← Chapters

ကောင်းကင်တေးသံ

Vol. 99 Ch. 1378

ကောင်းကင်တေးသံ

Vol. 99 Ch. 1378

“ဗျပ်စောင်းတေးသံလား” ဝမ်ပေါင်လဲ့၏ အကြည့်က တောက်ပလာသည်။ သူက လက်ထဲမှ ဂီတသင်္ကေတကို ယူကာ နတ်ဘုရားအသိစိတ်ဖြင့် ထပ်မံ စစ်ဆေးကြည့်လိုက်၏။ ထို့နောက် သူ့စိတ်ထဲ ဗျပ်စောင်းသံစဉ် ထွက်ပေါ်လာသည့်အခါ အနည်းငယ် စိတ်လှုပ်ရှားလာမိသည်။

ဒါက ထင်းယွိစည်းမျဉ်းဥပဒေသပဲ…

သူက သူ့အသံသည် အီးပေါက်သံနှင့် တူသည်ဟု အမြဲတမ်း ခံစားခဲ့ရသည်။ ဤသည်က ကြော့ရှင်းမှု မရှိပေ။ ထိုအရာအားလုံးကို အတူတကွ ပေါင်းစည်းလိုက်သည့်အခါ အားကောင်းသော်လည်း ထင်းယွိစည်းမျဉ်းဥပဒေသ ကျင့်ကြံသည့် တခြားသော ကျင့်ကြံသူများနှင့် ယှဉ်လိုက်ပါက ထိုအရာက တခြားသော သံစဉ်များဖြင့် မယှဉ်နိုင်ပေ။

သို့သော်လည်း သူ့တွင် ရွေးချယ်စရာ မရှိပေ။ ယခင် ၆လအတွင်း သူ နားလည်ထားသမျှ ဂီတသင်္ကေတအားလုံးက ဖူးဆိုသည့်အသံများသာ ဖြစ်၏။ သူက သံစဉ်ရေးစပ်ဖို့အတွေးကိုပင် လက်လျှော့ထားသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ ယခုတွင် သူက လက်ထဲမှ ဂီတသင်္ကေတများကို ကြည့်နေရင်း သူ့စိတ်ထဲမှ မျှော်လင့်ချက်မီးတောက်က တစ်ဖန် ပြန်လည်တောက်ပလောင်လာသည်။

ဟိန်ချင်းဂိုဏ်းက ငါ့အတွက် ပိုပြီးသင့်တော်နေတာများလား…

ဝမ်ပေါင်လဲ့က သူ့လက်ထဲမှ ဂီတသင်္ကေတများကို ခန္ဓာကိုယ်ထဲ ထည့်သွင်းလိုက်သည်။ ထို့နောက် သူက လူငယ်လေး၏ သိုလှောင်လက်စွပ်ကို ကြည့်ကာ စစ်ဆေးကြည့်လိုက်၏။ တခြားသော အသေးအဖွဲပစ္စည်းများအပြင် ဂီတတေးသွားနှစ်ခု၊ ကျောက်စိမ်းပြားတစ်ခုနှင့် အမှတ်အသားပြားတစ်ခုတို့ ပါရှိသည်။

ဝမ်ပေါင်လဲ့က အမှတ်အသားပြားကို အာရုံမစိုက်ပေ။ သူက ကျောက်စိမ်းပြားကို အာရုံစိုက်လိုက်၏။ ထို့နောက် သူ့နတ်ဘုရားအသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်စဉ် အကြည့်များ တောက်ပလာမိသည်။

ဟိန်ချင်းဂိုဏ်းက ရှေးဟောင်းဂီတကို အလေးထား၏။ ထိုအရာက နှလုံးသားထဲမှ ရှေးဟောင်းအငွေ့အသက်များ ရှိခြင်းနှင့် တာအိုအပေါ် ရှေးဟောင်းအမှတ်အသား ထားရှိခြင်းတို့ကို အရေးပေးထားသည်။ ကိုယ့်ကိုယ်တိုင် ဗျပ်စောင်းကြိုးမျှင်အဖြစ် စိတ်ကူးကြည့်ပါက ကျင့်စဉ်သည် ခက်ခဲမည် မဟုတ်ပေ။ ထင်းယွိစည်းမျဉ်းဥပဒေသက အရာအားလုံးနှင့် နားလည်မှုတို့ကို အခြေခံထားသည့်အတွက် ဂိုဏ်းကြီးသုံးဂိုဏ်းက ကွဲပြားသည့် ဦးတည်ရာများဆီ ဦးတည်နေကြသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့က ဟိန်ချင်းဂိုဏ်း၏ အခြေခံကျင့်စဉ်ကို ဖမ်းဆုပ်မိသွားသည်။ သူက ဂီတတေးသွားနှစ်ခုကို ထုတ်ကာ သေသေချာချာ စစ်ဆေးကြည့်လိုက်၏။ ထိုဂီတတေးသွားများက ရှေးဟောင်းဂီတများ ဖြစ်ကြသည်။ သူတို့က စာသား မပါရှိဘဲ သံစဉ်သာ ပါရှိ၏။

ဤသည်က ဟိန်ချင်းဂိုဏ်း၏ ထူးကဲသည့် ဝိသေသလက္ခဏာရပ်လည်း ဖြစ်သည်။

ဝမ်ပေါင်လဲ့ကို ပိုမိုစိတ်လှုပ်ရှားလာသည်က ထိုဂီတတေးသွားနှစ်ခုမှ သူ နားလည်လာသည့် ပထမဂီတသင်္ကေတသည်လည်း ဗျပ်စောင်းသံ ဖြစ်၏။ ထိုအရာက ယခင်နှင့် ကွဲပြားနေသည်။

ထိုအရာပြီးသည့်နောက်တွင် ယခင်လမ်းစဉ်ဟောင်းအပေါ် ပြန်ရောက်သွားပြီး “ဖူး” ငါးခုကို နားလည်သွားခဲ့သော်လည်း ဝမ်ပေါင်လဲ့က အတော်လေး ကျေနပ်နေမိ၏။

အသစ်နားလည်ထားသည့် “ဖူး” အသံများကို မူလသင်္ကေတထဲ ထပ်ဆင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က များများစားစား အာရုံမစိုက်တော့ပေ။ ထိုအစား သူက ဗျပ်စောင်းတေးဂီတသင်္ကေတနှစ်ခုကို တုန်ခါစေလိုက်သည်။ သံစဉ်အလယ်တွင် ဝမ်ပေါင်လဲ့၏ မျက်နှာအထက် အပြုံးတစ်ပွင့် ပေါ်ထွက်လာပြီး လန်လဲ့ငါး ရှိရာဆီ ဦးတည်လိုက်သည်။

သူက ဤနေရာတွင် မည်သို့‌သော လျှို့ဝှက်ချက်မျိုး ကိန်းအောင်းနေသည်ကို မြင်တွေ့လို၏။ ထိုအရာက ဟိန်ချင်းဂိုဏ်းသားအနေဖြင့် သူ့ကို နှုတ်ပိတ်ဖို့ရာ သတ်ပစ်ဖို့ရာ တုံ့ဆိုင်းနေခြင်း မရှိပေ။

ဂိုဏ်းကြီးသုံးဂိုဏ်းက တစ်ခုနှင့်တစ်ခု အင်မတန် နီးကပ်ကြပြီး တူညီသည့် ဇစ်မြစ် ရှိကြသည်။ ထို့ကြောင့် အသေးအဖွဲကိစ္စများတွင် ပဋိပက္ခများ ရှိတတ်ကြသော်လည်း တစ်စုံတစ်ယောက်ကို သတ်ဖို့ရာ ရှားပါးလှသည်။

ဝမ်ပေါင်လဲ့က ဤနေရာတွင် လျှို့ဝှက်ချက် မရှိကြောင်း မယုံပေ။ သို့သော်လည်း သူက ထိုနေရာ၏ အလယ်သို့ ရောက်လာပြီးသည့်နောက်တွင်ပင် သဲလွန်စနှင့် မူမမှန်မှုဟူ၍ ရှာမတွေ့ပေ။ အကယ်၍ သူသာ ကွဲပြားသည်ဟု ပြောရမည်ဆိုလျှင် ဤနေရာ၌ လန်လဲ့ငါးများစွာ ရှိနေခြင်း ဖြစ်၏။ သူတို့က နေရာတစ်ဝိုက်တွင် ကူးခတ်ကာ ထွက်မသွားကြပေ။

ထိုအရာက ဝမ်ပေါင်လဲ့ကို အံ့အားသင့်သွားစေ၏။ သူက ထပ်မံ သေသေချာချာစစ်ဆေးကြည့်လိုက်သော်လည်း သဲလွန်စဟူ၍ မတွေ့ရသေးပေ။ သူက ထပ်ပြီးစဉ်းစားကြည့်နေပြီး အလယ်တွင် ထိုင်နေပြီး တိတ်တဆိတ်သာ စောင့်ကြည့်နေလိုက်သည်။

အချိန်ကုန်လွန်သွားပြီး မိုးသောက်ယံ ရောက်ရှိလာ၏။

ညတစ်ညလုံး ဘာမှမရရှိသေးသည့် ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက ထရပ်လိုက်ကာ ထွက်သွားတော့မည့်ဆဲဆဲတွင် ညက အဆုံးသတ်ပြီး မိုးသောက်ယံရောက်ရှိလာတော့မည့်ဆဲဆဲ …  ဝမ်ပေါင်လဲ့က အသံတစ်သံကို ကြားလိုက်ရသည်။ ထိုအသံက ဗျပ်စောင်းသံနှင့် တူ၏။ ဝမ်ပေါင်လဲ့က သေသေချာချာ ခံစားကြည့်သည်။ ထိုအရာက ဝမ်ပေါင်လဲ့အား နှလုံးခုန်တစ်ချက် မြန်သွားစေ၏။

သူက ဤနေရာတွင် လန်လဲ့ငါးများစွာ တည်ရှိနေသည်ကို ခံစားမိသည်။ သူတို့က နေရာတစ်ဝိုက်ကို ပတ်လည်ကူးခတ်ပြီး မြန်မြန်ဆန်ဆန် စတင်ကူးခတ်လာကြသည်။

ဝမ်ပေါင်လဲ့က ဖြည်းဖြည်းချင်းဖြင့် အသံကို ကြားလာရ၏။

ထိုအရာက လန်လဲ့ငါးများ အုပ်စုလိုက် ကူးခတ်နေသည့်အသံ ဖြစ်သည်။ နေ့နှင့်ည ကူးပြောင်းသွားသည့် အချိန်တိုလေးအတွင်း ထူးဆန်းသည့် အပြောင်းအလဲများကြောင့် သူတို့၏ ခန္ဓာကိုယ်က အချင်းချင်း ထိတိုက်ကာ အသံ ဖြစ်ပေါ်လာသည်။

ညမှောင်သည့်အခါ သူတို့က အချင်းချင်း ဝင်တိုက်မှုမရှိကြပေ။ သို့သော်လည်း ထိုအခိုက်အတန့်၌ ထူးထူးဆန်းဆန်း ပြောင်းလဲမှု၏ လွှမ်းမိုးမှုအောက်တွင် သူတို့၏ ဝင်တိုက်မှုက ကောင်းကင်တေးသံအသွင် ပြောင်းလဲသွားလေသည်။

ထိုအသံက ဝမ်ပေါင်လဲ့ကို အံ့အားသင့်သွားစေ၏။ တစ်ချိန်တည်းဆိုသလို သူ့နားလည်နိုင်စွမ်းက ယခင်ထက် ပိုမိုစူးရှလာသည်။ သူ့ခန္ဓာကိုယ်ထဲ၌ ဂီတသင်္ကေတများ စတင်ဖြစ်ပေါ်လာ၏။

သူက သူ နားလည်ထားသည့် ဂီတသင်္ကေတများကို စစ်ဆေးကြည့်ဖို့ အချိန်ပင် မရသေးပေ။ ထိုစဉ် ဝမ်ပေါင်လဲ့က နားလည်အောင်လုပ်ရင်း အာရုံစူးစိုက်ထား၏။ အကယ်၍ တစ်စုံတစ်ယောက်သာ ထင်းယွိစည်းမျဉ်းဥပဒေသ၏ ကမ္ဘာကို ထိုးဖောက်မြင်နိုင်ခဲ့ပါက အင်မတန်လှပသည့် မြင်ကွင်းတစ်ခုကို မြင်တွေ့ရလိမ့်မည်။

ထိုမြင်ကွင်းထဲတွင် ဝမ်ပေါင်လဲ့က တင်ပျဉ်ခွေကာ ထိုင်နေပြီး သူ့ဆံပင်များက လေနှင့်အတူ မျောလွင့်နေသည်။ သူက အပြာရောင် ပင်လယ်ရေဖြင့် ဝန်းရံခံထားရသကဲ့သို့ ဖြစ်နေလေ၏။ ထိုပင်လယ်ရေပြင်ထဲတွင် လန်လဲ့ငါးများစွာက သူ့ကို ဝိုင်းပတ်ကာ ကူးခတ်နေကြသည်။ ထို့နောက် ကောင်းကင်မှ အဖြူရောင်အလင်းတန်းက သူ့ခန္ဓာကိုယ်ကို ရောင်ပြန်ဟပ်စေပြီး အပြာရောင် ပင်လယ်ရေထဲတွင် ကြော့ရှင်းစွာ ပေါ်ထွက်လာစေသည်။

သို့သော်လည်း ထိုသို့သော ဉာဏ်အလင်းပွင့်မှုမျိုးက သိပ်မကြာမြင့်လိုက်ပေ။ မိုးသောက်ယံက တိုတောင်းလွန်းပြီး မိုးသောက်ယံ ကျော်လွန်သွားလေသည်။ နောက်အခိုက်အတန့်လေး၌ ညအစား နေ့က အစားထိုးသွားပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာနှင့် ငါးအုပ်စုကလည်း အတူတကွ ပျောက်ကွယ်သွားလေသည်။

ဝမ်ပေါင်လဲ့က မျက်လုံးပြန်ဖွင့်လာသည့်အခါ သူက ထင်းယွိမြို့၏ မြို့တံတိုင်းရှိရာ အရှေ့ဖက်ပိုင်းသို့ ရောက်ရှိနေလေ၏။ သူ့မျက်ဝန်းအထက် ဉာဏ်အလင်းပွင့်ထားသည့် အရိပ်အမြွက်တို့ရှိကာ အသိပြန်ကပ်လာဖို့ အချိန်ကြာကြာယူခဲ့ရသည်။ သူ နိုးထလာသည့်အချိန် သူ့ခန္ဓာကိုယ်ထဲ နားလည်ထားသည့် ဂီတသင်္ကေတပမာဏက ဝမ်ပေါင်လဲ့ကို အံ့အားသင့်သွားစေ၏။

“ဂီတသင်္ကေတ ၁၀၉ခု” ဝမ်ပေါင်လဲ့က သူ့ခန္ဓာကိုယ်ထဲမှ ဂီတသင်္ကေတများကို ကြည့်နေရင်းဖြင့် မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။ ဖူးဆိုသည့် ထပ်ဆင့်ပေါင်းထားသော အသံ ၇၁ ခုအပြင် ဂလုအသံနှင့် ဗျပ်စောင်းသံနှစ်ခု ရှိလေသည်။

ထိုသင်္ကေတများက ၁၀၉ ခုရှိ၏။

ထိုအမြန်နှုန်းက ဝမ်ပေါင်လဲ့ နှစ်ဝက်အတွင်း နားလည်ထားသည့် ပမာဏကို ကျော်လွန်သွားလေ၏။ ထိုအရာက သူ့ကို အံ့အားသင့်သွားစေသည်။ နောက်ဆုံးတွင် ဟိန်ချင်းဂိုဏ်းမှ ကျင့်ကြံသူက သူ့ကို သတ်လိုသည့်အချက်ကို နားလည်သွားလေသည်။ အကယ်၍ သူသာ ထိုသူ့နေရာတွင် ရှိနေပါက တခြားသူများကိုလည်း သတ်မိလိမ့်မည်။

လန်လဲ့ငါးအုပ်စုက ဒီလိုထူးဆန်းနေလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး…

ဝမ်ပေါင်လဲ့က အသက်ပြင်းပြင်းရှူလိုက်ပြီး စားသောက်ဆိုင်ဆီ ဝင်ရောက်သွားသည်။ လမ်းတစ်လျှောက်တွင် သူက နတ်ဘုရားအသိစိတ်ဖြင့် သူတို့၏ အသံများကို စစ်ဆေးကြည့်နေ၏။

ဖူး ဖူး ဖူး ဖူး

ရင်းနှီးသည့်အသံက ဝမ်ပေါင်လဲ့ကို စိတ်လှုပ်ရှားမှု နည်းလာစေသည်။ အဆုံးသတ်တွင် သူက ထုံထိုင်းလုနီးပါး ဖြစ်လာလေ၏။ ဖူးအသံ တစ်ရာကျော် နားထောင်ပြီးသည့်နောက်တွင် ဗျပ်စောင်းသံက ရုတ်တရက် စိတ်ထဲ ပဲ့တင်ထွက်လာသည်။

ထိုအသံက နားထောင်လို့ကောင်းပြီး သူ့အား စားသောက်ဆိုင်ထဲ ဝင်တော့မည့်ဆဲဆဲတွင် ရပ်တန့်သွားစေ၏။

သူက အခန်းအတွင်း ကျေနပ်စွာဖြင့် ဝင်ရောက်သွားသည်။ သူက ခန္ဓာကိုယ်ထဲ ဂီတသင်္ကေတများကို ခံစားရင်း တွက်ချက်မှုတချို့ ပြုလုပ်လိုက်၏။

“ဖူးအသံ ၁၀၈ ခုနဲ့ ဗျပ်စောင်းသံ ၁ခု”

“ကောင်းပြီလေ။ ငါ အရမ်းကြီးလောဘကြီးလို့ မဖြစ်ဘူး” ဝမ်ပေါင်လဲ့က “ဖူး”အသံများကို လျစ်လျူရှုထားပြီး အတူတကွ အရင်ဟာများနှင့် စုပုံထားလိုက်သည်။ သူက များများစားစား တွက်ချက်မနေတော့ပေ။ သူက ဗျပ်စောင်းသံကိုသာ တန်ဖိုးထားလေ၏။ သူက ဗျပ်စောင်းသံနှစ်ခုကို သေသေချာချာကြည့်နေရင်း သံစဉ် ဖွဲ့စည်းနိုင်မည့် အခွင့်အရေးက တဖြည်းဖြည်း နီးကပ်လာသလို ခံစားမိနေသည်။

ထို့အပြင် လန်လဲ့ငါး တည်နေရာကိုလည်း မည်သူ့ထံမှ ရှာဖွေတွေ့ရှိခံရ၍ မဖြစ်ပေ။ သူ့ဆီက လုယူဖို့ ကြိုးစားသူတိုင်းကို ဖျက်ဆီးပစ်ရမည်။

ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် အေးစက်စက် အကြည့်တစ်ချက် ဖြတ်ပြေးသွားလေ၏။ ဝမ်ပေါင်လဲ့က ဆုံးဖြတ်ချက်ချပြီးသည့်နောက်တွင် လန်လဲ့ငါးများကို ယူဆောင်သွားသင့်လားဟု စဉ်းစားမိလာသည်။

အဲ့လိုလည်း အလုပ်မဖြစ်လောက်ဘူး။ အဲလို ဖြစ်နိုင်မယ်ဆိုရင် ဟိန်ချင်းဂိုဏ်းက ကျင့်ကြံသူကလည်း လုပ်ပြီးတာ ကြာလောက်ရောပေါ့။

All Chapters