← Chapters

မဟူရာည

Vol. 99 Ch. 1368

မဟူရာည

Vol. 99 Ch. 1368

ဤစကားဝိုင်းမှ များစွာ အကျိုးကျေးဇူး ရရှိလိုက်သည်။

ဂိုဏ်းကြီးသုံးဂိုဏ်းကို နားလည်မှုအပြင် သူက ထိုသုံးဂိုဏ်းသုံးဂိုဏ်းကို မည်သို့ဝင်ရောက်ရမည်မှန်းပင် သိလိုက်ရ၏။ သူက ထင်းယွိကျင့်ကြံသူများ၏ ကျင့်ကြံရေးစနစ်ကို ယေဘုယျနားလည်လာမိသည်။

သူတို့က ဒုတိယကမ္ဘာတွင် ရှိနေသောကြောင့် ကျင့်ကြံရေးစနစ်တွင် တူညီသည့်အရာတစ်ခု ရှိ၏။ နမူနာအနေဖြင့် ထင်းယွိမြို့ထဲတွင် ကျင့်ကြံသူအများစုကို တီးတိုးသံဟု ခေါ်ကြသည်။

သူတို့က အာသီသမြို့ထဲတွင် ဆာလောင်နေသည့်တစ္ဆေများနှင့် အဆင့်တူ၏။

တီးတိုးသံများက ကျင့်ကြံသူများထဲတွင် အနိမ့်ဆုံးအဆင့် ဖြစ်၏။ သူတို့က များစွာ ရှိလေသည်။ သူတို့တွင် ပင်မဂီတသင်္ကေတ မရှိသော်လည်း သူတို့က တီးတိုးသံဟု မှတ်ယူ၍ မရသည့် အသံမျိုးသာ ရှိနေကြသည်။

နမူနာအားဖြင့် ဝမ်ပေါင်လဲ့ကို အများကြီး ပြောပြခဲ့သည့်လူငယ်လေးက သူတို့ထဲမှ တစ်ယောက် ဖြစ်၏။ သူက တစ်ရက်ကျလျှင် ဂိုဏ်းတစ်ခုကို ဝင်ရောက်နိုင်ဖို့ မျှော်လင့်နေ၏။

ထိုတီးတိုးသံအထက်တွင် ရှိသည့်သူများကမူ ဂီတသင်္ကေတဟု သိကြသည်။ ထိုကျင့်ကြံသူများကမူ သူတို့၏ ပင်မဂီတသင်္ကေတကို ဖွဲ့စည်းထားသည့်အတွက် သူတို့က သူတို့၏ ကျင့်ကြံရေးကို ဆက်လက် လုပ်ဆောင်ဖို့ အရည်အချင်း ပြည့်မှီသည်။ သူတို့က ဂိုဏ်းကြီးသုံးဂိုဏ်းကို မဝင်ရောက်လျှင်ပင် သူတို့အလုပ်လုပ်နိုင်သည့် ထင်းယွိမြို့ထဲ၌ များစွာသော ဂီတအလုပ်ရုံများစွာ ရှိလေသည်။

ထိုစဉ် ဝမ်ပေါင်လဲ့က မြို့အပြင်တွင် အမဲလိုက်ထားမှုကြောင့် ဂီတသင်္ကေတရှစ်ခုအထိ ရှိလေသည်။ သူက ဂီတသင်္ကေတများကြားတွင် အထွတ်အထိပ်ဟု မှတ်ယူနိုင်၏။

ထိုအထက်တွင် လူငယ်လေး ပြောခဲ့သည့်စကားအရ တေးသံ ရှိလေသည်။ တေးသံဆိုသည်က မပြီးပြည့်စုံသည့် သံစဉ်တစ်ခု၏ အပိုင်းအစတစ်ခုသာ ဖြစ်၏။ ထိုကဏ္ဍတွင်ရှိသည့် ကျင့်ကြံသူများက ထင်းယွိမြို့ထဲတွင် ဂီတအလုပ်ရုံငယ်လေး ဖွင့်ဖို့ အရည်အချင်း ပြည့်မှီကြသည်။ သူတို့ကို အားကောင်းသည်ဟု မှတ်ယူ၍ ရ၏။

အလယ်အလတ်အဆင့် ဂီတအလုပ်ရုံများကမူ ပင်မအဖြစ် မှတ်ယူနိုင်သည်။ သို့သော်လည်း ဂိုဏ်းကြီးသုံးဂိုဏ်းထဲတွင် ထိုအရာက အစမျှသာ ဖြစ်၏။

ပိုမိုမြင့်မားသည့်အဆင့်အတွက်မူ သေးငယ်သည့် အလုပ်ရုံ သို့မဟုတ် အလယ်အလတ် အလုပ်ရုံများအတွက် ကျင့်ကြံသူများရှိဖို့ရာ အင်မတန် ခက်ခဲလှသည်။ ဂိုဏ်းကြီးသုံးဂိုဏ်းကသာ ထိုသို့သော လူမျိုးရှိကြ၏။ သူတို့ကို ဂီတပညာရှင်ဟု သိကြသည်။

တေးသွားမှ သံစဉ်တစ်ပုဒ်လုံး ဖွဲ့စည်းနိုင်ပြီး ဂိုဏ်းအသီးသီး၌ ကွဲပြားသည့် နည်းလမ်းများအရ ဂိုဏ်း၏ သီးသန့်လမ်းစဉ်ကို လျှောက်လှမ်းကြရသည်။ ဤသည်က ဂီတပညာရှင် ဖြစ်၏။

ယေဘုယျအရ ပြောရမည်ဆိုလျှင် ထိုအဆင့်တွင် ထိုသူကို ထင်းယွိမြို့ထဲတွင် စွမ်းအားကြီး ပုဂ္ဂိုလ်အဖြစ် မှတ်ယူနိုင်သည်။ ဂိုဏ်းကြီးသုံးဂိုဏ်းထဲတွင်ပင် သူတို့အများစုက အာဏာ ရှိကြ၏။

ထို့အပြင် နောက်ထပ် အဆင့်နှစ်ခု ရှိနေသေးသည်။ ထိုအဆင့်နှစ်ခုကိုမူ ထင်းယွိစည်းမျဉ်းဥပဒေသကို ပိုမိုမြင့်မားသည့် ဖျော်ဖြေမှုအဖြစ် မှတ်ယူထား၏။ တစ်ခုကမူ ဂီတမဟာလက်ရာတစ်ခုမှ အပိုဒ်တစ်ခုအဖြစ် အသိများကာ ကျန်တစ်ခုကမူ သံစုံဝိုင်း ဖြစ်၏။ ရှေ့တစ်ခုကမူ ပြီးပြည့်စုံသည့် ဂီတရှိပြီး ထိုလှုပ်ရှားမှုထဲတွင် သံစဉ်တစ်ပုဒ်ထဲ ပါဝင်နေခြင်း မဟုတ်ပေ။ ထိုအရာက အပိုင်းအစများစွာဖြင့် ဖွဲ့စည်းထားလေ့ ရှိ၏။ ဤသို့မျိုး စွမ်းအားကြီးပုဂ္ဂိုလ်မျိုးပင် ဂိုဏ်းကြီးသုံးဂိုဏ်းထဲ၌ များများစားစား မရှိပေ။

ဝမ်ပေါင်လဲ့ စောစောလေးက နားထောင်ခဲ့ရသည့် ဖျော်ဖြေမှုတွင် ပါရမီရှင်ဟု သိကြသည့် ခရမ်းရောင်ဝတ်ရုံအမျိုးသမီးလေးက ထိုအဆင့်တွင် ရှိ၏။ ထို့အပြင် သူ့တကယ့်သွင်ပြင်ဖြင့် တွေ့ဆုံခဲ့ရသည့် အဖြူရောင်ဝတ်ရုံ တေးဆိုသူနှင့် အာသီသမြို့တော်အတွင်း အရပ်ရှည်ရှည်ပုံရိပ်များကလည်း ထိုအဆင့်တွင် ရှိကြသည်။

သူတို့၏ အဓိကဖျော်ဖြေမှုက သူတို့၏ ကိုယ်ပိုင်ဂီတအဖွဲ့ရှိစေဖို့ရာအတွက် ဖြစ်၏။

ဤသည်က နောက်ပိုင်းအတွက်လည်း အတူတူသာ ဖြစ်ပေသည်။ ပို၍ခက်ခဲ၏။ သူတို့၏ ကိုယ်ပိုင်ဂီတအဖွဲ့ကို ဖွဲ့စည်းဖို့အတွက် ပြီးပြည့်စုံကာ တန်ဖိုးကြီးသည့် အဖွဲ့တစ်ခုဖွဲ့စည်းဖို့ လိုအပ်ရုံသာမကဘဲ သူတို့၏ ဂီတအမှတ်အားလုံးကို ထုတ်လွှတ်ဖို့ စွမ်းရည်လည်း ရှိရပေမည်။

ဤသည်က ထိုအရာအားလုံးကို အောင်မြင်ထားနိုင်သည့်သူ ဂိုဏ်းကြီးသုံးဂိုဏ်းထဲတွင် တစ်ယောက်စီသာ ရှိ၏။ ထိုလူသုံးယောက်က ထင်းယွိမြို့တော်ထဲတွင် မြို့သခင်နောက်တွင် ရှိကြသည်။

လူငယ်လေး၏ စကားအဆုံးတွင် ကောင်းကင်က နေဝင်လုစဖြစ်လာသည်။ ကောင်းကင်က နီရဲနေပြီး လိမ္မော်ရောင်အလင်းတန်းက ဖြာကျနေ၏။

ထိုအရာက လှပသော်လည်း ဝမ်ပေါင်လဲ့က လူများစွာသည် အလျင်စလို ထရပ်နေကြသည်ကို သတိထားမိလိုက်သည်။ လမ်းသွားလမ်းလာများကလည်း အရှိန်မြှင့်နေကြ၏။ အဝေးတစ်နေရာတွင် မြို့ထဲမှ အရှိန်မြှင့်ကာ ထွက်သွားကြသည့် ပုံရိပ်များစွာကိုပင် မြင်တွေ့နိုင်သည်။

စားသောက်ဆိုင် သို့မဟုတ် တည်းခိုဆောင်ထဲတွင် နေထိုင်သည့်သူများသာ ကျန်ရှိတော့၏။ ဝမ်ပေါင်လဲ့က အတွေးနက်နေမိသည်။ နောက်ဆုံးဖန်ခွက်ကို သောက်သုံးသည့် လူငယ်လေးက ထိုအရာကို မြင်သည့်အခါ ပြုံးလိုက်မိ၏။

“ရွှမ်းမင် ခင်ဗျားက မြို့ထဲကို ရောက်ခါစဆိုပေမဲ့လည်း ဒီမြို့ရဲ့ ထူးဆန်းမှုတွေကို သိမှာပါ”

“ဒီမြို့ထဲမှာ အားလုံးက နေ့ဘက်မှာ လှပတယ်။ ဒါပေမဲ့ ညဘက်မှာဆိုရင်တော့ ခင်ဗျား အခန်းထဲက မထွက်နဲ့။ ဘာအသံပဲ ကြားရကြားရ တံခါးကို မဖွင့်လိုက်နဲ့။ ထွက်မသွားနဲ့” လူငယ်လေးက ထရပ်လိုက်သည်။ ထို့နောက် စားသောက်ဆိုင်ထဲမှ ထွက်သွားလေ၏။

ဝမ်ပေါင်လဲ့က ထရပ်ကာ လူငယ်လေး ထွက်သွားသည်ကို ကြည့်နေလိုက်၏။ ခဏအကြာတွင် သူက ထိုင်လိုက်ပြီး သေရည်ခွက်ကို ကောက်ကာ တစ်ငုံ သောက်သုံးလိုက်သည်။ သူက ပြန်ချလိုက်သည့်အခါ သူ့ညာဖက်လက်မှ ဂီတသင်္ကေတနှင့် တူသည့် အမှတ်အသားတစ်ခု ထွက်ပေါ်လာသည်။

ထိုအရာကို အနည်းငယ် ထိတွေ့ရုံဖြင့်  အသံတစ်သံ ထုတ်လွှတ်လာ၏။ ထိုအရာက မြေကြီးပေါ်ပြုတ်ကျသည့် ခံစားချက်မျိုး ပေးစွမ်းသည်။

သူ့လက်ထဲမှ ဂီတသင်္ကေတကို ကြည့်နေရင်း ဝမ်ပေါင်လဲ့က ထူးထူးဆန်းဆန်း အမူအရာမျိုး ရှိလာမိသည်။ ဒါက ဂီတသင်္ကေတအသစ် ဖြစ်၏။ ထိုအရာက ဖျော်ဖြေပွဲကို နားထောင်စဉ်အခါက မသိလိုက်ဘဲ သူ့ခန္ဓာကိုယ်အထက် စုဝေးမိလိုက်ခြင်း ဖြစ်သည်။ တခြားသူများအတွက် ခက်ခဲပုံပေါ်သော်လည်း သူ့အတွက် အင်မတန် ရိုးရှင်းခဲ့၏။

ထိုအသံက ထူးကဲနေသော်လည်း ဖူးဆိုသည့် အသံမဟုတ်ပေ။ ထိုအရာက ဝမ်ပေါင်လဲ့ကို အနည်းငယ် စိတ်သက်သာရာရသွားစေသည်။

ဒီဂီတသင်္ကေတကို သုံးပြီးတော့ လေးကြိုးမျဉ်းဂိုဏ်းထဲ ဝင်လိုက်ရမလား…

ဝမ်ပေါင်လဲ့က တုံ့ဆိုင်းနေမိ၏။ သူက ဂီတသင်္ကေတကို  လက်ထဲသိမ်းလိုက်ပြီး သူ နေထိုင်သည့်နေရာသို့ ပြန်လာခဲ့လိုက်သည်။

သူ ရွေးချယ်လိုက်သည့်နေရာက ဤစားသောက်ဆိုင်၌သာ ဖြစ်၏။ ထို့ကြောင့် အခန်းအတွင်း နေထိုင်ဖို့ သိပ်မကြာမြင့်လိုက်ပေ။ အပြင်ဘက်တွင် နေဝင်သွားပြီး ဖြည်းဖြည်းချင်း မှောင်လာလေ၏။ ပြတင်းပေါက်နားတွင် ရပ်နေရင်း ဝမ်ပေါင်လဲ့က အပြင်ဘက်မှ မြင်ကွင်းကို ကြည့်နေလိုက်သည်။ လမ်းသွားလမ်းလာ တချို့ရှိနေသော်လည်း အများစုက အလျင်စလို ဖြစ်နေကြ၏။ ကောင်းကင်က အပြီးတိုင် မှောင်မဲသွားပြီး အလင်းပျောက်ကွယ်သွားသည့်အခါ ပြတင်းပေါက်ဘေးတွင် ရပ်နေသည့် ဝမ်ပေါင်လဲ့က အပြင်ဘက်တွင် မည်သူ့ကိုမှ မမြင်ရတော့ပေ။

ကမ္ဘာတစ်ခုလုံးက တိတ်ဆိတ်သွားဟန်ပေါ်၏။ သူ ရှိနေသည့်စားသောက်ဆိုင်ပင် အင်မတန် တိတ်ဆိတ်နေသည်။ ခဏတာတင်မကဘဲ အလင်းရောင်ကပင် ချုပ်ငြိမ်းသွား၏။

မြို့တစ်ခုလုံးက တိတ်ဆိတ်ကာ မှောင်ပိန်းနေသည်။

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ထားလိုက်၏။ သူက လူငယ်လေး၏ သတိပေးချက်ကို တွေးမိသွားသည်။ တိတ်ဆိတ်မှုနှင့် အမှောင်ထုအလယ်တွင် အချိန်ကုန်ဆုံးသွားပြီး ဝမ်ပေါင်လဲ့၏ မျက်လုံးအကြည့်တို့က ဖြည်းဖြည်းချင်း တောက်ပလာ၏။ သူက ထူးကဲသည့် အသံတစ်သံကို ကြားလိုက်ရသည်။ တစ်စုံတစ်ယောက်က တီးတိုးပြောဆိုနေသကဲ့သို့ ဖြစ်၏။ သူ့အနေဖြင့် ထိုအရာကို ရှင်းရှင်းလင်းလင်း မကြားနိုင်သော်လည်း တီးတိုးရေရွတ်သံများက အပြင်ဘက်မှ ပဲ့တင်ထွက်လာသည်။

ထိုအရာက ဝမ်ပေါင်လဲ့အား အပြင်ဘက်ရှိ တောအုပ်ကို သတိရသွားစေသည်။ ညစဉ်ညတိုင်း ညရောက်လာသည့်အခါ ထိုအရာက ထင်းယွိကမ္ဘာ ဖြစ်၏။ ထို့ကြောင့် သူက ပြတင်းပေါက်နားကပ်ကာ အပြင်ဘက်သို့ သေသေချာချာ ကြည့်လိုက်သည်။ သူ ကြည့်လိုက်သည့်အခါ အေးစက်ကာ ဆိုးယုတ်သည့် ခံစားချက်က သူ့ဆီ ပျံ့နှံ့လာပြီး ရှင်းလင်းသည့် အသက်ရှူသံကို ကြားလိုက်ရသည်။

ထိုအသက်ရှူသံက ပြတင်းပေါက် အပြင်ဘက်တွင် ရှိနေ၏။ ပြတင်းပေါက်မှတဆင့် မျက်နှာကို ကပ်ကာ ဝမ်ပေါင်လဲ့ကို ကြည့်နေဟန်ပေါ်သည်။

ပတ်ဝန်းကျင်က အင်မတန် တိတ်ဆိတ်ကာ မှောင်မဲနေလေ၏။ သို့သော်လည်း အသက်ရှူသံက တိတ်ဆိတ်မှုထဲ ပိုမိုရှင်းလင်းလာသည်။

ဟူး ဟူး

“ထွက်သွားစမ်း” အသက်ရှူသံက ပိုမိုကျယ်လောင်လာသည့်အခါ ဝမ်ပေါင်လဲ့က မျက်ခုံးပင့်လိုက်ပြီး  မူမမှန်သည့် အရိပ်အယောင် မမြင်ရသည့် ပြတင်းပေါက်ကို ကြည့်ကာ တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။

All Chapters