လေးကြိုးမျဉ်းဂိုဏ်း
Vol. 99 Ch. 1371
ထိုအရာက ဝမ်ပေါင်လဲ့အနားတွင် ရပ်တန့်သွားခဲ့၏။ ပြောရမည်ဆိုလျှင် သူနှင့် အလွန်တရာ နီးကပ်နေသည်။ ထိုအရာ ရပ်တန့်သွားသည့်အခါ ကျောက်စိမ်းနှင့်တူသည့် လက်တစ်ဖက်က အနည်းငယ် ဆန့်ထုတ်လာသည်။ လက်ချောင်းများက အတော်လေး လှပပြီး လက်သည်းအနီရောင်တို့က ပိုမိုပင် ဆွဲဆောင်မှု ရှိနေသည်။
ထိုအရာက သစ်ခွပန်းပွင့် ဖြည်းဖြည်းချင်း ပွင့်လန်းလာသကဲ့သို့ ဝမ်ပေါင်လဲ့အနား ဖြည်းဖြည်းချင်း ချဉ်းကပ်လာ၏။
ဝမ်ပေါင်လဲ့၏ အမူအရာက နဂိုအတိုင်း ကျန်ရှိနေသော်လည်း သူ့မျက်ဝန်းအထက် အေးစက်စက် အလင်းတစ်ချက် ရှိနေသည်။ သူက ထင်းယွိမြို့ထဲတွင် သူ့ကိုယ်သူ မဖော်ထုတ်လိုပေ။
သို့သော်လည်း ယခင်က သူ့ဆီ ဆွဲဆောင်ခံရသည့် ထူးထူးဆန်းဆန်း သက်ရှိများဖြစ်စေ သို့မဟုတ် သူ့ရှေ့တွင်ရှိသည့် ဝေါယာဉ်ထဲမှ လက်တစ်ဖက်ဖြစ်စေ အားလုံးက သူ့ကို အတော်လေး စိတ်ဝင်စားနေကြဟန်ပေါ်သည်။
နမူနာအနေဖြင့် သူက ဝေါယာဉ်ကို ရှောင်ရှားပြီးသား ဖြစ်၏။ သူ့အနေဖြင့် ဝေါယာဉ်၏ လျှို့ဝှက်ချက်ကို စူးစမ်းမည့် သဘောထားလည်း မရှိပေ။ သို့သော် သူက ရှောင်ရှားလိုသော်လည်း ဝေါယာဉ်က ထိုသို့မလုပ်လိုမှန်း သိသာလှ၏။
ထို့ကြောင့် ထိုအခိုက်အတန့်၌ ဝမ်ပေါင်လဲ့က အနည်းငယ် စိတ်မရှည်သလို ခံစားမိနေသည်။ သူက မျက်ဝန်းထဲမှ အေးစက်စက် အလင်းရောင်ကိုပင် ဖုံးကွယ်ဖို့ မကြိုးစားတော့ပေ။ သူက သူ့ရှေ့တွင် ရှိနေသည့် လက်ချောင်းကို အေးစက်စက်ဖြင့်သာ ကြည့်လိုက်၏။
ကြက်သွန်မြိတ်နှင့် တူသည့် လက်ချောင်းသွယ်သွယ်များက လှပရုံသာမကဘဲ အရသာရှိသည့် ခံစားချက်ကိုပင် ပေးစွမ်း၏။ အနည်းဆုံးတော့ ထိုအရာက ဝမ်ပေါင်လဲ့ တွေးမိခြင်း ဖြစ်သည်။
သူ့နှုတ်ခမ်းထောင့်တို့က ဖြည်းဖြည်းချင်း ကွေးညွှတ်သွားကာ သူက သာမန်လူတစ်ယောက် မဟုတ်တော့ဘဲ အငြိုးကြီးတစ္ဆေတစ်ကောင်အလား ဖြစ်နေ၏။ သူ့မျက်ဝန်းတွင်ရှိနေသည့် အေးစက်စက် အလင်းရောင်ကပင် ပိုမိုစူးရှလာသည်။ သူက သူ့မျက်နှာဆီ ရောက်လာတော့မည့် လက်ကို စိုက်ကြည့်နေလိုက်၏။
သို့သော်လည်း ထိုလက်က ဝမ်ပေါင်လဲ့နှင့် တစ်စင်တီမီတာခန့်အကွာတွင် ရုတ်ချည်းဆိုသလို ရပ်တန့်သွားလေ၏။ ထို့နောက် ဖြည်းဖြည်းချင်း နောက်ဆုတ်ကာ နဂိုနေရာအတိုင်း ပြန်လည်ရောက်ရှိသွားသည်။
ဝေါယာဉ်က ထပ်မံယိမ်းသွားပြီး ပုံရိပ်လေးခုက ဆက်လက်ရှေ့တိုးသွား၏။ ထိုအရာက ဖြည်းဖြည်းချင်းဖြင့် ဝမ်ပေါင်လဲ့၏ အမြင်မှ ပျောက်ကွယ်သွားခဲ့သည်။
ဝမ်ပေါင်လဲ့က အဝေးတွင် ပျောက်ကွယ်သွားသည့် ပုံရိပ်ကို စိုက်ကြည့်နေ၏။ သို့သော်လည်း သူ့နှုတ်ခမ်းထောင့် ကွေးညွှတ်သွားမှုက ပျောက်ကွယ်သွားခြင်း မရှိသေးပေ။ အကြောင်းအရင်းကမူ သူက ညာဖက်လက်ကိုမြှောက်ကာ လက်ထဲမှ ဂီတသင်္ကေတကို အပြီးတိုင်ဖုံးကွယ်လိုက်၍ ဖြစ်သည်။ ထိုအရာက ထွက်ပေါ်နေသည့်အသံကို ပျောက်ကွယ်သွားစေ၏။
ဝေါယာဉ်က အဝေးတစ်နေရာသို့ ထွက်ခွာသွားပြီးသည့်နောက်တွင် ယခင်ပြန့်ကျဲသွားသည့် ထူးထူးဆန်းဆန်းအရာများက ပြန်လည်စုဝေးလာလေ၏။ သူတို့က ဝမ်ပေါင်လဲ့ဆီ တစ်ပြိုင်နက် ခုန်အုပ်လာကြသည်။
ညက ပိုမိုညဉ့်နက်လာပြီး ထူးထူးဆန်းဆန်း သက်ရှိများဖြင့် ပေါင်းစည်းသွားကာ ဝမ်ပေါင်လဲ့အား အမှောင်ထုဖြင့် လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေသည်။
သို့သော်လည်း နောက်အခိုက်အတန့်လေး၌ ဝမ်ပေါင်လဲ့ကို လွှမ်းခြုံထားသည့် အမှောင်ထုက ရုတ်ချည်းဆိုသလို လှုပ်ခတ်လာ၏။ တစ်စုံတစ်ခုက အထဲတွင် ရုန်းကန်နေသကဲ့သို့ဖြစ်သည်။ ခုခံမှုက တစ်နေရာထဲမှ မဟုတ်ဘဲ ဘက်ပေါင်းစုံမှ ဖြစ်၏။
သို့သော်လည်း ထိုအရာက အင်မတန် နောက်ကျလွန်းသွားခဲ့သည်။ ရုန်းကန်မှုက ပိုမိုပင် အားပျော့လာလေ၏။ နောက်ဆုံးတွင် လှုပ်ရှားမှုဟူ၍ မရှိတော့ပေ။ အမွှေးတိုင်တစ်ဝက်စာ လောင်ကျွမ်းချိန်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့၏ ပုံရိပ်က အနက်ရောင် မှင်ရည်များကို ရှင်းထုတ်လိုက်သည့် ကြည်လင်နေသည့် ရေအလား ထွက်ပေါ်လာသည်။ သူက အသက်ရှိုက်စာအနည်းငယ်အတွင်း ပြန်လည်ပေါ်ထွက်လာခြင်း ဖြစ်၏။
သူ့နှုတ်ခမ်းထောင့်တို့က ပုံမှန်ပြန်ဖြစ်သွားကာ သတိထားမိဖို့ ကောင်းသည့်အရာက သူ့နှုတ်ခမ်းကို သပ်နေခြင်း ဖြစ်၏။
မဆိုးဘူးပဲ…
ဝမ်ပေါင်လဲ့က နှုတ်ခမ်းထောင့်ကို သပ်ရင်း ဆက်လက် လျှောက်လှမ်းသွားလိုက်သည်။ သူ့ခြေသံတို့က မမြန်ဆန်သော်လည်း ယခင်နှင့် ကွဲပြားနေ၏။ သူ့ပတ်ဝန်းကျင်က အင်မတန် တိတ်ဆိတ်နေကာ အသံတစ်သံပင် မကြားရတော့ပေ။
အမှောင်ထုအတွင်း ကြားနိုင်သည့်အသံက သူ့ခြေသံသာ ဖြစ်၏။
အမှောင်ထုအတွင်း တည်ရှိမှုများက ဤပတ်ဝန်းကျင်တွင် ရှင်းလင်းနေ၏။
အချိန်က ဤသို့ဖြင့် ကုန်ဆုံးသွားပြီး အမည်မသိအချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ခြေသံတချို့နှင့် အသက်ရှူသံများကို ကြားလိုက်ရသည်။ ထိုစဉ် သူ့ရှေ့၌ မီးတောင်သုံးလုံးကို မြင်လိုက်ရ၏။
ထိုမီးတောင်တစ်လုံးချင်းစီက ကြီးမားကာ အံ့ဩဖို့ကောင်း၏။ သူတို့က မိုးမြေကြားတွင် တည်ရှိနေပြီး သိပ်သည်းသည့် အနက်ရောင်မြူခိုးများက မီးတောင်ဝမှ ထွက်ပေါ်နေသည်။ ထိုအရာက ကောင်းကင်နှင့် ဆက်နွယ်သွားပြီး မီးတောင်ချော်ရည်တို့က တောင်မှ စီးဆင်းလာကာ မြစ်သဖွယ် ဖြစ်နေလေ၏။
အဝေးမှကြည့်လျှင် ထိုမီးတောင်သုံးလုံးက တစ်ခုနှင့်တစ်ခု အင်မတန် နီးကပ်ဟန်ပေါ်သည်။ သို့သော်လည်း လက်တွေ့၌မူ သူတို့ကြားတွင် သိသာသည့် အကွာအဝေးတစ်ခု ရှိနေလေ၏။ ဝမ်ပေါင်လဲ့အား ဆင့်ခေါ်သည့်ခံစားချက်က ဒုတိယမီးတောင်မှ ဖြစ်ကြောင်း ခံစားမိသည်။
သူ့အမြင်တွင် ဒုတိယမီးတောင်ပေါ်၌ အဆောက်အဦးများစွာကို မြင်လိုက်ရ၏။ သို့သော်လည်း ထိုအဆောက်အဦးအားလုံးက အနက်ရောင်ဖြစ်ကာ ထူးဆန်းလှသည်။
လေးကြိုးမျဉ်းဂိုဏ်း…
ဝမ်ပေါင်လဲ့က ခေါင်းမော့ကာ ဒုတိယမီးတောင်ကို ကြည့်လိုက်၏။ ထိုစကားလုံးသုံးခုက သူ့စိတ်ထဲတွင် ပေါ်ထွက်လာသည်။
ဤသည်က သူ့အနေနှင့် ပထမဦးဆုံးအကြိမ် မြင်ဖူးသော်လည်း ထိုမီးတောင်သုံးလုံးက ဂိုဏ်းကြီးသုံးဂိုဏ်း ဖြစ်ကြောင်း သေသေချာချာ သိလိုက်သည်။
အဝေးတစ်နေရာမှ အကဲဖြတ်ပါက သူက ထင်းယွိမြို့ထဲမှ ထွက်လာသည်မှာ အချိန်ကြာမြင့်လှပြီ ဖြစ်သင့်သော်လည်း လက်တွေ့၌မူ သူက မြို့ထဲ၌သာ ရှိနေသေး၏။ ဝမ်ပေါင်လဲ့က အကြည့်ပြန်ရုတ်သိမ်းကာ လမ်းနှင့် အဆောက်အဦးများကို အကဲခတ်လိုက်သည်။
သူက နေ့ဘက်တွင် ဤနေရာကို ရောက်ရှိခဲ့ဖူးပြီး ထင်းယွိမြို့၏ အလယ်ဗဟိုချက် နီးပါးရောက်ရှိနေကြောင်း သိလိုက်သည်။
သူက များများ မစဉ်းစားနိုင်ပေ။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က ဖျတ်ခနဲ ပျောက်ကွယ်သွားကာ ဒုတိယမီးတောင်ဆီ ဦးတည်လိုက်၏။ တစ်ချိန်တည်းဆိုသလို သူက သူ့ဘေးပတ်ဝန်းကျင်မှ ထွက်နေသည့် အသံများကို ကြားနေရသည်။ ဤသည်က ထင်းယွိစည်းမျဉ်းဥပဒေသ၏ ကမ္ဘာထဲတွင် ထူးထူးဆန်းဆန်း တည်ရှိမှုက သူ့ဆီ အလျင်အမြန် ချဉ်းကပ်လာကာ မီးတောင်၏ နယ်နိမိတ်ထဲ မဝင်ရောက်စေလိုသကဲ့သို့ဖြစ်၏။
ဤနေရာတွင် အာသီသစည်းမျဉ်းဥပဒေသကို အသက်သွင်းဖို့ရာ မသင့်တော်ပေ။ ထို့ကြောင့် လက်တစ်ချက်အဝှေ့တွင် ဝမ်ပေါင်လဲ့က စွမ်းအားတစ်ဝက်ကျော် အသုံးပြုပြီးသား ဂီတသင်္ကေတကိုသာ ထုတ်သုံးလိုက်သည်။ ထိုအရာသည် အားနည်းသည့် အလင်းရောင်နှင့် အသံတို့ဖြင့် ထိုအရာက အရှိန်ဖြင့် ပေါက်ကွဲထွက်သွားကာ ဒုတိယမီးတောင်နှင့် ပိုမိုနီးကပ်သွားသည်။
ထိုနီးကပ်လာသည့်အခါ မီးတောင်ပေါ်ရှိအလင်းရောင်က သူ့ခန္ဓာကိုယ်အပေါ် ဖြာကျလာသည့်အတွက် သူ့အနောက်ဖက်တွင် အရိပ်ပေါ်လာစေသည်။ အရိပ်က အကြောက်တရားရှိသည့်အလား ပုံပျက်ယွင်းသွားခဲ့သည်။ ကံကောင်းစွာဖြင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲတွင် နဂိုခန္ဓာမှ ရရှိထားသည့် ချိတ်ပိတ်မှု ရှိနေသည်။ ထိုအားဖြည့်မှုဖြင့် ပုံပျက်ယွင်းမှုက အလျင်အမြန် ပုံမှန် ပြန်ဖြစ်သွားလေ၏။
တစ်ချိန်တည်းဆိုသလို မီးတောက်က ထင်းယွိကမ္ဘာထဲ ထူးထူးဆန်းဆန်း တည်ရှိမှုများအတွက် သေစေလောက်ဟန်ပေါ်သည်။ ဝမ်ပေါင်လဲ့က ထွက်ပြေးနေသည့်အသံများနှင့် အော်သံများကို ကြားလိုက်ရ၏။
ဤသို့ဖြင့် ဝမ်ပေါင်လဲ့က ဒုတိယတောင်ကို ရောက်ရှိဖို့ အသက်ရှိုက်စာအနည်းငယ်သာ လိုအပ်လိမ့်မည်။ သူက သွားနေရင်း နားထဲတွင် ဆူညံသံများက ပျောက်ကွယ်သွားလေ၏။
ဝမ်ပေါင်လဲ့က နေရာတွင်ရပ်နေရင်း အချိန်ခဏမျှ စောင့်ဆိုင်းလိုက်သည်။ သူ့အမူအရာက ထူးထူးဆန်းဆန်း ပြောင်းလဲသွားခဲ့၏။ အပြင်ဘက်အမှောင်ထုတွင် အသံကို မခံစားမိတော့သလို ချဉ်းကပ်လာသည့် ထူးထူးဆန်းဆန်း တည်ရှိမှုကိုလည်း မခံစားမိတော့ပေ။
ဤသည်က အမှောင်ထု သီးသန့်ကုန်းမြေတစ်ခုအလား ဖြစ်၏။
ဤသည်က ဝမ်ပေါင်လဲ့ ထူးဆန်းနေရသည့် အကြောင်းအရင်း မဟုတ်ပေ။ သူ့ကို ထူးဆန်းစေသည့်အရာက သူသည် ဤနေရာသို့ အချိန်အကြာကြီး ရောက်ရှိနေသော်လည်း လေးကြိုးမျဉ်းဂိုဏ်းမှ တစ်ယောက်မှ မမြင်ရသေးပေ။
တောင်အထဲနှင့် အပြင်ဘက်တွင် ကျင့်ကြံရေးဂူများစွာ ရှိကြောင်း ခံစားမိ၏။ ဂူ ၃၀ရာခိုင်နှုန်းက ကျင့်ကြံသူအငွေ့အသက်များ ရှိနေသည်။
ဘယ်သူကမှ စိတ်မဝင်စားကြတာလား…
ဝမ်ပေါင်လဲ့က တုံ့ဆိုင်းသွားမိ၏။
အဲဒါဆိုတော့ ငါ ဒီနေရာ ဝင်ရောက်နိုင်သရွေ့ စိတ်တိုင်းကျ ကျင့်ကြံနိုင်တယ်ဆိုတဲ့သဘောလား…
ဝမ်ပေါင်လဲ့က စဉ်းစားလိုက်သည်။ သူက ခေတ္တမျှ စောင့်ဆိုင်းနေသော်လည်း မည်သူကမှ အာရုံမစိုက်ကြပေ။ ထို့နောက် သူက တောင်ရှိရာဆီ ဦးတည်လိုက်၏။
သိပ်မကြာခင် တောင်ခြေ၌ ဗလာကျင်းနေသည့် ဂူတစ်ခုကို မြင်လိုက်ရသည်။ သူက အပြင်ဘက်၌ စက္ကန့်ပိုင်းကြာ စဉ်းစားနေပြီးသည့်နောက်တွင် အထဲဝင်ရောက်လိုက်၏။ သူ ဝင်ရောက်လိုက်သည်နှင့် နားထဲတွင် အသံတစ်သံထွက်ပေါ်လာသည်။
“လေးကြိုးမျဉ်းဂိုဏ်းသား ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်”