မက်မွန်တောအုပ်အတွင်းထဲဝယ်
Vol. 80 Ch. 1041
ခန်းမထဲတွင် ကောင်းကင်နတ်အရှင်ယွဲ့သည် ကန့်လန့်ကာအနောက်၌သာ ထိုင်မြဲထိုင်လျက် စကားပြောနေ၏။ "ငါက ကမ္ဘာဦးဘုံမှာ ပရမ်းပတာတွေ ဖြစ်နေတာကို စောင့်ကြည့်နေမှန်း နင် ဘယ်လိုသိလဲ ... ငါက ဒုက္ခိတဖြစ်တဲ့အတွက် ငါ့နှလုံးသားက သေနေပြီ ... ဒုက္ခိတဖြစ်မနေရင်တောင်မှ ငါ့မှာ အဲဒီလိုလုပ်ဖို့ အစွမ်းအစ ရှိမှာမဟုတ်ဘူး"
ချင်မူက ကန့်လန့်ကာအနောက်ရှိ ပုဂ္ဂိုလ်၏ ကောက်ကြောင်းကို ကြည့်ရင်း မေးလိုက်သည်။ "ဟုတ်လို့လား"
ကန့်လန့်ကာ အနောက်ရှိ အမျိုးသမီးက သက်ပြင်းချလေသည်။ "ဘယ်ဟုတ်ပါ့မလဲ ... မင်း ကောင်းကင်နတ်ဘုံဆီ သွားတုန်းက ငါ့ရဲ့ သဘောထားကို ပြသတဲ့အနေနဲ့ ငါ့မက်မွန်ပန်းပွင့်ကို ယူသွားဖို့ တောင်နတ်မင်းကျူချွဲဆီ တောင်းဆိုခဲ့တယ် ... တောင်နတ်မင်းကလည်း ငါ့ကို သူ့အစီအစဉ် ပြောပြခဲ့တယ် ... အဲဒါကြောင့် ငါလည်း တစ်ယောက်တည်း သီးသန့်နေပြီး ကမ္ဘာကြီး လျစ်လျူရှုထားဖို့ မဖြစ်တော့ဘူးပေါ့ကွယ်"
ချင်မူက ပြောသည်။ "ကောင်းကင်နတ်အရှင်သာ ဝင်မပါချင်ရင် မက်မွန်တောအုပ်က ကမ္ဘာဦးဘုံရဲ့ ကောင်းကင်နတ်ဘုံ ထောင်ပေါင်းများစွာနဲ့ ပတ်သက်နေပါ့မလား"
"မှန်တာပေါ့ ... ငါ့ကောင်းကင်နတ်သိုင်းက နေရာဟင်းလင်းပြင်ကျင့်စဉ်တစ်ခုပဲလေ ... စစ်ပွဲမှာ ကောင်းကင်နတ်အရှင်ယွီ မသေဆုံးသွားခင်ကတည်းက ဒီအစီအစဉ်ကို အကောင်အထည် ဖော်ပြီးခဲ့ပြီ ... ဒါပေမဲ့ ငါ့အစွမ်းအစက အားနည်းနေသလို ငါ့နေရာဟင်းလင်းပြင်ကျင့်စဉ်ကလည်း အကောင်းဆုံး မဟုတ်ခဲ့သေးဘူး ... အလွန်ဆုံး ကောင်းကင်ဘုံတစ်ဒါဇင်လောက်နဲ့ပဲ ဆက်သွယ်နိုင်ခဲ့တယ်"
ကောင်းကင်နတ်အရှင်ယွဲ့က ကန့်လန့်ကာအနောက်မှ ပြောသည်။ "ဒါပေမဲ့ နဂါးဟန်ကောင်းကင်နတ်ဘုံရဲ့ အဆုံးသတ်မှာ ငါ့မက်မွန်တောအုပ်က ကောင်းကင်ဘုံရာချီနဲ့ ဆက်သွယ်နေပြီ ... ချုံဧကရာဇ်ရဲ့ အဆုံးသတ်မှာတော့ ကမ္ဘာဦးဘုံရဲ့ ကောင်းကင်ဘုံထောင်ချီနဲ့ ဆက်သွယ်ထားနိုင်ခဲ့ပြီ... ငါက ဒုက္ခိတဖြစ်နေပေမယ့် ကောင်းကင်နတ်ဘုံကနေ ရွှမ်တု၊ ယိုတုနဲ့ ဝင်ရိုးစွန်းလေးခုအထိ အရာအားလုံးက ငါ့မျက်စိအောက်မှာပဲ ... ငါ စောင့်ကြည့်လို့ မရတဲ့ နေရာတွေဆိုလို့ ရှေးဟောင်းနတ်ဘုရားတွေရဲ့ တားမြစ်နယ်မြေတွေနဲ့ အဆုံးသတ်မြို့ပျက်ပဲ ရှိတယ်"
ချင်မူက ပြောသည်။ "မမကြီး စိတ်တိုနေတာပဲ"
"စိတ်တိုတာပေါ့"
ကောင်းကင်နတ်အရှင်ယွဲ့၏ အသံသည် အေးဆေးတည်ငြိမ်နေသံပေါက်သော်လည်း အင်မတန် ကြီးမားလှသည့် အမျက်ဒေါသတို့ ကိန်းဝပ်နေ၏။ "ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ရည်ရွယ်ချက်က လူသားတွေ အသက်ဆက်ဖို့ အင်အားတွေ ရပြီး ပိုကောင်းကောင်းမွန်မွန် နေထိုင်နိုင်စေဖို့ပဲ... ဒါပေမဲ့ အဲဒီရည်ရွယ်ချက် ပျက်စီးသွားတယ် ... ကောင်းကင်မဟာမိတ်အဖွဲ့ကို တည်ထောင်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေဟာလည်း မရှိတော့ဘူး .... ကောင်းကင်မဟာမိတ်အဖွဲ့ဟာ အကျင့်ပျက်ခြစားနေတဲ့ နေရာ ... ရှေးဟောင်းနတ်ဘုရားတွေ၊ နတ်ဘုရားတစ်ပိုင်းတွေနဲ့ ဖန်ဆင်းရှင်တွေတောင် အကျိုးအမြတ်တွေ ခွဲယူနေတဲ့ နေရာတစ်နေရာ ဖြစ်နေပြီလေ... ငါ စိတ်မတိုမိဘဲ နေပါ့မလား"
ချင်မူ ကန့်လန့်ကာအနောက်ရှိ ပုံရိပ်ဆီ တိတ်ဆိတ်စွာ ကြည့်နေမိသည်။ ကောင်းကင်နတ်အရှင်ယွဲ့က ဆက်ပြောသည်။ "ကောင်းကင်မဟာမိတ်အဖွဲ့ တည်ထောင်တုန်းက ကောင်းကင်နတ်အရှင်ယွင်ဟာ ပထမဆုံးစည်းမျဉ်းဥပဒေကို ထုတ်ပြန်ခဲ့တယ် ... အဲဒါက လူသားတွေကို သူတို့ရဲ့ စိတ်သဘောထားအလိုက် ဆက်ဆံဖို့ပဲ... ဒါပေမဲ့ တကယ်လက်တွေ့ လုပ်ဖို့တော့ ခက်တယ် ... လူတွေဟာ လူကောင်းတွေအပေါ် ခက်ထန်လွန်းအားကြီးတယ် ... သူတို့ကို တစ်ခါလေးတောင် မှားခွင့်မပေးဘူး ... အမှားတစ်ခု လုပ်လိုက်မိရင် လူကောင်းတွေလို့ မသတ်မှတ်တော့ဘဲ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံကြတယ် ... အပြစ်တင်ရှုံ့ချကြတယ် ... လူဆိုးတွေအပေါ်ကျ ကောင်းလွန်းအားကြီးတယ် ... မကောင်းတာတွေ အကြိမ်တစ်ထောင် လုပ်ပြီး ကောင်းတာလေး တစ်ခုလောက် လုပ်ပြလိုက်ရင် သူတော်စင်တန်ခိုးရှင်တွေလို ချီးကျုးခံရရောလေ ... ကောင်းကင်နတ်အရှင်မူ၊ ငါတို့ အောင်မြင်နိုင်ရဲ့လား"
ချင်မူလည်း သက်ပြင်းချပြီး ဖြေလိုက်သည်။ "ခက်တော့ ခက်ပေမယ့် ကျွန်တော် ကြိုးစားနေပါတယ် ... တစ်ခါတုန်းကဆို လူ့မိစ္ဆာတစ်ယောက်က ထာဝရငြိမ်းချမ်းရေးအင်ပါယာကို တိုက်ခိုက်ဖို့ မြက်ခင်းလွင်ပြင်တစ်ခုလုံး အဆိပ်ခတ်ပြီး မြက်ခင်းလွင်ပြင်သား ကိုးဆယ်ရာခိုင်နှုန်းလောက် သေကြေစေခဲ့တယ် ... အဲဒီလူက ထာဝရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေးကျမှ အသိစိတ် ဝင်ပြီး လူသားတွေကို ကယ်တင်ပေးခဲ့တယ် .... ကျွန်တော် သူ့ကို အသက်ပြန်သွင်းပေးနိုင်သလို၊ သူ့ဝိညာဉ်ကိုလည်း ပြန်ဆင့်ခေါ်ပေးနိုင်ပေမယ့် မလုပ်ပေးခဲ့ဘူး... လုပ်ပေးလိုက်ရင် မြက်ခင်းလွင်ပြင်မှာ သေခဲ့ရတဲ့သူတွေကို မျက်နှာချင်းမဆိုင်ဝံ့တော့သလို ခံစားရမှာမလို့ပဲ"
"ဒါဆို ရှေးဟောင်းနတ်ဘုရားတွေကရော" ကောင်းကင်နတ်အရှင်ယွဲ့က မေးခွန်းထုတ်သည်။
ချင်မူ ရင်ထဲတွင် တုန်လှုပ်သွား၏။
ကောင်းကင်နတ်အရှင်ယွဲ့က သူ၏စိတ်ဝိညာဉ်ကို လှုပ်ခါခဲ့ချေပြီ။
သူ ပြောခဲ့သော လူ့မိစ္ဆာဆိုသည်မှာ မှော်ဆရာသခင် ဖြစ်သည်။ သူသည် မှော်ဆရာအဆိပ်ဖြင့် မြက်ခင်းလွင်ပြင်၏ လယ်သမားအများစုကို အဆိပ်ခပ်သတ်ခဲ့ကာ ပြင်မရသော အမှားကို ကျူးလွန်ခဲ့၏။ သူ ကောင်းမှုလေးတစ်ခု ပြုလုပ်ပေးခဲ့ရုံနှင့် သူ၏ရက်စက်ကြမ်းကြုတ်မှုကို ချင်မူ မေ့ဖျောက်ပေးနိုင်မည်မဟုတ်ပေ။
ရှေးဟောင်းနတ်ဘုရားတွေကရော ... ။
နဂါးဟန်ခေတ်နှင့် ထိုခေတ်မတိုင်ခင် ခေတ်များတွင် ရှေးဟောင်းနတ်ဘုရားတို့သည် ကမ္ဘာခေတ်နှောင်း သက်ရှိသတ္တဝါများကို စားသောက်ခဲ့ပြီး သူတို့၏ယဇ်ကောင်များသဖွယ် ဆက်ဆံခဲ့၏။ ယခုတွင် ချင်မူမှာ ကောင်းကင်နတ်ဘုံကို ပြန်တိုက်ခိုက်ရန် သူတို့နှင့်အတူ ပူးပေါင်းရန် လိုအပ်နေချေရာ ရှေးဟောင်းနတ်ဘုရားများအတွက် ကောင်းသောအရာ ဖြစ်လာသည်။
ဤအတွက်ကြောင့် သူတို့ကို ခွင့်လွှတ်ပေးရပါမည်လော။
မည်သူ့ကိုမဆို သူတို့၏ အကျင့်စရိုက်၊ စိတ်နေစိတ်ထားအတိုင်း ဆက်ဆံသင့်သည်။ ရိုးရှင်းသော စည်းမျဉ်းတစ်ခု ဖြစ်သော်လည်း လိုက်နာရန် ခက်ခဲချေသည်။
“ကရုဏာစိတ်က နှိုင်းမရလောက်အောင် ဈေးပေါတယ်.... ဒါပေမဲ့ ဝေဖန်တာကလည်း မျက်နှာပြောင်လွန်းတယ်”
ကောင်းကင်နတ်အရှင်ယွဲ့၏အသံက ကန့်လန့်ကာနောက်မှ ထွက်ပေါ်လာသည်။ “နင် ပြောတဲ့ လူသုံးယောက်ကို ရှာတွေ့ပြီ.. သူတို့က အမွှေးအတောင်ကောင်းကင်ဘုံမှာ ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်ဆရာသခင်လေးယောက်ထဲက ဒုတိယကောင်းကင်ဆရာသခင် မုန့်ယွင်ကွေ့ရဲ့ အသိုက်ဟောင်းကို ခိုးဖို့ ကြိုးစားနေကြတယ်... ငါ သူတို့ကို ဒီခေါ်လိုက်မယ်”
ကမ္ဘာဦးဘုံအတွင်းရှိ အမွှေးအတောင်ကောင်းကင်ဘုံတွင်...
ဤနေရာသည် ကောင်းကင်ဆရာသခင်မုန့်၏ ဘိုးဘေးမြေ ဖြစ်၏။ သူသည် ထိုနေရာမှလာ၍ ကောင်းကင်နတ်ဘုံ၏ ဒုတိယကောင်းကင်သခင်အဆင့်သို့ ရောက်ရှိခဲ့ရုံသာမက ကောင်းကင်နတ်ဘုံအဆင့်၏အောက်ရှိ ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်လည်း ဖြစ်လာခဲ့သည်။
အင်အားကြီးလာပြီးနောက်၌ အမွှေးအတောင်ကောင်းကင်ဘုံကို အုပ်စိုးနိုင်ခဲ့ပြီး အခြားကောင်းကင်ဘုံများအား သူ့ထံ လက်ဆောင်ပဏ္ဍာများ ဆက်သခိုင်း၏။ သူက ငွေမှလွဲ၍ မည်သည့်အရာအပေါ်မှ မေတ္တာမရှိပေ။ ထို့ကြောင့် အမွှေးအတောင်းကင်ဘုံမှာ အင်မတန် ကြွယ်ဝချမ်းသာသည်။ သူ၏ပိုင်ဆိုင်မှုကား ကောင်းကင်နတ်အရှင်ဆယ်ပါးထက်ပင် များပြားသည်ဟု ပြောကြသည်။
မုန့်ယွင်ကွေ့သည် ၀င်္ကပါပညာတွင်လည်း ထူးချွန်ပြီး ကောင်းကင်နတ်ဘုံတွင် အတော်ဆုံး ဖြစ်၏။ ဝင်္ကပါဆရာတစ်ဆူ ဖြစ်သည့်အလျောက် သူ၏ပိုင်ဆိုင်မှုများအား အသတ်အဖြတ်၀င်္ကပါမျိုးစုံဖြင့် စောင့်ကြပ်ထားသည်။
ဤအခိုက်အတန့်တွင် ထော့ကျိုးနှင့် အဘိုးကြီးမာကား သူ၏ရတနာတိုက်ထဲ ရောက်ရှိနေချေပြီ။ ရိုးသားပြီး သစ္စာရှိသော လန်ယွီထျန်းလည်း သူတို့နှင့်အတူ ပါလာ၏။
ထော့ကျိုးသည် တစ်ယောက်တည်း နေရသည်ကိုသာ ကြိုက်ခဲ့သော်လည်း အဘွားစစ် ချင်မူ့ကို မြစ်ထဲမှ ကောက်လာကတည်းက သွားလေရာတိုင်း ချင်မူ့အး ခေါ်သွားတတ်သည်။ ချင်မူ အိပ်ယာထဲ၌ သေးပေါက်ချသည်ကို မကြိုက်သောကြောင့် အဘွားစစ် ချင်မူ့အား သူများဆီ ပေးလိုက်သည့်အခါများတွင်လည်း ပြန်ခိုးလာသူမှာ ထော့ကျိုးသာ ဖြစ်သည်။
ရွှေအ၊ မျက်ကန်း၊ ဆေးဆရာနှင့် အခြားသူများမှာ လုပ်စရာများ တစ်ပုံတစ်ပင် ရှိနေသဖြင့် မည်သူမှ သူနှင့် အဖော်မလိုက်ကြချေ။ ချင်မူကလည်း တခါတရံမှသာ ပြန်လာတတ်သဖြင့် ထော့ကျိုးမှာ တခြားကောင်းကင်ဘုံများနှင့် အုတ်ဂူများတွင် တစ်ယောက်တည်း ခိုးရသည်ကို ပျင်းရိလာတော့သည်။
တိုက်တိုက်ဆိုင်ဆိုင် ချင်မူ့တွင် လန်ယွီထျန်းဟုခေါ်သော ညီတစ်ယောက်ရှိမှန်း ထော့ကျိုး သတိရခဲ့သွားပြီး လန်ယွီထျန်းကို ယိုတုမှ သွားခိုးလာခဲ့၏။
အဘိုးကြီးမာကလည်း တထာဂတအဖြစ်မှ နှုတ်ထွက်၍ မြင့်းမိုရ်တောင်မှ ထွက်လာပြီဖြစ်ရာ ထော့ကျိုးက သူတို့တိုးတက်လာအောင် လမ်းညွှန်ပေးဖို့ ထိုလူဆိုးထိန်းဟောင်းကြီးအား ဆရာတင်တော့သည်။
အဘိုးကြီးမာမှာ အမြင်မကြည်သော်လည်း သူနှင့် လန်ယွီထျန်း၏ အသက်အန္တရာယ်အတွက် စိုးရိမ်သောကြောင့် သူတို့အနောက်မှလိုက်၍ အရှုပ်ထုပ်မှန်သမျှ ရှင်းပေးရသည်။
“ဒီကောင်းကင်ဆရာသခင်မုန့်ရဲ့ ၀င်္ကပါတွေက တော်တော်ကောင်းတယ်... ပြီးတော့ အသတ်အဖြတ်၀င်္ကပါတွေချည်းပဲ မဟုတ်ဘူး... ကျူးကျော်သူတွေ ခြေရာလက်ရာ ကျန်ခဲ့အောင်လည်း လုပ်လို့ရတယ်... ဥပမာ ဒီ၀င်္ကပါထဲက မှန်တွေက လူရဲ့ပုံရိပ်ကို ဖမ်းဖို့ပဲ... တစ်ယောက်ယောက်သာ ကျူးကျော်ခဲ့ရင် သူတို့ရဲ့ပုံရိပ်က ဒီမှန်ထဲမှာ သိမ်းထားခံရလိမ့်မယ်”
အဘိုးကြီးမာသည် ဟိုဟိုသည်သည် ကြည့်လိုက်ပြီး သူ၏အကြည့်က ၀င်္ကပါထဲရှိ စာအုပ်များအပေါ် ကျရောက်သွား၏။ “ဒီစာအုပ်တွေက သေခြင်းရှင်ခြင်းစာအုပ်တွေ ထင်တယ်... ပြီးတော့ မှန်နဲ့ တစ်သားတည်း ဖြစ်နေတယ်.... လူတစ်ယောက် ခိုးဝင်လာလို့ မှန်မှာ ပုံရိပ်ပေါ်သွားရင် ဒီစာအုပ်တွေက အဲဒီပုံရိပ်ကို သုံးပြီး သူခိုးရဲ့သရုပ်မှန်ကို ရှာလိမ့်မယ်... သူခိုးရဲ့အသံကို တုပဖို့ အသံတီကောင်လည်း အထဲမှာ ရှိနေတယ်... ဟိုနားက ကျောက်စိမ်းသေတ္ထာထဲမှာ ဘာရတနာမှ မရှိဘူး.. အဲ့ဒါ ထောင်ချောက်ပဲ”
ထော့ကျိုးမှာ အထင်ကြီးသွားပြီး ကောင်းကင်နတ်အရှင်ယွီအား ပြော၏။ “သင်ယူထား ကောင်လေး... စွမ်းရည်ဆိုတာ ဒါပဲကွ”
လန်ယွီထျန်းက ခေါင်းညိတ်၍ အဘိုးကြီးမာ၏ စကားများကို မှတ်သားထားသည်။
ထော့ကျိုးနှင့် လန်ယွီထျန်းတို့ လှုပ်ရှားတော့မည့်အချိန် သူတို့ပတ်ဝန်းကျင်မှာ ပြောင်းလဲသွားလေသည်။ သုံးယောက်သား အလန့်တကြားဖြင့် ဟိုဟိုသည်သည် ကြည့်လိုက်သော်လည်း မက်မွန်တောအုပ်တစ်အုပ်ကိုသာ မြင်လိုက်ရသည်။ မက်မွန်ပန်းများ ပွင့်နေခြင်းက နွေဦးဖြစ်ကြောင်း ပြသနေသော်လည်း ယင်းတို့ဘေးရှိ မက်မွန်သီးအမှည့်များက နွေရာသီကို ညွှန်ပြနေ၏။
“သခင်ကြီးတို့... သခင်လေး ကောင်းကင်နတ်အရှင်က ဖိတ်ခေါ်နေပါတယ်” အခြွေအရံမိန်းကလေးတစ်ဦးက သူတို့အနားသို့ လျှောက်လာကာ ချိုသာစွာ ပြောသည်။
ထော့ကျိုးမှာ မျက်နှာအကြီးအကျယ် ပျက်သွားတော့သည်။ “အဘိုးကြီးမာ၊ ကျုပ်တော့ သွားပြီ... ကောင်းကင်နတ်အရှင်တစ်ယောက်တော့ ကျုပ်တို့ကို ဖမ်းမိပြီဗျို့.... ရွာသူကြီးလို ခြေထောက်ဖြတ်ခံရတော့မယ် ထင်ပါရဲ့ ... ပြီးရင် ထွက်မပြေးနိုင်အောင် ဖန်ပုလင်းထဲ ထည့်ထားတော့မှာ...”
အဘိုးကြီးမာက ပတ်၀န်းကျင်ကို အကဲခတ်ရင်း ပြော၏။ “ဒါက ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ မက်မွန်တောအုပ် ဖြစ်မယ်... မူအာ အရင်က ဒီနေရာအကြောင်း ပြောဖူးတယ်... ငါတို့ သူ့နောက် လိုက်သွားသင့်တယ်... သိပ်မလန့်ပါနဲ့... အရင်တုန်းက ငါ မင်းကို ဖမ်းမိခဲ့တာက မင်းက နမော်နမဲ့နိုင်ခဲ့သလို၊ တာအိုနှလုံးသားလည်း အားနည်းနေဲ့တာကြောင့်ပါ”
သုံးယောက်သား အခြွေအရံမိန်းကလေးနောက်မှ လိုက်လာပြီးနောက် နဂါးချီလင်နှင့် မျက်နှာငယ်နေသော မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။ လန်ယွီထျန်းသည် ၀မ်းသာအားရ အော်လျက် ရှေ့သို့ ပြေးသွား၏။ ယန်အာမှာ ငိုထားပုံရပြီး သူ့ကို ခွံ့မကျွေးဘဲ အပြင်၌ တိတ်တဆိတ်စွာသာ စောင့်နေချေသည်။
“ဖက်တီးနဂါး၊ မမကြီးယန်အာ ဘာဖြစ်တာလဲ” လန်ယွီထျန်းက စပ်စုသည်။
နဂါးချီလင်မှာ သက်ပြင်းချကာ ဖြေလိုက်သည်။ “ဂိုဏ်းသခင်က မင်းတို့ကို ဖိတ်ထားတယ်... ကျေးဇူးပြုပြီး အထဲ အရင်၀င်ကြပါ”
လန်ယွီထျန်းမှာ ပို၍ပင် ဇဝေဇဝါဖြစ်နေပြီး ထော့ကျိုးနှင့် အဘိုးကြီးမာတို့နောက်မှ နန်းတော်ထဲသို့ လိုက်သွား၏။
နန်းတော်ထဲတွင် ချင်မူက မှန်တစ်ချပ်ထုတ်၍ အဘိုးကြီးမာနှင့် ထော့ကျိုးအား ပြကာ ပြောသည်။ “ဒီမှန်ထဲက ခန်းမက နံ့သာခန်းမရဲ့ ပုံရိပ်ပဲ... ခတ်နှိပ်ထားတဲ့ သင်္ကေတတွေက နံ့သာခန်းမအပေါ်မှာ သုံးထားတဲ့ သင်္ကေတတွေ... နံ့သာခန်းမ ဝိညာဉ်တွေ ဖိနှိပ်နိုင်တယ်... အဲ့မှာ အဆောင်စက္ကူတွေ ၊ သင်္ကေတတွေ အများကြီးရှိတယ်... အဲဒါတွေကို ဖျက်ပြီး အထဲက ဝိညာဉ်ကို ခိုးပေးနိုင်မယ့် ဝိဇ္ဇာတစ်ယောက် ကျွန်တော် လိုအပ်နေလို့ပါ”
သူ မှန်အပေါ် ထိလိုက်သည့်အခါ မှန်ထဲရှိနေရာမှာ ကျယ်ပြန့်လာသည်။ မှန်ထဲရှိ နံ့သာခန်းမသည် အားလုံး၏အရှေ့တွင် ခန်းမအဖြစ် ဖွဲ့တည်သွားသည်။ သင်္ကေတများစွာ ခတ်နှိပ်ထားသည့် ကြေးရောင်ခန်းမမှာ မှန်ထဲတွင် ပုံရိပ်ယောင်နှင့်တူသော်လည်း မှန်၏အပြင်တွင်တော့ အစစ်အလား ထင်ရ၏။
လန်ယွီထျန်းက ချီးကျူးသည်။ “အစ်ကိုကြီးရဲ့ ပန်းချီလမ်းစဉ်က တိုးတက်လာတာပဲ”
ချင်မူက တုံပြန်သည်။ “မင်းဝိညာဉ်ရဲ့ နောက်ဆုံးအစိတ်အပိုင်းကိုလည်း အထဲမှာ ဖွက်ထားတယ်... ဘိုးဘိုးထော့ကျိုး၊ အထဲ၀င်ဖို့ နည်းလမ်းများ ရှိလား”
ထော့ကျိုးက လေးနက်သော မျက်နှာအမူအရာဖြင့် ကြေးရောင်ခန်းမကို လှည့်ပတ်ရင်း သင်္ကေတများကို စစ်ဆေးကြည့်နေသည်။ သူက ပွစိပွစိ ရေရွတ်နေ၏။ “အထင်ကြီးစရာပဲ.. အထင်ကြီးစရာပဲ.. ဒါက ငါမြင်ဖူးသမျှထဲမှာ အခက်ခဲဆုံးနဲ့ ကြောက်ဖို့အကောင်းဆုံး အတားအဆီးအစီအရင်တွေပဲ...”
ချင်မူ အဘိုးကြီးမာဆီ ကြည့်လိုက်ရာ အဘိုးကြီးမာက ခေါင်းရမ်းပြသည်။ “ငါ မလုပ်တတ်ဘူး.. ထော့ကျိုးပဲ ဒီနေရာမှာ ဆရာကြီး”
လန်ယွီထျန်းကလည်း ရှေ့သို့တက်၍ ထော့ကျိုးနည်းတူ သင်္ကေတများကို စစ်ဆေးကြည့်နေသည်။
ချင်မူ မျက်မှောင်ကြုတ်ကာ တွေးလိုက်မိသည်။ “ကောင်းကင်နတ်အရှင်ယွီ ဘိုးဘိုးထော့ကျိုးနောက် လိုက်ခဲ့တာ တော်တော်ကြာသွားပြီဖြစ်မယ်... အခု ထော့ကျိုးနောက်တစ်ယောက် အတိုင်းပဲ... သူတော့ ပျက်စီးသွားပြီ”
သူခိုးကြီးနှင့် သူခိုးလေးသည် အတားအဆီးအစီအရင်များနှင့် အဆောင်စက္ကူများ၊ သင်္ကေတများကို ဂရုတစိုက် လေ့လာပြီးနောက် အပူအပြင်း ရေရွတ်ဆွေးနွေးနေကြ၏။
ချင်မူက တွေးတောလျက် ပြော၏။ “လေ့လာဖို့ အချိန်ရပါတယ် ဘိုးဘိုးထော့ကျိုး.... ဒီမှန်ကို ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဆီ ယူသွားပြီး ဒီအပေါ်က အဆောင်ဝင်္ကပါတွေ၊ အတားအဆီးအစီအရင်တွေနဲ့ တားမြစ်ချက်တွေအတိုင်း ဆောက်ခိုင်းလိုက်ပါ.... ပြီးရင် ဘိုးဘိုးတို့ ဖြည်းဖြည်းချင်း အဖြေရှာကြည့်လို့ရပါတယ်”
သူ့စကားမဆုံးခင် လန်ယွီထျန်းက စိတ်လှုပ်ရှားစွာဖြင့် အလျင်အမြန် ထပြေးလေသည်။ သူ နံ့သာခန်းမပုံရိပ်ယောင်ဆီသို့ ပြေးနေစဉ် သူ၏ပုံရိပ်သည် ရုတ်တရက် တစ်ပိုင်းတစ်စ ပုံရိပ်များအဖြစ် စီတန်းသွား၏။
ချင်မူ သူ့ဆီ ကြည့်လိုက်သည့်အခါ လန်ယွီထျန်းသည် သင်္ကေတပုံရိပ်များကို ဂရုမစိုက်သည့်အလား ဖြတ်ပြေးနေကြောင်း တွေ့လိုက်ရသည်။ သူက ရွှံ့နွံထဲသို့ ၀င်နေသည့်အလား ဆက်ပြေးနေသည်။ ထို့နောက် အတားအဆီးအစီအရင်တစ်ခုပြီးတစ်ခုဖြင့် တားမြစ်ခံနေရသောကြောင့် တဖြည်းဖြည်း အရှိန်လျော့လာကာ မလှုပ်ရှားနိုင်တော့ချေ။
ထော့ကျိုးက သူ့နောက်မှ ပြေးလိုက်၍ ကယ်တင်လိုက်သည်။ “ဒါက အင်အားကြီးလွန်းတယ်...လုံလောက်တဲ့ အမြန်နှုန်းနဲ့ မြန်မြန်ပြေးရင်တောင်မှ ဖြတ်သွားနိုင်မှာမဟုတ်ဘူး...ငါတို့ တခြားနည်းလမ်း စဉ်းစားရမယ်”
ချင်မူက နံ့သာခန်းမပုံရိပ်ယောင်အား မှန်ထဲ၌ ပြန်သိမ်းကာ ပြောသည်။ “ဒါ အရေးကြီးတယ်... ဘိုးဘိုးရွှေအ နံ့သာခန်းမကို သွန်းလုပ်ပြီးရင် တစ်ယောက်ယောက်က အဲ့အပေါ်က အတားအဆီးအစီအရင်တွေ၊ သင်္ကေတတွေ၊ တားမြစ်ချက်တွေကိုလည်း ကူးဆွဲရလိမ့်မယ်... ဘိုးဘိုးတို့နှစ်ယောက် ၀င်ဖို့ကြိုးစားရင် အင်မတန် သတိထားရမယ်... မမေ့ကြနဲ့နော်”
ထော့ကျိုးက မှန်ကို သိမ်းရင်း ပြောသည်။ “ငါ အခုလေးတင် လန်လေးကို ကယ်လိုက်တုန်းက အတားအဆီးအစီအရင်မှာ မရေမတွက်နိုင်တဲ့ နေရာဟင်းလင်းပြင်တွေ ရှိနေတာ တွေ့လိုက်ရတယ်.... လေးလွှာမြောက် အတားအဆီးအစီအရင်ဆီ ဝင်လိုက်ရင် ငါတို့ ပိတ်မိသွားမယ်.... အထဲရောက်လေ ပိုအားကောင်းလာလေပဲ... ဝင်ဖို့ ခက်လွန်းတယ်”
“ကျွန်တော်တို့ ၀င်ကို၀င်ရမယ်”
ချင်မူ သူ့စကားအား ဖြတ်ပြောမိသည်။ “ဒါက ကျွန်တော်တို့ အနာဂတ်နဲ့ဆိုင်လို့ပါ ... ဘိုးဘိုးထော့ကျိုး၊ ဘိုးဘိုးကို အားကိုးပါရစေ”
ချင်မူ မည်မျှလေးနက်နေမှန်း တွေ့လိုက်ရသဖြင့် ထော့ကျိုးက ပြောသည်။ “လုံလုံလောက်လောက် မြန်သရွေ့ မကျိုးပျက်နိုင်တဲ့ အတားအဆီးအစီအရင်ဆိုတာ မရှိဘူး... မူအာ၊ မင်း ငါတို့နဲ့ လိုက်ခဲ့ပါလား”
ချင်မူက ခေါင်းခါယမ်းလျက် ပြောသည်။ “ကျွန်တော် အတိတ်ပြန်သွားပြီး တောင်နတ်မင်းကျူချွဲနဲ့ တွေ့ရမယ်... ဘိုးဘိုးက ဘိုးဘိုးရွှေအနဲ့ သွားတွေ့လိုက်ပါ.. ကျွန်တော် တောင်နတ်မင်းနဲ့ တွေ့ပြီးတာနဲ့ ဘာဆက်လုပ်ရမလဲ ပြောပါ့မယ်... ကောင်းကင်နတ်အရှင်ယွဲ့၊ သူတို့ကို ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဆီ ပို့ပေးလို့ရမလား”
အဘိုးကြီးမာသည် ရှေ့သို့လျှောက်လာကာ လေးနက်စွာ ပြောသည်။ “မူအာ... ကိုယ့်ကိုယ်ကို သိပ်ပြီး ဖိအားမပေးနဲ့နော်”
ချင်မူ့မျက်လုံးများ နီရဲလာသည်။ သူက သူ့မျက်လုံးများကို မမြင်အောင် အဘိုးကြီးမာအား အလျင်အမြန် ဖက်လိုက်သည်။ “ဘာလို့ ပေးရမှာလဲဗျာ... ဘိုးဘိုးမာ၊ ဘိုးဘိုးနဲ့ ဘိုးဘိုးထော့ကျိုးလည်း သိုင်းကျင့်ရဦးမယ်နော်.. ကျွန်တော့် ကောင်းကင်နန်းဆောင်တွေထဲမှာ ဗုဒ္ဓကောင်းကင်နန်းဆောင်နဲ့ သူခိုးနန်းဆောင် မရှိသေးဘူး.... ဗုဒ္ဓလမ်းစဉ်နဲ့ သူခိုးလမ်းစဉ် လိုနေသေးတယ်... ဘိုးဘိုးတို့နှစ်ယောက် အဲ့ကောင်းကင်နန်းဆောင်နှစ်ခုကို ကျင့်ကြံပြီး ကျွန်တော်တိုးတက်လာအောင် သင်ပေးမှာကို စောင့်နေတာပါဗျ”
အဘိုးကြီးမာသည် ပြုံးနေ၏။ “ဗုဒ္ဓဟာ စိတ်ကိုပဲ ကျင့်ကြံတာ... လိုအင်ဆန္ဒတွေ မရှိရဘူး... လိုအင်ဆန္ဒမှန်သမျှ ဖယ်ရှားရမယ်... ဖယ်ရှားနိုင်ရင် ဗုဒ္ဓဖြစ်လာပြီး တခြားသူတွေရဲ့ အကူအညီ မလိုအပ်တော့ဘူး”
ချင်မူက ပြောသည်။ “ကျွန်တော်တို့စွမ်းအားမှာ ကန့်သတ်ချက်ဆိုတာ ရှိတယ်... ကိုယ့်ကိုယ်ကို သက်သေပြဖို့ အပေါ်ယံတွေကိုလည်း အသုံးချတာပဲမဟုတ်လား”
“ကောင်းတယ်”
“ကောင်းတယ်”
နှစ်ယောက်သား ဖက်ထားသည်မှ ခွာလိုက်ကြစဉ် ကန့်လန့်ကာအနောက်ရှိ ကောင်းကင်နတ်အရှင်ယွဲ့က အင်္ကျီလက်အိုးအား ခါလိုက်သည်။ ထော့ကျိုး၊ အဘိုးကြီးမာနှင့် လန်ယွီထျန်းတို့ ပျောက်ကွယ်သွား၏။
ချင်မူလည်း ကန့်လန့်ကာနောက်ရှိ ကောင်းကင်နတ်အရှင်ယွဲ့အား ပြောသည်။ “ကျွန်တော့်ကိုလည်း ခွင့်ပြုပါဦး ကောင်းကင်နတ်အရှင်ယွဲ့”
ကောင်းကင်နတ်အရှင်ယွဲ့က ပြော၏။ “မာန်ဟုန်မြစ်ရဲ့ အစကို သွားမလို့လား... ငါ ပို့ပေးရဦးမလား”
ချင်မူက ဖြေသည်။ “ကျွန်တော် အတိတ်ကို သွားကြည့်ချင်တယ်... မာန်ဟုန်မြစ်က ဒီနေရာနဲ့ မဝေးပါဘူး ... ကျွန်တော်အရင်ဆုံး လှေတစ်စင်း ရှာလိုက်ပါဦးမယ်”