အခန်း (၁၂၁၄)
Vol. 87 Ch. 1214
ရှုစီလင်းက လက်မြှောက်သည်။ ရုပ်သေးရုပ်၏ လက်ထဲတွင်ရှိသော ဓားမော့ကလည်း လှုပ်ရှားလာသည်။
သို့သော် သူက ဟယ်ရန်စွန်း၏ဓားမော့ကို ကြည့်လိုက်သောအခါ အနည်းငယ် တုန်ခါသွားသည်။
သူက တိုက်ကွက်ဆယ်ကွက်အတွင်း ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးမရခဲ့ပေ။
သူက နောက်ဆုတ်ပေးခဲ့ရသည်။
အကယ်၍ ဟယ်ရန်စွန်းက ဆက်လက်တိုက်ခိုက်လာလျှင် သူက မည်သို့ တုံ့ပြန်ရမည်နည်း။ လောကတွင် ထိုသို့ သန်မာသော ပညာသင်အဆင့် မရှိနိုင်ပေ။
“ပါရမီရှင်ပဲ ....”
အဝေးတစ်နေရာတွင်ရှိနေသော ချောင်ထျဲက တီးတိုးပြောသည်။
“ကျန်းမိသားစုက နာမည်မရှိတဲ့ လူငယ်တစ်ယောက်ကို သမက်အဖြစ် ရွေးလိုက်တာ မထူးဆန်းတော့ဘူး။ သူ့ရဲ့ ပါရမီနဲ့ဆိုရင် အနာဂတ်မှာ နာမည်ကြီးလာလိမ့်မယ်”
ချောင်မိသားစု၏ အကြီးအကဲတစ်ယောက်က မျက်လုံးများတောက်ပနေပြီး ပြောလိုက်သည်။
“သူရဲ့ ရုပ်သေးရုပ်နဲ့ ချပ်ဝတ်ကလည်း အဖိုးတန်ရတနာတွေပဲ”
တစ်ဖက်တွင် လူတစ်ယောက်က နက်ရှိုင်းသောအသံဖြင့် ပြောသည်။
“မင်းအဖေက ယုထောင်မြို့ပျက်မှာ ပျောက်ကွယ်သွားခဲ့တယ်။ သူက လေဟာနယ်ထဲကို ရောက်သွားတယ်”
“ပြန်လာနိုင်မှာမဟုတ်ဘူး”
ရှုစီလင်းက အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။
“သူနဲ့ တိုက်ခိုက်ခဲ့တဲ့လူက မူစီမြို့ရဲ့ ကျူးမိသားစုက ကျူးထန်ခွေ့ပဲ”
ရှုစီလင်းက ထိုအကြောင်းကို ပြောပြလိုက်သောအခါတွင် ဟယ်ရန်စွန်းက ဓားမော့ကို ပြန်သိမ်းပြီး ရုပ်သေးရုပ်နှင့်အတူ ဟန်မူယဲ့၏ဘေးသို့ ပြန်ရောက်လာသည်။
ယခုအချိန်တွင် လူတိုင်းက သူ့ကို ပြင်းထန်စွာ စိုက်ကြည့်နေကြသည်။
ဟယ်ရန်စွန်းက ခေါင်းမော့ကြည့်လိုက်ပြီး ပြုံးနေသော ဟန်မူယဲ့ကို မြင်ရသည်။
ယခုအချိန်တွင် သူက ဟန်မူယဲ့ကို ဒူးထောက်ပြီး အရိုအသေပေးချင်သည်။
ဆရာဟန်ကြောင့်သာမဟုတ်လျှင် သူက အဆင့်ငါးရုပ်သေးသခင်နှင့် ယှဉ်နိုင်မည်မဟုတ်ပေ။
“မင်းရုပ်သေးရုပ်ရဲ့ အမြန်နှုန်းက လိုအပ်နေသေးတယ်။ ပြီးရင် အဆင့်မြှင့်ပေးမယ်”
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ဟယ်ရန်စွန်း၏ပခုံးကို ပုတ်ပေးသည်။
“နည်းနည်းလောက်ပိုမြန်သွားရင် အဆင့်ငါးကိုသတ်ဖို့ ဖြစ်နိုင်တယ်”
ပညာသင်အဆင့်က အဆင့်ငါးကို သတ်ဖြတ်ခြင်း ....
ပတ်ဝန်းကျင်တွင် ပင့်သက်ရှိုက်သံများကို ကြားနိုင်သည်။
တုမိသားစုဖြစ်စေ၊ ရှုစီလင်းဖြစ်စေ မျက်နှာထားလေးနက်နေသည်။
ရှုစီလင်း၏ မျက်လုံးထဲတွင် ကြောက်ရွံ့စိတ်တချို့ ပေါ်လာသည်။
အကယ်၍ ရုပ်သေးရုပ်နှင့် ချပ်ဝတ်က ပိုမိုသန်မာနေလျှင် သူက ရှုံးနိမ့်သွားလိမ့်မည်။
ဟန်မူယဲ့က အဝေးတစ်နေရာတွင်ရှိသော တုယွင်ကျုံးကို လှမ်းကြည့်သည်။
“အဆင့်ခြောက်ချပ်ဝတ်သခင် မဟုတ်လား။ မင်းရဲ့ချပ်ဝတ်ကို ကြည့်ပါရစေ”
တုမိသားစုနှင့် ရှုမိသားစုသည် မိုင်းတွင်းကို လုယူရန် ရောက်လာခဲ့သည်။
သို့သော် အခြေအနေက ပြောင်းလဲသွားသည်။
ကျန်းမိသားစုက ဘေးထွက်နေပုံရပြီး ဘုရားမြို့၏ ဟယ်ရန်စွန်းနှင့် ဆရာဟန်က ဝင်ပါလာသည်။
‘ဒါက ဘာပြောချင်တာလဲ’
တုယွင်ကျုံးက မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
‘အပြင်လူတွေက ဝင်ရှုပ်ချင်နေတာလား’
‘ဒါမှမဟုတ် ငါမမြင်ဘူးတဲ့ ကျွမ်းကျင်သူတွေလား’
“ဟမ့်၊ မင်းက ငါ့ချပ်ဝတ်ကို မြင်ချင်တာလား။ ငါ့ရှေ့မှာ ရှင်သန်နိုင်မလား ကြည့်ရအောင်”
တုယွင်ကျုံးက အော်ဟစ်လိုက်ပြီး ရွှေအလင်းများသည် သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံ၍ ရွှေရောင်ချပ်ဝတ်အဖြစ် ပြောင်းလဲသွားသည်။
မရေမတွက်နိုင်သော ဝိညာဉ်အင်းကွက်များသည် ချပ်ဝတ်ပေါ်တွင် သွယ်ယှက်နေပြီး အလင်းစက်ကွင်းများကြားတွင် တောက်ပနေသော အစိမ်းရောင်အလင်းကို မြင်နိုင်သည်။
ရင်ဘတ်သံမဏိပြား၊ လက်မောင်း၊ ပခုံးနှင့် ကျန်အစိတ်အပိုင်းများ အားလုံးသည် သားရဲတစ်ကောင်၏ပုံစံကို ဖော်ညွှန်းနေသည်။
သားရဲများ၏ဝိညာဉ်ကို ချပ်ဝတ်တွင် ထည့်သွင်းပြီး အသိစိတ်ရှိအောင် လုပ်ထားသည်။
သူ့လက်ထဲတွင်ရှိသော ဓားရှည်သည် မျက်စိကျိန်းလောက်သောအလင်းရောင်ကို ထုတ်လွှတ်နေသည်။
အဆင့်ခြောက်ချပ်ဝတ် ဖြစ်သည်။
ကျန်းရှန်၏ မျက်လုံးများက တောက်ပသွားသည်။ သူ့နောက်တွင်ရှိသော ရုပ်သေးရုပ်က ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။
ကျန်းချန်ခုံးက အနည်းငယ် တုံ့ဆိုင်းနေပြီး ရှေ့တိုးလိုက်သည်။
သူက ဟန်မူယဲ့၏ ပန်းပဲစွမ်းရည်ကို သိထားသည်။ ယခုအချိန်တွင် ဟန်မူယဲ့ကို ကူညီပေးလျှင် အနာဂတ်တွင် ကျန်းမိသားစုက အကျိုးအမြတ်ရလိမ့်မည်။
“ဆရာ”
ဟယ်ရန်စွန်းက ဟန်မူယဲ့ကို ကြည့်သည်။
ဟန်မူယဲ့၏ ရုပ်သေးရုပ်က အလွန်သန်မာကြောင်း သိထားသော်လည်း အဆင့်ခြောက်ချပ်ဝတ်သခင်နှင့် တိုက်ခိုက်မည်ဖြစ်သောကြောင့် အနည်းငယ် စိုးရိမ်နေသည်။
“အဆင်ပြေပါတယ်။ ငါက အဆင့်ခြောက်ချပ်ဝတ်ကို ကြည့်ရုံတင်ပါ”
ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး ရှေ့တက်လာသည်။
အဆင့်ခြောက်သည် မတူညီသောအဆင့်တစ်ခုတွင် ရှိနေသည်။
ထိုအဆင့်တွင် ချပ်ဝတ်က အသိစိတ်ရလာပြီး အချိန်ကြာလာသောအခါ ပိုင်ရှင်ကို အလိုလျောက် ကူညီပေးနိုင်လိမ့်မည်။
အမှန်အတိုင်းပြောရလျှင် သူတော်စင်အဆင့်နှင့် နတ်ဘုရားအဆင့် များသည် ကွာခြားချက်သိပ်မရှိပေ။
သူတော်စင်အဆင့် ချပ်ဝတ်သခင်များသည် ရုပ်သေးရုပ်ကို ပြောင်းလဲ၍ ထိန်းချုပ်နိုင်သည်။
နောက်ပိုင်းတွင် ချပ်ဝတ်နှင့် ရုပ်သေးရုပ်များသည် မတူညီသောလမ်းစဉ်မဟုတ်ဘဲ ပေါင်းစပ်ရမည်။
“ဒီချပ်ဝတ်က အထင်ကြီးစရာပဲ”
ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်ပြီး ခြေတစ်လှမ်းတိုးသည်။
ထိုခြေလှမ်းကြောင့် ဆယ်မိုင်ပတ်ဝန်းကျင်တွင် မုန်တိုင်းတစ်ခု ဖြစ်လာသည်။
သူ့ခန္ဓာကိုယ်တွင်ရှိသော သွေးချီက နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထက်တွင် ပေတစ်ထောင်အထိ ပျံသန်း၍ ကြမ်းတမ်းစွာ ဟိန်းဟောက်သည်။
အဆင့်ငါးအောက်တွင်ရှိသော ကျင့်ကြံသူများအားလုံးက သွေးမြူခိုး၏ လွှမ်းခြုံမှုကို ခံလိုက်ရပြီး မည်သည့်အရာကိုမှ မမြင်နိုင်တော့ပေ။
အဆင့်ငါးနှင့် အဆင့်ခြောက်များက ဖြူဖျော့နေပြီး တုယွင်ကျုံးအား လက်သည်းဖြင့်ဖိချလိုက်သော နဂါးကို မြင်ရသည်။
တုယွင်ကျုံးက ဓားမြှောက်ရန် ကြိုးစားသည်။
သို့သော် နဂါးလက်သည်း၏ ဖိအားကြောင့် သူ၏ တစ်ကိုယ်လုံးက ကြေမွသွားတော့မည်ဟု ခံစားနေရသည်။
ထိုအခြေအနေတွင် ခေါင်းမော့ရန်ပင် ခက်ခဲသည်။ ဓားမြှောက်ရန် မဖြစ်နိုင်ပေ။
အဆင့်ခြောက်ချပ်ဝတ်သခင်သည် ထိုအခြေအနေအထိ ဖိနှိပ်ခံလိုက်ရသည်။
တုယွင်ကျုံးက ထိတ်လန့်နေပြီး တစ်ကိုယ်လုံး တုန်ခါသွားသည်။
‘ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’
နောက်တွင်ရှိသော ကျန်းရှန်၏မျက်နှာထားက လေးနက်နေပြီး တစ်လှမ်းချင်းစီ ရှေ့တက်သွားသော ဟန်မူယဲ့ကို ကြည့်လိုက်သည်။
သူက ထိုခံစားချက်ကို မဖော်ပြတတ်ပေ။
သူက မေပယ်တောအုပ်မြို့၏ နံပတ်တစ်ကျွမ်းကျင်သူ စွန်းပင်းနှင့် တိုက်ခိုက်ဖူးသည်။
သူက စွန်းပင်၏ခြေဖျားကိုပင် မမီသော်လည်း ယခုအချိန်တွင် သူခံစားနေရသော ဖိအားက စွန်းပင်းထက် အဆပေါင်းများစွာ သာလွန်သည်။
သူက ယုထောင်မြို့ပျက်တွင် မြင်တွေ့ခဲ့သော ကျွမ်းကျင်သူကို သတိရသွားသည်။
ထိုလူက အဆင့်ကိုးချပ်ဝတ်သခင်သုံးယောက်ကို တစ်ချက်တည်း လွင့်ထွက်သွားစေသည်။
သူတော်စင်အဆင့် ဖြစ်သည်။
‘ငါ့ရှေ့မှာရှိတဲ့ ဆရာဟန်က မိုင်တစ်သန်းပတ်ဝန်းကျင်မှာ ပြိုင်ဘက်ကင်းတဲ့ သူတော်စင်အဆင့် ကျွမ်းကျင်သူလား’
အဝေးတစ်နေရာတွင်ရှိသော ချောင်ထျဲ၏မျက်နှာထားက လေးနက်နေသည်။ သူက သွေးနှင့်ချီကို စုစည်းပြီး သံမဏိပြားကို ဆုပ်ကိုင်ထားသည်။
‘ဒါက ဘယ်လိုကျွမ်းကျင်သူမျိုးလဲ’
‘လောကမှာ ဒီလိုကျွမ်းကျင်သူမျိုး ရှိနေသေးတာလား’
ဟန်မူယဲ့က တခြားလူများ၏အတွေးကို လျစ်လျူရှုထားပြီး တုယွင်ကျုံး၏ရှေ့သို့ ရောက်လာသည်။ သူက လက်မြှောက်ပြီး ဖိချလိုက်သည်။
“ဝီ”
ချပ်ဝတ်က တုန်ခါနေပြီး တောက်ပသောအလင်းကို ထုတ်ပေးသည်။
တုယင်ကျုံး၏ချပ်ဝတ်က လျင်မြန်စွာ ကျုံ့ဝင်သွားပြီး ရွှေရောင်သံမဏိပြားအဖြစ် ပြောင်းလဲ၍ ဟန်မူယဲ့၏လက်ထဲသို့ ရောက်လာသည်။
ဟန်မူယဲ့က တစ်ဖက်လူ၏ချပ်ဝတ်ကို တိုက်ရိုက် ဖြုတ်ယူခဲ့သည်။
ထိုနည်းလမ်းကြောင့် အဆင့်ငါးနှင့် အဆင့်ခြောက် ကျွမ်းကျင်သူများက ကြောင်အသွားသည်။
‘ပြိုင်ဘက်ရဲ့ချပ်ဝတ်ကို ဒီလိုမျိုး ဖြုတ်ယူနိုင်တဲ့လူ တကယ်ပဲ ရှိနေတာလား’
သို့သော် ဟန်မူယဲ့၏လက်ထဲသို့ ရောက်သွားသော ချပ်ဝတ်၏ဝိညာဉ်က ကြောက်ရွံ့စိတ်ဖြင့် တုန်ခါနေကြောင်း သူတို့ မသိကြပေ။
အကယ်၍ တုယွင်ကျုံး၏ကိုယ်ပေါ်မှ ထွက်မလာလျှင် တစ်ခါတည်း ဝိညာဉ်ပျက်စီးသွားလိမ့်မည်။
ဟန်မူယဲ့က လက်ထဲတွင်ရှိသော ချပ်ဝတ်သံမဏိပြားကို စစ်ဆေးကြည့်သည်။
အဆင့်ခြောက်ချပ်ဝတ်သည် အမှန်တကယ်ပင် ကွဲပြားသည်။ ပိုင်ရှင်၏ခွန်အားကို ကောင်းမွန်စွာ တိုးမြှင့်ပေးနိုင်သည်။
ထိုနည်းစနစ်သည် ရှေးခေတ်နှင့် မတူပေ။
လွန်ခဲ့သော နှစ်ပေါင်းများစွာတွင် ကျင့်ကြံသူများက ခွန်အားကောင်းခဲ့သည်။ ချပ်ဝတ်နှင့် ရုပ်သေးရုပ်များသည် သူတို့အတွက် အထောက်အပံ့တစ်ခုသာ ဖြစ်သည်။
ကမ္ဘာဦးချပ်ဝတ်နှင့် ကမ္ဘာဦးရုပ်သေးရုပ်များကို ထိန်းချုပ်ထားသော ကျွမ်းကျင်သူများကပင် ကိုယ်ပိုင်စွမ်းအားဖြင့် လောကကို လွှမ်းမိုးနိုင်သည်။
ယခုအချိန်တွင် ကျင့်ကြံသူများ၏ ကိုယ်ပိုင်ခွန်အားက လျော့နည်းသွားသည်။ သူတို့က ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို မှီခိုနေရသည်။
ချပ်ဝတ်နှင့် ရုပ်သေးရုပ်ကို ဆုံးရှုံးသွားလျှင် သူတို့၏ ခွန်အားက ၁၀%ခန့်သာ ကျန်လိမ့်မည်။
ဥပမာအနေဖြင့် ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော ချပ်ဝတ်သည် တုယွင်ကျုံးထက် ပိုမိုသန်မာသည်။
ထိုချပ်ဝတ်မရှိလျှင် တုယွင်ကျုံးက အဆင့်ငါးနှင့်ပင် ယှဉ်နိုင်မည်မဟုတ်ပေ။
“သားရဲဝိညာဉ်သုံးခုကို ပေါင်းစပ်ပြီး ထည့်ထားတာပဲ”
“သားရဲတွေရဲ့ဝိညာဉ်က အရမ်းရှုပ်ထွေးနေတာ နှမြောစရာပဲ။ မဟုတ်ရင် ချပ်ဝတ်က ပိုပြီး အားကောင်းလာလိမ့်မယ်”
ဟန်မူယဲ့က လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး ညင်သာစွာ ရေရွတ်သည်။
ရွှေရောင်မီးတောက်တစ်ခုသည် သူ့လက်ဝါးထဲတွင် ပေါ်လာသည်။
သူက မီးတောက်ကိုအသုံးပြုပြီး ချပ်ဝတ်ကို နာခံလာအောင် လုပ်နေခြင်းဖြစ်သည်။
ထိုချပ်ဝတ်ကို ပြုပြင်ပြီး အဆင့်မြှင့်ရန် ပိုက်ဆံလိုအပ်သည်။
ဟန်မူယဲ့က ချပ်ဝတ်ကို သေချာလေ့လာပြီး တုယွင်ကျုံးဆီသို့ ပေးလိုက်သည်။ ထို့နောက် လှည့်ထွက်သွားသည်။
သူထွက်သွားသောအခါ ကောင်းကင်တွင်ရှိသော နဂါးက ပျောက်ကွယ်သွားသည်။
အဆင့်ငါးအောက်တွင်ရှိသော လူများက သွေးမြူခိုးကို မမြင်ရတော့ပေ။
တုယွင်ကျုံးက ချပ်ဝတ်သံမဏိပြားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ဟန်မူယဲ့ကို ကြည့်နေသည်။
‘တိုက်ပွဲမရှိဘူးလား’
‘တိုက်ပွဲပြီးသွားတာလား’
အဆင့်ငါးအောက်တွင်ရှိသော လူများက တွေးနေကြသည်။
အဆင့်ငါးကျင့်ကြံသူများက ဟန်မူယဲ့ကို တစ္ဆေတစ်ကောင်သဖွယ် ကြည့်နေကြသည်။
‘အဆင့်ခြောက်ချပ်ဝတ်သခင်ရဲ့ ချပ်ဝတ်ကို ဆွဲချွတ်ဖို့ ဘယ်လိုစွမ်းအားမျိုးကို ပိုင်ဆိုင်ထားတာလဲ’
‘ပတ်ဝန်းကျင်မြို့တွေမှာ အဲဒီလိုကျွမ်းကျင်သူမျိုး မရှိဘူးမဟုတ်လား’
ဟန်မူယဲ့က အဆင့်ခြောက်ရုပ်သေးသခင်ဖြစ်သော ကျန်းရှန်ကို ကြည့်လိုက်သည်။
“မင်းရဲ့ရုပ်သေးရုပ်ကို လေ့လာကြည့်လို့ရမလား”
ကျန်းရှန်၏မျက်နှာထားက တောင့်တင်းသွားသည်။ သူက ခေါင်းညိတ်လိုက်ပြီး လျင်မြန်စွာပြောသည်။
“ရပါတယ်”
ခွင့်ပြုပေးမှ ဖြစ်မည်။ မဟုတ်လျှင် ဆရာဟန်က သူ့ရုပ်သေးကိုလည်း ဆွဲခေါ်သွားလိမ့်မည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ဟယ်ရန်စွန်းကို ကြည့်သည်။
“ငါက တည်းခိုဆောင်ကို ပြန်နှင့်မယ်”
ထို့နောက် သူက လှည်းထဲသို့ ဝင်သွားသည်။ သွေးကျားသစ်က လှည်းကို ဖြည်းဖြည်းချင်း ဆွဲသွားသည်။
ဟန်မူယဲ့၏လှည်း ပျောက်ကွယ်သွားသောအခါ လူတိုင်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး တိုက်ခိုက်လိုစိတ် မရှိတော့ပေ။
‘ဘာလို့တိုက်ခိုက်နေအုံးမှာလဲ’
သူတို့က မိုင်းတွင်းအတွက် ယှဉ်ပြိုင်နေသော်လည်း အစစ်အမှန်ကျွမ်းကျင်သူက သူတို့ကို တစ်ချက်ပင် လှည့်ကြည့်မည်မဟုတ်ပေ။
“အဟမ်း၊ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါတို့ ကျန်းမိသားစုက တုမိသားစုနဲ့ ရှုမိသားစုရဲ့ ဝေစုကို ၁၀%စီ တိုးပေးမယ်”
ကျန်းချန်ထျန်းက တုယွင်ကျုံးကို ကြည့်လိုက်ပြီး ထို့နောက် ဟယ်ရန်စွန်းကို ကြည့်သည်။
“ဒီနေ့ ဟယ်ရန်စွန်းရဲ့ အကူအညီနဲ့ ငါတို့က မိုင်းတွင်းတွေကို ပြန်ရခဲ့တယ်။ ငါက ဟယ်ရန်စွန်းနဲ့ ဆရာဟန်ကို မိုင်းတွင်းရဲ့ ၂၀% ပြန်ပေးချင်တယ်”