အခန်း (၁၂၁၀)
Vol. 87 Ch. 1210
ဟန်မူယဲ့က ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို လေ့လာလိုက်ပြီး မီးတောက်တစ်ခုကို ဖော်ထုတ်သည်။
သူက ကမ္ဘာဦးချပ်ဝတ်ကို ပိုင်ဆိုင်ထားသည်။
ယခုအချိန်တွင် ကြယ်စင်စုစကြဝဠာ၏ နည်းလမ်းများဖြင့် သူက ကိုယ်ပိုင်ချပ်ဝတ်ကို ပြုပြင်လိုက်သည်။
သူ၏ ကမ္ဘာဦးချပ်ဝတ်က ခွေသားရဲနှင့် ပေါင်းစပ်ထားပြီး မိုးကြိုးစွမ်းရည်ကို ပိုင်ဆိုင်သည်။
ထို့အပြင် နဂါးမိကျောင်းအား ဖိနှိပ်ထားသော ဝင်္ကပါ၏ သွေးစွမ်းအားလည်း ရှိနေသည်။
သူက ထိုဝင်္ကပါဖြင့် အသန်မာဆုံးသွေးစွမ်းအင်ကို ထုတ်လွှတ်နိုင်သည်။
သို့သော် သူက နဂါးမိကျောင်း၏ ခွန်အားကို အပြည့်အဝ မသုံးနိုင်သေးပေ။ ထိုသို့မဟုတ်လျှင် ရုပ်ခန္ဓာစွမ်းအားဖြင့် ကမ္ဘာဦးရုပ်သေးရုပ်ကို ဖျက်ဆီးနိုင်လိမ့်မည်။
ယခင်က နဂါးမိကျောင်းကို သတ်ဖြတ်ရန်အတွက် များပြားသော ကမ္ဘာဦးချပ်ဝတ်နှင့် ရုပ်သေးရုပ်များက ပူးပေါင်းခဲ့ရသည်။
ဟန်မူယဲ့က ကမ္ဘာဦးချပ်ဝတ်ကို ကြည့်လိုက်ပြီး လက်မြှောက်၍ အစိမ်းရောင်အလင်းကို ထုတ်လွှတ်သည်။
ကမ္ဘာဦးချပ်ဝတ်ကို ပြုပြင်နိုင်သော ကြယ်စင်စုစကြဝဠာ၏ ပန်းပဲနည်းစနစ် ဖြစ်သည်။
ဟန်မူယဲ့၏အမြင်တွင် ကမ္ဘာဦးချပ်ဝတ်ကို ပိုမိုကောင်းမွန်အောင် ပြုပြင်နိုင်သည်။
ဥပမာအနေဖြင့် ခွေသားရဲ၏ နတ်ဘုရားစွမ်းရည်ကို တိုးတက်လာအောင် လုပ်နိုင်သည်။
အစိမ်းရောင်အလင်းသည် လျှပ်စီးကြောင်းများနှင့်အတူ ချပ်ဝတ်ပေါ်တွင် သွယ်ယှက်နေသည်။
ခွေသားရဲ၏ စွမ်းရည်က အလွန်သန်မာသည်။
ဟန်မူယဲ့က ချပ်ဝတ်ကို ဝတ်ဆင်လိုက်သောအခါ သွေးအလင်းသည် သူ့ကို လွှမ်းခြုံလိုက်ပြီး မိုးကြိုးစွမ်းအားကို ဖုံးကွယ်သည်။
“မင်းက မူလကမ္ဘာခေတ်ရဲ့ ကောင်းကင်အဆင့်နတ်ဘုရားသားရဲတွေနဲ့ ယှဉ်နိုင်တယ်”
“တကယ်လို့ ရုပ်ခန္ဓာစွမ်းအားကို အပြည့်အဝ အသက်သွင်းပြီး ဒီချပ်ဝတ်နဲ့ ပူးပေါင်းလိုက်ရင် ....”
ရွှေရောင်ငှက်က တောင်ပံခတ်လိုက်ပြီး ဆက်တိုက် အသံပေးနေသည်။
သူ၏ ခွန်အားသည် မူလကမ္ဘာ၏ ကျွမ်းကျင်သူများနှင့် ယှဉ်နိုင်သည်။
သို့သော် မလုံလောက်သေးပေ။
သူ၏ ဓားနည်းစနစ်နှင့် နတ်ဘုရားစွမ်းရည်များက သန်မာသော်လည်း မူလကမ္ဘာ၏ ခေးအော့အဆင့် ကျွမ်းကျင်သူများနှင့် မယှဉ်နိုင်သေးပေ။
ထိပ်တန်းအဆင့် အင်မော်တယ်ဘုရင်များကလည်း သူ့ကို ဖိနှိပ်နိုင်လိမ့်မည်။
ဟန်မူယဲ့က စည်းမျဉ်းများကို ထိန်းချုပ်ထားသော်လည်း သူ၏ ပြိုင်ဘက်များက သာမန်မဟုတ်ပေ။
သူက ကပ်ဘေးကို စတင်ချင်လျှင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှင်သန်လာခဲ့သော ကောင်းကင်စက်ဝန်းစစ်မြေပြင်၏ ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရလိမ့်မည်။
သူက ထိုလူများနှင့် ယှဉ်ပြိုင်ရန် မလုံလောက်ပေ။
ထို့ကြောင့် ဟန်မူယဲ့က ခွန်အားတိုးလာရန် နည်းလမ်းရှာနေသည်။
စည်းမျည်းများသည် အလင်းစက်ကွင်းအဖြစ် ပြောင်းလဲသွားပြီး သူ့ကို လွှမ်းခြုံလိုက်သည်။
စည်းမျဉ်းစွမ်းအား ပေါ်ထွက်လာသောအချိန်တွင် သူက တွန်းထုတ်ခံရလိုက်ရသော ဤစကြဝဠာ၏စွမ်းအားကို ခံစားမိသည်။
ကြယ်စင်စုစကြဠာ၏ ကောင်းကင်တာအိုသည် ဖိနှိပ်ခံထားရပြီး အသိစိတ်မရှိပေ။ အကောင်းအဆိုးကို မသိစိတ်အလျောက်သာ တုံ့ပြန်နိုင်သည်။
ဟန်မူယဲ့၏ စည်းမျဉ်းစွမ်းအားနှင့် ရင်ဆိုင်ရာတွင် ဤစကြဝဠာ၏ ကောင်းကင်တာအိုက အကူအညီမဲ့နေသည်။
တစ်နည်းပြောရလျှင် သူတော်စင်အဆင့် ကျင့်ကြံသူများက ဤလောက၏ ထိန်းချုပ်မှုမှ လွတ်မြောက်ပြီး ထာဝရရှင်သန်ခြင်းကို ရနိုင်သည်။
ထို့ကြောင့် ကြယ်စင်စုစကြဝဠာ၏ ကျွမ်းကျင်သူများသည် အသက်ရှင်နေဆဲ ဖြစ်နိုင်သည်။
မူလစကြဝဠာ၏ ကောင်းကင်စက်ဝန်းစစ်မြေပြင်တွင် ပုန်းအောင်းနေသော ကျွမ်းကျင်သူများကဲ့သို့ သူတို့ကလည်း ဤစကြဝဠာ၏ ထောင့်တစ်နေရာတွင် ပုန်းအောင်းနေကြလိမ့်မည်။
ဟန်မူယဲ့က သုံးရက်ကြာသည်အထိ တည်းခိုဆောင်မှ ထွက်မလာဘဲ ကျင့်ကြံနေခဲ့သည်။
ယုယန်မြို့၏ ချောင်မိသားစုနှင့် ကျန်းမိသားစု ယှဉ်ပြိုင်မည့်အချိန်တွင် သူက ဟယ်ရန်စွန်းနှင့်အတူ ထွက်လာခဲ့သည်။
တိုက်ခိုက်မည့်နေရာသည် မြို့အပြင်ဘက်တွင်ရှိသော မိုင်းတွင်းနေရာ ဖြစ်သည်။
ဟန်မူယဲ့က မြို့နှင့် မိုင်တစ်ရာအကွာတွင် တောင်တန်းများကြား၌ စောင့်ဆိုင်းနေသော လူများကို မြင်လိုက်ရသည်။
ကျန်းမိသားစုခေါင်းဆောင် ကျန်းချန်ထျန်းနှင့် ပထမအကြီးအကဲ ကျန်းရှန်တို့က မြင်းစီးထားသည်။
ကျန်းမိသားစု၏ ကျွမ်းကျင်သူများအပြင် အစောင့်များနှင့် မျိုးဆက်သစ်လူငယ်များလည်း ရှိနေကြသည်။
ကုန်သည်အဖွဲ့၏ အစောင့်များနှင့်အတူ ဟန်မူယဲ့နှင့် ဟယ်ရန်စွန်း ရောက်လာသောအခါ ကျန်းမိသားစု၏လူများက ပျော်ရွှင်သွားကြသည်။
ကျန်းချန်ခုံးက လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး ဟန်မူယဲ့ကို နှုတ်ဆက်သည်။
ဟန်မူယဲ့က အကြွေးတင်နေသော မူလဒင်္ဂါး တစ်သိန်းတစ်သောင်းအကြောင်းကို သတိပေးချင်သော်လည်း လောင်းကြေးတိုက်ပွဲပြီးသည်အထိ စောင့်နေရန် ဆုံးဖြတ်လိုက်သည်။
ယခုအချိန်တွင် အကြွေးတောင်းရန် မသင့်တော်ပေ။
မီးတောက်မြင်းတစ်ကောင်ကို စီးနင်းထားသော အမျိုးသမီးကျင့်ကြံသူက ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး ရှက်သွားသည်။
သူမက ဟယ်ရန်စွန်း၏ ဇနီးလောင်း၊ ကျန်းမိသားစုခေါင်းဆောင် ကျန်းချန်ထျန်း၏မြေး ကျန်းယွီရန် ဖြစ်သည်။
“ဝုန်း ဝုန်း”
အဝေးတစ်နေရာတွင် မြင်းစီးလာသော လူအုပ်စု၏ ဆူညံသံများကို ကြားလိုက်ရသည်။
ယုယန်မြို့၏ ချောင်မိသားစု ဖြစ်သည်။
သူတို့ကို ဝံပုလွေတစ်ကောင် စီးနင်းထားသော အကြီးအကဲတစ်ယောက်က ဦးဆောင်လာသည်။
သူ့နောက်တွင် နက်နဲသောအရှိန်အဝါနှင့် ကျင့်ကြံသူတစ်ရာခန့် ပါလာသည်။
အေးစက်ပြီး ခမ်းနားသောအငွေ့အသက်နှင့် ရုပ်သေးရုပ်များလည်း ရှိနေသည်။
“ကျန်းရှန်၊ ဒီမိုင်းတွင်းအတွက် မင်းတို့ကျန်းမိသားစုက အပြည့်အဝပြင်ဆင်လာတာ ထိုက်တန်ရဲ့လား”
ဝံပုလွေပေါ်တွင်ရှိသော အကြီးအကဲက အော်ပြောလိုက်သည်။
“ဟမ့်၊ ချောင်ထျဲ အဲဒါဆိုရင် မင်းကလည်း မိုင်ထောင်ချီအကွာအဝေးကို ကျော်ဖြတ်ပြီး ဒီနေရာအထိ ဘာလို့ရောက်လာတာလဲ”
ကျန်းရှန်က လှောင်ပြောင်လိုက်သည်။
ထိုမိုင်းတွင်းသည် မေပယ်တောအုပ်မြို့နှင့် နီးကပ်သောကြောင့် ကျန်းမိသားစု၏အပိုင် ဖြစ်သင့်သည်။
သို့သော် မိုင်းတွင်းက အလွန်ကြီးမားလိမ့်မည်ဟု ကျန်းမိသားစုက မသိခဲ့ပေ။ ထို့ကြောင့် ချောင်မိသားစုက အခွင့်ကောင်းယူသွားသည်။
ထို့ကြောင့် မိသားစုနှစ်ခုလုံးက မိုင်းတွင်းအတွက် တိုက်ခိုက်ခဲ့ကြသည်။
အဝေးတစ်နေရာတွင်ရှိသော ချောင်မိသားစုက အနည်းငယ် အရေးနိမ့်နေခဲ့သည်။
ယနေ့ဖြစ်ပေါ်လာသော လောင်းကြေးတိုက်ပွဲကို ချောင်မိသားစုက အဆိုပြုခဲ့သည်။ အကယ်၍ သူတို့က ရှုံးနိမ့်သွားလျှင် မိုင်းတွင်းကို စွန့်လွှတ်မည်။
“ဟားဟား၊ အဲဒီလိုဆိုမှတော့ ဘာမှပြောနေစရာမလိုတော့ဘူး”
ချောင်ထျဲက ရယ်လိုက်ပြီး ကျန်းရှန်၏လူများကို ကြည့်သည်။
သူက အဆင့်ခြောက်ရုပ်သေးသခင်ဖြစ်ပြီး ကျန်းရှန်မှလွဲ၍ တခြားလူများက သူနှင့် မယှဉ်နိုင်ပေ။
ဟန်မူယဲ့၏ ထူးခြားသောအငွေ့အသက်မှလွဲ၍ ကျန်လူများက အဆင့်ခြောက်အောက်တွင် ရှိနေကြသည်။
ကျန်းရှန်ကလည်း ချောင်မိသားစုကို စစ်ဆေးကြည့်လိုက်ပြီး စိတ်သက်သာသွားသည်။
ချောင်ထျဲမှလွဲ၍ ကျန်လူများက သူနှင့် မယှဉ်နိုင်ပေ။
“ချောင်ထျဲ၊ တိုက်ပွဲစလိုက်ရအောင်”
ကျန်းရှန်က ကြည်လင်သောအသံဖြင့် ပြောသည်။
ထိုစကားကြောင့် ချောင်ထျဲ၏မျက်နှာထားက ပြောင်းလဲသွားသည်။
သူက ကျန်းရှန်နှင့် တိုက်ခိုက်ချင်သော်လည်း ယခု မဟုတ်သေးပေ။
“စည်းကမ်းတွေအရ ကလန်ရဲ့ မျိုးဆက်သစ်တွေကို အရင်ဆုံး တိုက်ခိုက်ခိုင်းလိုက်တာပေါ့။ ဘယ်သူက ပိုပြီးသန်မာမလဲ ကြည့်ရအောင်”
ချောင်ထျဲက စကားပြောပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။
သူ့နောက်တွင် ဓားမော့ကိုင်ထားသော လူငယ်တစ်ယောက်က ရှေ့တက်လာသည်။
“ငါက ချောင်မိသားစုရဲ့ အဆင့်တစ်ချပ်ဝတ်သခင် ချောင်ကျွင်းပါ”
သူက စကားပြောလိုက်ပြီး အနက်ရောင်ချပ်ဝတ်ကို အသက်သွင်းသည်။
ချပ်ဝတ်၏အလင်းရောင်က သုံးလက်မအကွာအထိ ရောက်လာသည်။
သူနှင့် ချပ်ဝတ်က အလွန်လိုက်ဖက်ညီပြီး အသန်မာဆုံးခွန်အားကို ထုတ်လွှတ်နိုင်သည်။
သူက အဆင့်တစ်ချပ်ဝတ်သခင်များကြားတွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။
ချောင်ကျွင်းက ကျန်းမိသားစု၏ အဆင့်တစ်ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်များကို ကြည့်လိုက်သည်။ ထိုလူများက ခေါင်းငုံ့သွားသောကြောင့် သူက ပြုံးသည်။
အဆင့်တူတွင် လူအနည်းငယ်ကသာ သူ၏ပြိုင်ဘက် ဖြစ်သည်။
ကျန်းမိသားစု၏ လူငယ်များက သူနှင့်ယှဉ်ပြိုင်ရန် အရည်အချင်းမရှိပေ။
ကျန်းရှန်က အသာအယာ ချောင်းဟန့်လိုက်ပြီး ဟယ်ရန်စွန်းကို လှည့်ကြည့်သည်။
ဟယ်ရန်စွန်းက ခေါင်းညိတ်လိုက်ပြီး ရှေ့တက်လာသည်။ သူက လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်လိုက်သည်။
“ငါက ဘုရားမြို့ရဲ့ ဟယ်မိသားစုက ဟယ်ရန်စွန်းပါ”
“ချပ်ဝတ်သခင်အဖြစ် စာရင်းမသွင်းရသေးပါဘူး”
‘ဘုရားမြို့ရဲ့ ဟယ်မိသားစုလား’
ချောင်ကျွင်းက မျက်မှောင်ကြုတ်သည်။
ထို့အပြင် သူက ပညာသင်အဆင့်သာ ရှိသေးသည်။
‘သူက သေချင်နေတာလား’
‘ကျန်းမိသားစုက ရှုံးမယ်ဆိုတာကို သိနေလို့ ဒီတစ်ပွဲကို လက်လျော့ချင်တာလား’
“ဒါက ငါ့မြေး ကျန်းယွီရန်ရဲ့ သတို့သားလောင်း၊ ဟယ်ရန်စွန်းပဲ”
ကျန်းချန်ထျန်းက ကျယ်လောင်စွာ ပြောလိုက်သည်။
သူ့စကားကို ကြားရသောအခါ ကျန်းယွီရန်၏မျက်နှာက နီရဲသွားသည်။
ဟယ်ရန်စွန်း၏ မျိုးရိုးနာမည်က ကျန်းမဟုတ်သော်လည်း ကျန်းမိသားစုနှင့် သက်ဆိုင်သည်။
ချောင်ကျွင်းက မိသားစုခေါင်းဆောင်ကို လှည့်ကြည့်သည်။ ချောင်ထျဲက ခေါင်းညိတ်ပြသည်။ သူက ပြုံးလိုက်ပြီး ဓားမော့ကိုမြှောက်သည်။ သူ့ကိုယ်ပေါ်တွင်ရှိသော ချပ်ဝတ်က ချက်ချင်းအသက်ဝင်လာသည်။
ချပ်ဝတ်က သူ့ခန္ဓာကိုယ်ကို ဖုံးကွယ်ထားပြီး ဓားမော့က အစိမ်းရောင်အလင်းကို ထုတ်လွှတ်သည်။
သူက တစ်ဖက်သို့လှည့်ပြီး ကျန်းမိသားစုဝင်များကြားတွင် ရှိနေသော ကျန်းယွီရန်ကို ကြည့်သည်။
‘စောင့်ကြည့်နေလိုက်။ မင်းကို ငိုသွားအောင် လုပ်ပစ်မယ်’
ချောင်ကျွင်းက ရုတ်တရက် လှုပ်ရှားသည်။
သူက အလွန်လျင်မြန်သောကြောင့် ပုံရိပ်ယောင်တစ်ခုကို ချန်ထားခဲ့သည်။
သူ၏ အမြန်နှုန်းက အဆင့်တစ်ကို ကျော်လွန်နေသည်။
ကျန်းမိသားစု၏ အဆင့်တစ်ကျင့်ကြံသူများက ဖြူဖျော့သွားသည်။
သူတို့က ချောင်ကျွင်းနှင့် ရင်ဆိုင်ရလျှင် တစ်ချက်ပင် ခုခံနိုင်မည်မဟုတ်ပေ။
ကျန်းယွီရန်က လက်သီးဆုပ်ထားပြီး ချိုနှစ်ချောင်းမြင်းပေါ်တွင်ရှိသော ဟယ်ရန်စွန်းကို စိုးရိမ်စွာ ကြည့်သည်။
‘သူက ခုခံနိုင်ပါ့မလား’
ဟန်မူယဲ့ကတော့ ချောင်ကျွင်း၏ လှုပ်ရှားမှုကို တည်ငြိမ်စွာ ကြည့်နေသည်။
ချောင်ကျွင်း၏ ချပ်ဝတ်က စွမ်းအားကို အသားပေးသည်။ သို့သော် သူက လျင်မြန်စွာ လှုပ်ရှားနိုင်သည်။ ပါရမီကောင်းသည့်အပြင် ချပ်ဝတ်ကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ကြောင်း ထင်ရှားသည်။
ထိုနည်းလမ်းမျိုးသည် အဆင့်တူများကြားတွင် ပြိုင်ဘက်ကင်းလိမ့်မည်။
ထို့အပြင် ချပ်ဝတ်က ပိုင်ရှင်နှင့် လိုက်ဖက်ညီပြီး ပြိုင်ဘက်ကို လွယ်ကူစွာ လွှမ်းမိုးနိုင်သည်။
သို့သော် ဟယ်ရန်စွန်းက သူနှင့် အဆင့်တူတွင် မရှိပေ။
ဟယ်ရန်စွန်းက နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏ လေ့ကျင့်မှုကို ခံယူပြီး သူသန့်စင်ထားသော ချပ်ဝတ်ကို အသုံးပြုနေသည်။
တစ်ဖက်လူက အဆင့်နှစ်ဖြစ်နေလျှင်ပင် သူ့ကို ဖိနှိပ်နိုင်မည်မဟုတ်ပေ။
မြင်းပေါ်တွင်ထိုင်နေသော ဟယ်ရန်စွန်းက တည်ငြိမ်စွာ လက်မြှောက်ပြီး လက်မောင်းကိုသာ ငွေရောင်ချပ်ဝတ်နှင့် လွှမ်းခြုံလိုက်သည်။
သူက ချပ်ဝတ်၏ စွမ်းအားအနည်းငယ်ကိုသာ အသုံးပြုမည်။
ပြိုင်ဘက်ကို အလေးအနက်မထားပေ။ ထို့ကြောင့် ချပ်ဝတ်ကို အပြည့်အဝ ဆင့်ခေါ်ရန် မလိုအပ်ခဲ့ပေ။
လက်မောင်းတစ်ဖက်ကို လွှမ်းခြုံလိုက်ရုံဖြင့် လုံလောက်သည်။
“ခလွမ်”
ဓားမော့နှစ်လက်က ထိတွေ့သွားသည်။
ချောင်ကျွင်းက ရယ်လိုက်သည်။ သူ၏ ချပ်ဝတ်က စွမ်းအားကောင်းသောကြောင့် ပေတစ်ရာမြင့်မားသော ကျောက်ဆောင်ကိုပင် တစ်ချက်တည်း ဖျက်ဆီးနိုင်သည်။
မြင်းပေါ်တွင်ထိုင်နေသော လူတစ်ယောက်က မည်သို့ ခုခံနိုင်မည်နည်း။
“ဝီ”
ဟယ်ရန်စွန်း၏ဓားမော့က တုန်ခါနေပြီး ဖြည်းဖြည်းချင်း ရှေ့တိုးလာသည်။
သူ၏ လက်မောင်းက တည်ငြိမ်နေပြီး ပြိုင်ဘက်၏ဓားမော့ကို တစ်လက်မချင်းစီ နောက်ဆုတ်သွားစေသည်။
တစ်ပေ ....
နှစ်ပေ ....
ဓားမော့သည် သူနှင့် တစ်ပေအကွာတွင် ရပ်တန့်သွားသည်။
ချောင်ကျွင်း၏ ဓားမော့ခုတ်ချက်က ပျက်ပြယ်သွားသည်။
ဟယ်ရန်စွန်း၏ လှုပ်ရှားမှုကြောင့် လူတိုင်း၏ မျက်လုံးများက တောက်ပသွားသည်။