ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က ဤသို့သော အခြေအနေကို မခန့်မှန်းထားမိပေ။ ကျောက်ပြည်ထောင် စစ်တပ်က တော်ဝင်ကျဲ နန်းတော်ကို သေချာပေါက် မီးမြှိုက် စေနိုင်မည်ဟု ထင်မှတ်ခဲ့သည်။
သို့သော်လည်း လက်ရှိတွင် အရာအားလုံးက သူ ထင်ထားသည်နှင့် ကွဲလွဲနေသည်။
ယခုတွင် ဟောင်စီ၊ ယန်ဟောင်၊ ရီဖူရှင်းနှင့် တခြားလူများ၏ တောင့်ခံမှုဖြင့် နတ်ဘုရား ပြစ်ဒဏ်မှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ကျောက်ပြည်ထောင်မှ လူများ၏ မျက်နှာများမှာလည်း အလွန်အမင်း ပျက်ယွင်း နေကြသည်။ နတ်ဘုရား ပြစ်ဒဏ်က တစ်ဖက် ရန်သူများအား မချေမှုန်းနိုင်ခဲ့ပေ။
နတ်ငှက်က ထောင်ကျန်းအား ငုံ့ကြည့်သည်။ ထိုအခိုက်တွင် သူ၏ စိတ်စွမ်းအားများ အားလုံး ပြိုလဲတော့မည်ဟု ခံစားရသော်လည်း ရီဖူရှင်းကား ကျေနပ်စွာ ပြုံးမိသည်။
ထိုစဉ် အဝေးမှ ကြီးမားများပြားသော အင်အားစုများ ရောက်ရှိလာကြကာ ကျယ်လောင်စွာ ပြောကြသည်… “ကျုပ်တို့ မြေရိုင်းပြည်နယ်ကလူတွေ လာကူတယ်…”
“တိုက်…” ကောင်းကင်နှင့် မြေပြင်ကို တုန်ယင်စေအောင်ပင် ရှီတန်ခိုးရှင် များစွာက ပြန့်ကျဲနေသော ကျောက်ပြည်ထောင် စစ်တပ်အား အင်တိုက် အားတိုက် ထိုးခုတ်ကြတော့သည်။
“ဆရာကို ကာကွယ်…” ရီဖူရှင်းက ညွှန်ကြားသည်။ နတ်ငှက်က အတောင်ပံများကို ခတ်လျက် ကျောက်ဟောင်ထံသို့ ဆက်လက် ပျံသန်းသည်။
လက်ရှိ ကျောက်ဟောင်၏ အခြေအနေကား ရီဖူရှင်းနှင့် သိပ်မထူးခြားပေ။ သူကား ထောင်ကျန်းကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရထားသည်။ ဝင်္ကပါကြောင့်သာ မဟုတ်လျှင် သူကား သေဆုံးသွားပြီး ဖြစ်ပေမည်။
ကျောက်ဟောင်၏မျက်လုံးများက အေးစက်သွားကာ ဖီးနစ်ဓားအား မြှောက်လိုက်သည်။
ဟူး…
ကောင်းကင်နှင့် မြေပြင်အကြား၌ အလင်းရောင်များ ဖြာထွက်လာခဲ့ကာ ကျောက်ဟောင်က ကောင်းကင် အေးခဲဓာတ် သဘာဝကို ခံစားရသည်။ ဖီးနစ်ဓားကို ခက်ခဲစွာ မြှောက်လိုက်ရင်း သူက ကောင်းကင်အေးခဲ လောကဓာတ်အား ဖြိုခွင်းရန် ကြိုးစားသည်။
ဘုန်း…
နတ်ငှက်က အောက်ကို ထိုးစိုက် ဆင်းလာကာ သူ၏လက်သည်းဖြင့် ကုတ်ခြစ်သည်။ ဖီးနစ်ဓား၏ ထိုးခုတ်ချက်တွင် လောကဓာတ်များက ပြိုကွဲရသော်လည်း အလွန် အားကောင်းသော နတ်ငှက်လက်သည်း မူကား ကျောက်ဟောင်၏ ခန္ဓာကိုယ်ပေါ်ကို ဆက်လက် ကျဆင်းလာခဲ့သည်။
ကျောက်ဟောင်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားပြီး သူ၏ အတွင်းကလီစာများ အားလုံး ကြေပျက် သွားသည့်အလား ခံစားလိုက်ရသည်။
“သွားစမ်း…” ကျောက်မင်နှင့် ဝူလျန်တို့က တစ်ချိန်တည်းတွင် လာရောက် တိုက်ခိုက်ကြသည်။ သူတို့ကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရထားသော်လည်း ကျောက်ပြည်ထောင် ဘုရင်၏ မျက်စိရှေ့တွင် ကျောက်ဟောင် အသတ်ခံရသည်ကို မည်သို့ ကြည့်နေ၍ ရမည်နည်း။ သူတို့က အတတ်နိုင်ဆုံး ပြန်လည် တိုက်ခိုက် တားဆီးရပေမည်။
နတ်ငှက်၏ အတောင်ပံများက သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုများဖြင့် ရင်ဆိုင်တွေ့ကာ ချက်ချင်းပင် သုံးယောက်လုံး နောက်ကို လွင့်စဉ်သွားကြသည်။ ရီဖူရှင်းကား ပြိုလဲတော့မည်ကဲ့သို့ ခံစားရသည့်တိုင် ဆက်လက် တိုက်ခိုက်ရန် ဟန်ပြင်သည်။ သူက ကျောက်ပြည်ထောင် ဘုရင်၏ သားအကြီးဆုံးဖြစ်သူ ကျောက်ဟောင်အား သတ်ဖြတ်လို၏။
“နောက်ဆုတ်…” ကောင်းကင်ထက်မှ ကျောက်ပြည်ထောင် ဘုရင်က အေးစက်စွာ ပြောသည်။ ကျောက်ပြည်ထောင် စစ်တပ်က အရေးနိမ့်တော့မည်ကို သူသိနေသည်။
မြေရိုင်းပြည်နယ်မှ လူများကား အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်နေကြရာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းပေသည်။ ဘေးမှ လာကြည့်သူ ပရိသတ်များပါ ဝင်ရောက် တိုက်ခိုက်နေကြရာ လက်ရှိ သူတို့ အခြေအနေက သိပ်မကောင်းပေ။
သူ၏အကြီးဆုံးသား ကျောက်ဟောင်ကား ရီဖူရှင်း၏ လက်ထဲတွင် သေလုနီးပါး ဖြစ်နေသည်။ ကျောက်မင်နှင့် ဝူလျန်တို့မှာလည်း အားပြတ်လုနီးနေပြီ ဖြစ်သည်။ ယခု နောက်မဆုတ်လျှင် သူတို့က ကြီးမားသော အကျိုးဆက်ကို ခံစားရပေမည်။
တခြား စစ်မြေပြင်တွင်လည်း ကျောက်ပြည်ထောင် ဘုရင်၏ အမိန့်ကြောင့် ကျောက်ပြည်ထောင် စစ်တပ်က နောက်ကို ဆုတ်ခွာ နေကြသည်။
“သွားစို့…” ကျောက်မင်က တော်ဝင်ရတနာ အတောင်ပံကို ဖွင့်ကာ ကျောက်ဟောင်နှင့် ဝူလျန်တို့အား သယ်ဆောင်လျက် နောက်ဆုတ်သည်။
နတ်ငှက်မူကား ကောင်းကင်ထက်တွင် ရပ်နေလျက် နောက်ဆုတ်သွားသော ကျောက်မင်အား အေးစက်စွာ ကြည့်သည်။ အတောင်ပံများကို ရိုက်ခတ်ရင်းနှင်ပင် အချိန်မီ နောက်မဆုတ် နိုင်ကြသော ကျောက်ပြည်ထောင်မှ လူများထံသို့ ဆင်းသက်ကာ အပြင်းအထန် ထိုးခုတ် တိုက်ခိုက်သည်။ အော်ဟစ်သံများ ထွက်လာကာ လူအများအပြား၏ အသက်များက စစ်မြေပြင်၌ ကျန်ရစ်ခဲ့ရသည်။
မကြာမီ ကျောက်ပြည်ထောင်၏ စစ်တပ်က တစ်ဖက်ခြမ်းကို ရောက်သွားကာ မြေရိုင်း ပြည်နယ်ဘက်မှ လူများအား စူးစူးဝါးဝါး ကြည့်ကြသည်။ ထို့နောက်တွင် မြေရိုင်းပြည်နယ် ဘက်မှ လူများကလည်း ရီဖူရှင်းတို့ထံကို ရောက်လာပြီး နတ်ငှက်၏ ဘေးနားတွင် လာရောက် စုစည်းကြသည်။
ထိုအခိုက်တွင် နတ်ငှက်ပုံရိပ်က ပျောက်ကွယ်သွားပြီး ရီဖူရှင်းတို့အုပ်စု ထွက်ပေါ်လာ၏။ သူက ကောင်းကင်ထက်မှ ကျောက်ပြည်ထောင် ဘုရင်အား အေးစက်စွာ ကြည့်သည်။
“ဒါက အစပဲ ရှိသေးတယ်…” ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က အေးစက်စွာ ပြောသည်။
“သေချာတာပေါ့…” ရီဖူရှင်းက ပြန်ပြောသည်… “တော်ဝင် စစ်ပွဲပြီးတဲ့နေ့က ကျောက်ပြည်ထောင် ဘုရင်သေတဲ့နေ့ပဲ…”
“မင်းက ဘာပြောနေတယ် ဆိုတာကို နားမလည်ဘူး…” ကျောက်ပြည်ထောင် ဘုရင်က နှာခေါင်းတစ်ချက် ရှုံ့ကာ ထွက်သွားသည်။
ရီဖူရှင်းက အဝေးသို့ ပျောက်ကွယ် သွားသော အင်အားစုများအား ကြည့်နေသည်။ မကြာမီ သူ၏အားနည်းသော ခန္ဓာက ကောင်းကင်ထက်မှ ပြုတ်ကျသည်။ သူ တစ်ယောက်တည်းသာ မဟုတ်ပေ။ သူနှင့်အတူ ဝင်္ကပါအတွင်း၌ ပါဝင် တိုက်ခိုက်ကြသူများ မှာလည်း တစ်ယောက်ပြီး တစ်ယောက်က အားပြတ်ကာ မြေပြင်သို့ ပြုတ်ကျ ကြပေသည်။
***