အခန်း (၁၂၁၂)
Vol. 87 Ch. 1212
ကျန်းချန်ခုံး၏မျက်နှာထားက ပြောင်းလဲမသွားပေ။ သူ့ရုပ်သေးရုပ်က ဓားမော့ဖြင့် လှံရှည်ကို ခုခံသည်။
“ခလွမ်”
လက်နက်နှစ်ခု၏ ထိတွေ့မှုကြောင့် လေပြင်းများတိုက်ခတ်လာသည်။ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားသည် ပုံရိပ်နှစ်ခုအဖြစ် ပြောင်းလဲ၍ တိုက်ခိုက်လိုက်ကြသည်။
ဓားမော့နှင့်လှံက စွမ်းအားများကို စုစည်းထားပြီး တိုက်ကွက်တိုင်းတွင် စွမ်းအားလှိုင်းကို ထုတ်လွှတ်နေသည်။
သူတို့နှစ်ယောက်လုံးက ရုပ်သေးရုပ်ကို ထိန်းချုပ်ရာတွင် ကျွမ်းကျင်ပြီး စွမ်းအားကို ကောင်းမွန်စွာ အသုံးချနိုင်သည်။
ဓားမော့သည် ရွှေအလင်းဖြင့် တောက်ပနေပြီး ချောင်ကျိုးယန်က မတုံ့ပြန်နိုင်ခင် လှံရှည်က တစ်ပိုင်းတစ်စစီ ဖြစ်သွားသည်။
ကျန်းချန်ခုံး၏ရုပ်သေးရုပ်ကို ဟန်မူယဲ့က ပြုပြင်ပေးထားသည်။ ရုပ်သေးရုပ်၏ ခွန်အားနှင့် အမြန်နှုန်းက လိုက်ဖက်ညီပြီး ရှုပ်ထွေးသောအင်းကွက်များဖြင့် အစွမ်းကုန်ထုတ်၍ တိုက်ခိုက်နိုင်သည်။
ဓားမော့ဆီမှ ထွက်ပေါ်လာသော ရွှေအလင်းသည် ဟန်မူယဲ့လုပ်ပေးထားသော အသေးစားပြုပြင်မှုတစ်ခု ဖြစ်သည်။
မူလဒင်္ဂါးတစ်သောင်းနှင့် ထိုက်တန်သည်။
“ဘန်း”
လှံရှည်က ပျက်စီးသွားသည်။ ရုပ်သေးရုပ်ကို ထိန်းချုပ်နေသော ချောင်ကျိုးယန်က တုန်ခါသွားပြီး လက်နှစ်ဖက်ကိုမြှောက်၍ အစွမ်းကုန်ခုခံလိုက်သည်။
သူ၏ ရုပ်သေးရုပ်က လက်နှစ်ဖက်ကိုမြှောက်ပြီး ဦးခေါင်းနှင့် ခန္ဓာကိုယ်ကို ကာကွယ်ထားခဲ့သည်။
ဓားမော့သည် ရုပ်သေးရုပ်၏ လက်ကို ခုတ်ချလိုက်ပြီး ရုပ်သေးရုပ်ကို ပေတစ်ရာအကွာအထိ လွင့်ထွက်သွားစေသည်။
အစိမ်းပုပ်ရောင်ရုပ်သေးရုပ်က ဓားမော့ကိုင်ထားပြီး အသိဉာဏ်ရှိပုံရသော မျက်လုံးများဖြင့် တည်ငြိမ်စွာရပ်နေသည်။
ကျန်းချန်ထျန်း၏ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်သွားသည်။
ထိုနေ့ညတွင် ကျန်းချန်ခုံး၏ ရုပ်သေးရုပ်ကြောင့် သူက အရေးနိမ့်ခဲ့ရသည်။
အဆင့်ငါးရုပ်သေးသခင်သည် အဆင့်လေးရုပ်သေးရုပ်ကို မဖိနှိပ်နိုင်ခဲ့ပေ။ ထိုသတင်းပြန့်သွားလျှင် ဟာသတစ်ခု ဖြစ်လာလိမ့်မည်။
“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ချောင်မိသားစု၏ လူတစ်ယောက်က ရေရွတ်လိုက်သည်။
“အဆင့်တူတွေကြားမှာ ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေတယ် ....”
ချောင်မိသားစု၏ အကြီးအကဲများက မျက်နှာထားပြောင်းလဲသွားပြီး ကျန်းချန်ခုံး၏ ရုပ်သေးရုပ်ကို ကြည့်လိုက်သည်။
ထိုရုပ်သေးရုပ်သည် အဆင့်လေးဖြစ်သော်လည်း အလွန်အားကောင်းသည်။
ထို့အပြင် ရုပ်သေးရုပ်၏ တည်ဆောက်ပုံက ပြီးပြည့်စုံသည်။
‘ဒီလိုရုပ်သေးမျိုးကို ဘယ်သူက တည်ဆောက်ခဲ့တာလဲ’
“ရုပ်သေးရုပ်က အားကောင်းတယ်”
ချောင်ကျူးယန်က ခေါင်းမော့ကြည့်ပြီး ပြောလိုက်သည်။ လွင့်ထွက်သွားသော သူ၏ ရုပ်သေးရုပ်က ပြန်ရောက်လာသည်။
ရုပ်သေးရုပ်၏ ရင်ဘတ်တွင် ကြီးမားပြီးရှည်လျားသော ဓားခုတ်ရာတစ်ခု ရှိနေသည်။
လက်ထဲတွင်ရှိသော လှံရှည်ကလည်း တစ်ဝက်သာကျန်တော့သည်။
ရုပ်သေးရုပ်၏ပုံစံက အလွန်ဆိုးဝါးနေသည်။
တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။
“ညီအစ်ကိုကျန်းရဲ့ ရုပ်သေးရုပ်က တကယ်အားကောင်းတာပဲ။ ငါရှုံးသွားတာ ဖြစ်သင့်ပါတယ်”
ချောင်ကျိုးယန်က ပွင့်လင်းပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ပြောသည်။
“ညီအစ်ကိုကျန်းရဲ့ရုပ်သေးကို ဘယ်သူက ပြုလုပ်ခဲ့တာလဲ သိခွင့်ရှိမလား”
သူက မေးလိုက်သည်။
ချောင်ကျိုးယန်က အခြေအနေကို နားလည်သည်။
သူ၏ ရုပ်သေးရုပ်က တစ်ချက်တည်း လွင့်ထွက်သွားသောကြောင့် ပြိုင်ဘက်က သူ့ထက် အဆပေါင်းများစွာ သာလွန်နေသည်။
သူက အချိန်ဆွဲပြီး တိုက်ခိုက်ချင်လျှင်ပင် မဖြစ်နိုင်ပေ။
“ဒီရုပ်သေးရုပ်ကို မေပယ်တောအုပ်မြို့ရဲ့ ကြောက်ရွံခြင်းမဲ့ခန်းဆောင်မှာရှိတဲ့ ဆရာကျူးလင်က ဖန်တီးခဲ့တာပါ”
ကျန်းချန်ခုံးက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ကျယ်လောင်စွာပြောသည်။
‘ကြောက်ရွံ့ခြင်းမဲ့ခန်းဆောင်လား’
ထိုခန်းဆောင်သည် မြို့အများအပြားတွင် တည်ရှိသော ကုန်သွယ်ရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည်။
သူတို့၏ ချပ်ဝတ်နှင့် ရုပ်သေးရုပ်များသည် ထိပ်တန်းအဆင့်ဟု ပြောနိုင်သည်။
ဆရာကျူးလင်ကလည်း မေပယ်တောအုပ်မြို့၏ နာမည်ကြီးရုပ်သေးသခင်တစ်ယောက် ဖြစ်သည်။
ချောင်ကျိုးယန်က ခေါင်းညိတ်လိုက်ပြီး စကားပြောတော့မည့်အချိန်တွင် ကျန်းချန်ခုံးက ဆက်ပြောသည်။
“ဒါပေမဲ့ ဒီရုပ်သေးရုပ်ကို ဘုရားမြို့ရဲ့ ဆရာဟန်က ပြုပြင်ပေးခဲ့တယ်။ အဲဒါကြောင့် ခွန်အားတိုးလာတာပဲ”
‘ဆရာဟန်လား’
‘အဲဒါက ဘယ်သူလဲ’
‘ဘုရားမြို့မှာ အဲဒီလိုဆရာမျိုး ရှိနေတာလား’
ချောင်ကျိုးယန်က ငေးမောနေပြီး မူလနေရာသို့ ပြန်သွားသည်။
ကျန်းချန်ထျန်းက လောင်းကြေးများကို သိမ်းလိုက်ပြီး ကျန်းချန်ခုံးနှင့် သက်ဆိုင်သောပမာဏကို ပြန်ပေးသည်။ ထို့နောက် လက်မြှောက်ပြီး ကျောက်စိမ်းပြားတစ်ခုကို ကျန်းယွီရန်ဆီသို့ ပေးလိုက်သည်။
“ယွီရန်၊ ဒါက မင်္ဂလာလက်ဖွဲ့ပါ”
ထိုစကားကြောင့် ကျန်းယွီရန်က ပျော်ရွှင်နေပြီး ရှက်သွားသည်။ သူမက ကျောက်စိမ်းပြားကို ဖမ်းယူသည်။
သူမ၏တုံ့ပြန်မှုကို မြင်ရသောအခါ ပတ်ဝန်းကျင်တွင်ရှိသော လူများက ပြုံးလိုက်ကြသည်။
ကျန်းချန်ခုံးကလည်း လောင်းကြေးကိုယူ၍ ပြုံးလိုက်ပြီး ဟန်မူယဲ့ဆီသို့ လျှောက်သွားသည်။
“ဆရာဟန်၊ ဒါက မူလဒင်္ဂါး တစ်သိန်းတစ်သောင်းပါ”
သူက ကျောက်စိမ်းပြားကို ထုတ်ယူပြီး လွှဲပြောင်းပေးလိုက်သည်။
“အတိုးရှစ်ရာ ကျန်နေသေးတယ်”
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်သည်။
“ညီအစ်ကိုချန်ခုံး၊ စိတ်မပူပါနဲ့။ ရုပ်သေးရုပ်ကို နောက်ထပ် အဆင့်မြှင့်ချင်ရင် လျော့ဈေးပေးမယ်”
‘လျော့ဈေးပေးမှာလား’
ကျန်းချန်ခုံး၏ နှုတ်ခမ်းထောင့်များက တွန့်သွားသည်။
ရုပ်သေးရုပ်သည် အလွန်အားကောင်းလာသော်လည်း ဈေးကြီးသည်။
အကြီးအကဲကျန်းရှန်က ပြုံးလိုက်ပြီး ရှေ့တက်လာသည်။ သူက ချောင်မိသားစု၏လူများကို ကြည့်သည်။
“ညီအစ်ကိုချောင်ထျဲ၊ လောင်းကြေးပြိုင်ပွဲရဲ့ ရလဒ်ကို ဆုံးဖြတ်နိုင်ပြီ။ ငါတို့က ဆက်တိုက်ဖို့ မလိုတော့ဘူးမဟုတ်လား”
သူတို့က တိုက်ပွဲသုံးပွဲတိုက်ရန် သဘောတူခဲ့သည်။
ယခု ကျန်းမိသားစုက နှစ်ပွဲနိုင်ထားသောကြောင့် ဆက်တိုက်ရန် မလိုတော့ပေ။
ထို့အပြင်း ကျန်းရှန်နှင့် ချောင်ထျဲတို့က အဆင့်ခြောက်ဖြစ်သောကြောင့် မလိုအပ်လျှင် မတိုက်ချင်ကြပေ။
ချောင်ထျဲ၏ မျက်နှာထားက ပြောင်းလဲသွားသော်လည်း ခေါင်းညိတ်လိုက်သည်။
မိုင်းတွင်းသည် ကျန်းမိသားစု၏အပိုင် ဖြစ်သွားလိမ့်မည်။
ကျန်းမိသားစုဝင်များက ပြုံးလိုက်ကြသည်။
“ကျန်းရှန်၊ မင်းက လောင်းကြေးပြိုင်ပွဲကို နိုင်သွားပေမဲ့ မိုင်းတွင်းကို အပိုင်သိမ်းနိုင်မှာမဟုတ်ဘူး”
ထိုအချိန်တွင် အသံတစ်သံ ထွက်လာသည်။
ထိုအသံကြောင့် လူတိုင်း၏မျက်နှာထားက ပြောင်းလဲသွားသည်။
အဝေးတစ်နေရာတွင် ပုံရိပ်များပေါ်ထွက်လာသည်။
“ရှုမိသားစုနဲ့ တုမိသားစု”
ကျန်းချန်ထျန်းက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး နီးကပ်လာသောလူများကို ကြည့်သည်။
ကျန်းရှန်က နှာမှုတ်လိုက်ပြီး ပျံသန်းသည်။ ချက်ချင်းဆိုသလိုပင် ပုံရိပ်တစ်ခုက သူ့ရှေ့တွင် ပေါ်ထွက်လာသည်။
ထိုပုံရိပ်က မြူခိုးတစ်ခုသဖွယ် စုစည်းလာပြီး ပေတစ်ရာမြင့်မားသော ရွှေရောင်ရုပ်သေးရုပ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
အဆင့်ခြောက်ရုပ်သေးရုပ် ဖြစ်သည်။
ထိုရုပ်သေးရုပ်သည် တူတစ်လက်ကိုင်ထားပြီး ဆင်းသက်လာသောပုံရိပ်များကို ရိုက်ချသည်။
သူက တစ်ဖက်လူများကို စကားပြောရန် အခွင့်အရေးမပေးဘဲ တစ်ခါတည်း တိုက်ခိုက်ခဲ့သည်။
ထိုပြတ်သားမှုမျိုးသည် အဆင့်ခြောက်ကျွမ်းကျင်သူများကြားတွင် ရှားပါးသည်။
သန်မာသော ကျင့်ကြံသူများက သတိကြီးကြသည်။
ရုပ်သေးသခင်များသည် ရန်သူကို အရင်မတိုက်ခိုက်လျှင် အကွာအဝေးတစ်ခု ခြားထားရသည်။
ထိုမှသာ ရုပ်သေးရုပ်ဖြင့် အသာစီးယူနိုင်မည်။
“ရုပ်သေးသခင်တွေက ဒီနည်းလမ်းနဲ့ တိုက်ခိုက်လေ့ရှိတယ်”
ဟန်မူယဲ့က ဟယ်ရန်စွန်းကို ပြောလိုက်သည်။
ဟယ်ရန်စွန်းက ခေါင်းညိတ်လိုက်ပြီး တူဖြင့်ထုချလိုက်သော ပေတစ်ရာမြင့်မားသည့် ရုပ်သေးရုပ်ကို ကြည့်သည်။
တူချက်ကြောင့် လေဟာနယ်က ပျက်စီးသွားသည်။
ကျယ်လောင်သောပေါက်ကွဲသံ ပေါ်ထွက်လာသည်။ ချိုနှစ်ချောင်းမြင်းများအားလုံးက ဒူးထောက်လိုက်ရသည်။
ဟန်မူယဲ့၏ သွေးကျားသစ်နှင့် ချောင်ထျဲ၏ ဝံပုလွေကသာ အကောင်းအတိုင်း ရှိနေသည်။
“ကျန်းရှန်၊ မောက်မာလိုက်တာ”
“မင်းက ဘာလုပ်ချင်နေတာလဲ”
အော်ဟစ်သံနှင့်အတူ လူအများသည် ထိတ်လန့်စွာ ထွက်ပြေးသွားကြသည်။
“ဟမ့်၊ မင်းက ဧည့်သည်တွေကို ဒီလိုပဲ ဆက်ဆံတာလား”
အေးစက်သော နှာမှုတ်သံနှင့်အတူ လက်ဝါးချက်သည် ရွှေရောင်တူကို ရိုက်ချလိုက်သည်။
“ဘန်း”
ရွှေရောင်တူက လက်ဝါးချက်နှင့် ထိတွေ့ပြီး ပေထောင်ချီပတ်ဝန်းကျင်ကို ပေါက်ကွဲသွားစေသည်။
ကျန်းမိသားစု၏ လူငယ်များက သွေးအန်လိုက်ရသည်။
ဟယ်ရန်စွန်း၏မျက်နှာထားက ပြောင်းလဲသွားသည်။ သူက လက်မြှောက်ပြီး ရုပ်သေးရုပ်ကို ကျန်းယွီရန်၏ဘေးသို့ စေလွှတ်သည်။
ရုပ်သေးရုပ်က လက်မြှောက်ပြီး အကာအကွယ်အလင်းလွှာဖြင့် ကျန်းယွီရန်ကို လွှမ်းခြုံလိုက်သည်။
ကျန်းယွီရန်က နားမလည်နိုင်သောမျက်နှာထားဖြင့် ဟယ်ရန်စွန်းကို ကြည့်သည်။
‘သူက ချပ်ဝတ်သခင် မဟုတ်ဘူးလား’
ဟယ်ရန်စွန်းက စကားမပြောပေ။ သူက ခေါင်းမော့ပြီး ပျောက်ကွယ်သွားသော လက်ဝါးချက်နှင့် ဖြည်းဖြည်းချင်း နောက်ဆုတ်သွားသော ရွှေရောင်တူကို ကြည့်သည်။
ပေတစ်ရာကြီးမားသော ရုပ်သေးရုပ်က ဆယ်ပေဖြစ်သွားပြီး ကျန်းရှန်၏ရှေ့တွင် ရှိနေသည်။ သိပ်မဝေးသောနေရာတွင် ဒါဇင်ချီသော ကျွမ်းကျင်သူများ ရှိနေကြသည်။
“ရှုမိသားစုရဲ့ အကြီးအကဲရှုစီလင်း၊ တုမိသားစုရဲ့ တုယွင်ကျုံး”
“ငါတို့ ကျန်းမိသားစုရဲ့ မိုင်းတွင်းကို လုယူချင်တာလား”
“မင်းတို့မှာ စွမ်းရည်ရှိလား ကြည့်ရတာပေါ့”
ကျန်းရှန်က နှာမှုတ်လိုက်ပြီး ဖြည်းဖြည်းချင်း လက်မြှောက်သည်။
သူ့ရှေ့တွင်ရှိသော ရုပ်သေးရုပ်ကလည်း တောက်ပနေသောမျက်လုံးများဖြင့် လက်မြှောက်လိုက်သည်။
“ချောင်မိသားစုက မိုင်းတွင်းကို စီမံပေးဖို့အတွက် တုမိသားစုနဲ့ ရှုမိသားစုကို ငါးပုံတစ်ပုံစီပေးတယ်”
အနက်ရောင်ဝတ်စုံနှင့် ရှုမိသားစု၏အကြီးအကဲ ရှုစီလင်းက လေးနက်သောမျက်နှာထားဖြင့် ပြောလိုက်သည်။
သူက အဆင့်ငါးချပ်ဝတ်သခင်ဖြစ်ပြီး ကျန်းရှန်နှင့် မယှဉ်နိုင်ပေ။
အကြီးအကဲတုယွင်ကျုံး၏အကူအညီ မရှိလျှင် ကျန်းရှန်နှင့် ရင်ဆိုင်ရဲမည်မဟုတ်ပေ။
တုယွင်ကျုံးက အဆင့်ခြောက်ချပ်ဝတ်သခင် ဖြစ်သည်။
“ဝေစုလား”
ကျန်းရှန်က မျက်မှောင်ကြုတ်လိုက်ပြီး ချောင်မိသားစုကို လှည့်ကြည့်သည်။
ချောင်ထျဲက ရှက်ရွံ့နေသော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်။ မိုင်းတွင်ကို တုမိသားစုနဲ့ ရှုမိသားစုက စီမံပေးခဲ့တယ်။ ငါတို့က သူတို့ကို ငါးပုံတစ်ပုံ ပြန်ပေးတယ်”
ချောင်မိသားစုသည် ယုယန်မြို့တွင် နေထိုင်သည်။ သူတို့က ပေမယ်တောအုပ်မြို့နှင့် နီးကပ်သောမိုင်းတွင်းကို အပြည့်အဝ မထိန်းချုပ်နိုင်သောကြောင့် တခြားမိသားစုများနှင့် ပူးပေါင်းခဲ့သည်။
“ညီအစ်ကိုကျန်း၊ အခု ချောင်မိသားစုက မိုင်းတွင်းကို လက်လွှတ်လိုက်ပြီဆိုတော့ သူတို့နဲ့ဆွေးနွေးဖို့ မင်းသဘောအတိုင်းပါပဲ”
ထို့နောက် ချောင်ထျဲက လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်လိုက်ပြီး ပေတစ်ထောင်အကွာအထိ နောက်ဆုတ်သွားသည်။
တုမိသားစုနှင့် ရှုမိသားစုသည် မေပယ်တောအုပ်မြို့၏ မိသားစုကြီးများ ဖြစ်ကြသည်။ အဆင့်ခြောက်ချပ်ဝတ်သခင်ဖြစ်သော တုယွင်ကျုံးသည် ကျန်းရှန်နှင့် ယှဉ်နိုင်သည်။
ကျန်းရှန်က မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းချန်ထျန်းကို ကြည့်သည်။
ကျန်းချန်ထျန်းက မိသားစုခေါင်းဆောင် ဖြစ်သည်။
သူက တုမိသားစုနှင့် ရှုမိသားစုကို လေးနက်စွာ ကြည့်လိုက်သည်။
သူတို့အားလုံးက ကျွမ်းကျင်သူများ ဖြစ်ကြသည်။
ယနေ့သည် ကျန်းမိသားစုအတွက် လွယ်ကူမည်မဟုတ်ပေ။
“ချောင်မိသားစုက တုမိသားစုနဲ့ ရှုမိသားစုကို ဝေစုပေးခဲ့တယ်ဆိုတော့ ငါတို့ ကျန်းမိသားစုကလည်း ဝေစုဆက်ပေးပါမယ်။ ငါးပုံတစ်ပုံစီ ယူလို့ရတယ်”
ကျန်းချန်ထျန်းက တုယွင်ကျုံးကို ကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။
သူတို့က မိုင်းတွင်းကို ခွဲပေးရမည်ဆိုလျှင်ပင် မတတ်နိုင်ပေ။
မိသားစုကြီးများ၏ ဆက်ဆံရေးသည် ထိုသို့ပင် ဖြစ်သည်။ အကျိုးအမြတ်များကို တစ်ယောက်တည်းယူရန် မလွယ်ပေ။