အခန်း (၁၂၀၈)
Vol. 87 Ch. 1208
လက်သီးချက်၏ စွမ်းအားသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
“သူ့ရဲ့ ခုခံနိုင်စွမ်းက ဘာဖြစ်လို့ အရမ်းသန်မာနေတာလဲ”
“ဒါက ခုခံနိုင်စွမ်းတင်မဟုတ်ဘူး ထိန်းချုပ်နိုင်စွမ်းလည်း ပါနေတယ်”
ပတ်ဝန်းကျင်တွင် ချီးကျူးစကားသံများကို ကြားလိုက်ရသည်။
လူအများအပြားက အံ့အားသင့်နေကြသည်။
“ဟူး၊ တော်သေးတယ်။ သခင်လေးဟယ်က လက်သီးတစ်ချက်ကိုတောင် မခုခံနိုင်ဘူးလို့ ထင်မိတော့မလို့”
အပြာရောင်ဝတ်စုံနှင့် မိန်းကလေးက ရင်ဘတ်ကို ဖိလိုက်ပြီး တီးတိုးပြောသည်။
သူမ၏ဘေးတွင်ရှိသော ပန်းပွင့်ဝတ်စုံနှင့် မိန်းကလေးက နှုတ်ခမ်းကိုက်ထားပြီး မျက်လုံးများ တောက်ပနေသည်။
“ဟမ့်”
လက်သီးချက်က တားဆီးခံလိုက်ရသောကြောင့် ရှုရွှမ်းက အေးစက်စွာ နှာမှုတ်လိုက်ပြီး အော်ဟစ်သည်။
“မင်းက ဘယ်လောက်အထိ ကာကွယ်နိုင်မှာလဲ ကြည့်ရအောင်”
သူက စကားပြောလိုက်ပြီး လက်မြှောက်သည်။ ရုပ်သေးရုပ်က ခွန်အားများကို စုစည်းလိုက်ပြီး လက်သီးထိုးပြန်သည်။
ဟယ်ရန်စွန်းက မလှုပ်ရှားပေ။ သူက လက်ကို ဆန့်ထုတ်ပြီး ရုပ်သေးရုပ်၏လက်ကောက်ဝတ်ကို ဘေးသို့ ရိုက်ချသည်။
လက်သီးချက်က ဦးတည်ချက်လွဲသွားသည်။
“ကောင်းတယ်”
စောင့်ကြည့်နေသော လူတစ်ယောက်က အော်ဟစ်လိုက်သည်။
ဟယ်ရန်စွန်း၏ လှုပ်ရှားမှုက ပါးနပ်သည်။ သူက ပြိုင်ဘက်၏ တိုက်ခိုက်မှုကို ခန့်မှန်းထားရုံသာမက လားရာကိုလည်း ပြောင်းလဲပေးလိုက်သည်။
ရှုရွှမ်း၏မျက်နှာထားက ဆိုးဝါးနေပြီး ဟိန်းဟောက်လိုက်သည်။ သူက ရုပ်သေးရုပ်ကို အစွမ်းကုန်တိုက်ခိုက်ရန် အမိန့်ပေးသည်။
သို့သော် ဟယ်ရန်စွန်းက နေရာတွင်သာ ရပ်နေသည်။ သူက တွန်းကန်ချက်တချို့ဖြင့် ရုပ်သေးရုပ်၏ တိုက်ခိုက်မှုများကို လွယ်ကူစွာ ချေဖျက်လိုက်သည်။
ထို့အပြင် ရုပ်သေးရုပ်က ရွှံ့နွံထဲသို့ ကျဆင်းသွားပုံရပြီး နောက်မဆုတ်နိုင်တော့ပေ။
သခင်လေးဟယ်ရဲ့ တိုက်ခိုက်နိုင်စွမ်းက ရွယ်တူတွေကြားမှာ ရှားပါးလွန်းတယ်”
လူတစ်ယောက်က မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်ပြီး ညင်သာစွာပြောသည်။
“ပိုပြီးရှားပါးတာက သူ့ရဲ့ စိတ်နေစိတ်ထားပဲ။ သူက ခုခံရုံပဲလုပ်ပြီး မတိုက်ခိုက်ခဲ့ဘူး”
ကျန်းမိသားစု၏ အကြီးအကဲတစ်ယောက်က သမက်ကို ချီးကျူးနေသကဲ့သို့ အပြုံးတစ်ခုနှင့်အတူ ပြောလိုက်သည်။
တိုက်ခိုက်နိုင်စွမ်းနှင့် အမျှော်အမြင်တွင် ဟယ်ရန်စွန်းက ရှုရွှမ်းထက် အဆပေါင်းများစွာ သာလွန်သည်။
ရှုရွှမ်းက မိသားစုခွဲမှ တရားမဝင်ကလေးတစ်ယောက်သာ ဖြစ်သည်။
“သေစမ်း”
တိုက်ခိုက်မှုဆယ်ခုအပြီးတွင် ရှုရွှမ်းက ဟိန်းဟောက်လိုက်သည်။ ရုပ်သေးရုပ်က ရုတ်တရက် ကြီးမားလာပြီး မီးတောက်များကို ထုတ်လွှတ်သည်။
“အသွင်ပြောင်းလဲခြင်း။ အဆင့်သုံးရုပ်သေးရုပ်လား”
“ဒီရုပ်သေးရုပ်က အဆင့်သုံးပဲ။ အစစ်အမှန်စွမ်းအားကို ချပ်ပိတ်ထားခဲ့တယ်”
အံ့အားသင့်နေသောအသံကို ကြားနိုင်သည်။
မီးတောက်များကို ထုတ်လွှတ်နေသော ရုပ်သေးရုပ်က ကြမ်းတမ်းစွာ လက်သီးထိုးလိုက်သည်။
ထိုလက်သီးချက်ကြောင့် ပန်းပွင့်ဝတ်စုံနှင့် မိန်းကလေးက ထိတ်လန့်သွားသည်။
ဟယ်ရန်စွန်းက ကျဆင်းလာသော မီးတောက်လက်သီးကို ကြည့်လိုက်ပြီး အသက်ရှူသွင်းသည်။
“ဝှစ်”
ငွေရောင်ချပ်ဝတ်သည် သူ့ခန္ဓာကိုယ်တွင် ပေါ်လာသည်။
ထိုချပ်ဝတ် ပေါ်လာသောအချိန်တွင် သူက ခဏတာ ရပ်တန့်လိုက်ပြီး နေရာမှ ပျောက်ကွယ်သွားသည်။
အစိမ်းရောင် အလင်းစီးကြောင်းနှစ်ခုကို မြင်ရသည်။
ဓားမော့အလင်းသည် ရုပ်သေးရုပ်၏ ရင်ဘတ်တွင် နှစ်ပေရှည်လျားသော ဒဏ်ရာတစ်ခုကို ချန်ရစ်ခဲ့သည်။
“ရွှပ်”
မီးတောက်များသည် ဓားမော့ခုတ်ချက်ကြောင့် ပေါက်ကွဲထွက်လာသည်။
ဓားမော့အလင်းသည် မီးတောက်များနှင့် ရောနှောသွားသည်။
“ဘန်း”
ဟယ်ရန်စွန်းက ရုပ်သေးရုပ်၏ နောက်ကျောဘက်သို့ ရောက်လာပြီး ဓားမော့နှစ်လက်ဖြင့် ခုတ်ချသည်။
ရုပ်သေးရုပ်က နောက်ဆုတ်ရန် အချိန်မရတော့ပေ။
ရှုရွှမ်းက မျက်လုံးပြူးသွားပြီး ရုပ်သေးရုပ်၏ လက်မောင်းများပေါ်သို့ ဆင်းသက်လာသော ဓားမော့နှစ်လက်ကို ကြည့်နေလိုက်ရသည်။ လက်မောင်းနှစ်ဖက်က အက်ကွဲပြီး ပြုတ်ကျသွားသည်။
“ဝေါ့”
ရုပ်သေးရုပ်က အပြင်းအထန် ထိခိုက်သွားသည်။ ရုပ်သေးရုပ်ကို ထိန်းချုပ်နေသော ရှုရွှမ်းကလည်း ထိခိုက်သွားပြီး မြေပြင်ပေါ်တွင် လဲကျလျက် သွေးအန်လိုက်ရသည်။
ဟယ်ရန်စွန်းက ဓားမော့ကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး နေရာတွင် ရပ်နေသည်။ သူ့ခန္ဓာကိုယ်တွင်ရှိသော ချပ်ဝတ်က ငွေအလင်းဖြင့် တောက်ပနေသည်။
“အံ့အားသင့်စရာပဲ”
“ဓားမော့နည်းစနစ်က အရမ်းကောင်းတယ်”
ချီကျူးသံများကို ကြားနိုင်သည်။
“ချပ်ဝတ်က တကယ်အားကောင်းတာပဲ”
ပန်းပွင့်ဝတ်စုံနှင့် မိန်းကလေးက တီးတိုးရေရွတ်သည်။ သူမ၏မျက်နှာက နီရဲနေပြီး လှည့်ထွက်သွားသည်။
“သခင်မလေး၊ အဲဒီသခင်လေးက တကယ်ကြမ်းတမ်းတာပဲ”
နောက်တွင်ရှိနေသော အပြာရောင်ဝတ်စုံနှင့် မိန်းကလေးက အော်ပြောလိုက်သည်။
လူတိုင်းက ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး တီးတိုးပြောနေကြသည်။
“ဟားဟား၊ သခင်လေးဟယ်က တကယ်အားကောင်းတာပဲ”
ကျန်းမိသားစု၏ အကြီးအကဲတစ်ယောက်က ခပ်ဟဟရယ်သည်။
မြေပြင်တွင် လဲကျနေသော ရှုရွှမ်းကို မည်သူမှ မကြည့်ကြပေ။
လောင်းကြေးပြိုင်ပွဲ၏ အရှုံးသမားသည် သနားညှာတာမှုနှင့် မထိုက်တန်ပေ။
ထို့အပြင် သူတို့အတွက် ရှုရွှမ်းက ပြဿနာကောင် ဖြစ်သည်။
“ကျန်းမိသားစုက ရဲရင်တဲ့ သမက်တစ်ယောက်ကို ရလိုက်တာပဲ။ ဂုဏ်ယူပါတယ်”
“ဒီနေ့စားသောက်ပွဲက စေ့စပ်ပွဲအဖြစ် ပြောင်းလဲသွားတယ်။ တကယ်ထူးဆန်းတာပဲ”
ကျန်းမိသားစု၏ ဧည့်သည်များက လူစုခွဲလိုက်ကြသည်။
ရှုရွှမ်းက အံကြိတ်ထားပြီး ရှက်ရွံ့စွာ အိမ်ပြန်သွားသည်။
နာမည်ကြီးပန်းပဲပညာရှင် ချီမင်ရှန်းက သူနှင့်အတူ ထွက်သွားသည်။
သူတို့နှစ်ယောက်လုံးက လောင်းကြေးပြိုင်ပွဲများကို ရှုံးနိမ့်ခဲ့ကြသည်။
ဟယ်ရန်စွန်းက ခန်းဆောင်ထဲသို့ ပြန်ဝင်လာပြီး ဟန်မူယဲ့ကို ဦးညွတ်လိုက်သည်။
ဟန်မူယဲ့မရှိလျှင် သူက ဤနေရာသို့ ရောက်လာမည်မဟုတ်ပေ။
တစ်ဖက်တွင် ဟန်မူယဲ့က တည်ငြိမ်နေပြီး နှုတ်ဆက်ရန်ရောက်လာသော ကျန်းမိသားစု၏ အကြီးအကဲများနှင့် စကားပြောလိုက်သည်။
ဟန်မူယဲ့၏ ပန်းပဲပညာစွမ်းရည်ကို စိတ်ဝင်စားနေသော ကျွမ်ကျင်သူများလည်း ရှိကြသည်။ သူတို့က ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို ပြုပြင်ပေးရန် မေးမြန်းနေသည်။
ဟန်မူယဲ့က မငြင်းခဲ့ပေ။
သူက ချပ်ဝတ်နှင့်ရုပ်သေးရုပ်များကို လေ့လာပြီး ကြယ်စင်စုစကြဝဠာ၏ ကျင့်ကြံခြင်းနည်းလမ်းကို ပိုမိုနားလည်နိုင်မည်။
ထို့အပြင် ထိုလူများကို ကူညီပေးလိုက်ပြီး သူက နာမည်ကြီးလာလိမ့်မည်။
ထိုသို့ဆိုလျှင် ယုထောင်မြို့ပျက် ပွင့်လာသောအချိန်တွင် စူးစမ်းရှာဖွေရန် ဖိတ်ခေါ်ခံရလိမ့်မည်။
ဧည့်သည်နှင့် အိမ်ရှင်များက စိတ်ကျေနပ်နေကြသည်။
ခန်းဆောင်၏ လေထုက နွေးထွေးနေပြီး လူတိုင်းက ဟယ်ရန်စွန်း၏အပေါ်တွင် သဘောထားပြောင်းလဲသွားသည်။
အမှားအယွင်းမရှိလျှင် သူက ကျန်းမိသားစု၏သမက် ဖြစ်လာလိမ့်မည်။
ဧည့်ခံပွဲအပြီးတွင် ကျန်းချန်ခုံးက ဟန်မူယဲ့ကို တည်းခိုဆောင်သို့ ပြန်ပို့ခဲ့သည်။
ဟယ်ရန်စွန်းက ကျန်းမိသားစုတွင် ကျန်နေခဲ့ပြီး လက်ထပ်ပွဲအကြောင်းကို ဆွေးနွေးနေသည်။
တည်းခိုဆောင်သို့ ရောက်သောအခါ ကျန်းချန်ခုံးက ရုပ်သေးရုပ်ကို ထုတ်ယူလိုက်ပြီး ပြောသည်။
“ဆရာဟန်၊ ကျွန်တော့်ရုပ်သေးရုပ်ရဲ့ လက်မောင်းက တိုက်ပွဲမှာ ထိခိုက်သွားတယ်”
ဟန်မူယဲ့က ရုပ်သေးရုပ်ကို ကြည့်လိုက်သည်။
ရုပ်သေးရုပ်က ဆယ်ပေခန့် အရပ်ရှည်ပြီး အနက်ရောင်ဖြစ်သည်။ လက်ထဲတွင် လှံတစ်ချောင်းကိုင်ပြီး မျက်နှာကို အနက်ရောင်ချပ်ဝတ်ဖြင့် ဖုံးအုပ်ထားသည်။ မျက်လုံးများက အစိမ်းရောင်ဖြစ်သည်။
အဆင့်လေးရုပ်သေးရုပ် ဖြစ်သည်။
ရုပ်သေးရုပ်၏ ဘယ်ဘက်လက်မောင်းက ထိခိုက်ထားသည်။ ဓားမော့ခုတ်ချက်ကြောင့် ဖြစ်နိုင်သည်။
ဘယ်ဘက်လက်မောင်းက ထိခိုက်ထားသောကြောင့် ရုပ်သေးရုပ်၏ ခုခံနိုင်စွမ်းက အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားသည်။ အမြန်နှုန်း၊ ခွန်အားတို့နှင့်လည်း ဟန်ချက်မညီတော့ပေ။
ဟန်မူယဲ့က ရုပ်သေးရုပ်ကို လက်ဖြင့် ထိကြည့်ပြီး ကျန်းချန်ခုံးကို ကြည့်သည်။
သူ၏ သွေးနှင့်ချီက ကြွယ်ဝသည်။ သူ၏ ကျင့်ကြံဆင့်က ရုပ်သေးရုပ်နှင့် အလွန်လိုက်ဖက်ပြီး ဝိညာဉ်စွမ်းအားကလည်း ကောင်းမွန်သည်။
“မူလဒင်္ဂါးသုံးသောင်းပေးရင် ဒီရုပ်သေးရုပ်ကို ပြင်ပေးမယ်”
ဟန်မူယဲ့က ပြောသည်။
‘မူလဒင်္ဂါးသုံးသောင်းလား’
ကျန်းချန်ခုံးက ကြောင်အသွားသည်။
အလွန်ဈေးကြီးသည်။
သူ၏ ရုပ်သေးရုပ်သည် မူလဒင်္ဂါးငါးသောင်းသာ ကုန်ကျသည်။
‘လက်တစ်ဖက်ကိုပြင်ဖို့ မူလဒင်္ဂါးသုံးသောင်း ပေးရမှာလား’
ဟယ်မိသားစုနှင့် ဆက်နွယ်မနေလျှင် သူက တစ်ခါတည်း လှည့်ထွက်သွားလိမ့်မည်။
သူက ကသိကအောက် ဖြစ်နေသည်။
ဈေးကြီးသည်ဟုပြောလျှင် ကျန်းမိသားစုက ပိုက်ဆံပြတ်နေသည်ဟု အဓိပ္ပာယ်ရောက်သွားမည်။
သို့သော် လက်မောင်းကိုပြင်ရန်အတွက် မူလဒင်္ဂါးသုံးသောင်း မသုံးချင်ပေ။
“အဟမ်း၊ ဆရာဟန်။ ကျွန်တော်က ဒီရုပ်သေးရုပ်ကို အသုံးပြုဖို့ လိုအပ်နေသေးတယ်။ နောက်ရက်မှာ ပို့လိုက်ပါ့မယ်”
ကျန်းချန်ခုံးက ပြောလိုက်ပြီး ရုပ်သေးရုပ်ကို ပြန်သိမ်းရန် ကြိုးစားသည်။
“မင်းက သုံးမှာလား”
ဟန်မူယဲ့က လက်မြှောက်ပြီး ရုပ်သေးရုပ်ကို ဖိထားသည်။ ထို့နောက် ပြောလိုက်သည်။
“ဒီရုပ်သေးရုပ်မှာ အစိတ်အပိုင်း ၃,၄၂၀ ရှိတယ်။ အဲဒီမှာ ၁၃၂ခုက ပျက်စီးနေတယ်”
“လက်မောင်းဒဏ်ရာက ရုပ်သေးရုပ်ရဲ့ အမြုတေကို တုန်ခါသွားစေတယ်။ မင်းက ဒါကို အဆင့်တူတိုက်ပွဲမှာ အသုံးပြုရင် သေသွားလိမ့်မယ်”
‘သေသွားမှာလား’
ကျန်းချန်ခုံးက ဆွံ့အနေသည်။
“ငါ့ကို မယုံဘူးလား”
ဟန်မူယဲ့က လက်မြှောက်ပြီး ရုပ်သေးရုပ်ကို အခန်းထဲသို့ ဆွဲသွင်းသည်။
ကျန်းချန်ခုံးက နောက်မှ လိုက်လာသည်။
ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်သည်။ ရုပ်သေးရုပ်က တစ်ပိုင်းတစ်စစီ ဖြစ်သွားသည်။
သူ့လက်များက လှုပ်ရှားနေပြီး ပျက်စီးနေသော အစိတ်အပိုင်းများကို ခွဲထုတ်သည်။
အစိတ်အပိုင်း ၁၃၂ခု ရှိနေသည်။
ကျန်းချန်ခုံးက ထိုင်ချလိုက်ပြီး အစိတ်အပိုင်းများကို စစ်ဆေးကြည့်သည်။
တချို့တွင် ထင်ရှားသောဒဏ်ရာများ ရှိသည်။ တချို့ဒဏ်ရာများကတော့ သေးငယ်သည်။ တချို့ကတော့ အကောင်းအတိုင်း ရှိနေသည်ဟု ထင်ရသည်။ သို့သော် သေချာကြည့်လိုက်လျှင် အက်ကွဲကြောင်းများကို မြင်နိုင်သည်။
ဆရာဟန်က အကြည့်တစ်ချက်ဖြင့် သူ့ရုပ်သေးရုပ်၏ ထိခိုက်မှုများကို တိကျစွာ ပြောနိုင်ခဲ့သည်။
‘ပိုင်ရှင်ဖြစ်တဲ့ငါက ရုပ်သေးရုပ်ကို ပိုသိသင့်တာမဟုတ်ဘူးလား’
သို့သော် သူက မသိခဲ့ပေ။
ထိုရုပ်သေးရုပ်မျိုးသည် အဆင့်တူတိုက်ပွဲတွင် သေချာပေါက် ရှုံးနိမ့်သွားလိမ့်မည်။
“ဆရာဟန်၊ ကျွန်တော်က ....”
ကျန်းချန်ခုံးက ရှက်ရွံ့စွာ မတ်တပ်ရပ်လိုက်သည်။
“ရုပ်သေးရုပ်ကို ဆရာဟန်ဆီမှာပဲ အပ်ထားလိုက်ပါမယ်။ ဒါပေမဲ့ သုံးရက်နေရင် ကျန်းမိသားစုက လောင်းကြေးတိုက်ပွဲကို ယှဉ်ပြိုင်ရမယ်။ သုံးရက်အတွင်း ရနိုင်မလား”
ဆရာဟန်က ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။
သူက ကံကောင်းပြီး ထိုလူမျိုးနှင့် တွေ့ရသည်။ မူလဒင်္ဂါးသုံးသောင်းသည် အရေးမကြီးပေ။ သူ၏ ရုပ်သေးရုပ်ကသာ အရေးကြီးသည်။
ရုပ်သေးသခင်တစ်ယောက်အတွက် ရုပ်သေးရုပ်သည် အသက်သွေးကြော ဖြစ်သည်။
“သုံးရက်မလိုဘူး”
ဟန်မူယဲ့က ခေါင်းခါပြီး လက်ကို ဝှေ့ယမ်းသည်။ ရုပ်သေးအပိုင်းအစများက စားပွဲပေါ်သို့ ရောက်လာသည်။
သူက ရွှေရောင်မီးတောက်ကို ထုတ်လွှတ်လိုက်သည်။
ဝိညာဉ်သတ္တုများက သူ့လက်ထဲတွင် အရည်ပျော်သွားသည်။ ထိခိုက်ထားသော အစိတ်အပိုင်းတချို့က ပျောက်ကွယ်သွားပြီး အသစ်ဖြစ်လာသည်။
ကျန်းချန်ခုံးက တစ်ခုပြီးတစ်ခု ပေါ်လာသော အစိတ်အပိုင်းအသစ်များကို မြင်လိုက်ရသည်။
တစ်နာရီအတွင်း အစိတ်အပိုင်းများအားလုံးကို ပြုပြင်ခဲ့သည်။
ပျက်စီးနေသော လက်မောင်းကလည်း အကောင်းအတိုင်း ပြန်ဖြစ်သွားသည်။
“နောက်ထပ် မူလဒင်္ဂါးတစ်သောင်းနဲ့ အစိတ်အပိုင်းတွေအားလုံးကို သန့်စင်ပေးရမလား”
ဟန်မူယဲ့က ကျန်းချန်ခုံးကို ကြည့်သည်။
“ဟုတ်ကဲ့”
ကျန်းချန်ခုံးက မတုံ့ဆိုင်းဘဲ ဖြေလိုက်သည်။
သူက ဟန်မူယဲ့၏ ထူးခြားသော ပန်းပဲပညာစွမ်းရည်ကို မြင်ခဲ့ရသည်။
ရုပ်သေးရုပ်၏ အစိတ်အပိုင်းများအားလုံးသည် ချောမွေ့နေပြီး ဝိညာဉ်အင်းကွက်များကို ရှင်းလင်းစွာ မြင်နိုင်သည်။
အသစ်လုပ်ထားသော အစိတ်အပိုင်းများထက်ပင် ပိုကောင်းနေသည်။