← Chapters

နံ့သာခန်းမ၏ ဆင်းသက်လာမှု

Vol. 80 Ch. 1039

နံ့သာခန်းမ၏ ဆင်းသက်လာမှု

Vol. 80 Ch. 1039

ချင်မူ မျက်နှာတင်းမာသွားပြီး အေးစက်စက် မေးလိုက်သည်။ “ဒါက ခင်ဗျားနဲ့ တောင်နတ်မင်းရဲ့ အကြံလား”

ဇာမဏီနတ်မင်း ချီရှားယွီမှာ သိသိသာသာ ဇဝေဇဝါ ဖြစ်သွား၏။ “ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ အကြံလည်း ပါတယ်... ကောင်းကင်နတ်အရှင်မူ၊ နင်က ပြိုင်ဘက်ကင်း မှော်ဝိဇ္ဇာရှင်ပဲလေ... ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်လည်း အသက်ရှင်သေးတာပဲဟာ တောင်နတ်မင်းကျူချွဲကို အသက်ပြန်သွင်းပေးဖို့ ရနေတာကို ဒီလောက်အထိ စိုးရိမ်နေစရာ မလိုပါဘူး... တောင်နတ်မင်း အသက်ပြန်ရှင်လာရင် မဟာတာအိုအချုပ်အနှောင်တွေကနေတောင် လွတ်မြောက်သွားဦးမယ်.... ဒါက ကောင်းကင်ဘုံက ပေးတဲ့ တစ်သက်မှတစ်ခါ အခွင့်အရေးမဟုတ်လား”

“ကောင်းကင်ဘုံက ပေးတဲ့ အခွင့်အရေး ဟုတ်လား”

ချင်မူက ဒေါသထွက်လွန်းသဖြင့် တဟားဟား ရယ်လိုက်ရင်း ပလ္လင်ပေါ် စိတ်ပျက်လက်ပျက် ပြန်ထိုင်ချသည်။ သူ့ကြည့်ရသည်မှာ ပင်ပန်းပြီး စိတ်ပျက်နေပုံရ၏။ “ကောင်းကင်ဘုံက ပေးတဲ့ အခွင့်အရေးတစ်ခုတဲ့လား.... ခင်ဗျားတို့အားလုံး ကျုပ်နဲ့တောင် တိုင်ပင်မယ် မရှိဘဲ အဲဒီလိုပြောရဲတယ်ပေါ့... ကျုပ်ရဲ့ အသက်သွင်းနည်းက ပြိုင်ဘက်ကင်းနေတာ မဟုတ်ဘူး... ဒီကမ္ဘာပေါ်မှာ အသက်ပြန်သွင်းတာကို တားဆီးနိုင်တဲ့ မှော်စွမ်းအင်တွေ ရှိတယ်... အဲဒီမှော်စွမ်းအင်တွေအားလုံးက ကောင်းကင်နတ်ဘုံရဲ့ကောင်းကင်နတ်အရှင် ဆယ်ယောက် လက်ထဲမှာပဲ...”

ဇာမဏီနတ်မင်း ချီရှားယွီ၏ အမူအရာ အကြီးအကျယ် ပျက်ယွင်းသွားသည်။

ချင်မူက ကောင်းကင်နဂါး ရတနာရထားလှည်းကို တောင်ဝင်ရိုးစွန်း၏ တားမြစ်နယ်မြေသို့ အသော့နှင်စေလိုက်သည်။

‘မဟာဧကရာဇ်ရဲ့ မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကောင်းကင်ဘုံ၊ ကောင်းကင်နတ်ဘုံရဲ့ နံ့သာခန်းမ၊ ကောင်းကင်နတ်ဧကရာဇ်ရဲ့ တားမြစ်နယ်မြေနဲ့ ကောင်းကင်နတ်ဧကရီ၊ အရှင်မယွမ်မုတို့ရဲ့ အဆုံးသတ်မြို့ပျက်အားလုံး ငါ ဝိညာဉ်ဆင့်ခေါ်တာကို တားဆီးနိုင်တယ်... သူတို့သာ ခင်ဗျားဝိညာဉ်ကို မဟာလေဟာနယ်ထဲမှာ သွားဖွက်ထားရင် ကျွန်တော် ရှာတွေ့နိုင်မှာလည်း မဟုတ်ဘူး”

ချင်မူမှာ ရထားလှည်းထဲတွင် ထိုင်လျက် မချင့်မရဲ ဖြစ်နေမိသည်။ ‘ကျွန်တော် ခင်ဗျားကို အသက်သွင်းပေးနိုင်တာ သေချာရဲ့လား တောင်နတ်မင်း’

သူ စိတ်မတိုမိဘဲ မနေပေ။ တောင်နတ်မင်း မီးငှက်သည် သူနှင့် အရင်းနှီးဆုံးသော ရှေးဟောင်းနတ်ဘုရားများအနက်မှ တစ်ယောက် ဖြစ်၏။ သူတို့၏ မိတ်ဆွေဆက်ဆံရေးက ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်နှင့် ဆက်ဆံရေးအောက်၌ ရှိသည်။

ချင်မူ နဂါးဟန်ခေတ်၏ ပထမနှစ်သို့ ပြန်ရောက်သွားတုန်းက ပထမဆုံး ဆုံတွေ့ခဲ့သည့် ရှေးဟောင်းနတ်ဘုရားသည် တောင်နတ်မင်း မီးငှက်ဖြစ်ခဲ့၏။ သင်္ဘောအပေါ်တွင် နှစ်ယောက်သား မောင်နှမများသဖွယ် စကားလက်ဆုံကျခဲ့သဖြင့် မီးငှက်က သူ့အား မောင်လေးအဖြစ် သတ်မှတ်ခဲ့သည်။

နောက်ပိုင်း ချင်မူ ကောင်းကင်နတ်အရှင်ဟောင်ကို ရိုက်နှက်ရင်း ပုန်းစရာနေရာ ပျောက်နေတုန်းက မီးငှက်ကောင်းကင်နန်းတော်ထဲ၌ ဝင်ပုန်းအောင်းခဲ့ရသည်။

ထို့အပြင် သူမက ကောင်းကင်မဟာမိတ်အဖွဲ့အကြောင်း သိခဲ့သော ပထမဆုံး ရှေးဟောင်းနတ်ဘုရားလည်း ဖြစ်၏။

ချင်မူ တစ္ဆေသင်္ဘောအပေါ်၌ နတ်မင်းလေးပါး၏ စွမ်းအားကို ခိုးယူခဲ့သည့်အချိန်တုန်းကလည်း သူတို့လွတ်မြောက်အောင် ကူညီပေးခဲ့သူမှာ တောင်နတ်မင်းကျူချွဲအာသာ ဖြစ်ခဲ့သည်။

ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်နှင့် သူ၏ဆက်ဆံရေးသည် အကြီးနှင့် အငယ်ကြားက ဆက်ဆံရေးမျိုး ဖြစ်ချေသည်။ တောင်နတ်မင်းကျူချွဲနှင့်မူ မောင်နှမပမာ ရင်းနှီးခင်မင်၏။

သူမအစီအစဉ်ကို သူ သိသည်။ သူမက ကောင်းကင်ယင်နတ်ဘုရားမလို ကောင်းကင်နှင့်မြေပြင်၏ မဟာတာအိုအချုပ်အနှောင်များမှ လွတ်မြောက်လာအောင် ဤအခွင့်အရေးကို အသုံးချ၍ သူမ၏ရှေးဟောင်းနတ်ဘုရား ရုပ်ခန္ဓာအား စွန့်ခွာလိုခြင်း ဖြစ်သည်။

ထိုသို့လုပ်ခဲ့သည့်အချိန်တွင် သူနှင့် မတိုင်ပင်ခဲ့သောကြောင့် သူမအပေါ် ချင်မူ စိတ်ဆိုးမိသည်။ ပြိုင်ဘက်ကင်း မှော်ဝိဇ္ဇာရှင်ချင်မူက သူမကို ကယ်တင်နိုင်လိမ့်မည်ဟု သူမ တထစ်ချ တွက်ထားလိမ့်မည်။

သူမအတွက် ဤအခြေအနေသည် ကောင်းကင်နတ်အရှင်ဆယ်ယောက်၏ လက်တွင်း၌ အသက်ပေးလိုက်ခြင်းဖြင့် တောင်ဝင်ရိုးစွန်း၌ တွယ်ကပ်နေသော ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာသူလျှိုများကို သုတ်သင်နိုင်မည့် အခွင့်အရေးဖြစ်၏။ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်ခြင်းဟု ဆိုရမည်။

‘ဒီအခွင့်အရေးက ရှေးဟောင်းနတ်ဘုရားတွေနဲ့ ငါ့ကို ရိုက်ချပစ်နိုင်မယ့် အချိန်ကောင်းလည်း ဟုတ်တယ်’

ချင်မူ လက်သီးတင်းတင်းဆုတ်ကာ အံတင်းတင်းကြိတ်လိုက်မိသည်။ တောင်နတ်မင်းကျူချွဲသည် ဤအချိန်ကို အသုံးချ၍ ပြန်လည်ရှင်သန်လာရင်း မဟာတာအိုအချုပ်အနှောင်များမှ ရုန်းထွက်ချင်၏။ ကောင်းကင်နတ်ဘုံကလည်း ဤအခွင့်အရေးအား အသုံးချကာ သူ အသက်ပြန်မသွင်းနိုင်အောင် သူမဝိညာဉ်ကို ဖိနှိပ်ထားလိမ့်မည်။

ကောင်းကင်နတ်အရှင်ဆယ်ယောက်က ဤအခြေအနေကို သေချာပေါက် အသုံးချပြီး ပြိုင်ဘက်ကင်းမှော်ဝိဇ္ဇာရှင် ချင်မူသည် ရှေးဟောင်းနတ်ဘုရားများ အားကိုးအားထားနိုင်သော လူတစ်ယောက် မဟုတ်ကြောင်း ရှေးဟောင်းနတ်ဘုရားများအပါအဝင် လူတိုင်းအား သက်သေပြလိမ့်မည်။

သူတို့တွင် သေဆုံးသွားသော ရှေးဟောင်းနတ်ဘုရားများကို ချင်မူ အသက်ပြန်မသွင်းနိုင်အောင် ဟန့်တားနိုင်သည့် နည်းလမ်းများ လုံလုံလောက်လောက် ရှိ၏။

‘ငါ အသက်ပြန်မသွင်းနိုင်အောင် တားနိုင်တဲ့နည်းလမ်း လေးနည်း၊ ငါးနည်းလောက် သူတို့မှာ ရှိလိမ့်မယ်... ဒါပေမဲ့ မဟာဧကရာဇ်က သူ့ရဲ့ အနန္တဟင်းလင်းပြင်ကို မသုံးနိုင်သလို၊ ဝင်ပါမှာလည်း မဟုတ်လောက်ဘူး... ကောင်းကင်နတ်ဧကရီနဲ့ ယွမ်မုလည်း သူတို့ပေါ်သွားမှာ ကြောက်လို့ အဆုံးသတ်မြို့ပျက်ကို သုံးမှာမဟုတ်ဘူး... ကောင်းကင်နတ်ဧကရာဇ်ရဲ့ တားမြစ်နယ်မြေကိုလည်း မသုံးနိုင်ဘူး... ဒါကြောင့် နံ့သာခန်းမကို သုံးဖို့ နည်းလမ်းတစ်နည်းပဲ ရှိတယ်’

ချင်မူ အရှေ့သို့ ကြည့်နေရင်း နဖူးမှ ချွေးစေးများ ကျလာသည်။

ကောင်းကင်နတ်ဘုံ၏ နံ့သာခန်းမသည် ကောင်းကင်နတ်အရှင်ယွီ၏ တစ်ပိုင်းတစ ဝိညာဉ် ဖိနှိပ်ခံထားရသော နေရာဖြစ်၏။ သူ ကောင်းကင်နတ်အရှင်ယွီ၏ ဝိညာဉ်ကို ဆင့်‌ခေါ်ခဲ့တုန်းက နံ့သာခန်းမအပြင် ထွက်လာအောင် မဆင့်ခေါ်နိုင်ခဲ့ပေ။

မြေအောက်ဘုံအရှင်သခင်‌ကိုယ်တိုင်ပင် ကောင်းကင်နတ်အရှင်ယွီ၏ဝိညာဉ်ကို လိုက်ရှာခဲ့သည့်အချိန်၌ နံ့သာခန်းမထဲသို့ မဝင်နိုင်ခဲ့ပေ။

နံ့သာခန်းမသည် ကောင်းကင်နတ်ဘုံ၏ ပလ္လင်ခန်းမ ၇၂ ခုထဲမှ တစ်ခုဖြစ်၏။ ကောင်းကင်နတ်အရှင်ဆယ်ယောက်က ချင်မူ၏ ကောင်းကင်နတ်သိုင်း အလုပ်မလုပ်သဖြင့် တောင်နတ်မင်းကျုချွဲ အမှန်တကယ် သေဆုံးသွားအောင် တောင်နတ်မင်းကျုချွဲ၏ဝိညာဉ်အား နံ့သာဆောင်ထဲ၌ သေချာပေါက် ဖိနှိပ်ထားလိမ့်မည်။

‘ဒါက ခန့်မှန်းချက်ပဲ ဖြစ်ပါစေ... နံ့သာခန်းမက ကောင်းကင်နတ်ဘုံမှာပဲ ရှိနေသေးမှာပါ... တောင်၀င်ရိုးစွန်းဆီ ရောက်မလာလောက်သေးပါဘူး’

ရထားလှည်း၏အမြန်နှုန်းမှာ အဆုံးထိ မြှင့်တင်ခံလိုက်ရသည်။ ချင်မူ နောက်လှည့်ကြည့်လိုက်သည့်အခါ မီးငှက်ကောင်းကင်နန်းတော် ပြိုကျနေသည်ကို မြင်လိုက်ရ၏။ အအိုမင်းဆုံး ကောင်းကင်နန်းဆောင်၏ ပျက်သုဉ်းခြင်းကား သေချာသွားချေပြီ။ တောင်၀င်ရိုးစွန်းသည် အရှင်သခင်အား ဆုံးရှုံးရတော့မည်ဖြစ်၏။

သူ တောင်နတ်မင်းကျုချွဲအား အသက်ပြန်သွင်းနိုင်လျှင်တောင်မှ သူမအနေဖြင့် ဤနေရာအား အုပ်စိုးနိုင်တော့မည်မဟုတ်ပေ။ ထို့အပြင် အသက်ပြန်သွင်း၍ မရနိုင်ခြေလည်း ရှိနေသည်။

ဝုန်း...

ကောင်းကင်သည် ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး မိုင်ပေါင်းထောင်ချီ ရှည်လျားသော ‌ကောင်းကင်နတ်မြစ်တစ်စင်းက တောင်၀င်ရိုးစွန်း၏ ကောင်းကင်ထဲတွင် ဖွဲ့တည်လာ၏။ ဟင်းလင်းပြင်ကို တွန့်လိမ်ကောက်ကွေးစေသည့် မြစ်ရေစီးကြောင်းများက ပြည့်နှက်လာကာ နေလုံးကြီးကို ဖြတ်ကျော်လျက် စီးဖြာသွားသည်။ မရေမတွက်နိုင်သော သင်္ဘောကြီးများက မြစ်ပြင်ထက်၌ ရွက်လွှင့်နေကြ၏။

သာမန်မြစ်များနှင့်မတူဘဲ ကောင်းကင်နတ်မြစ်၏ မျက်နှာပြင်သည် ပန်းကန်ပြားနှစ်ချပ် အတူကပ်ထားသကဲ့သို့ လုံး၀န်းနေသည်။ မြစ်အပေါ်၊ မြစ်အောက်လည်း မရှိသည့်အတွက် မျက်နှာပြင်နှစ်ဖက်လုံးတွင် သင်္ဘောကြီးများ မောင်းနှင်နေကြလေသည်။

ယင်းကား ကောင်းကင်နတ်မြစ်ရေတပ် ဖြစ်သည်။

ကောင်းကင်နတ်ဘုံသည် အကြီးစားကောင်းကင်ဘုံများကို ချိတ်ဆက်ထားသည့်အလျောက် ကောင်းကင်နတ်မြစ်ရေတပ်က နှစ်တစ်သန်းကြာသည့်တိုင်အောင် နတ်ဘုရား၊မိစ္ဆာအများဆုံး ရှိသည့် ကောင်းကင်နတ်ဘုံ၏ စစ်တပ်တစ်တပ် ဖြစ်ခဲ့သည်။

ခေတ်ကာလတစ်လျှောက်လုံး ကောင်းကင်နတ်မြစ်ရေတပ်က ကောင်းကင်ဘုံများနှင့် ခေတ်အသီးသီး၏ ပုန်ကန်မှုများကို နှိမ်နင်းရသော စစ်တပ်တစ်တပ် ဖြစ်ခဲ့၏။

ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံ၊ ချိမင်ကောင်းကင်နတ်ဘုံ၊ ချုံဧကရာဇ်ကောင်းကင်နတ်ဘုံနှင့် ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံတို့အားလုံး ကောင်းကင်နတ်မြစ်ရေတပ်၏အောက်တွင် ပျက်သုဉ်းခဲ့ကြရသည်။

ချင်မူ မော့ကြည့်လိုက်သည့်အခါ ကောင်းကင်နတ်မြစ်သည် အမြှီးကိုးချောင်းမြေခွေးကြီးတစ်ကောင် အမြှီးများ ဖြန့်ကျက်နေသကဲ့သို့ ခွဲထွက်သွားကြောင်း မြင်လိုက်ရ၏။

၎င်း၏ မြစ်လက်တက်များက တောင်၀င်ရိုးစွန်း၏ နေရာအနှံ့အပြားသို့ စီးဆင်း၀င်ရောက်သွားပြီးနောက်၌ သင်္ဘောကြီးများက မြစ်လက်တက်ရေစီးကြောင်းများပေါ်မှ ဖြတ်သန်းသွားကြသည်။ မြစ်ရေတို့က တောင်၀င်ရိုးစွန်း၏ တဟုန်းဟုန်းတောက်လောင်နေသည့် မီးတောက်များကို ငြိမ်းသတ်ပြီး နတ်ဘုရားမိစ္ဆာများကို တိုက်ချသတ်ဖြတ်သွားသည်။

ဤသည်ကား တစ်ဖက်သတ် သတ်ပွဲကြီးဖြစ်ပေသည်။

ကောင်းကင်နတ်ဘုံ၏ စစ်ယန္တရား အသက်ဝင်လာသည်နှင့်အမျှ တောင်၀င်ရိုးစွန်းကို ချေမှုန်းရန် အားအနည်းငယ်သာ စိုက်ထုတ်ရပေတော့မည်။

ဤသည်ကား နှစ်တစ်သန်းကြာ ဖုံးကွယ်ထားခဲ့သော ‌ကောင်းကင်နတ်ဘုံ၏ လျှို့ဝှက်ချက်တစ်ခုလည်း ဖြစ်သည်။

မြစ်လက်တက်တစ်ဒါဇင်ခန့်က ချင်မူ့အရှေ့သို့ ရောက်လာပြီး တောင်၀င်ရိုးစွန်း၏ မီးတောက်မီးလျှံအပေါ် ဖိနှိပ်နေသည်။

ချင်မူ အကြည့်လွှဲလိုက်၏။

နောက်ဆုံးတော့ ရထားလှည်းကား တောင်ဝင်ရိုးစွန်း၏ တားမြစ်နေရာသို့ ရောက်ရှိသွားချေပြီ။

မဟာတာအိုရောင်စုံအလင်းတန်းတို့သည် တဝှမ်းဝှမ်း တောက်ပနေပြီး မိုးကုပ်စက်ဝိုင်းတွင် မီးတောက်မီးလျှံများဖြင့် ဖွဲ့တည်နေသော ဧရာမယဇ်ပလ္လင်ကြီးတစ်ခု ရှိ၏။ အမှန်တွင် ယဇ်ပလ္လင်မဟုတ်ဘဲ အလင်းရောင်များကြောင့် ထင်ဟပ်နေသော တံလျှပ်တစ်ခုသာ ဖြစ်ချေသည်။

မဟာတာအိုရောင်စုံအလင်းက အတိုင်းထက်အလွန် ကြီးမားသော ငှက်သိုက်ကြီးအသွင် ဖွဲ့တည်နေသည်။ အဝေးမှ ကြည့်လျှင် မီးငှက်တစ်ကောင် တောင်ပံဖြန့်၍ ပျံတက်နေသကဲ့သို့ အထွတ်အမြတ် မီးတောက်မီးလျှံများကိုသာ မြင်ရနိုင်သည်။

ရထားလှည်း ထိုနေရာ ရောက်သည့်အခါ ပြင်းထန်သော အပူရှိန်ကို ‌ခံစားလိုက်ရ၏။ ထိုကဲ့သို့ အပူရှိန်ကြောင့် ကျောက်စိမ်းမြို့တော်အဆင့် ကောင်းကင်နဂါးခြောက်ကောင်ပင် အနားမကပ်ရဲတော့ပေ။

သို့သော် ကောင်းကင်နတ်မြစ်ရေတပ်၏ ရောက်ရှိလာမှုကြောင့် အပူချိန်မှာ အတော်လေး လျော့နည်းသွားသည်။ တောင်၀င်ရိုးစွန်း၏ တားမြစ်နေရာအထိ ကောင်းကင်နတ်မြစ်လက်တက် ၃၆ ခုနီးပါး စီးဆင်း၀င်ရောက်လာကြ၏။

ရေတပ်က အင်နှင့်အားဖြင့် ဤမဟာတာအိုတားမြစ်နယ်မြေကို ဖိနှိပ်လေသည်။ သင်္ဘောအများစုသည် တားမြစ်နယ်‌‌မြေထဲသို့ ၀င်ရောက်ပြီး တောင်၀င်ရိုးစွန်း၏ နတ်ဘုရားမိစ္ဆာတို့ကို လိုက်လံသတ်ဖြတ်နေကြသည်။

ဤနေရာသို့ ထွက်ပြေးလာကြသော နတ်ဘုရားမိစ္ဆာများစွာ ရှိကြသည်။ သူတို့က မီးငှက်သွေးပါသည့်အလျောက် မီးဒဏ်ကို ခံနိုင်သလို, မြေပြင်အနေအထားလည်း ကျွမ်းကျင်၏။ ထိုအခြေအနေများကို အခွင့်အကောင်းယူကာ ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်မြစ်ရေတပ်ကို တန်ပြန်တိုက်ခိုက်နိုင်ကြရာ နှစ်ဖက်စလုံး အထိအခိုက်အပျက်အစီး များပြားနေတော့သည်။

နဂါးချီလင်က ရထားလှည်းကို တောင်၀င်ရိုးစွန်း၏ မဟာတာအိုရောင်စုံအလင်းရောင်အထဲ မောင်းနှင်လိုက်သည်။ ရှေးဟောင်းနတ်ဘုရား နတ်မင်းလေးပါးသည် သူတို့၏မွေးရပ်ဌာနေကို အလွန်တန်ဖိုးထား၏။

ချင်မူ အရှေ့၊ အနောက်နှင့် မြောက်၀င်ရိုးစွန်းများဆီ ရောက်ခဲ့ဖူးသော်လည်း သူတို့၏ မွေးရပ်ဌာနေများကို မမြင်ခဲ့ရပေ။ ရိုးသားဖြူစင်ပြီး ချစ်စရာကောင်းမည့်ပုံရသည့် အနောက်နတ်မင်း၏ မွေးရပ်ဌာနေကိုလည်း မတွေ့ခဲ့ရချေ။

သူတို့သည် မွေးရပ်ဌာနေများကို ဖုံးကွယ်ထားပြီး သူတို့ကို မွေးဖွားပေးခဲ့သော မဟာတာအိုစည်းမျဉ်းဥပဒေသများကိုလည်း ကွယ်ဝှက်ထားတတ်၏။ သူတို့၏အားနည်းချက်များကို အခြားသူများ တွေ့သွားမည်စိုးသဖြင့် ထိုနေရာများအား တားမြစ်ပိတ်ပင်ထားတတ်သည်။

ယခုအချိန်တွင်မူ တောင်၀င်ရိုးစွန်း၏ တားမြစ်နယ်မြေမှာ ထွက်ပေါ်လာပြီဖြစ်ပြီး အပြင်မှ ကြည့်ရုံနှင့်တင် ချင်မူနှင့် ကျန်ရှိသူများမှာ ကြောက်မက်ဖွယ်ရာကောင်းသော မဟာတာအိုတုန်ခါလှိုင်းများ ဖြာထွက်လာနေသည်ကို ခံစားနေကြရသည်။

ကောင်းကင်နဂါးများက ရထားလှည်းကို ဆွဲလျက် အထဲသို့ ဖြည်းဖြည်းချင်း ဂရုတစိုက် ၀င်ရောက်သွားကြသည်။ အပူချိန်က ပြင်းထိန်လာသလို အလင်းရောင်ကလည်း ပို၍ အန္တရာယ်များလာသည်။

အပြင်မှကြည့်လျှင် တားမြစ်နယ်မြေသည် အလင်းရောင်များဖြင့် ဖွဲ့တည်နေသော ယဇ်ပလ္လင်တစ်စင်းပမာ ထင်ရသော်လည်း အထဲ၀င်လိုက်သည်နှင့် လားလားမျှ မတူကြောင်း သိရှိရလိမ့်မည်။

တားမြစ်နယ်မြေကို တည်ဆောက်ထားသော မဟာတာအိုအလင်းက မိုင်ပေါင်းထောင်ချီရှည်လျားသော တောင်တန်းတစ်တန်းကို ဖွဲ့တည်ထားသည်။ မ‌ယုံနိုင်လောက်အောင် ရှုပ်ထွေးသည့် သင်္ကေတအမှတ်အသားများလည်း ဖွဲ့တည်နေပြီး တောင်တန်း၊ မြေပြင်နှင့် လေထဲ၌ပင် အရာအဖြစ် ထင်ကျန်နေကြသည်။

အဆိုပါသင်္ကေတအမှတ်အသားများမှာ အတိုင်းထက်အလွန် အန္တရာယ်များလေသည်။ တောင်၀င်ရိုးစွန်းတွင် သွားလာလိုလျှင် ထိုအရာတို့အား အလွန်ဂရုစိုက်ရ၏။ မဟုတ်လျှင် အသက်သွင်းမိပြီး သေဆုံးရနိုင်သည်။

ရှေးဟောင်းနတ်ဘုရားတို့၏စွမ်းအားသည် မဟာတာအို၏စွမ်းအားဆီမှ လာသည့်အတွက် ဤတားမြစ်နယ်မြေ၌ မဟာတာအိုမှာ အစိုင်အခဲပမာပင် ဖြစ်တည်နေ၏။

လက်ရှိတွင် မြစ်လက်တက်များက မီးတောက်များကို ငြိမ်းသတ်ရင်း လမ်းဖွင့်ပေးထားသောကြောင့် ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာတို့က တောင်တန်းများအပေါ်ရှိ မဟာတာအိုအလင်းရောင်များကို ဖယ်ရှားနေကြသည်။ ကောင်းကင်လက်နက်များလည် ပစ်လွှတ်၍ တောင်တန်းကို ဖျက်စီးနေကြသည်။

ချင်မူ၏ရထားလှည်းက သူတို့နောက်မှ လိုက်သွားသဖြင့် အန္တရာယ်နှင့် မကြုံရပေ။ သူတို့ ဖြတ်သွားနေစဉ် ရုတ်တရက် မီးထတောက်သွားသော သင်္ဘောတချို့နှင့် ဆုံရသည်။ သင်္ဘောပေါ်ရှိ နတ်ဘုရားမိစ္ဆာတို့မှာ ကုန်းပတ်အပေါ်၌ လူးလိမ့်ရင်း အော်ဟစ်နေကြလေသည်။

သူတို့မှာ မဟာတာအိုအလင်း‌ရောင်၏ စွမ်းအားကို အသက်သွင်းမိလိုက်ခြင်း ဖြစ်ချေသည်။

မဟာတာအိုအလင်းရောင်နှင့် ၎င်း၏စွမ်းအားကို မဖျက်စီးနိုင်လျှင် မီးတောက်များ၏ ဝါးမြိုခံရဖို့သာ ရှိသည်။

ကောင်းကင်နတ်မြစ်‌ရေတပ်သာ ဤနေရာသို့ ရောက်နေခြင်းမဟုတ်။ တောင်၀င်ရိုးစွန်း၏ သူပုန်များလည်း ရှိသည်။ သူတို့လည်း ချုံခိုတိုက်ခိုက်ရင်း ဤနေရာရှိ တာအိုစွမ်းအားကို လှုံ့ဆော်မိသဖြင့် ကောင်းကင်နတ်မြစ်ရေတပ်နှင့်အတူ သေဆုံးကုန်ကြသည်။

ရထားလှည်းက ကောင်းကင်နတ်မြစ်လမ်းကြောင်းအတိုင်း ရှေ့ဆက်သွားသည်။ သင်္ဘောများပေါ်ရှိ စစ်သူကြီးများသည် သူတို့ကိုမြင်သော်လည်း မည်သူမှ မမေးရဲပေ။ တစ်စုံတစ်ယောက်က သူတို့ကို တောင်ဝင်ရိုးစွန်း၏ တားမြစ်နယ်မြေသို့ ၀င်ရောက်ခွင့်ပြုထားသည်ဟုသာ ထင်ထားကြ၏။

“အရှေ့မှာ တာအိုမီးတောက်နယ်မြေ ရှိတယ်... အားလုံးရပ်လိုက်ကြ”

ကောင်းကင်နတ်မြစ်ရေတပ်ထဲရှိ နတ်ဘုရားတစ်ပါးက တံတားအပေါ်တွင် ရပ်လျက် အမိန့်ပေးသည်။ “သူပုန်တွေ အဲ့အထဲပြေးအောင် တွန်းအားပေးကြ”

မရေမတွက်နိုင်သော နတ်လက်နက်များက သင်္ဘောထဲမှ ပျံတက်လာကြပြီး အရှေ့ရှိ သူပုန်များအပေါ် ဖိအားပေးကြသည်။ တောင်၀င်ရိုးစွန်းတွင် နတ်ဘုရားမိစ္ဆာအများအပြား မရှိပေ။ အနည်းဆုံး တစ်သောင်းခန့်သာ ရှိသည့်အတွက် ကောင်းကင်နတ်မြစ်ရေတပ်၏အင်အားကို မရင်ဆိုင်နိုင်တော့ရာ တားမြစ်နယ်မြေအထဲသာ ၀င်လိုက်ကြရတော့သည်။

ရထားလှည်းက ချက်ချင်း ရပ်လိုက်သည်။ ချင်မူ၊ ယန်အာနှင့် နဂါးချီလင်မှာ လူပေါင်းထောင်ချီ တာအိုမီးတောက်နယ်မြေထဲသို့ ပြေး၀င်သွားကြပြီး မီးစွဲလောင်သွားသည်ကို မြင်နေကြရ၏။ အကုန်လုံး ပြာကျကုန်ကာ တစ်ယောက်မှ အသက်ရှင်မကျန်ခဲ့ပေ။

“ကောင်းကင်နတ်အရှင်မူ”

ထိုနတ်ဘုရားက အပေါ်မှ လှမ်းအော်သည်။ “ကျုပ်တို့ နောက်ဆုတ်တော့မယ်... ကောင်းကင်နတ်မြစ်အနေနဲ့ ဒီနယ်မြေကို မငြိမ်းသတ်နိုင်ပါဘူး... ခွင့်လွှတ်ပါ ကောင်းကင်နတ်အရှင်”

ချင်မူခေါင်းညိတ်လိုက်သည့်အခါ ထိုနတ်ဘုရားက ဆုတ်ခွာရန် အမိန့်ပေးသည်။ ကောင်းကင်နတ်မြစ၏ မြစ်လက်တက်များလည်း လျင်မြန်စွာ ဆုတ်ခွာသွားကြပြီး ရေလှိုင်းလုံးများနှင့်အတူ သင်္ဘောများကို တစ်ပါတည်း သယ်ဆောင်သွား၏။

ထိုနတ်ဘုရား၏ သင်္ဘောက တားမြစ်နယ်မြေ၏ တာအိုစွမ်းအားကို ဖိနှိပ်ပေးနေရသဖြင့် နောက်ဆုံးမှ ထွက်ခွာသည်။

“ကောင်းကင်နတ်အရှင် တာအို‌မီးတောက်တွေမှာ ကောင်းကင်နတ်ဘုံကိုးဘုံ ရှိတယ်... ဒါက ပထမဘုံပဲ ရှိပါသေးတယ်... အထဲကို ရောက်လေ အန္တရာယ်ပိုများလေပဲ.. ဂရုစိုက်ပါ ကောင်းကင်နတ်အရှင်” ထိုနတ်ဘုရားသည် အင်္ကျီလက်အိုးများကို ခါပြီးနောက် နောက်ဆုံး ကောင်းကင်နတ်မြစ်လက်တက်နှင့်အတူ ဆုတ်ခွာသွားတော့၏။

ချင်မူ ရထားလှည်းအပြင်ထွက်ကာ အလေးအနက် ပြောလိုက်သည်။ “ငါ့နောက်က လိုက်ခဲ့ ယန်အာနဲ့ဖက်တီးနဂါး...ရထားလှည်းက ဒီမှာနေခဲ့... မမကြီးယန်အာ မီးအိမ် သုံးပြီး တာအိုမီးတောက်တွေကို ဖိနှိပ်ပေးပါ”

ယန်အာက မီးအိမ်သယ်၍ သူတို့၏အရှေ့မှ ဦးဆောင်သွားပြီး ရထားလှည်းက ကျန်ရစ်ခဲ့သည်။ တာအိုမီးတောက်များ တဟုန်းဟုန်း‌ တောက်လောင်နေသည်နှင့်အမျှ အပူရှိန်သည် မြင့်တက်လာ၏။ ဟင်းလင်းပြင်ပင်လျှင် ပုံပျက်ရှုံ့တွလာပြီး ဟင်းလင်းပြင်တစ်ခုပြီးတစ်ခု အရည်ပျော်ကျလာ၏။ ချင်မူ နောက်လှည့်ကြည့်ပြီး အံ့အားသင့်သွား၏။

တားမြစ်နယ်မြေ၏ တာအိုမီးတောက်များအတွင်းမှ ကြည့်လျှင် တောင်ဝင်ရိုးစွန်းတစ်ခုလုံးကို မြင်ရပြီး‌ တောင်၀င်ရိုးစွန်းသည် ပုံပျက်နေသော စက်ကွင်းတစ်ကွင်းပမာ ဖြစ်နေသည့်အလား မြင်ရလိမ့်မည်။

တားမြစ်နယ်မြေ တာအိုမီးတောက်များ၏ ပထမကောင်းကင်ဘုံ၌သာ ရှိနေသေးသည့်အတွက် ကောင်းကင်နတ်အရှင်ယွဲ့၏ မီးအိမ်က မီးဒဏ်ကို အလွယ်တကူ ရင်ဆိုင်နိုင်သေးသည်။

ဒုတိယကောင်းကင်ဘုံတွင် ချင်မူ နောက်ပြန်ကြည့်လိုက်သည့်အခါ စကြ၀ဠာ၏ တောင်၀င်ရိုးစွန်းကြယ်များနှင့် ကြယ်အစုအဝေးများသည် တားမြစ်နယ်မြေ၏အပြင်၌ ပျံဝဲလျက် ကောင်းကင်ဘုံနောက်တစ်ဘုံပမာ ဖွဲ့တည်နေကြောင်း မြင်လိုက်ရ၏။

တတိယကောင်းကင်ဘုံတွင် ပို၍လျှို့ဝှက်ဆန်းကြယ်သော မြင်ကွင်းတစ်ခု ပေါ်လာသည်။ ထောင်ပေါင်းများစွာသော အခြားကမ္ဘာတို့သည် တတိယစက်ကွင်းအသွင် ဖွဲ့တည်လျက် တားမြစ်နယ်မြေ၏အပြင်၌ ပျံဝဲနေ၏။

တာအိုမီးတောက် စတုတ္ထကောင်းကင်ဘုံတွင် ကောင်းကင်နယ်စားမင်း၏ ရွှမ်တုက စတုတ္ထကောင်းကင်ဘုံနှင့် စတုတ္ထကမ္ဘာအဖြစ် ဖွဲ့တည်နေကြောင်း မြင်လိုက်ရသည်။

ယိုတုသည် တာအိုမီးတောက်၏ ပဉ္စမကောင်းကင်ဘုံ ဖြစ်ပြီး မှိန်ပျပျသာ လင်းနေသည်။

အဆုံးသတ်မြို့ပျက်က တာအိုမီးတောက်၏ ဆဋ္ဌမကောင်းကင်ဘုံ ဖြစ်သည်။ ယိုတုက မှေးမှိန်နေချိန်တွင် အဆုံးသတ်မြို့ပျက်သည် ပိတ်ပိတ်ပိန်း မှောင်မည်းလျက် မည်သည့်အလင်းရောင်မှ ထုတ်လွှတ်‌မနေပေ။

သတ္တမကောင်းကင်ဘုံတွင် အတိုင်းထက်အလွန် တောက်ပနေသော ကောင်းကင်နတ်ဘုံကို မြင်ရလိမ့်မည်။ အဌမကောင်းကင်ဘုံတွင် ၀င်ရိုးစွန်းလေးခုအနက် ၀င်ရိုးစွန်းသုံးခုသည် ဧရာမစက်၀န်းကြီးတစ်ကွင်းပေါ်၌ ပျံဝဲနေသော စက်ကွင်းအသေးလေးသုံးကွင်းအသွင် တည်ရှိနေကြောင်း မြင်ရလိမ့်မည်။

ယန်အာ့လက်ထဲရှိ မီးအိမ်က ရုတ်တရက် လင်းသွား၏။ ကောင်းကင်နတ်အရှင်ယွဲ့ သွန်းလုပ်ထသော မီးအိမ်မှာ ထပ်မံ၍ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။

ချင်မူ ရှေ့သို့ ကြည့်လိုက်သည့်အခါ န၀မမြောက် တာအိုမီးတောက်ကောင်းကင်ဘုံ၏ အပြင်အလွှာသို့ ရောက်လာပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။

ဤအခိုက်အတန့်တွင် ဤမဟာတာအိုတားမြစ်နယ်မြေ၏ စွမ်းအားက သိသိသာသာ ကျဆင်းသွားပြီး မီးအိမ်ကို စွဲလောင်နေသော မီးတောက်များ ငြိမ်းသေသွား၏။ ခပ်ပြင်းပြင်း လေတစ်ချက်က သူတို့ဆီ တိုက်ခတ်လာသဖြင့် အဝတ်စများ တဖြတ်ဖြတ် လှုပ်ခါသွားသည်။

ချင်မူ မော့ကြည့်လိုက်သည့်အခါ ကောင်းကင်ထက်မှ ကျဆင်းလာနေသော ပလ္လင်ခန်းမတစ်ခုကို မြင်လိုက်ရသည်။ ခန်းမထက်တွင် အဆောင်စက္ကူများ ကပ်နေပြီး သင်္ကေတအမှတ်အသားမျိုးစုံက မရေမတွက်နိုင်သော သော့ခလောက်များသဖွယ် ခန်းမအား ပိတ်ထားကြသည်။

နံ့သာခန်းမကား ဆင်းသက်လာခဲ့ချေပြီ။

“ကောင်းကင်နတ်အရှင်မူ မင်း နောက်ကျသွားပြီ”

န၀မမြောက် တာအိုမီးတောက် ကောင်းကင်ဘုံ၏ မီးတောက်မီးလျှံများအထဲတွင် အင်အားကြီးမားသော အသွင်အပြင်နှင့် လူရိပ်တစ်ခု ရပ်နေသည်။ သူက ခေါင်းလှည့်လာကာ အေးအေးစက်စက် ပြောလိုက်၏။ “တောင်နတ်မင်း ကြွေလွင့်သွားပြီ”

All Chapters