← Chapters

အခန်း (၄)

Vol. 11 Ch. 4

အခန်း (၄)

Vol. 11 Ch. 4

မိဖုရားကြီးက စနိုးဝှိုက်အသက်ရှင်နေတယ်ဆိုတာလည်း ကြားရော ဒေါသထွက်လာပြီး သူ့ကိုယ်သူရုပ်ဖျက်ဂါထာချလိုက်တယ်။ စနိုးဝှိုက်လေး မမှတ်မိအောင် သူ့ကိုယ်သူအဖွားကြီးပုံစံပြောင်းပြီး လက်ထဲမှာတော့ ပန်းသီးအပြည့်ပါတဲ့ ခြင်းတောင်းကိုပိုက်လို့ တောထဲဝင်လာတော့တာပေါ့။

စနိုးဝှိုက်ဖြစ်တဲ့ လီနာကတော့ မျက်နှာသေနဲ့အလုပ်လုပ်နေရင်း ရွှေတူးသွားဖို့ ဟန်တပြင်ပြင်နဲ့ ပေါက်တူးကိုယ်စီကိုင်ထားတဲ့ ဂိုးလ်နဲ့ဂျွန်နသန်ကို နှုတ်ဆက်လို့ပေါ့။

“ဒီနေ့လည်း ကံကောင်းပြီး ရွှေများများရပါစေ။”

“ညစာကောင်းကောင်းပြင်ထားနော်၊ စနိုးဝှိုက်လေး။”

လူပုနှစ်ကောင်က စပ်​ဖြီးဖြီးနဲ့နှုတ်ဆက်ပြီး ဇာတ်စင်ပေါ်က ဆင်းသွားရော။ စနိုးဝှိုက်ကတော့ မျက်နှာသေနဲ့ တံမြက်စည်းလှည်းနေတယ်။

“ကောင်မလေး၊ အဖွားက တစ်နေကုန်ပန်းသီးလိုက်ရောင်းနေတာကွဲ့။ ဒါပေမဲ့ စျေးဦးက မပေါက်သေးပါဘူးလေ။ ဘယ်လိုလုပ်ရမှန်း မသိတော့ဘူး။”

မကြာဘူး၊ အဖွားကြီးလိုဝတ်ထားတဲ့ နျူရေ လီနာရှေ့ကို ရောက်လာပြီး ညည်းပြတယ်။ လီနာကတော့ ဘယ်လို တုံ့ပြန်ရမှန်း မသိတဲ့ပုံပေါ်နေတယ်။ နောက်ထပ် စက္ကန့် အနည်းငယ်ကြာတဲ့အထိ ဘာစကားမှမပြောဘူး။ စင်နောက်မှာတော့ သံသယဝင်နေတဲ့ အီဗန်က ဘယ်လာကို ကြည့်ပြီးမေးလိုက်တယ်။

“မဟုတ်မှလွဲရော လီနာတစ်ယောက် ဒိုင်ယာလော့မေ့သွားတာတော့ မဟုတ်ပါဘူးနော်။”

ဘယ်လာလည်း မျက်စိပျက်မျက်နှာပျက်နဲ့ ပြန်ဖြေတယ်။ “သူအဲဒီအခန်းကို လေ့ကျင့်တုန်းက ကတည်းက စာသားတွေကို မမှတ်မိဖြစ်နေတာ။ အတိုချုံးပေးထားတာတောင် မမှတ်မိတဲ့ပုံပဲ။ သွားကူမှဖြစ်မယ်။”

အဲဒီနောက်တော့ ဘယ်လာက စင်ပေါ်ခိုးတက်သွားပြီး လိုက်ကာနောက်ကနေ ခြေဟန်လက်ဟန်ရော နှုတ်ခမ်းကို အသံမပါဘဲလှုပ်ပြီးတော့ပါ လီနာကို ထောက်ပြဖို့ ကြိုးစားရတယ်။ လီနာကတော့ နားလည်ဟန်မပေါ်။ ဒါပေမဲ့ မပြောမဖြစ် တစ်ခုခုပြောရမယ်ဆိုတာ သိနေလေတော့ မျက်လုံးကို မှေးလိုက်ပြီး

“စိတ်မကောင်းပါဘူးရှင့်၊ ကျွန်မမှာ ဝယ်ဖို့ပိုက်ဆံမရှိဘူး။”

“.....” နျူရေလည်း ဆွံအသွားတယ်။ ဒါပေမဲ့ ခဏနေတော့ သက်ပြင်းချလိုက်ပြီး ပရိသတ်တွေမကြားအောင် အသက်ရှုသံအောက်ကနေ ပြောလိုက်ပါတယ်။

‘သူက ဒိုင်ယာလော့မေ့သွားတာ သေချာပေမဲ့၊ အဓိပ္ပါယ် တူတာတစ်ခုခုကိုပြောပြီး ရှေ့ဆက်ဖို့လုပ်နေတာပဲ။ စိတ်လျှော့၊ စိတ်လျှော့... တစ်ခါတလေ အလွတ်တမ်း သရုပ်ဆောင်တာလည်း ကောင်းတတ်တာပဲ။'

နျူရေက သူ့ကိုယ်သူစိတ်ပိုင်းဆိုင်ရာအရ ပြန်လည်ပြင်ဆင်ပြီးတဲ့နောက် ဆက်ပြီးသရုပ်ဆောင်တယ်။

“အို၊ သမီးလေးက ချစ်ဖို့ကောင်းတော့ ပိုက်ဆံပေးစရာ မလိုပါဘူး။ ဒီမှာတစ်လုံးစားကြည့်...”

ဒါပေမဲ့ တစ်ဖက်ကလီနာကတော့ နျူရေကို သံသယ မျက်လုံးတွေနဲ့ကြည့်လိုက်ပြီး နောက်ကို ခြေလှမ်းသုံးလှမ်း ဆုတ်သွားလိုက်တယ်။ ပရိသတ်တွေကတော့ ဖြစ်ပျက်နေတာကို စိတ်ဝင်တစားနဲ့ကြည့်နေပြီ။ ပုံပြင်က သူတို့သိထားတဲ့ပုံစံနဲ့ မတူတော့ဘူးလေ။

“ပါမောက္ခရူးဒေါ့ဖ်က ပြောဖူးတယ်။ လူစိမ်းတွေကျွေးတာ မစားနဲ့တဲ့။”

နျူရေ “.....”

ပရိသတ်များ “......”

ဒါပေါ့ အကုန်လုံးကြောင်အကုန်ပြီ။ စင်အောက်က အီဗန်ကတော့ “ဘယ်က ပါမောက္ခရူးဒေါ့ဖ်က ပါလာတာလဲ။” ဆိုပြီး သူ့နဖူးသူ အကြိမ်ကြိမ်ရိုက်နေပြီ။ ဘယ်လာကတော့ သူ့ဆံပင်တွေသူဆွဲဆောင့်လို့...

“ကြည့်ရတာ ဒီကောင်မလေး အကြောက်လွန်ပြီးတော့ သူ့ကိုယ်သူ စနိုးဝှိုက်အဖြစ်သရုပ်ဆောင်နေတယ်ဆိုတာပါ မေ့သွားတဲ့ပုံပဲ။”

...

စင်ပေါ်မှာတော့ နျူရေက ပန်းသီးကိုကိုင်ထားရင်းကနေ နှုတ်ခမ်းတွန့်သွားတယ်။ လက်ရှိအခြေအနေက သူ့ကို မသက်မသာဖြစ်စေတယ်။ ဒါပေမဲ့ ဇာတ်လမ်းကို ဒီအတိုင်းပစ်ထားလို့မရလေတော့ ဇာတ်လမ်းထဲက အတိုင်း ပန်းသီးကို တစ်ခြမ်းကိုက်ပြပြီး ပြောလိုက်တယ်။

“စနိုးဝှိုက်လေးရေ၊ ဒီမှာကြည့်။ အဖွားစားပြပြီးပြီနော်။ ဘာအဆိပ်မှမပါပါဘူး။” ပုံပြင်ထဲကအတိုင်းဆိုရင် စုန်းမက ဒီလိုလုပ်ပြရုံနဲ့ စနိုးဝှိုက်က ယုံပြီးတော့ လိုက်စားရမှာ။ ဒါပေမဲ့အခုက စနိုးဝှိုက်မဟုတ်ဘဲ လီနာပါ။ လီနာက ပိုပြီးတော့ နောက်ကိုဆုတ်သွားပြန်တယ်။

“ပါမောက္ခက သူများစားပြီးသား စားကြွင်းစားကျန်တွေကို မစားဖို့သင်ပေးထားတယ်။ ရှင့်မှာ ကူးစက်ရောဂါတွေရှိနေရင် ဘယ်လိုလုပ်မလဲ။”

“အားဟားဟားဟား....” အဲဒီမှာစပြီးတော့ ပွဲကြည့်စင်မှာရှိနေတဲ့ ဖရာလီတာတစ်ယောက် ဝါးလုံးကွဲလုမတတ် ထရယ်တော့တာပဲ။ သူတင်မကဘဲ ပရိသတ်တွေအကုန်လုံး အူတက်နေကြတာ။ ပုံပြင်ထဲက စနိုးဝှိုက်က အဲဒီအကွက်ကို တကယ်ယုံသွားတယ်ဆိုပေမဲ့ ခုခေတ်မှာတော့ ဘယ်သူမှယုံမှာမဟုတ်ဘူးလေ။

နျူရေတစ်ယောက် ဇာတ်ပွဲတော့ပျက်ပါပြီဆိုပြီး တွေးနေပေမဲ့ တခြားကျောင်းကလာလည်တဲ့ ဧည့်သည်တွေကတော့ ဇွတ်အထင်ကြီးနေကြတယ်။

“နယူးယောက်ဟီးရိုးကျောင်းကတော့ နယူးယောက် ဟီးရိုးကျောင်းပါပဲ။ စနိုးဝှိုက်ပြဇာတ်တောင် ပုံမှန်နဲ့မတူဘူး။ ပုံပြင်ထဲမှာ စာရေးသူက ဖယ်ထုတ်ထားတဲ့ သာမန်အတွေးအခေါ်တွေကိုပါ ထည့်ဖြည့်တွေးပြီး တင်ဆက်ထားတာပဲ။”

...

အတော်ကြာအောင် ငြိမ်သက်နေပြီးမှ နျူရေက သက်ပြင်းရှည်ကြီးချလိုက်ပြီး ကိုက်လက်စပန်းသီးကို ပြန်ချပြီး ခြင်းထဲက ပန်းသီးအသစ်ကို ထုတ်ပေးလိုက်တယ်။

“ပန်းသီးအသစ်ပေးမှာမလို့ စားလိုက်ပါနော် စနိုးဝှိုက်လေး။ လိမ္မာတယ်... အာ....”

ဒါပေမဲ့ တစ်ဖက်မှာ ရေခဲတုံး စနိုးဝှိုက်ကတော့ ခေါင်းမာနေတုန်း။

“ဟင့်အင်း... နေ့လယ်စာစားပြီးတာ သိပ်မကြာသေးလို့ ဗိုက်မဆာသေးဘူး။ ခုစားရင် ညစာစားမရဖြစ်သွားလိမ့်မယ်။”

“ကဲ... သောက်ကောင်မ၊ ငါစားဆိုရင် စားလိုက်တော့။ စားပြီးရင် ဒီအတိုင်းလှဲနေလိုက်၊ နင်ဒိုင်ယာလော့မေ့နေရင်တောင် ဘာမှလုပ်စရာမလိုဘူး။”

ကြာတော့ နျူရေတစ်ယောက် စိတ်မရှည်တော့ဘဲ ပန်းသီးကို လီနာ့ပါးစပ်ထဲ အတင်းထည့်ပေးလိုက်ပြီး လှဲအိပ်ခိုင်းလိုက်တယ်။ ဒိုင်ယာလော့တကယ်မေ့နေတဲ့ လီနာကတော့ ရေလိုက်ငါးလိုက်နဲ့ တကယ်လှဲအိပ်လိုက်တယ်။ မကြာခင်မှာပဲ တရှူးရှူးနဲ့ ဟောက်သံထွက်လာတယ်။ နျူရေကတော့ ဇာတ်စင်ပေါ်ကနေ ခြေလှမ်းသွက်သွက်နဲ့ဆင်းသွားပြီ။ သူ့ခင်ဗျာ စိတ်မရှည်နိုင်တော့ဘူးရယ်။

ခဏနေတော့ လူပုနှစ်ယောက်ဖြစ်တဲ့ ဂျိုနသန်နဲ့ဂိုးလ်တို့ ရွှေတူးသွားရာကနေ ပြန်လာဟန်နဲ့ရောက်လာပြီး စနိုးဝှိုက်ကို နှိုးဖို့ကြိုးစားတော့တာပေါ့။ ဒါပေမဲ့ ဘယ်လိုနှိုးနှိုးမရ။

“အစ်ကိုကြီးရေ၊ ကောင်မလေးကို နှိုးလို့မရတော့ဘူး။ အသက်မရှိတော့ဘူးလားမသိပါဘူး၊ အစ်ကိုကြီးရာ။ အီးဟီးဟီး...”

“အေးကွာ၊ ငါလည်း ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး။”

ဂျိိုနသန်က ဒိုင်ယာလော့ကို ဟန်ပါပါရွတ်နေရင်းကနေ စနိုးဝှိုက်ကိုငုံကြည့်လိုက်တယ်။ လီနာက တကယ်အိပ်နေတာဖြစ်လို့ ပါးစပ်ထောင့်ကနေတောင် တံထွေးတွေ စီးကျနေပြီ။ အဲဒါကိုကြည့်ပြီးတော့ သူ့ခင်ဗျာ ဝမ်းနည်းဟန်ဆောင်ပြီး ငိုတောင်မငိုနိုင်တော့ဘူး။ ကြာတော့ ဂိုးလ်ကလည်း တင်းလာပြီး ဒိုင်ယာလော့လိုလိုဘာလိုလိုနဲ့ပြောပါလေရော။

“အစ်ကိုကြီးရ၊ စနှိူးဝိုက်လေး ခုလိုဖြစ်သွားတာကို တော်တော်ပျော်နေတာလား။ ဘာလို့ အစ်ကို့မျက်ခွက်ကြီးက ပြုံးစိစိဖြစ်နေတာတုန်း။”

“ဝမ်းနည်းလွန်းလို့ ငိုနေတာပါဟ ညီလေးရ။”

....

“ချီးထဲမှ၊ ငါတော့ သည်းမခံနိုင်တော့ဘူး။ တဖြည်းဖြည်း စနိုးဝှိုက်ပြဇာတ်က စတီဗင်ချောင်ဇာတ်ကားလိုဖြစ်လာပြီ။”

စင်အောက်မှာ နောက်ပြကွက်အတွက်စောင့်နေတဲ့ နျူရေက လက်ရှိအခြေအနေကို မခံစားနိုင်တော့ဘဲ ကားဖုံးလိုက်ကာကြိုးကို ဆွဲချလိုက်တယ်။ လူရွှင်တော်နှစ်ယောက်လိုဖြစ်နေတဲ့ လူပုနှစ်ကောင်ကို ပိတ်ကားက ဖုံးသွားတော့တာပေါ့။

...

နောက်ပြကွက်မစခင်မှာ ပိုးဟပ်သုံးကောင်က အိပ်နေတဲ့ လီနာကို ဖန်အခေါင်းအတုထဲထည့်ပေးပြီး ပြန်ထွက်သွား တယ်။ ပိတ်ကားပြန်ပွင့်လာတော့ မင်းသားလေးအီဗန်က မြင်းစီးပြီး ဖန်ခေါင်းတလားထဲက စနိုးဝှိုက်လေးကို ကြည့်နေပြီ။ လူပုနှစ်ကောင်ကတော့ အိပ်ပျော်နေတဲ့ မင်းသမီးလေးကို ဘယ်လိုမှနှိုးမရကြောင်း ရှင်းပြတော့တာပေါ့။

“ကျွန်တော့်မှာ ဒီမင်းသမီးလေးကို မြင်ရုံနဲ့ ချစ်မိသွားပြီ ထင်ပါတယ်ဗျာ။ သူ့ကို ဘယ်လိုမှနှိုးမရရင်လည်း နေပါစေ။ သူ့ကိုတော့ ကျွန်တော့်နိုင်ငံဆီ ခေါ်သွားချင်တယ်။”

ဒီလိုနဲ့ မင်းသားလေးအီဗန်က ဖန်အခေါင်းထဲကိုဖွင့် လီနာရဲ့ခန္ဓာကိုယ်ကို ပွေ့လိုက်ရော။ လီနာ့ပါးစပ်ထဲက ပန်းသီးစိတ်လေးလည်း မြေပေါ်ပြုတ်ကျသွားတယ်။ ပြဇာတ်အဖွဲ့သားတွေလည်း လီနာနိုးလာရင် ပြဇာတ်ပြီးတော့မယ်ဆိုပြီး စိတ်သက်သာရာရကုန်တယ်။ ဒါပေမဲ့ လီနာက ဆက်အိပ်နေတုန်း။

“လီနာရေ၊ ထတော့လေ။ တကယ်အိပ်မနေနဲ့တော့။” အီဗန်က လီနာ့နားနားကို ကပ်ပြီး​ပြောလိုက်တယ်။ ဒါပေမဲ့ လီနာကတော့ သွားရည်တွေဆက်တိုက်စီးကျအောင် အိပ်မောကျနေပြီး နိုးကိုမလာဘူး။

...

မိနစ်ပေါင်းများစွာကြာသွားပြီ။

ပရိသတ်တွေကတော့ စင်ပေါ်မှာ ဘာဖြစ်လို့ဖြစ်နေမှန်း မသိသေးဘူး။ ဒါပေမဲ့ တချို့ဆိုရင် “မြန်မြန်နောက်တစ်ကွက်ပြပါတော့ဗျို့၊ ညမိုးချုပ်တော့မယ်။”ဆိုပြီး လှမ်းအော်နေပြီ။

“ဟား... ဘယ်တတ်နိုင်ပါ့မလဲ။” နောက်ဆုံးတော့ နျူရေက သက်ပြင်းချလိုက်တယ်။ ဒီအတိုင်းဆိုရင် ပြဇာတ်က ဇာတ်သိမ်းလို့ရမှာမဟုတ်တော့ဘူးလေ။ သူ့အလှည့်မရောက်သေးပေမဲ့ စုန်းမကြီးနျူရေက မိဖုရားကြီးဝတ်စုံကိုဝတ်ပြီး စင်ပေါ်တက်လာတယ်။

“အိုးဟားဟားဟား... အဲဒီကောင်မလေးက ထာဝရ အိပ်ပျော်နေမယ့်အဆိပ်ကို မိထားတာလေ။ အချစ်စစ်ရဲ့အနမ်းနဲ့မှနိုးလာမှာ။ နိုးမလာရင်တော့ နင်က တကယ်မချစ်လို့ပေါ့။ နင်သတ္တိရှိရင် စမ်းကြည့်လေ။”

နျူရေက အီဗန်ကို မျက်စောင်းထိုးလိုက်တယ်။ အီဗန်က ရုတ်တရက်ကြီးကျောချမ်းလာသလို ခံစားရတယ်။ ဒါပေမဲ့ အခြေအနေကို သူလည်းနားလည်တယ်။

‘အချစ်စစ်အနမ်းဆိုတာကြီးက စနိုးဝှိုက်ပုံပြင်ထဲက မဟုတ်ဘဲ ဘယ်ရာရို့စ်ပုံပြင်ထဲကဆိုပေမဲ့ တခြားရွေးစရာမရှိတော့ဘူး။ ပြဇာတ်ကို အဆုံးသတ်ဖို့အတွက် နျူရေက အခုလိုလမ်းကြောင်းပေးတာ။ ငါလီနာကို နမ်းလို့မှ သူနိုးမလာတော့ရင် မင်းသားက တကယ်မချစ်လို့ စနှိုးဝိုက်လေးသေပါပြီဆိုပြီး ဇာတ်သိမ်းလို့ရသွားမှာမဟုတ်လား။'

အီဗန်က အခုလိုတွေးပြီး လီနာရဲ့နှုတ်ခမ်းကို ကြည့်လိုက်တယ်။ လီနာကလည်း မိန်းမလှလေးတစ်ယောက်ပါ။ သူဘယ်လိုလုပ် ရင်မခုန်ဘဲနေမှာလဲ။ ဒါပေမဲ့ နျူရေက သူ့ကို မျက်လုံးဒေါက်ထောက်ကြည့်နေတဲ့အတွက် ကျောချမ်းလာတယ်။

‘အီဗန်၊ စဥ်းစားစမ်း... ဒါက ပြဇာတ်လေ။ သူ့ကိုတကယ်နမ်းစရာမှမလိုတာ။' အီဗန်က လီနာကို ဟန်ဆောင်နမ်းဖို့အတွက်ပဲ ဆုံးဖြတ်လိုက်ပြီးတော့ ခါးကိုကိုင်းလိုက်ပေမဲ့ နျူရေက ရုတ်တရက် နှုတ်ခမ်းကို ဖိကိုက်ထားလိုက်တဲ့အတွက် ဆက်မလုပ်ဖြစ်တော့ဘဲ သူ့လက်ထဲက စနိုးဝှိုက်ကို ဘုန်းခနဲပစ်ချလိုက်ပါလေရော။

“စိတ်မကောင်းပါဘူး လီနာ၊ တကယ်မနမ်းဘဲ ဟန်ဆောင်နမ်းတာဆိုရင်တောင်မှ နျူရေရှေ့မှာ ငါအဲဒီလို သရုပ်မဆောင်နိုင်ဘူး။”

နောက်ဆုံးတော့ လီနာလည်း ပစ်ချခံရပြီး တကယ်နာသွားတဲ့အတွက် နိုးလာပြီ။ မင်းသားလေးကတော့ နိုးလာတော့ စနိုးဝှိုက်ကို ဂရုမစိုက်ဘဲ ဘုရင်မကြီးရှေ့ပြေးသွားပြီး ဒူးတစ်ဖက်ထောက်ချလိုက်တယ်။

“အို၊ လှလိုက်တဲ့ မိန်းကလေး။ ခုနက သင်မြင်ခဲ့တဲ့ အပြုအမူအတွက် တောင်းပန်ပါတယ်။ ကျွန်တော်က အိပ်ပျော်နေတဲ့ မိန်းကလေးကို တကယ်မချစ်ဘူးဆိုတာ သူ့ကိုနမ်းဖို့ ကြိုးစားနေတဲ့အချိန်မှာပဲ သိခဲ့ရပါတယ်။ အဲဒီအစား သင့်ကိုစွဲလမ်းမိနေပါပြီ။ သူ့နှုတ်ခမ်းတွေကို နမ်းဖို့ကြိုးစားနေခဲ့ပေမဲ့ ကျွန်တော်မြင်ယောင်နေတာက အသင့်နှုတ်ခမ်းတွေကိုပါ။ ကျေးဇူးပြုပြီး ကျွန်တော်ချစ်ခွင့်ပန်တာကို လက်ခံပေးပါ။”

“......” နျူရေကတော့ ဆွံအသွားပြီး အီဗန်ကို ကြည့်လိုက်မိတယ်။ ဒီကောင် ဘာဆေးတွေသောက်ပြီး လူမြင်ကွင်းမှာ သူ့ကိုချစ်ခွင့်ပန်ရဲလောက်တဲ့အထိ သတ္တိရှိလာတာလဲ သူနားမလည်။ ဒါပေမဲ့ စနိုးဝှိုက်ဇာတ်က ပျက်နေပြီဖြစ်ပြီး သူတို့ပြကွက်တွေက ကြုံရာလှံပစ်သလိုဖြစ်နေတာကြာပြီဆိုတော့ သက်ပြင်းချလိုက်ပြီး

“ကောင်းပြီလေ။” လို့သာ သဘောတူဟန်ပြလိုက်တယ်။

“တကယ်....” အီဗန်ကတော့ ဝမ်းသာအားရနဲ့ ဘုရင်မကြီးကို ခါးကနေပွေ့ချီပြီး ဇာတ်စင်ပေါ်ကနေ ဆင်းပြေးသွားပါလေရော။ နိုးလာပြီဖြစ်တဲ့ စနိုးဝှိုက်နဲ့ လူပုလေးတွေကတော့ အကြောင်သား ကျန်နေရစ်တာပေါ့။

စင်နောက်က ဘယ်လာကတော့ ပိတ်ကားဖုံးကြိုးကိုကိုင်ထားရင်း အတွေးနက်လို့ရယ်။ “အဟယ်... ဒီတော့ မင်းသားလေးက စနိုးဝှိုက်လေးကို မရွေးဘဲ ဘုရင်မကြီးကိုရွေးသွားတယ်ပေါ့။ ရိုမန့်တစ်ဆန်ပြီး တစ်မူထူးခြားလိုက်တာ။ ခုလိုအခြေအနေမျိုးမှာတောင် ဒီလိုဇာတ်ကွက်မျိုးကို တွေးနိုင်တာ၊ အီဗန့်ခေါင်းကို ရွှေချထားရမယ်။”

နောက်တော့ ဘယ်လာက ကြိုးကိုဆွဲပြီး ပြဇာတ်ကို ပြည်ဖုံးကားချလိုက်ပါလေရော။

...

“ဟူး၊ ဒီနေ့က တော်တော်စိတ်ပျက်စရာကောင်းတာပဲ။”

ဖရာလီတာက ကျောင်းသားတွေရဲ့ကသောင်းကနင်းနိုင်လှတဲ့ ပြဇာတ်ကို တာဝန်အရကြည့်ပြီးတဲ့နောက် သင်္ဘောပျံပေါ်ကို ပြန်ပြီးတက်လာပါတယ်။ သူ့ရုံးခန်းစားပွဲပေါ်မှာတော့ Archmegaရဲ့စက်ပစ္စည်း အပိုင်းအစတွေရှိနေပါတယ်။ သူ အဲဒီပစ္စည်းတွေကို ကြည့်ပြီးနောက် မျက်နှာမှာ မှောင်မိုက်တဲ့အရိပ်တွေနဲ် ပြည့်နှက်သွားတယ်။

“ယင်ကောင်က ငါ့ရဲ့ဇမ္မူရာဇ်ရွှေချပ်ဝတ်ကို ဖျက်ဆီးနိုင်တဲ့အထိ အစွမ်းထက်လာတာလား။ မက်ဒါနာနိုးမလာခင် သူတို့တစ်ခုခုထပ်လုပ်မယ်ဆိုရင် ငါတို့တားနိုင်မှာမဟုတ်ဘူး။ ဒီရက်တွေမှာ ငါနည်းပညာတွေအများကြီးကို တစ်ပြိုင်နက်တည်း အဆင့်မြှင့်နေခဲ့တာတောင်မှ ပိုးကောင်တွေက ထင်ထားတာထက် ပိုပြီးစွမ်းအားကြီးလာနေတုန်းပဲ။”

ဖရာလီတာရဲ့ခေါင်းထဲမှာ စိုးရိမ်ပူပန်စိတ်တွေနဲ့ ပြည့်နေပါတယ်။ သူက စက်ပစ္စည်းတွေရဲ့အခြေအနေကို ကြည့်ပြီးတဲ့နောက် မက်ဒါနာရှိနေတဲ့နေရာကို ဦးတည်သွားလိုက်တယ်။ ဒါပေမဲ့ ဝင်ပေါက်ရောက်တယ်ဆိုရင်ပဲ ဒိုင်းကိုင်ထားတဲ့ စစ်နတ်သမီးစက်ရုပ်နှစ်ရုပ်က ဝင်ပေါက်ကိုပိတ်ရပ်လိုက်တယ်။

“ဒီနေရာကို အရှင်မရဲ့အိမ်တော်ထိန်းချုပ်ကလွဲပြီး ဘယ်သူမှဝင်လို့မရပါဘူး။”

ဖရာလီတာက စက်ရုပ်နှစ်ရုပ်ကို မျက်လုံးမှေးပြီး ကြည့်လိုက်တယ်။ ဒီစက်ရုပ်တွေက သူတီထွင်ထားတာဖြစ်ပေမဲ့ လောလောဆယ် အေမီတစ်ယောက်တည်းရဲ့အမိန့်ကိုပဲ နာခံတော့တယ်။ ဒီလိုဖြစ်တာကလည်း မက်ဒါနာသတိမေ့မသွားခင်မှာ အေမီကို လုပ်ပိုင်ခွင့်အားလုံးပေးခဲ့တာကြောင့်ဖြစ်မှန်း ဖရာလီတာနားလည်တယ်။ ဒါပေမဲ့ မက်ဒါနာကိုတွေ့ခွင့်မရတဲ့အတွက် သူတော်တော်လေး စိတ်တိုနေပြီး မျက်လုံးကိုမှေးကာ အေးစက်စက်လေသံနဲ့ ပြောလိုက်ပါတယ်။

“အေမီဘယ်မှာလဲ၊ ငါသူနဲ့ စကားပြောစရာရှိတယ်။”

All Chapters