← Chapters

ဟေးဟေးဟေး... စနိုးဝှိုက်

Vol. 11 Ch. 3

ဟေးဟေးဟေး... စနိုးဝှိုက်

Vol. 11 Ch. 3

နေ့မွန်းလွဲချိန်မှာတော့ ကျောင်းက ကျောင်းသားတွေက ကျောင်းဝန်းထဲမှာ လျှောက်လည်နေတာကို ရပ်လိုက်ပြီး ကျောင်းတိုက်ပွဲကွင်းပြင်ဆီကို ဦးတည်သွားကြတယ်။ ပြဇာတ်ဆိုတာက ကျောင်းပွဲတော်တစ်ခုလုံးရဲ့လူစိတ်ဝင်စားမှုအမြင့်ဆုံး ဖျော်ဖြေရေးကဏ္ဍတစ်ခုလေ။ အထူးသဖြင့် နယူးယောက်ဟီးရိုးကျောင်းရဲ့ဂုဏ်ဆောင် အထူးတန်းကလူတွေ သရုပ်ဆောင်ဖို့လုပ်ချိန်မှာပေါ့။

တိုက်ပွဲကွင်းပြင်ကခုံတွေ နေရာပြည့်သွားချိန်မှာတော့ ဆရာအီဂိုက အသံစနစ်ထားတဲ့အခန်းထဲကို ဝင်သွားပြီး မိုက်ကိုဟန်ကျဟန်ကျကိုင်လိုက်တယ်။ ဆရာအီဂိုက ကိုယ်တိုင်ဝင်ရောက်ပါဝင်သရုပ်ဆောင်လို့ မရခဲ့ပေမဲ့ အရေးပါတဲ့ ပြဇာတ်ကဏ္ဍတစ်ခုကိုကိုင်ထားပါသေးတယ်။ အဲဒါကတော့ အစီအစဥ်တင်ဆက်သူပါ။ သူက ပုံပြောသူတစ်ယောက်လိုလေသံနဲ့ ပြဇာတ်ကို စဖွင့်ပါတယ်။

“ဟိုးရှေးရှေးတုန်းက ဝေးလံလှတဲ့ စကြဝဠာရဲ့တစ်နေရာမှာ တိုင်းပြည်ကြီးတစ်ခုရှိသတဲ့။”

ဆရာအီဂိုက အာကာသကလာတဲ့ ဖက်ဒရေးရှင်းသားပါ။ ရိုင်းရိုင်းပြောရရင် ဂြိုဟ်သားလေ။ စနှိုးဝှိုက်ဇာတ်လမ်း ဇာတ်အိမ်တည်တဲ့နေရာက သူ့မွေးရပ်မြေနဲ့အဝေးကြီး။ ဒါကြောင့် သူက စကြဝဠာရဲ့တစ်နေရာမှာဆိုပြီး အတတ်ဆန်းမိတ်ဆက်လိုက်တာ။ ဒါပေမဲ့ ကျောင်းသားတွေကတော့ မျက်မှောင်ကြီးကြုတ်ပြီး သူတို့ဆရာကို ကြည့်နေကြတယ်။

‘ဆရာရေ၊ စတားဝါးယူနီဗာ့စ်က မူပိုင်ခွင့်နဲ့တရားစွဲရင် ကျွန်တော်တို့မပါဘူးနော်။' ကိုယ့်အလှည့်မရောက်သေးလို့ စင်နောက်မှာထိုင်နေတဲ့ မင်းသားလေးအီဗန်က စိတ်ထဲကနေ ကြိတ်ပြီးပြောမိသွားတယ်။ နျူရေကတော့ စင်ပေါ်တက်သွားပြီ။

“တိုင်းပြည်ရဲ့ဘုရင်ကြီးနဲ့မိဖုရားကြီးမှာ တစ်နေ့တော့ နှင်းပွင့်လေးလိုလှတဲ့ သမီးလေးတစ်ယောက် ဖွားမြင်သတဲ့။ ဒါပေမဲ့ ကံကြမ္မာအကြောင်းမလှလေတော့ မိဖုရားကြီးက မီးတွင်းထဲမှာပဲ ဆုံးသွားတော့တာပေါ့။ ဘုရင်ကြီးက ဆုံးရှာသူမိဖုရားကြီးကို ချစ်မြတ်နိုးပေမဲ့ အမတ်တွေက အခုလိုလျှောက်တင်ကြသတဲ့။”

လောလောဆယ် စင်ပေါ်မှာဘယ်သူမှမရှိသေးပေမဲ့ အီဂိုက စနှိုးဝှိုက်ဇာတ်မစခင် ဇာတ်နောက်ခံအကြောင်းတွေကို ပရိသတ်နားလည်စေဖို့ ရှင်းပြနေတယ်။ စင်ပေါ်မှာ သရုပ်ဆောင်မရှိသေးပေမဲ့ အသင့်ပြင်ဆင်ထားတဲ့ပုံတွေကို ပရိုဂျက်တာက ပြနေပြီး ဘုရင်ကြီးနဲ့အမတ်တွေရဲ့ပုံကို အနက်ရောင်ပုံရိပ်တွေအဖြစ် ပြသနေပါတယ်။

“မင်းကြီး၊ မိသားစုဆိုတာ အမိအဖစုံလင်မှ တင့်တယ်ပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့မိခင်ဖြစ်တဲ့ မိဖုရားကြီးနေရာဟာ အကြာကြီး လစ်လပ်လို့မနေသင့်ပါဘူး။ ဒါကြောင့် သင့်တော်ရာသူကို တင်မြှောက်တော်မူပါ။”

“မင်းကြီးလည်း အမတ်တွေက တင်လျှောက်ဖန်များတဲ့ အတွက် လှပပြီးချောမောတင့်တယ်တဲ့ သူကောင်းမျိုး အမျိုးသမီးတစ်ယောက်ကို လက်ဆက်ပြီး မိဖုရားအဖြစ် တင်မြှောက်လိုက်တာပေါ့ကွယ်။ ဒါပေမဲ့ အဲဒီမိဖုရားသစ်ဟာ လွန်စွာမှ စိတ်ဓာတ်ခက်ထန်သူဖြစ်သတဲ့။ စုန်းအတတ် မှော်အတတ်တွေကိုလည်း ကျင့်ကြံသေးတယ်။”

ပြဇာတ်ရဲ့ပရိုဂျက်တာက ပုံရိပ်တွေကို ပြောင်းပြတယ်။ နန်းတော်ကြီးတစ်ခုရဲ့အခန်းတစ်ခုကို ပြသနေတာဖြစ်ပြီး စင်ပေါ်ကို မှော်မှန်ကြီးဖြစ်တဲ့ မိရိုင်တက်လာတယ်။ မိရိုင်က ရိုးရိုးမှန်ချပ်ကြီးတစ်ခုကို ရှေ့ကနေကိုင်ပြီးတော့ နောက်မှာကွယ်ရပ်နေတာ။ နျူရေကတော့ မှန်ကြီးရှေ့မှာရပ်ပြီးတော့ ဟန်ပါပါနဲ့မေးလိုက်တယ်။ သူ့လှုပ်ရှားမှုတိုင်းက တကယ့်ကို တော်ဝင်ဆန်နေပြီး သူကောင်းမျိုးအမျိုးသမီးအစစ်အတိုင်းပဲ။

“ နံရံပေါ်က မှော်မှန်ကြီးရေ၊ လောကမှာ ဘယ်သူအလှဆုံးလဲ။”

“မိဖုရားခေါင်ကြီးက အလှဆုံးပါ။” မိရိုင်က တက်ကြွနေတဲ့ လေသံနဲ့ပြန်ဖြေတယ်။ နျူရေကတော့ ရက်စက်တော့မယ့်ပုံစံနဲ့ သူ့မျက်နှာကိုယ်သူ လက်ချောင်းတွေနဲ့ ထိတွေ့လိုက်ပြီး ဝမ်းသာအားရ ရယ်မောလိုက်တယ်။

“သိပ်ကောင်းတယ်။” မိဖုရားခေါင်ကြီးက အဲဒီစကားကို ပြောပြီး မှော်မှန်ကြီးရှေ့ကနေ ထွက်သွားတယ်။ တင်ဆက်သူဖြစ်တဲ့ အီဂိုကတော့ ဇာတ်လမ်းကို ဆက်ပြောလို့။

“မိဖုရားခေါင်ကြီးဟာ နှစ်စဥ်နှစ်တိုင်းလိုလို မှော်မှန်ကြီးကို တူညီတဲ့မေးခွန်းကိုပဲ ထပ်ခါတလဲလဲ မေးနေခဲ့တာပေါ့။ မှော်မှန်ကြီးကလည်း တူညီတဲ့ အဖြေကိုပဲ ပြန်ပေးလေ့ရှိတယ်။ နှစ်တွေကြာလာပြီးတဲ့နောက် ဘုရင်ကြီးလည်း ဆုံးသွားပြီး လှပတဲ့မိဖုရားကြီးက ဘုရင်မကြီးဖြစ်လာတော့တာပေါ့။ ဒါပေမဲ့ စနှိုးဝှိုက်လေး အရွယ်ရောက်လာတော့မယ့် တစ်နေ့မှာတော့။ ဟီးဟီး..”

အီဂိုက တင်ဆက်နေရင်းနဲ့ အူယားလာဟန်နဲ့ ရယ်မိသွားတယ်။ စင်ပေါ်မှာရှိနေတဲ့ မိရိုင်ကတော့ မှန်ချပ်ကို ကိုင်ထားရင်းကနေ ဒေါသနဲ့အီဂိုကို မော့ကြည့်လိုက်တယ်။ တစ်ပြိုင်နက်တည်း လက်က မှန်ကိုတအားဖျစ်လိုက်မိတာကြောင့် မှန်ချပ်ကြီးက ‘ခလွမ်း'ဆိုပြီး ကွဲသွားပါလေရော။

“အဟိတဲ့... ဘာရယ်တာတုန်း ဆရာအီဂို၊ မဟုတ်တာတွေ တွေးနေပြန်ပြီလား။”

မိရိုင်က လက်ထဲမှာ မီးတောက်တစ်ခုကို ဖန်တီးလိုက်ပြီ။ နျူရေက မိရိုင်ကို ဘယ်လိုထိန်းရမှန်းမသိတဲ့အတွက် မျက်နှာပေါ်မှာ ချွေးစေးတွေပြန်နေပြီ။ နျူရေက ခဏနေတော့ ပြောလိုက်ပါတယ်။

“မိရိုင်ရေ၊ နင်က မှော်မှန်ကြီးကို ခွဲပစ်လိုက်တော့ ငါက ဘယ်သူ့ကို သွားမေးရမှာတုန်း။”

နျူရေက ပြောပြောဆိုဆိုနဲ့ ပွဲခင်းထဲကို ကြည့်လိုက်သေးတယ်။ ကျောင်းသားတွေအကုန်လုံး သူတို့ကို ဗိုက်နှိပ်ရယ်နေပြီ။ ဆရာအီဂိုကတော့ မျက်နှာပိုး သတ်လိုက်ပြီး စင်နောက်က စနှိုးဝှိုက်လုပ်မယ့် လီနာကို ကြည့်လိုက်တယ်။ လီနာက နှင်းခဲလိုအေးစက်စက်ကြီးနဲ့ အဖြစ်အပျက်တွေကို ခံစားချက်မဲ့စွာ စောင့်ကြည့်နေတာမြင်တော့ ချက်ချင်းသူ့အကြည့်ကြီးက အေးခဲသွားရော။

“ငါတကယ်ပဲ နတ်သမီးလေးကို စနှိုးဝှိုက်လုပ်ဖို့ ပြောခဲ့သင့်တာ။”

အီဂိုက ချက်ချင်းဆိုသလိုပဲ ပွဲခင်းထဲမှာ မစ်ရှင်အဖွဲ့က လူတွေနဲ့အတူထိုင်နေတဲ့ ဇွန်ဘီမလေးကို ကြည့်လိုက်ပါတယ်။ ဇွန်ဘီမလေးက ခါတိုင်းလိုပဲ ဗင်နီလာရေခဲမုန့်ကို စားနေတာဖြစ်ပြီး ရေခဲမုန့်က အရည်ပျော်လာလို့ သူ့လက်တွေမှာ ရေခဲမုန့်တွေ ပေကျံနေတယ်။ ဇွန်ဘီမလေးက ပေကျံနေတဲ့လက်တွေကို ဘာလုပ်ရမှန်းမသိဟန်နဲ့ အပေါ်ကိုမြှောက် ခေါင်းလေးစောင်းကြည့်နေတယ်။.သ သူ့ဆံပင်ရှည်လေးတွေကတော့ ပခုံးပေါ်ကို ကျဆင်းသွားတော့တာပေါ့။

“အားဟား... ချစ်ဖို့ကောင်းလိုက်တာ၊ နှင်းပွင့်လေးလို ဖြူစွက်နေတဲ့အသားအရေနဲ့တကယ့်မယ်နှင်းဖြူလေး အတိုင်းပဲ။ နှုတ်ခမ်းက နီရဲမနေပေမဲ့ နှုတ်ခမ်းနီဆိုးပေးရင် တကယ်တူမှာ။”

ဝုန်း....

မိရိုင်ဆီက ကြယ်မီးတောက်က ဆရာအီဂိုနဲ့အသံစနစ် အခန်းကို ထိမှန်သွားတယ်။ ကြယ်မီးတောက်က မီးရှူးမီးပန်း တစ်ခုလိုမျိုးပေါက်ကွဲသွားပြီး အီဂိုကတော့ ကောင်းကင်ပေါ်ကို မြောက်တက်သွားတာ ဘယ်မှန်းမသိတဲ့ နေရာတွေအထိ လွင့်ပျံသွားပြီ။

“တော်တော်အာရုံနောက်ဖို့ကောင်းတဲ့လူ။ သူ့ရှေ့မှာ မိုက်ကြီးတစ်ခုလုံးရှိနေတာကို ဖွန်ကြောင်တဲ့စကားတွေ ပြောရဲသေးတယ်။”

ဒါပေါ့၊ အီဂိုရဲ့ပေါက်ကရစကားတွေကို တစ်ကျောင်းလုံး ကြားနေရတာ။ နောက်တော့ မိရိုင်က မီးမပြန့်အောင်လို့ သူ့မီးတောက်တွေ ပြန်သိမ်းလိုက်ပြီး ပိုးဟပ်သုံးကောင်က မှန်ကွဲစတွေနဲ့အပျက်အစီးတွေကို လာသယ်သွားတယ်။ ပွဲဆက်ကဖို့ဖြစ်လာတယ်ဆိုပေမဲ့ အစီအစဥ်တင်ဆက်သူက မရှိတော့ဘူး။ မိရိုင်ကတော့ လက်ထဲမှာ မိတ်ကပ်မှန်တစ်ချပ်ကိုကိုင်ထားပြီး နျူရေက ဟန်ပါပါဆက်သရုပ်ဆောင်တယ်။

“နံရံပေါ်က မှန်ကြီးရေ၊ လောကမှာ ဘယ်သူအလှဆုံးလဲ။” ဘုရင်မကြီးဖြစ်နေတဲ့ နျူရေက မေးလိုက်တယ်။

“စနှိုးဝှိုက်ပါ။” မိရိုင်ကတော့ တိုတိုတုပ်တုပ်ပဲ ပြန်ဖြေတယ်။

“အဲဒီမိန်းမရဲ့သမီးက ငါ့ထက်ပိုလှတယ်တဲ့လား မဖြစ်နိုင်တာ။ လောကမှာ ငါသာအလှဆုံးပဲဟဲ့။ မှော်မှန်ကြီး၊ နှစ်တွေကြာလာတော့ နင့်အမြင်တွေမှားနေပြီ။”

“မိဖုရားကြီး၊ နှစ်တွေကြာလာလို့ အသင့်ရဲ့အလှတွေ ယိုယွင်းလာခဲ့တာပါ။ မှော်မှန်ကြီးဖြစ်တဲ့ ကျွနုပ်အမြင်က မမှားပါဘူး။”

“ဟွန်း...” မိဖုရားကြီးက ခန္ဓာကိုယ်ကို တစ်ရာ့ရှစ်ဆယ်ဒီဂရီလှည့်ပြီး မှော်မှန်ကြီးကို ကျောခိုင်း ထွက်ခွာသွားတယ်။ တင်ဆက်သူမရှိတော့တဲ့နောက် ဇာတ်လမ်းနောက်ဘာဖြစ်မလဲဆိုတာ ဆက်ပြောမယ့်သူက မရှိဘူး။ ဒါပေမဲ့ နျူရေရဲ့အမူအရာကို ကြည့်ရုံနဲ့တင် သူ့ထက်သာနေတဲ့ စနှိုးဝှိုက်လေးကို တစ်ခုခုလုပ်တော့မယ်မှန်း မှန်းဆနိုင်တယ်။

ပြဇာတ်က နောက်တစ်ဆင့်ကို တက်တော့မှာဖြစ်တာကြောင့် ကားဖုံးအနီးက ဇာတ်စင်ကို ဖုံးလွှမ်းသွားတယ်။ ကားဖုံးပြန်ပွင့်လာချိန်မှာတော့ ပရိုဂျက်တာက ညီလာခံ ခန်းမတစ်ခုကိုပြသနေပြီ။ ခန်းမကြီးဆိုပေမဲ့ အထဲမှာ ဘယ်သူမှရှိမနေပါဘူး။ ဘုရင်မကြီးတစ်ယောက်သာ ပလ္လင်ပေါ်မှာ မိန့်မိန့်ကြီးထိုင်လို့။

“အရှင်မ၊ ကျွန်တော်မျိုးရောက်ပါပြီ။” မုဆိုးတစ်ယောက် လိုမျိုး လေးနဲ့မြားကျည်တောက်ကိုလွယ်ပြီး ဝါထိန်နေတဲ့ ချည်သားဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဂရေဟမ်က ဘုရင်မကြီးရှေ့မှာ ဒူးထောက်ခစားတယ်။

“အသင်က ကျွနုပ်ရဲ့တိုင်းပြည်မှာ အရက်စက်ဆုံးလို့ နာမည်ကျော်တဲ့ မုဆိုးဆိုတာ ဟုတ်ရဲ့လား။”

“ဟုတ်ကဲ့ပါ၊ ဒီနိမ့်ကျတဲ့မုဆိုးက သားကောင်အမျိုးမျိုးကို အကြင်နာမဲ့စွာ သတ်ဖြတ်ခဲ့သူဖြစ်ပြီး ထိုနာမည်ကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။”

“ကောင်းပြီ၊ ကလေးမလေးတစ်ယောက်ကို သတ်ဆိုရင်ရော သင်သတ်နိုင်ပါ့မလား။”

ဂရေဟမ်က အဲဒီစကားကို ချက်ချင်းပြန်မဖြေသေးဘဲ ကောက်ကျစ်တော့မယ့်အပြုံးကို ပြုံးပြီးပြန်ဖြေပါတယ်။ “အရှင်မသာ ကျွန်တော်မျိုးလက်ခံနိုင်မယ့် ကမ်းလှမ်းမှုမျိုးကို ပေးမယ်ဆိုရင်ပေါ့။”

အဲဒီနောက်တော့ ညီလာခံခန်းမကြီးက ထပ်မံတိတ်ဆိတ်သွားပြီး ကားဖုံးက ဇာတ်စင်ကို ဖုံးလွှမ်းသွားပြန်တယ်။

...

ပရိုဂျက်တာက တောအုပ်ကြီးကို ပြနေပြီ။ မုဆိုးကြီး ဂရေဟမ်ကတော့ စနိုးဝှိုက်ဝတ်စုံဝတ်ထားတဲ့ လီနာရှေ့မှာ လျှောက်နေတယ်။ တစ်နေရာရောက်တော့ မုဆိုးကြီးက ပုဆိန်ကိုမြှောက်ပြီး စနိုးဝှိုက်လေးကို သတ်ဖို့လုပ်ပေမဲ့ စနိုးဝှိုက်လေးက သနားစဖွယ်၊ အဲလေ ရေခဲတုံးကြီးလိုလေသံနဲ့ တောင်းပန်တဲ့စကားတွေကို ပြောလာပါလေရော။

“မသတ်ပါနဲ့... သေရမှာကြောက်တယ်....”

“.....” ဂရေဟမ်က ဘာပြောရမှန်းမသိ ဆွံအသွားတယ်။ ဒိုင်ယာလော့က မူရင်းဇာတ်ညွန်းထဲကအတိုင်းမဟုတ်ဘူး။ စင်နောက်မှာ ပြန်ရောက်နေပြီး အခြေအနေကြည့်နေတဲ့ နျူရေက သူ့နဖူးကြောသူ ဆုပ်ကိုင်ထားရင်းနဲ့ အီဗန်ကို မေးလိုက်ပါတယ်။

“ဘယ်ကနေဘယ်လို ဒိုင်ယာလော့တွေက တိုသွားတာလဲ။”

“လီနာက အရှည်ကြီးတွေမမှတ်နိုင်ဘူးဆိုပြီးပြောလို့ ဘယ်လာက အတိုချုံးပေးလိုက်တာလေ။”

“ကောင်းရော။”

...

ဂရေဟမ်က စနှိုးဝှိုက်လေးကို သနားသွားဟန်နဲ့ တောထဲမှာ တစ်ယောက်တည်းထားခဲ့ပြီး ထွက်သွားပါတယ်။ စနှိုးဝှိုက်ကတော့ သစ်ပင်ကြီးတစ်ပင်ကို မှီပြီး မှိုင်တွေတွေနဲ့ထိုင်နေတော့တာပေါ့။ နဂိုကတည်းက လီနာက အေးစက်စက်ပုံစံဆိုတော့ သူမှိုင်တွေနေတဲ့ပုံစံက တကယ့်ကိုအသက်ဝင်ပြီး အားငယ်နေတဲ့ စနှိုးဝှိုက်လေးနဲ့ သွားတူနေတယ်။ ဒီတော့မှ ပွဲကြည့်ပရိသတ်လည်း ရင်ထဲမှာ ဆို့နင့်လာပြီး ဝမ်းနည်းမှုကို ခံစားလာကြရတယ်။

...

“ဟုတ်သားပဲ၊ စနှိုးဝှိုက်ကာတွန်းကားမှာ ငါတို့သတိမထားမိတာတချို့ရှိတယ်။ စနှိုးဝှိုက်လေးက မင်းသမီးလေ။ မယ်တော်မိဖုရားကြီး ဆုံးသွားပြီးနောက် ဘုရင်ကြီးက သူ့ကိုဂရုမစိုက်တော့ဘဲ နန်းတော်ထဲမှာ မေ့လျော့ခံတစ်ယောက်အနေနဲ့ ရှင်သန်ခဲ့ရလောက်တယ်မဟုတ်လား။ ဒါကြောင့် စနှိုးဝှိုက်လေးက ဇာတ်ကားထဲကလို တက်တက်ကြွကြွနေတယ်တာထက် ဝမ်းနည်းပူဆွေးမှုတွေကြောင့် အမြဲတမ်းအေးစက်စက်နဲ့ စကားနည်းနေတဲ့ပုံစံမျိုးဖြစ်နေတာ ပိုသဘာဝကျမယ်လို့ မထင်ဘူးလား။”

နျူ​ရေက အီဗန်ကိုမေးလိုက်တယ်။ အီဗန်ကလည်း ခေါင်းညိတ်လိုက်တယ်။ သူလည်း လက်ရှိလီနာရဲ့သရုပ်ဆောင်နေတဲ့ပုံစံနဲ့ ထွက်ပေါ်လာတဲ့ ရလဒ်ကို ခံစားမိနေတယ်လေ။

“ဟုတ်တယ်... သဘာဝကျတယ်လို့ပြောရမယ်... လီနာက သူ့နည်းလမ်းနဲ့သူ တက်နိုင်သမျှ ကြိုးစားနေတာပဲ။”

...

သူတို့နှစ်ယောက်စကားပြောနေတဲ့အချိန် ပြဇာတ်က ရှေ့ဆက်နေတယ်။ ငှက်ကလေးနှစ်ကောင်ဖြစ်တဲ့ ယုဆနဲ့ဘယ်လာတို့က ငှက်ဝတ်စုံတွေဝတ်ပြီးတော​ြ ယုဆနားကို ကပ်သွားတယ်။

“မယ်နှင်းပွင့်လေး.... မယ်နှင်းပွင့်လေး... တောအုပ်က ကြောက်စရာကောင်းပေမဲ့ ကျွန်မတို့ကူညီပါမယ်။ တောထဲမှာနေတဲ့ လူပုလေးတွေဆီကို လမ်းပြပါရစေ။”

ဒီလိုနဲ့လီနာက သစ်ပင်ကိုမှီပြီးမှိုင်နေရာကနေ ငှက်ကလေးတွေနောက်ကို လိုက်ခဲ့တယ်ဆိုပါတော့။ မကြာခင်မှာပဲ တောထဲမှာရှိနေတဲ့ အိမ်လေးတစ်လုံးဆီ ရောက်လာရော။

ကျန်ဆက်ဖြစ်တာကတော့ ပုံပြင်တွေထဲကအတိုင်းပဲ။ လီနာက ခပ်သေးသေးစားပွဲတစ်လုံးနဲ့အိမ်ရာတွေကို တွေ့မယ်။ စားစရာတွေကို ယူစားပြီးတော့ အိပ်ရာပေါ် တက်အိပ်သွားရော။ အစကနေအဆုံးအထိ ဘာမှမပြောဘဲ ရေခဲတုံးကြီးလိုမျိုး လှုပ်ရှားသွားတာမလို့ ပရိသတ်တွေပျင်းလာတယ်။

“ခုနက လီနာသရုပ်ဆောင်ကောင်းတယ်လို့ တွေးမိတဲ့ကိစ္စကို ငါတို့မေ့လိုက်သင့်ပြီထင်တယ်။” အီဗန်က မဲ့ပြုံးပြုံးရင်းပြောလိုက်တယ်။ လီနာက လီနာပါပဲ၊ သရုပ်ဆောင်ကောင်းတဲ့ မယ်နှင်းပွင့်လေး ဖြစ်မလာနိုင်ဘူးလေ။

​မကြာခင်မှာပဲ လူပုလေးနှစ်ယောက်ဖြစ်တဲ့ ဂိုးလ်နဲ့ဂျိုနသန်က ရွှေတူးရာကနေ ပြန်ရောက်လာပြီး သူတို့အိပ်ရာပေါ်က မိန်းမလှလေးကိုမြင်ပြီး သနားစိတ်ဝင်သွားပါလေရော။

“အင်း၊ ဒီလိုမိန်းမလှလေးမျိုးက ပုံမှန်ဆိုရင် တောထဲ ရောက်လာစရာအကြောင်းမရှိဘူး။ သူ့မှာလည်း သူ့အခက်အခဲနဲ့သူရှိလို့နေမှာ။”

လူပုညီအစ်ကိုနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စကားပြောရင်းနဲ့ စနိုးဝှိုက်နိုးလာတာကို ထိုင်စောင့်လို့ပေါ့။ စနှိုးဝှိုက်က နိုးလာတော့ ဖြစ်ကြောင်းကုန်စင်ပြောပြ။ ဒါပေမဲ့ အေးစက်စက်နဲ့မလို့ ပရိသတ်တွေတင်မကဘဲ လူပုတွေပါ အိပ်ငိုက်လာရော။

“ဝှါး....” ဂျိုနသန်က ဟန်မဆောင်နိုင်တော့ဘဲ သန်းလိုက်တယ်။ ဒီတော့မှာ အိပ်ငိုက်နေတဲ့ ပရိသတ်တွေလည်း အကုန်ထရယ်မိပါလေရော။ ဂိုးလ်ကတော့ အတည်သရုပ်ဆောင်နေတာမလို့ ချောင်းဟန့်လိုက်ပြီး​ပြောတယ်။

“မိန်းကလေးအနေနဲ့ ကျွနုပ်တို့အိမ်မှာနေမယ်ဆိုလည်း ဖြစ်ပါတယ်။ ကျွနုပ်တို့က ယောက်ျားသားတွေဖြစ်တာမလို့ အိမ်မူကိစ္စမနိုင်နင်းဘူးလေ။ ဒီတော့ မိန်းကလေးက ကျွနုပ်တို့အတွက် အိမ်မူကိစ္စတွေလုပ်ပေးမယ်ဆိုရင် ဒီအိမ်မှာနေဖို့ ကျွနုပ်တို့ခွင့်ပြုပါတယ်။”

ဒီလိုနဲ့ စနိုးဝှိုက်တစ်ဖြစ်လည်း လီနာဟာ လူပုလေးတွေရဲ့အိမ်မှာ ဝေယျာဝစ္စတွေလုပ်ရင်းနဲ့ နေပျော်သွားတယ်ဆိုပါတော့။ ဒီအခန်းပြီးတဲ့အချိန်မှာတော့ ကားဖုံးထပ်ကျလာပြီး ပြဇာတ်ရဲ့နောက်တစ်ဆင့်အတွက် ပြင်ဆင်ကြပြန်တယ်။

...

အခုဆိုရင် ပရိုဂျက်တာက နန်းတော်ထဲက မိဖုရားကြီးရဲ့အခန်းကို ပြန်ပြနေပြန်ပြီ။ မိဖုရားကြီးဖြစ်တဲ့ နျူရေက မှော်မှန်၊ မိတ်ကပ်မှန်ကို ကိုင်ပြီးရပ်နေတဲ့ မိရိုင်ရှေ့မှာရပ်ပြီး မေးနေကျမေးခွန်းကို ထပ်မေးလိုက်ပြန်တယ်။

“နံရံပေါ်ကမှန်ကြီးရေ၊ လောကမှာ ဘယ်သူအလှဆုံးလဲပြောပါ။”

“လူပုလေးတွေနဲ့ တောထဲမှာ ပျော်ရွှင်စွာနေနေတဲ့ စနိုးဝှိုက်က အလှဆုံးပါ။”

မှော်မှန်ကြီးရဲ့အဖြေကို ကြားပြီးတဲ့နောက်မှာတော့ ဘုရင်မကြီးက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး ဒေါသထွက်နေတဲ့လေသံနဲ့ အသံကုန်အော်ဟစ်လိုက်ပါတယ်။

“ဘယ်လိုလုပ်ပြီး ဒင်းက ခုထိအသက်ရှင်နေရ​သေးတာလဲ။”

All Chapters