သူခိုးနှစ်ယောက်၊ လူဆိုးထိန်းတစ်ယောက်
Vol. 80 Ch. 1040
နံ့သာခန်းမသည် နဝမမြောက် တာအိုမီးတောက် ကောင်းကင်ဘုံအထက်တွင် ပျံဝဲနေ၏။ အလွှာအထပ်ထပ် ခတ်နှိပ်ထားသော အဆောင်စက္ကူ၊ သင်္ကေတအမှတ်အသားများကြောင့် အထွတ်အမြတ်မီးလျှံများမှာ နံ့သာခန်းမအား မစွဲလောင်နိုင်ပေ။
ဤကြေးရောင်ပလ္လင်ခန်းမသည် နှစ်တစ်သန်းကြာပြီဖြစ်သည့် အတိုင်းထက်အလွန် ရှေးကျ၏။ သို့တိုင်အောင် ခံ့ညားထည်ဝါနေဆဲ ဖြစ်ချေသည်။
ကောင်းကင်နတ်ဘုံ၏ ပလ္လင်ခန်းမ ၇၂ ခု ဆိုသည်မှာ ဤနံ့သာခန်းမနည်းတူ ကြောက်မက်ဖွယ်စွမ်းအားများ ကိန်းဝပ်နေသော ရတနာ ၇၂ မျိုးပင် ဖြစ်သည်။ ထိုမျှကြီးမားလှသော ပလ္လင်ခန်းမကြီးက အပေါ်မှ အုပ်မိုးနေသည့်အခါ ချင်မူမှာ အစွမ်းအစမဲ့သွားသကဲ့သို့ ခံစားလာရတော့သည်။
ထိုနေရာမှာ သူ၏ ဝိညာဉ်လမ်းညွှန်နှင့် အသက်သွင်းမန္တန် မရောက်ရှိနိုင်သော နေရာ မဟုတ်ပါလော။
တဟုန်းဟုန်းတောက်လောင်နေသည့် မီးလျှံများကြားမှ ထောင်ထောင်မောင်းမောင်း နတ်ဘုရားက ချင်မူ့ဆီ လျှောက်လာသည်။ မီးတောက်မီးလျှံ သူ့ကိုယ်ထဲ၌ စုဝေးလာသည်နှင့်အလျောက် သူ၏ခန္ဓာကိုယ်သည် ပိုပို၍ ကြီးမားလာ၏။
သူ့အနောက်တွင် ပို၍ပင် ကြီးမားသော အရိပ်တစ်ခု ဖွဲ့တည်နေသည်။
ယင်းကား ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီပင်။
ဤအချိန်တွင် ကောင်းကင်နတ်အရှင်ဟွေ့သည် တောင်၀င်ရိုးစွန်းရှိ မဟာတာအိုအလင်းရောင်ကို စုပ်ယူ၍ အားဖြည့်ထားပြီးပြီ ဖြစ်၏။ သူ့အတွက် ထိုကဲ့သို့အဆင့်သို့ မြှင့်တင်ရန် အင်မတန် ခက်ချေသည်။
ကောင်းကင်နတ်အရှင်ဟွေ့အနေဖြင့် အဆင့်မြှင့်တင်ရန် ကောင်းကင်နတ်ဘုံအဆင့်အထိ ကျင့်ကြံခြင်းအပြင် သူ၏ဓာတ်သတ္တိနှင့် ကိုက်ညီသော ကောင်းကင်နှင့်မြေပြင်၏ မဟာတာအိုများကိုလည်း စုပ်ယူနိုင်သည်။ တောင်နတ်မင်းကျုချွဲ၏ တားမြစ်နယ်မြေမှာ ထို့အတွက် အကောင်းဆုံးနေရာ ဖြစ်ချေသည်။
တောင်နတ်မင်းကျုချွဲ အသက်ရှိနေလျှင် ဤနေရာရှိ စွမ်းအားကို သူ မယူနိုင်ပေ။ ဤနေရာက သူမ၏အသိုက် မဟုတ်ပါလော။ သို့သော် ယခုတွင် သူမ သေဆုံးသွားပြီဖြစ်သဖြင့် ဤနေရာအား သိမ်းပိုက်နိုင်ပြီဖြစ်သည်။
ချင်မူက မီးလျှံကြားမှ လျှောက်လာနေသော ကောင်းကင်နတ်အရှင်ဟွေ့ဆီ ကြည့်လိုက်၏။
ထိုလူက သူ သိခဲ့သော လူတစ်ယောက် မဟုတ်တော့သလို စိမ်းနေသည့် ခံစားချက်တစ်ခုက ချင်မူ့ရင်ထဲ၌ ဖြစ်ပေါ်လာသည်။
“ခင်ဗျား ကောင်းကင်နတ်အရှင် ဖြစ်လာတုန်းက အသက်ရှည်ရှည် နေနိုင်ပြီး အန္တရာယ်တွေမကြုံတွေ့အောင် နတ်မင်းလေးပါးက ကောင်းချီးပေးခဲ့တယ်”
ချင်မူ ဒေါသကို မြိုသိပ်ထားရင်း ပြောနေမိသည်။ “အခု သူတို့ထဲက တစ်ယောက်ကို သတ်လိုက်ရတော့ ပျော်ရဲ့လား”
ကောင်းကင်နတ်အရှင်ဟွေ့၏ ခေါင်းအနောက်တွင် မီးလျှံရောင်ခြည်တော်စက်ကွင်းသည် လင်းထိန်နေ၏။ သူ့အကြည့်က ချင်မူ့အပေါ် ကျရောက်လာသည်။ ကောင်းကင်နတ်အရှင်ဟွေ့မှာ အလွန်အစွမ်းထက်လှသောကြောင့် သူ၏အကြည့်နှင့်တင် ချင်မူ့အား မူလဝိညာဉ်ကို မီးမြိုက်ခံနေရသည့်အလား ခံစားရစေသည်။
“သူတို့ရဲ့ ကောင်းချီးဆိုတာ ထိန်းချုပ်ပြီး စောင့်ကြည့်ဖို့သက်သက်ပဲ”
ကောင်းကင်နတ်အရှင်ဟွေ့က ပြောသည်။ “အမှန်ပြောရရင် သူတို့ရဲ့ကောင်းချီးတွေကို နဂါးဟန်ခေတ်အလယ်ပိုင်း စကတည်းက ငါ ဖယ်ရှားခဲ့ပြီးပြီ... ကောင်းကင်နတ်အရှင်ယွီ သေသွားတဲ့နောက်ပိုင်း ငါ့ကံကြမ္မာကို ရှေးဟောင်းနတ်ဘုရားတွေလက်ထဲ မအပ်ထားဘဲနဲ့ ငါ့လက်ထဲငါ ထည့်ထားရမယ်ဆိုတာ သဘောပေါက်ခဲ့တာပဲ”
သူက လက်ဆန့်တန်းကာ ချင်မူ့အား ဖမ်းဆုပ်လိုက်ရင်း အေးစက်စွာ ပြောသည်။ “ကောင်းကင်နတ်အရှင်ယွီက ရှေးဟောင်းနတ်ဘုရားတွေကို တုံးတုံးအအ ယုံကြည်ပြီး သူတို့နဲ့ လူသားတွေလို ကမ္ဘာခေတ်နှောင်းသတ္တဝါတွေ အေးအေးချမ်းချမ်း ယှဉ်တွဲနေထိုင်နိုင်မယ် သေခဲ့ရတာ... ငါ သူ့နောက် လိုက်ခဲ့တဲ့ ကာလတစ်လျှောက်မှာ သင်ယူခဲ့ရတာ တစ်ခုက ရှေးဟောင်းနတ်ဘုရားတွေကို ယုံလို့မရဘူး ဆိုတာပဲ.. တစ်ယောက်မှ မယုံရဘူး”
သူက ခါးမတ်၍ ခပ်ပြတ်ပြတ် ပြောသည်။ “မင်းက ကံကောင်းတယ် ကောင်းကင်နတ်အရှင်မူ... ကောင်းကင်နတ်အရှင်ဘွဲ့ရပြီးတည်းက ထွက်သွားတာဆိုတော့ သူတို့ရဲ့ ကောင်းချီးကို မရလိုက်ဘူး... သူတို့ ကောင်းချီးပေးခဲ့တဲ့သူတွေထဲက ဘယ်သူများ ရှင်ကျန်ခဲ့လို့လဲ... နဂါးဟန်ခေတ်က ဒုက္ခတွေကို မခံစားရတာ မင်း သိပ်ကံကောင်းတယ်... ငါကတော့ ခံစားရခဲ့ရတယ်... သူတို့က ငါ့ကို ထိန်းချုပ်နိုင်အောင် ကောင်းချီးပေးခဲ့တာ... ဒါကြောင့် ငါ ပြန်ခုခံပြီး နတ်မင်းလေးပါးထဲက တောင်နတ်မင်းကို ဖယ်ရှားခဲ့တာ မမှန်ဘူးလား”
သူ၏အကြည့်သည် စူးရဲတောက်ပနေ၏။ “မင်း ဘာလို့ ဒီရောက်နေလဲ ငါ သိတယ်... မင်းက ရှေးဟောင်းနတ်ဘုရားတွေရဲ့ အင်အားနဲ့ ကောင်းကင်နတ်ဘုံကို ဆန့်ကျင်ချင်နေတာ... ဒါပေမဲ့ နတ်မင်းလေးပါးက ကမ္ဘာခေတ်နှောင်းသက်ရှိသတ္တဝါတွေရဲ့ ယဇ်ပူဇော်မှုကို လက်ခံခဲ့တဲ့ ကြောက်စရာပုဂ္ဂိုလ်တွေဆိုတာ တွေးမိရဲ့လား ... ဒီနေ့ခေတ်က အရင်ခေတ်ထက် အများကြီးသာတယ်”
ချင်မူက ခေါင်းညိတ်သည်။ “ပြန်မဆန့်ကျင်သရွေ့ပေါ့”
“ဟုတ်တယ်... ပြန်မဆန့်ကျင်သရွေ့”
ကောင်းကင်နတ်အရှင်ဟွေ့သည် တားမြစ်နယ်မြေ၏ မဟာတာအိုအလင်းရောင်ကို ဆက်လက်စုပ်ယူရင်း ပြော၏။ “မင်း ကောင်းကင်နတ်ဘုံကို မဆန့်ကျင်သရွေ့၊ ပြုပြင်ပြောင်းလဲမှုတွေ ဆက်မလုပ်သရွေ့ အားလုံး အသက်ရှင်နိုင်လိမ့်မယ်... လူသားတွေရဲ့ ကောင်းကင်နတ်အရှင်အနေနဲ့ ငါ မင်းတို့အားလုံးကို ကာကွယ်ပေးနိုင်တယ်... ကောင်းကင်နတ်အရှင်ယွီသာ အသက်ရှင်သေးရင် ငါ့လုပ်ဆောင်ချက်တွေအတွက် ဂုဏ်ယူနေမှာပဲ”
ချင်မူ၏မျက်ဝန်းများ လှုပ်ခတ်သွားသည်။ “ကောင်းကင်နတ်အရှင်ဟွေ့၊ ခင်ဗျား ကောင်းကင်နတ်ဘုံမှာ နေတာ တော်တော်ကြာသွားပြီပဲ... တခြားကောင်းကင်ဘုံတွေရဲ့ ကမ္ဘာဦးဘုံရဲ့ လူသားတွေ ဘယ်လိုရှင်သန်နေရလဲ ခင်ဗျား မမြင်ဘူး... နတ်ဘုရားတွေ၊ နတ်ဆိုးတွေက ယဇ်ပူဇော်ဖို့ ဆင်းလာတိုင်း လူသားတွေကိုပဲ ယဇ်ကောင်တွေအဖြစ် ခေါ်သွားတာ မဟုတ်လား... မဆန့်ကျင်ဘူးဆိုတာနဲ့ အသက်ရှင်နိုင်မှာ မဟုတ်ဘူး... ချမ်းသာပြီး အာဏာရှိတဲ့သူတွေပဲ အသက်ရှင်တာဗျ”
“အတိတ်ခေတ်တွေထက် အများကြီးသာတယ်”
ကောင်းကင်နတ်အရှင်ဟွေ့က မီးလျှံတဝင်းဝင်း တောက်လောင်နေသော မျက်ဝန်းများဖြင့် ခေါင်းကိုင်းလိုက်သည်။ သူ ရှုထုတ်လိုက်သည့် လေသည် ချင်မူ့ဘေးမှ မီးပင်လယ်စင်းသဖွယ် ဖြတ်သန်းသွား၏။ “အနာဂတ်မှာဆို ပိုကောင်းလာလိမ့်မယ်... တခြားကောင်းကင်နတ်အရှင်တွေလို မဟုတ်ဘဲ ငါ့မှာ လူသားတွေကို ကာကွယ်ပေးနိုင်စွမ်း ရှိတယ်... ကောင်းကင်နတ်အရှင်ယွင်က မအောင်မြင်ခဲ့ဘူး... ကောင်းကင်နတ်အရှင်ယွဲ့ တစ်ယောက်တည်း နေတယ်... ကောင်းကင်နတ်အရှင်လင်ကလည်း အလိုက်သင့် မနေတတ်ခဲ့တဲ့အတွက် အုတ်ဂူတောင်မရှိဘဲ သေခဲ့ရတယ်... ကောင်းကင်နတ်အရှင်ရုံကတော့ ယိုတုမှာ ပုန်းနေဖို့၊ ကိုယ့်ကိုကိုယ် အပြစ်တင်ဖို့ပဲ သိတယ်... ကောင်းကင်နတ်အရှင်ချင်ကကျ ကောင်းကင်နတ်ဘုံကို ဆန့်ကျင်ပြီး မအောင်မြင်ခဲ့တော့ ရှောင်ပြေးသွားတယ်.... ငါ တစ်ယောက်ပဲ ကျန်ခဲ့တာကွ”
“ကောင်းကင်နတ်အရှင်မူ၊ ငါတစ်ယောက်ပဲ လူသားတွေ အသက်ဆက်နိုင်မယ့် အခွင့်အရေးရအောင် လုပ်နေခဲ့တာ... အဲဒီအခွင့်အရေးအတွက် ငါ မုန်းတီးရွံရှာတဲ့ ကလိမ်ကကျစ် မြွေလိုအကောင်တွေနဲ့တောင် ငါ လက်တွဲနိုင်တယ်.... အဲဒီအခွင့်အရေးအတွက် သူတို့အင်အားကို အသုံးချပြီး ရှေးဟောင်းနတ်ဘုရားတွေကို ငါ ရှင်းပစ်ရမယ်... တစ်ယောက်မှ မကျန်တဲ့အထိ”
သူက ချင်မူ့ဆီ လက်ဝါးဖြန့်ပေးကာ လေးလေးနက်နက် ပြော၏။ “ပြုပြင်ပြောင်းလဲနေတာတွေ ရပ်လိုက်ပါ... ကောင်းကင်နတ်ဘုံမှာ နေ,နေတဲ့ ငါ့ကို ခက်ခဲအောင် မလုပ်ပါနဲ့... ကူညီပေးပါ... မင်းက အဲဒီတုန်းက ငါ့ကို အနိုင်ယူခဲ့တဲ့ အဆင့်မြင့်သိုင်းပညာရှင် ကောင်းကင်နတ်အရှင်မူ မဟုတ်လား... မင်းမှာ အရည်အချင်းရှိတာ ငါ သိတယ်... ငါတို့ အတူပူးပေါင်းလိုက်ရင် သာယာလှပတဲ့ခေတ်တစ်ခေတ်ကို အကောင်အထည်ဖော်နိုင်လိမ့်မယ်... အဲ့အချိန်ကျရင် ကောင်းကင်နတ်ဘုံရဲ့ အာဏာကို ငါတို့ ခွဲယူကြမယ်... လူသားတွေကိုလည်း ကာကွယ်နိုင်ပြီး ယဇ်ပူဇော်မှုတွေလည်း ဆိတ်သုဉ်းစေရမယ်”
ချင်မူက သူ့လက်ကို မကိုင်ချေ။ ထိုလက်အား စိုက်ကြည့်လျက် ပြောသည်။ “ခင်ဗျားက နတ်ဘုရားမိစ္ဆာတွေရှေ့တောင် ဒူးထောက်နေရရင်တောင်၊ ယဇ်ပူဇော်ခံရရင်တောင် လူသားတွေ အသက်ရှင်စျချင်တယ်... ကျုပ်မှာလည်း အိပ်မက် ရှိတယ်ဗျ... ကျုပ်အိပ်မက်ထဲမှာ လူသားတွေက ဘယ်သူ့အတွက်မှ ဒူးထောက်စရာမလိုဘဲ မတ်မတ်ရပ်နေကြတယ်”
“ကျုပ်အိပ်မက်ထဲမှာ လူသားတိုင်း ဘယ်နတ်ဂိုဏ်းရဲ့ ဂိုဏ်းသားမှ ဖြစ်လာစရာမလိုဘဲ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြတယ်... မိုးလေဝသကိုလည်း ထိန်းချုပ်နိုင်ကြတဲ့အပြင် ကောင်းကင်နဲ့မြေကြီးနဲ့ မဟာတာအိုတွေက သူတိုကို အလုပ်အကျွေးပြုကြတယ်... အင်အားကြီးဖို့အစား စာပေနတ်ဘုရားတွေ ဖြစ်လာအောင် ပညာသင်ကြတယ်.... ပန်းချီရေးပြီး ပန်းချီနတ်ဘုရားတွေ ဖြစ်လာနိုင်တယ်... သူတို့ထူးချွန်တဲ့ ဘယ်နယ်ပယ်မှာမဆို နတ်ဘုရားတွေ ဖြစ်လာနိုင်ကြပါတယ်”
“ကျုပ်က သူတို့ကို သိက္ခာရှိရှိ ၊ စိတ်ကျေနပ်မှုအပြည့်နဲ့ နေထိုင်စေချင်တာ... ခင်ဗျားပြောသလို ဝိုးတဝါး ရှင်သန်နေရတာ မဟုတ်ဘဲနဲ့ အိပ်မက်တွေကို အမှန်တကယ် အကောင်အထည်ဖော်စေချင်တာပါ”
ကောင်းကင်နတ်အရှင်ဟွေ့သည် လက်ပြန်ရုတ်၍ စိတ်ပျက်စွာ ပြော၏။ “မင်းက ပြုပြင်ပြောင်းလဲဖို့ စဉ်းစားနေတုန်းပဲ... ကောင်းကင်နတ်အရှင်ချင်လိုပဲ ခေါင်းမာတယ်... ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ ခေတ်က ရောက်နေပြီ ကောင်းကင်နတ်အရှင်မူ... အကျင့်ပျက်ခြစားတဲ့ ရှေးဟောင်းနတ်ဘုရားတွေဆိုတာ သမိုင်းကြောင်းမှာ မြုပ်နှံခံခဲ့ရတော့မယ်... မင်းလို ခေါင်းမာတဲ့ လူသားတွေခေတ်က ဘယ်တော့မှ ရောက်လာမှာမဟုတ်ဘူး”
ချင်မူမှာ လက်သီးတင်းတင်း ဆုပ်ကာ အော်လိုက်သည်။ “တောင်နတ်မင်းရဲ့ အလောင်း ဘယ်မှာလဲ”
ကောင်းကင်နတ်အရှင်ဟွေ့က ချာခနဲ လှည့်ထွက်သွားပြီး သူ့ခေါင်းအနောက်ရှိ မီးလျှံရောင်ခြည်တော်စက်ကွင်းသည် မဟာတာအိုအလင်းရောင်များကို တရှိုက်တမော စုပ်ယူလျက်။ တောင်၀င်ရိုးစွန်း၏ တားမြစ်နယ်မြေမှာ သိသိသာသာ ကျုံ့လာတော့သည်။
“ဒီကမ္ဘာက ပြဿနာတွေအားလုံးရဲ့ အစက ရှေးဟောင်းနတ်ဘုရားတွေပဲ... ခိုင်ဧကရာဇ်က သူတို့အင်အားကို အားကိုးပြီး ပုန်ကန်ခဲ့လို့ ခိုင်ဧကရာဇ်ခေတ်ကပ်ဘေး ဖြစ်ခဲ့ရတယ်... ချုံဧကရာဇ်ကတော့ အမိကမ္ဘာမြေရဲ့ အကူအညီ ရခဲ့တယ်... ဒီ့အပြင် ချိမင်ခေတ်နဲ့ နဂါးဟန်ခေတ်အတွင်း နှစ်သုံးသိန်းလုံးလုံး သေကြေပျက်စီးခဲ့ရမှုတွေက ရှေးဟောင်းနတ်ဘုရားတွေကြောင့်ပဲ”
ကောင်းကင်နတ်အရှင်ဟွေ့က ရှေ့သို့ ကိုင်းကာ ပြောသည်။ “ရှေးဟောင်းနတ်ဘုရားတွေက မင်းရဲ့ ထာ၀ရငြိမ်းချမ်းရေးခေတ် ထူထောင်နိုင်အောင် ကူညီပေးခဲ့တာလား... တောင်နတ်မင်းကို အရမ်းဂရုစိုက်နေတာက ငါ့ကို မင်းရဲ့ ရန်သူ ဖြစ်လာနေစေတယ် ကောင်းကင်နတ်အရှင်မူ”
တောင်၀င်ရိုးစွန်း၏ တားမြစ်နယ်မြေမှာ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ကျုံ့လာနေပြီး မဟာတာအိုအလင်းရောင်များလည်း တဖြည်းဖြည်း ပျောက်ကွယ်လာနေသည်။ န၀မမြောက် တာအိုမီးတောက်ကောင်းကင်ဘုံပင်လျှင် ပါးလွှာသထက် ပါးလွှာလာသည်။
ချင်မူက မင်တံတစ်ချောင်း ထုတ်၍ ပတ်သက်မှုဖြတ်တောက်သော စာရွက်တစ်ရွက် အလျင်အမြန် ရေးလိုက်သည်။ သူ အင်္ကျီလက်အိုးများ ဝှေ့ယမ်းလိုက်သည့်အခါ စာရွက်သည် ကောင်းကင်နတ်အရှင်ဟွေ့ဆီ ပျံသန်းသွား၏။ သူက ခပ်ပြတ်ပြတ် ပြောသည်။ “ကျုပ်က ခင်ဗျားကို ရန်သူလုပ်နေတယ်ထင်မှတော့ အဲ့စာရွက်မှာ နာမည်ရေးပြီး ပတ်သက်မှုဖြတ်တောက်လိုက်ပါ... ကျုပ်နာမည်ကို ရေးပြီးပြီ... ခင်ဗျားနာမည် ရေးလိုက်... ဒီနေ့ကစပြီး ကျုပ်တို့ကြားမှာ ဘာပက်သက်မှုမှ မရှိတော့ဘူး”
ကောင်းကင်နတ်အရှင်ဟွေ့က မင်တံထုတ်၍ သူ့နာမည် ရေးသည်။
ယင်းစာရွက်သည် ချင်မူ့ဆီ ပြန်ရောက်လာ၏။
ချင်မူက ပြန်ယူလိုက်ရင်း ကောင်းကင်နတ်အရှင်ဟွေ့၏ လက်မှတ်အား သေချာကြည့်ပြီးနောက် လက်ခံသည်။ “သူ့အလောင်း ဘယ်မှာလဲ”
ကောင်းကင်နတ်အရှင်ဟွေ့ ထိုင်ချလိုက်ပြီး လေသံမာမာဖြင့် ပြောသည်။ “မင်း အခု သွားလို့ရပြီ ကောင်းကင်နတ်အရှင်မူ.... မင်းက သူတို့ လက်သပ်မွေးထားတဲ့ နောက်ထပ် ဆန်ကုန်မြေလေး တစ်ယောက်ပဲ... ငါ မင်းကို သတ်ရအောင် မလုပ်နဲ့... ငါ မင်းကို သတ်ရင် အဆင့်တူမှာ သတ်ပစ်မှာမဟုတ်ဘူး.... အသေရိုက်သတ်ပစ်မှာ”
ချင်မူက မှန်တစ်ချပ် ထုတ်၍ လေထဲရှိ နံသာခန်းမထံ မျက်နှာမူလိုက်ကာ ပြောသည်။ “ကျေးဇူးပြုပြီး သူ ပိုင်ဆိုင်တဲ့ ပစ္စည်းတစ်ခုတော့ ပေးပါ ကောင်းကင်နတ်အရှင်ဟွေ့...ကျူပ် သူနဲ့ သိကျွမ်းခဲ့ရတယ်မဟုတ်လားဗျာ”
ကောင်းကင်နတ်အရှင်ဟွေ့က တုပ်တုပ်မလှုပ်ပေ။ “ငါ သူ့ရဲ့ရုပ်ခန္ဓာကို ဖျောက်ဖျက်လိုက်ပြီ... သူတင်မကဘူး ဘယ်ရှေးဟောင်းနတ်ဘုရားကိုမှ အသက်ပြန်သွင်းခွင့်မပေးဘူး”
“သခင်လေး...” ယန်အာမှာ တုန်ရီနေသောအသံလေးဖြင့် လှမ်းခေါ်သည်။
“သွားကြစို့”
ချင်မူသည် ယန်အာ့လက်ကို ဆွဲ၍ ထွက်သွားသည်။ မဟာတာအိုအလင်းရောင်များသည် ကောင်းကင်နတ်အရှင်ဟွေ့၏ ခန္ဓာကိုယ်ထဲသို့ တရစပ် စုပ်ယူခံနေရသဖြင့် ဤတောင်၀င်ရိုးစွန်း၏ တားမြစ်နယ်မြေမှာ ပြိုကျနေချေပြီ။ မကြာမီ ကောင်းကင်နတ်အရှင်ဟွေ့ကား တောင်နတ်မင်းကို မွေးဖွားပေးခဲ့သော စွမ်းအင်အားလုံး စုပ်ယူသွားပေတော့မည်။
တာအိုမီးတောက်ကောင်းကင်ဘုံကိုးဘုံစလုံး ပျက်စီးသွားသည်နှင့် စွမ်းအားများက ဆူရာမီရေလှိုင်းကြီးများပမာ တားမြစ်နယ်မြေ၏ ဗဟိုသို့ စီးဆင်းသွားသည်။
အဆုံးသတ်တွင် ထိုနေရာရှိ မဟာတာအိုအလင်းရောင်အားလုံးသည် ကောင်းကင်နတ်အရှင်ဟွေ့၏ ကျင့်စဉ်စွမ်းအင် ဖြစ်လာလိမ့်မည်။ တောင်နတ်မင်းကျုချွဲ၏ ကျင့်စဉ်စွမ်းအင်ပင်လျှင် သူ့ကျင့်စဉ်စွမ်းအင်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သွားလိမ့်မည်။
ထိုအခါ ကောင်းကင်နတ်အရှင်ဟွေ့၏ စွမ်းအားကား အဆမတန် တိုးပွားလာမည်ဖြစ်၏။
ချင်မူက ငူငိုင်နေသော ယန်အာနှင့်အတူ န၀မမြောက်ကောင်းကင်ဘုံမှ ထွက်လာပြီး ရထားလှည်းပေါ် တက်လိုက်သည်။ “သွားစို့ ဖက်တီးနဂါး”
နဂါးချီလင်မှာ မည်သည့်စကားမှ မဟရဲပဲ ရထားလှည်းကို တိတ်တဆိတ် မောင်းနှင်လိုက်သည်။
ချင်မူ့လက်ဝါးများက အေးစက်သည်။ သူက ယန့်အာလက်ကို လွှတ်ကာ ပတ်သက်မှုဖြတ်တောက်ခြင်း စာချုပ်ကို ထုတ်ကြည့်၏။ ကောင်းကင်နတ်အရှင်လင်နှင့် ကောင်းကင်နတ်အရှင်ဟွေ့ကဲ့သို့ ကောင်းကင်နတ်အရှင်များ၏ လက်မှတ်များ ထိုးထားသည့် စာအုပ်တစ်အုပ်လည်း ထုတ်လိုက်သည်။
ဤလက်မှတ်များမှာ သူ နဂါးဟန်ခေတ်၏ ပထမနှစ်သို့ ပြန်ရောက်သွားပြီး ရှေးဟောင်းကောင်းကင်နတ်အရှင်များကို တွေ့ခဲ့ရစဉ်က အရှက်မရှိစွာ လိုက်တောင်းခဲ့သော လက်မှတ်များ ဖြစ်လေသည်။
သူက စာချုပ်ပေါ်က ကောင်းကင်နတ်အရှင်ဟွေ့၏ လက်မှတ်အား စာအုပ်ပေါ်ရှိ လက်မှတ်နှင့် တိုက်ကြည့်လိုက်သည်။ တထေရာတည်းပင်။
‘သူက မဟာဧကရာဇ်ရော၊ ကောင်းကင်နတ်ဧကရာဇ်ရော မဟုတ်ဘဲ ကောင်းကင်နတ်အရှင်ဟွေ့ ဖြစ်နေတုန်းပဲ... ဒါပေမဲ့ အရင်တုန်းက ကောင်းကင်နတ်အရှင်ဟွေ့တော့ မဟုတ်တော့ဘူး”
ချင်မူ သက်ပြင်းချရင်း စာချုပ်အား စာအုပ်ထဲတွင် ညှပ်လိုက်ပြီးနောက် ယန်အာကို မေး၏။ “မမကြီးမှာ မမကြီးရဲ့ အမေပိုင်တဲ့ ပစ္စည်းတစ်ခုခုများ ရှိလား... သူ့အဆီအနှစ်ပါတဲ့ တစ်ခုခု ဖြစ်ရမှာ... သူ့ဝိညာဉ်ကို အဲ့ဒါနဲ့ ဆင့်ခေါ်ကြည့်နိုင်တယ်.... နံ့သာခန်းမမှာ ဖိနှိပ်ခံထားရတဲ့ ဝိညာဉ်ကို ဆင့်ခေါ်လို့မရရင်တောင် အနည်းဆုံးတော့ ကောင်းကင်နဲ့ မြေကြီးထဲမှာ တကွဲတပြားဖြစ်နေတဲ့ ဝိညာဉ်ကို ဆင့်ခေါ်လို့ရတယ်”
ယန်အာက ခေါင်းခါ၍ ဖြေသည်။ “ငါ သူ့ကို တစ်ခါ နှစ်ခါပဲ တွေ့ဖူးတာ... ငါ့ကို ဘာမှမပေးခဲ့ဘူး”
ချင်မူမှာ မျက်မှောင်ကြုတ်၍ သူမအား နှစ်သိမ့်လိုက်သည်။ “တောင်နတ်မင်းက ကောင်းကင်နတ်အရှင်ယွဲ့နဲ့ ရင်းနှီးတာပဲ... မမကြီးအမေပိုင်တဲ့ဟာ တစ်ခုခုတော့ ရှိမှာပါ.. စိတ်မပူပါနဲ့”
အပြင်မှ နဂါးချီလင်၏ အသံ ထွက်လာသည်။ “ဂိုဏ်းသခင်... ဇာမဏီနတ်မင်း ချီရှားယွီက တွေ့ခွင့်တောင်းနေပါတယ်”
ချင်မူ လက်တစ်ဖက် မြှောက်လိုက်ရာ ကန့်လန့်ကာများသည် တစ်ဖက်သို့ အလိုအလျောက် ရွေ့သွား၏။ “သွားပါတော့... တောင်နတ်မင်း သေသွားပြီ”
ချီရှားယွီမှာ တုန်လှုပ်သွားသည်။ အတန်ကြာမှ စိတ်နှင့်ကိုယ် ပြန်ကပ်သွားပြီး အလျင်အမြန် ပြောသည်။ “ကောင်းကင်နတ်အရှင် ဒါဆို...”
ချင်မူ့အသံမှာ အစွမ်းအစမဲ့နေသောအသံ ပေါက်နေသည်။ “ကျွန်တော် သူ့ကို အသက်ပြန်သွင်းမပေးနိုင်ဘူး... လုံပိ၊ ကမ္ဘာဦးဘုံဆီ ပြန်သွားကြစို့... အဟက် ခင်ဗျားတို့တွေဗျာ သိပ်လုပ်ရက်တယ်”
ရက်အနည်းငယ်ကြာသော် ရထားလှည်းသည် ကမ္ဘာဦးဘုံရှိ မက်မွန်တောအုပ်အပြင်သို့ ရောက်လာသည်။ ချင်မူက ရထားလှည်း အပြင်ထွက်၍ တောအုပ်အတွင်း ဝင်သွားသဖြင့် ယန်အာကလည်း မီးအိမ်နှင့်အတူ နောက်မှ လိုက်လာသည်။
တခဏကြာသော် ကောင်းကင်နတ်အရှင်ယွဲ့၏ နန်းတော်ကို မြင်လိုက်ရသည်။
“ယန်အာ၊ ဖက်တီးနဂါးနဲ့အတူ အပြင်မှာ စောင့်နေခဲ့” ချင်မူက အမိန့်ပေး၍ တစ်ယောက်တည်း ၀င်သွားသည်။
“တောင်နတ်မင်း ပိုင်တဲ့ပစ္စည်း ဒီမှာ မရှိဘူး”
ကောင်းကင်နတ်အရှင်ယွဲ့၏အသံအား ချင်မူ ခပ်တိုးတိုး ကြားလိုက်ရသည်။ “သူ့ဝိညာဉ်ကို ဆင့်ခေါ်ဖို့ သူ့ပစ္စည်းတွေ လိုသေးတာလား”
“ရုပ်ခန္ဓာရှိရင်တော့ အကောင်းဆုံးပေါ့ဗျာ... ပိုင်ဆိုင်တဲ့ပစ္စည်းတွေကကျ ဒုတိယဦးစားပေးပေါ့.. အဲ့ဒါတွေ မရှိရင် သူ့ရဲ့ တကွဲတပြားဖြစ်နေတဲ့ ဝိညာဉ်ကို ဆင့်ခေါ်လို့မရဘူး... ဒါပေမဲ့ ကောင်းကင်နတ်အရှင်ဟွေ့က သူ့ဝိညာဉ်ကို နံ့သာခန်းမမှာ ဖိနှိပ်ထားတော့ ကျွန်တော် ဘာမှမလုပ်နိုင်ဘူး”
ချင်မူက ဆက်မေးလိုက်သည်။ “တောင်နတ်မင်းက လူပြန်၀င်စားလို့ရအောင် ဝိညာဉ်ကို ခွဲထုတ်ခဲ့သေးလား ကောင်းကင်နတ်အရှင်ယွဲ့”
“ငါ မသိဘူး... ငါတို့က ရင်းနှီးပေမယ့် လူဝင်စားတဲ့ကိစ္စက အင်မတန် အရေးကြီးတယ်.. သူ ငါ့ကို ပြောပြမှာမဟုတ်ဘူး’
ချင်မူမှာ တိတ်ဆိတ်သွားပြီးနောက် ထပ်မေးသည်။ “မမကြီး... မမကြီးရဲ့ အာကာသကောာင်းကင်နတ်သိုင်းက အင်အားကြီးမားပြီး နေရာကျယ်တယ်မလား... ကျွန်တော့်ကို လူရှာပေးလို့ရမလား”
“ဘယ်သူ့ကို ရှာချင်တာလဲ”
“သူခိုးနှစ်ယောက်နဲ့ လူဆိုးထိန်းတစ်ယောက်ပါ.. သူတို့က ကမ္ဘာဦးဘုံရဲ့ ကောင်းကင်ဘုံအမျိုးမျိုးမှာ ပြစ်မှုတွေ လိုက်ကျူးလွန်နေကြတယ်”