အခန်း (၆၄၆)
Vol. 47 Ch. 646
တိုက်ပွဲ စတင်ပြီ...
“ဓားပေါ်ကလူက ကောင်းကင်ဧကရာဇ်... တိထျန်းပဲ...”
ချမ့်ချန်၏ အသံက အနည်းငယ် တုန်ယင်သွားပြီး စုမင်နား နီးကပ်သွားကာ တိုးတိုးလေး ထပ်ပြောပြန်သည်။
“အင်မော်တယ်ပြည်က ဧကရာဇ်ငါးပါးနဲ့ပတ်သက်ပြီး ကောလဟာလတစ်ခုတယ်...စွမ်းအားကြီးတဲ့ အဝါရောင်ဧကရာဇ်က သေသွားရတာ တိထျန်းရဲ့လက်ချက်တဲ့...တိထျန်းက အဝါရောင်ဧကရာဇ်ရဲ့ တပည့်ပဲ... ဧကရာဇ်ရဲ့ သားသမီးတွေအားလုံးကို တိထျန်း က ချိတ်ပိတ်ပြီး တစ်နေရာစီခွဲထားလိုက်တယ်...”
စုမင်က စကားမပြောပေ။ သူက ကျောက်တုံးပေါ်တွင်သာထိုင်ကာ ကောင်းကင်ရှိတိထျန်းကို စိုက်ကြည့်မြဲကြည့်နေလေသည်။ ထိုအချိန်တွင် သူ့တွင် အားသာချက်တစ်ခုရှိသည်ကို သူသိသည် - သူ တိထျန်းကို မြင်နိုင်သော်လည်း တိထျန်းက သူ ထိုနေရာမှာရှိနေတာကို မသိခဲ့ပေ။
စုမင်က တိတ်ဆိတ်နေပြီး သူ့အကြည့်များက ပေလင်းနှင့်ချန်ရှင်းဆီသို့ရောက်သွားသော် ရှုပ်ထွေးသောအကြည့်များ ပေါ်လာသည်။
“ဒါက တိထျန်း ရဲ့ တပည့်...သခင်လေးပေလင်းပဲ...အဲ့ဒီလူရဲ့ အလားအလာက ရဲဝမ်ရဲ့ လက်အောက်မှာ ရှိပြီး ချန်ချုံးနဲ့လက်ရည်တူပဲ...လိုက်လျောညီထွေ နေတတ်တယ်လို့ ပြောကြတယ်... သူ့ဘေးနားက အမျိုးသမီးက သူ့ဂျူနီယာညီမလေး...”
ချမ့်ချန်က စုမင် စူးစူးစိုက်စိုက်ကြည့်နေရာကို လှမ်းကြည့်လိုက်ပြီး သူမြင်လိုက်သော လူများကို ချက်ချင်းပင် မိတ်ဆက်ပေးလိုက်သည်။
“ပေလင်းနဲ့ချန်ရှင်းတို့နောက်က နှစ်ယောက်က အင်မော်တယ်မြူရွက်ဂိုဏ်းက ဓမ္မကာကွယ်သူတွေ( ဂိုဏ်းထိန်းတွေ).. အခုအချိန်မှာသူတို့က အင်မော်တယ်မြူရွက်ဂိုဏ်းရဲ့အကြီးအကဲတွေဖြစ်နေပြီ... သူတို့ အင်မော််တယ်ပြည်မှာရှိတုန်းက တိထျန်းကိုနောက်ကိုလိုက်တဲ့ လက်အောက်ငယ်သားတွေပဲ...”
ဤချမ့်ချန်က အရာအားလုံးကို နှံ့စပ်ပုံရသည်။ စူမင်က သူ့ပါးစပ်တစ်ခုတည်းမှပင် အင်မော်တယ်များနှင့် သက်ဆိုင်သည့် လောကတစ်ခုလုံးကို နားလည်နေပြီဖြစ်သည်။
ချမ်းချန် စကားပြီးခါနီးတွင် နတ်ဆိုးဝိညာဉ်ရှိရာ ကောင်းကင်ထက်မှ အနက်ရောင်မြူခိုးထုကြီး ထွက်ပေါ်လာသည်။ အနက်ရောင် မြူခိုးများက ကောင်းကင်တစ်ခုလုံးကို ပြည့်သွားကာ အတွင်းမှ စူးစူးဝါးဝါး အော်သံများ ကြားနေရသည်။
အနက်ရောင် မြူခိုးထုကြီးက လေထဲတွင် လွင့်ပျံကာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသလို ထင်ရသည်။ ထိုမြူခိုးထုက အဆုံးအစမဲ့ပြီး နေရာအနှံ့ဖုံးလွှမ်းထားသောကြောင်း အဝေးက အလင်းရောင်ကို မည်သူမှ မမြင်နိုင်ပေ။ ဤအမှောင်ထုက စိတ်ဝိညာဉ်ကို ထိုးထွင်းဖောက်ထွင်းနိုင်သော စွမ်းအားတစ်ခု ပိုင်ဆိုင်ထားသကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်သံများနှင့်အတူ ရောက်ရှိလာသည်။ အယ်မော်တယ်ပြည်မှဆင်းသက်လာသူအားလုံးနီးပါး ၎င်းတို့၏နှလုံးသားများကို တုန်လှုပ်စေခဲ့သည်။ သူတို့ခန္ဓာကိုယ်ထဲကို အပ်များထိုးစိုက်လိုက်သကဲ့သို့ပင် သူတို့အားလုံး နာကျင်ကိုက်ခဲမှုကို မခံနိုင်သလို ရူးသွပ်စွာအော်ဟစ်နေလေသည်။
နတ်ဆိုးဂိုဏ်းက သာလွန်ကောင်းမွန်သော အနေအထားတွင်ရှိနေသည်။ အားနည်းသူများအပြင် တပည့်အများစု ခံနိုင်ရည်ရှိသော်လည်း အင်မော်တယ်ဂိုဏ်းများထဲမှ လူအများစုက ချက်ချင်းပင် ဖြူဖျော့သွားကြသည်။ သူတို့၏ မျက်ခုံးများကြားတွင်ပင် အနက်ရောင်အရိပ်များက လျင်မြန်စွာ ပေါ်လာသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များက တုန်တုန်ယင်ယင်ဖြင့် လျင်မြန်စွာ ညှိုးနွမ်းစပြုလာသည်။ သူတို့၏ အသွေးအသားများက ပျောက်ကွယ်မသွားဘဲ မျက်ခုံးလယ်ကြားက အနက်ရောင်ပုံရိပ်များမှ လျင်မြန်စွာ စုပ်ယူခံလိုက်ရသည်။ ထိုအရိပ်ထဲမှာ ဆိုးသွမ်းသောစိတ်ဝိညာဉ်များရှိသကဲ့သို့ အသွေးအသားများကို စုပ်ယူသွားသည်။
ထိုအခိုက်အတန့်တွင် အင်မော်တယ်များက စူးစူးဝါးဝါးအော်သံများကိုထုတ်လွှတ်နေစဉ် ကောင်းကင်ယံ၌ အေးစက်သောအသံတစ်ခုက လူတိုင်း၏နားထဲသို့ ကျရောက်လာသည်။ထိုအသံမှာ လေထုကိုဖြတ်သန်းလာသော တဝီဝီမြည်နေသည့်ဓါးသံပင်ဖြစ်သည်။ ကျောက်တုံးနှင့် သတ္တုကို ဓားဖြင့် ဖြတ်မိသကဲ့သို့ အသံထွက်ပေါ်လာပြီး ထိုအသံက လေပြင်းများကိုဖြစ်ပေါ်စေသည်။
ထိုအသံက လေထုထဲတွင် ပဲ့တင်ထပ်နေပြီး အင်မော်တယ်ဏ်းများမှ တပည့်များအားလုံးက အိပ်မက်မှ နိုးလာသကဲ့သို့ ချက်ချင်းပင် တုန်လှုပ်သွားကြသည်။ နိုးကြားသောအရိပ်အယောင်များ ပေါ်လာပြီး သူတို့၏ ခန္ဓာကိုယ်များ ညှိုးနွမ်းသွားခြင်း ရပ်တန့်သွားသည်။ သူတို့၏ မျက်ခုံးအလယ်မှ အနက်ရောင် အရိပ်များက ဆိတ်ငြိမ်သောနာကျင်မှုဒါဏ်ကို ခံစားရပြီးနောက် ပျောက်ကွယ်သွားသည်။
စုမင်က မျက်မှောင်ကြုတ်မိသွားသည်။ လေထုထဲတွင် မကောင်းဆိုးဝါး အော်ဟစ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည့်အခိုက်တွင်၊ သူက ညာလက်ကို မြှောက်ထားပြီး ချမ့်ချန်၏ ပခုံးကို ဖိထားလိုက်သည်။ ထိုစူးရှသော အော်ဟစ်သံများအောက်တွင် ချမ့်ချန်ဒါဏ်ရာမရဘဲ တုန်လှုပ်ရုံသာလှုပ်သွားခဲ့သည်။ သို့သော် စုမင်ဧ။်မျက်လုံးများ ကျဉ်းမြောင်းလာပြီး သူ့မျက်နှာတွင် လေးနက်သော အမူအရာ ပေါ်လာရခြင်း၏ အကြောင်းရင်းမှာ အင်မော်တယ်ဂိုဏ်းများတည်ရှိရာ ကောင်းကင်ထက်ရှိ ဖြာထွက်နေသော ဓားတစ်ချောင်းကို ယောင်ဝါးဝါး မြင်လိုက်ရသောကြောင့် ဖြစ်သည်။
ထိုဓားကို စစ်မြေပြင်တွင် မြင်နိုင်သူ အနည်းငယ်မျှသာ ရှိသည်။ ပေါင်ချိုးနှင့် သူ့ပတ်ဝန်းကျင်က တခြားလူများတောင် ထိုအရာကို မတွေ့နိုင်ပေ။ ရှန်းတုန်ကဲ့သို့ စွမ်းအားကြီးနယ်ပယ် မဟာစက်ဝန်းကြီး အဆင့်သို့ ရောက်ဖူးသူများသာ ၎င်း၏ဖြစ်တည်မှုကို အရိပ်အမြွက်ကို မြင်နိုင်မည်ဖြစ်သည်။
ထိုဓားပုံရိပ်က လှည့်စားမှုတစ်ခုမျှသာဖြစ်ပုံရသော်လည်း ၎င်းက ကမ္ဘာ့ဥပဒေသကို လိုက်နာပြီး အင်မော်တယ်ဂိုဏ်းများနေထိုင်ရာနေရာကို ပိုင်းခြားထားပုံရသည်။ ထိုဓါးက ခဏမျှ ပိုင်ခြားထားပုံရပြီး မကောင်းဆိုးဝါး အော်သံများကြောင့် အင်မော်တယ်ဂိုဏ်းတပည့်များကြားတွင် မွေးဖွားလာသော ကပ်ပါးနတ်ဆိုးများကို ဖယ်ရှားပစ်လေသည်။
ပို၍အရေးကြီးသည်မှာ၊ ထိုအေးစက်သောအသံကို ထုတ်လွှတ်ခဲ့သူမှာ စုမင် နှင့်ရင်းနှီးသော ခရမ်းရောင်ဝတ်ရုံနှင့်တိထျန်း မဟုတ်ဘဲ ရွှေရောင်ဝတ်ရုံကိုယ်ပွားပင်ဖြစ်သည်။
‘ကိုယ်ပွားနှစ်ခု… ရွှေရောင်ဝတ်ရုံကိုယ်ပွားက ခရမ်းရောင်ဝတ်ရုံထက်ပိုအားကောင်းတယ်...”
“အင်မော်တယ်နဲ့နတ်ဆိုးအင်မော်တယ်ကျိန်စာ...”
ချမ့်ချန်၏ မျက်နှာက ဖြူဖျော့လာပြီး နဖူးပေါ်မှာ ချွေးများ ရွှဲရွှဲစိုနေသည်။
“ဒါကနတ်ဆိုးအင်မော်တယ်ဂိုဏ်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ နတ်စွမ်းရည်ဖြစ်ပြီး ကျီအန်း အနှစ်သက်ဆုံး စွမ်းရည်တစ်ခုပဲ...အရင်တုန်းကတော့ ဒီကျိန်စာကို ကြားတဲ့သူတိုင်းဟာ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးလေးတွေ ပေါက်ဖွားလာတာကိုတွေ့ရတယ်... အဲ့ဒီနတ်ဆိုးလေးတွေက သူတို့ရဲ့အသွေးအသားများကို စုပ်ယူပြီး ခန္ဓာကိုယ်ကို ညှိုးနွမ်းစေတယ်
..ပြီးတော့ သေဆုံးတာနဲ့ နတ်ဆိုးပေါက်စလေးတွေ ထပ်မွေးဖွားလာမယ်...”
“အဲဒီ့နတ်ဆိုး ပေါက်စလေးတွေက ကျီအန်းရဲ့ အစွမ်းထက်တဲ့လူသတ်လက်နက်တွေပဲ.. ပြီးတော့ သူတို့က အင်မော်တယ်မွေးကင်းစလေးတွေအဖြစ်တောင် ပြောင်းလဲနိုင်တယ်...”
ချမ့်ချန်က တိတ်တိတ်ဆိတ်ဆိတ် ရှင်းပြသည်။
စုမင်က မျက်လုံးများကို မှိတ်ထားပြီး အဝေးမှ ကောင်းကင်ရှိ အဆုံးမဲ့ အနက်ရောင်မြူခိုးထုကြီးကို လှမ်းကြည့်လိုက်သည်။
ကောင်းကင်ရှိ အနက်ရောင် မြူခိုးထုက တရွေ့ရွေ့ ရွေ့လျားလာကာ ပို၍ နီးကပ်လာသည်။ စစ်မြေပြင်ရှိလူများက တိမ်တိုက်များအတွင်း မရေမတွက်နိုင်သော လူအများအပြားကို မြင်နိုင်သော်လည်း ၎င်းတို့က မြူခိုး၏အသွင်အပြင်နှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်ပါချေ။
မြူခိုးထုကြီးနီးကပ်လာသည်နှင့် အရှေ့ဘက်ရှိမြူခိုးများက ပေါင်းစည်းသွားပြီး ဧရာမလူသားမျက်နှာအဖြစ် ပြောင်းလဲသွားသည်။ ထိုမျက်နှာက အလွန်ရက်စက်ကြမ်းကြုတ်ပုံရပြီး အပ်ချည်မျှင်ကဲ့သို့ကြိုးများက ၎င်း၏ဆံပင်အဖြစ် တွဲလောင်းကျနေလေသည်။ထိုတည်ရှိမှုကအနီးသို့ ချဉ်းကပ်လာသည်နှင့်အမျှ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသည့် အက်ကွဲသံကြီး ထွက်ပေါ်လာသည်။
“တိထျန်း...”
ဤအသံက အရပ်ရပ်သို့ ပဲ့တင်ထပ်ကာ မြေပြင်ပေါ်ရှိ ကျင့်ကြံသူအားလုံး၏ နှလုံးသားများ တုန်လှုပ်သွားစေသည်။ ရှန်းတုန်နှင့် တခြားသူများတောင် အလားတူ ခံစားခဲ့ရသည်။စစ်ခုန်းနှင့် ချန်ချုံးတို့၏ မျက်နှာများလည်း ဖြူဖျော့သွားသည် ။
စုမင်က ကျောက်တုံးပေါ်တွင် ထိုင်နေပြီး လွန်ခဲ့သည့်အခိုက်အတန့်က သူ့မျက်လုံးများတွင် တောက်ပနေသော အလင်းရောင်ကလည်း ကွယ်ပျောက်သွားသည်။ သူက ကောင်းကင်ရှိ အနက်ရောင် မြူခိုးများကို ကြည့် နေလေသည်။ထိုလူ၏ နာမည်ကို မကြာခဏ ကြားဖူးပြီးနောက်မှာတော့ သူ့ကို ပထမဆုံး တွေ့လိုက်ခြင်းပင်ဖြစ်သည်။
စုမင်၏အကြည့်က မြူခိုးများကြားထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ပုံရပြီး အတွင်းဘက်သို့ ကြည့်လိုက်ရာ အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူနှစ်သောင်းက ခက်ထန်နေသောအမူအရာရှိပြီး သူတို့၏မျက်လုံးများက အနက်ရောင် အလင်းတန်းများဖြင့် တောက်ပနေလေသည်။ သူတို့ရှေ့မှာ အနက်ရောင် ၀တ်ရုံ ၀တ်ထားသော ကောင်လေးတစ်ယောက် ရှိလေသည်။
ထိုကောင်လေးက အင်မတန် ခန့်ညားတည်ကြည်လေသည်။ သူ၏အနက်ရောင်ဆံပင်များက လေထဲတွင် ကခုန်နေပြီး လက်ထဲတွင် အနက်ရောင်ယပ် တောင်တစ်ချောင်းကို ကိုင်ထားသည်။ အနက်ရောင် မြူခိုးများနှင့် အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ထားသူများ အနားမှာ မရှိခဲ့လျှင် ထိုကောင်လေးက ဘုန်းတန်ခိုးထွန်းလင်းပြီး အင်မတန် ကျက်သရေရှိမှာ သေချာလေသည်။
စုမင်က ကောင်လေးဆီသို့ လှမ်းကြည့်လိုက်သည်နှင့် တပြိုင်နက် ကောင်လေးက သူ့အကြည့်ကို သတိပြုမိသွားပုံရသည်။ထို့ကြောင့်သူ့ ခေါင်းကို ချက်ချင်းငုံ့ထားလိုက်သည်။ ထိုကောင်လေးက မြေပြင်ကို ခဏကြည့်လိုက်သော် သူ့မျက်ခုံးကြားမှာ အလင်းတန်းတစ်ခု ပေါ်လာသည်။ နောက်ပိုင်း သူက မြေပြင်ကို သိပ်မကြည့်တော့ပေ။
“ကျီအန်း..”
အင်မော်တယ်မြူရွက်ဂိုဏ်း၏ကောင်းကင်ယံ၌ မြူခိုးထုကြီးတလိမ်လိမ်တက်လာချိန်တွင် ရွှေဝတ်ရုံတိထျန်းက အမည်နာမတစ်ခုကို ရွတ်ဆိုလိုက်သည်။
“ဒီနေ့ အင်မော်တယ်နဲ့နတ်ဆိုးကြားက စစ်ပွဲက စတင်ပြီ..အနိုင်ရတဲ့သူက အရှေ့မြေရိုင်းမျှော်စင်ကို ထိန်းချုပ်နိုင်မယ်..ရှုံးတဲ့သူကတော့...”
ရွှေရောင်ဝတ်ရုံဝတ်တိထျန်းက တိုးညှင်းသောအသံဖြင့် ပြောသည်။ သို့ပေမဲ့ သူစကားမဆုံးခင်မှာ တိမ်မည်းတိမ်စိုင်များက ချက်ချင်းပေါက်ကွဲထွက်ပြီး ကောင်းကင်နှင့် မြေကြီးကို ခွဲခြားထားသကဲ့သို့ မြေပြင်တစ်ခုလုံးကို ချက်ချင်းပြည့်သွားစေသည်။
အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်ထားသည့် လူနှစ်သောင်းက ခေါင်းကိုမော့ကာ မြေပြင်ပေါ်ရှိ မြူခိုးများဆီသို့ ဆင်းသက်ကာ ရှည်လျားသော အနက်ရောင် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။
“ခင်ဗျား..ဘာလို့ဒီလောက်စကားများနေရတာလဲ တိထျန်း...အခု ခင်ဗျားအသက်ကြီးပြီး သူငယ်ပြန်တော့မယ်အရွယ် ရောက်နေပြီ.. နတ်ဆိုးဂိုဏ်းသားတွေ.. ရန်သူတွေကို အကုန်သတ်...”
မြေပြင်ပေါ်တွင် မြူခိုးများ ပြည့်သွားသည်နှင့် တပြိုင်နက် ကောင်းကင်၌ မည်သည့်အရာကိုမျှ မမြင်နိုင်တော့ဘဲ ကျီအန်း၏ ပုံသဏ္ဍာန်ကို လေထဲတွင် ပေါ်လွင်စေခဲ့သည်။ အနက်ရောင် ၀တ်စုံဝတ်ထားသည့် ကောင်လေးက သူ့မျက်နှာပေါ်တွင် ရက်စက်သော အပြုံးကို ၀တ်ဆင်ထားပြီး သူ့မျက်လုံးများက အေးစက်ခက်ထန်နေကာ သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပနေသည်။ သူက လုံးဝစိတ် ပေါ့ပါးပြီး ကိုယ်ပွားနှစ်ယောက်ကို အကြောက်အလန့်မရှိပေ။ သူ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တိထျန်းရှိရာ ဓားဆီသို့ ဦးတည်သွားခဲ့သည်။
ကိုယ်ပွားနှစ်ခုလုံး၏ မျက်လုံးများ တောက်ပလာပြီး ခရမ်းရောင် ၀တ်ရုံဝတ်ထားသူက သရော်သော မျက်နှာထားဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
“မင်းဟာ ငါတို့ရဲ့ တကယ့်မှော်ကိုယ်ထည်ထက် အနည်းငယ် အားနည်းပေမဲ့ ယင်မရဏနယ်မြေမှာရှိတဲ့ ဥပဒေဿ၊ ကန့်သတ်ချက်တွေကို မင်း ခံနိုင်ရည်ရှိနေတုန်းပဲ.. ငါတို့ကိုယ်ပွား နှစ်ယောက်ကို မင်း ဘယ်လို တွန်းလှန်မလဲ သိချင်တယ်...”
ကျယ်လောင်သောအသံများက ကောင်းကင်တွင် ပဲ့တင်ထပ်နေသော်လည်း မြေပြင်ပေါ်ရှိ မည်သူမျှ မကြားနိုင်ပေ။အဘယ်ကြောင့်ဆိုသော် ကောင်းကင်တွင် ပြည့်နေသော မြူခိုးများက အပေါ်ကို ဦးတည်နေသော အကြည့်အားလုံးကို ပိတ်ဆို့ထားသောကြောင့် ဖြစ်သည်။ ထို့နောက် ခပ်အုပ်အုပ်ပေါက်ကွဲသံများမှ လှိုင်းဂယက်ကြီးများက မဟာမြူရွက်အင်မော်တယ်ဂိုဏ်း၊ ဖုံးကွယ်နဂါးဂိုဏ်း၊ ကောင်းကင်မြူခိုးတာအိုးဂိုဏ်းတို့ဆီသို့ ရိုက်ခတ်သွားလေသည်။
ကျီအန်း ရောက်လာပြီးချင်းမှာပဲ တိုက်ပွဲ စတင်ဖြစ်ပွားတော့လေသည်။
တခဏချင်းမှာပင် မြူခိုးများ အပြင်ကို ပျံ့နှံ့သွားပြီး လူများ၏အမြင်အာရုံကိုဝေဝါးစေလေသည်။စုမင်က မတ်တပ်ထရပ်ပြီး ချမ့်ချန်၏ပုခုံးကို ရိုက်လိုက်သည်။ ထိုစဉ် ချမ့်ချန်၏ခန္ဓာကိုယ်ထဲသို့ ချက်ချင်းဆိုသလို ရွှေရောင်အလင်းတန်းတစ်ခု ရောက်ရှိလာသည်။
“မင်းမျက်လုံးတွေကိုမှိတ်ပြီး သေခြင်းယောင်ဆောင်နေ... ကံတရားက မျက်နှာသာပေးနေသရွေ့ မင်းကိုကာကွယ်ပေးမယ်.. ငါ့အစွမ်းတွေရှိနေသရွေ့ မင်း အသက်ရှင်လိမ့်မယ်”
စုမင်က ထိုသို့ပြောပြီးသည်နှင့် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ချမ့်ချန်က ခဏလောက် ထိတ်လန့်သွားပြီး ငယ်သံပါအောင်အော်ဟစ်လိုက်သည်။
“အားးးးး..ကောင်စုတ်လေး... ငါ့ကို တကယ်ရိုက်တယ်...”
သူက စူးစူးဝါးဝါးအော်လိုက်ပြီး နေရာတိုင်းကို လှမ်းကြည့်လိုက်သည်။ သူလဲကျသွားပြီး သူ့ဘေးနားက ကျောက်တုံးကြီးအောက်မှာ ခပ်မြန်မြန်လေး တွားသွားပြီး အောက်ကို လှဲချလိုက်လေသည်။ သူ့ရင်ဘတ်ထဲမှာ စိုးရိမ်စိတ်တဖွားဖွားပေါ်ပေါက်လာလေသည်။
စုမင်က တစ္ဆေသရဲကဲ့သို့ ရွေ့လျားသွားသည်။ သူ ရှေ့ရှိ မြူခိုးထဲသို့ ဖျတ်ခနဲ ရွေ့လျားသွားသည်။ ထို့နောက် သူ၏ မြင့်မြတ်သော နတ်ဘုရားအာရုံကို အပြင်သို့ ဖြန့်ကျက်လိုက်သည်။ သူ့ပတ်ဝန်းကျင်မှာ မြူများထူထပ်နေသော်လည်း သူအနေဖြင့် မှုစရာမရှိပေ။
စုမင်က သူ့ညာဖက်လက်ကို မြှောက်ကာ မြူခိုးများကို ညာဘက်သို့ဖယ်လိုက်သည်။ နာကျင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ဖုံးကွယ် နဂါးဂိုဏ်း၏ တပည့်တစ်ဦး၏ လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။ ထိုတပည့်၏ မျက်လုံးများတွင် ထိတ်လန့်မှုနှင့် စိတ်ပျက်အားငယ်မှုများ ပေါ်လာသည်။
နတ်ဆိုးဂိုဏ်းတွင် သူရပ်နေသည့်နေရာက ပြင်ပစည်းတပည့်များရှိရမည့် နေရာဖြစ်ကြောင်း သိလိုက်ရသည်။
သူ့မှာ ထိုမေးခွန်းကို စဉ်းစားရန် အခွင့်အရေးမရှိတော့ပေ။ စုမင်က သူ့ညာဖက်လက်ကို ညှစ်လိုက်သော် လေထဲမှာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ဖုံးကွယ်နဂါးဂိုဏ်း တပည့်၏ ဦးခေါင်း ပေါက်ကွဲသွားလေသည်။ထို့နောက် စုမင်က ရှေ့သို့ ဆက်လျှောက်သွားသည်။
အင်မော်တယ်ဂိုဏ်းသုံးဂိုဏ်းစုဝေးရာ၌ ဝတ်ရုံဖြူအမျိုးသမီးတစ်ဦးကို သူ၏နတ်ဘုရားအာရုံမှ ရှင်းရှင်းလင်းလင်းမြင်နိုင်ခဲ့သည်။ သူမတွင် အကာအကွယ်အစီအရင်များစွာ ထားရှိပြီး လူများထံ ရံဖန်ရံခါ ကျောက်စိမ်းပြားများ ပေးပို့လေ့ရှိသည်။ ဤကျောက်စိမ်းပြားများက အင်မော်တယ်ဂိုဏ်းများကြားရှိ ကျင့်ကြံသူငါးသောင်းကို အချိန်တိုအတွင်း မြန်မြန်ဆန်ဆန်စုစည်းစေသည့် အမိန့်နှင့်တူသည်။
နတ်ဆိုးဂိုဏ်းများက ထိုအနက်ရောင်မြူခိုးထုကြီးနှင့် သိသာစွာ ရင်းနှီးကြလေသည်။ သူတို့ ကြိုတင်ပြင်ဆင်ထားပြီး အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့်လူနှစ်သောင်း၏ ဦးဆောင်မှုအောက်မှာ အင်မော်တယ်များကို စတင်သတ်ဖြတ်တော့သည်။
စုမင်က သူ့ဘယ်ဘက်လက်ကို တည်ငြိမ်စွာမြှောက်လိုက်သည်။ သူ့ဘယ်ဘက်လက်ပေါ်ရှိ အစိမ်းရောင်အမှတ်အသားက လျင်မြန်စွာ တောက်ပလာပြီး မရဏအငွေ့အသက်က ဦးတည်ရာအရပ်ရပ်မှ သူ့လက်ဆီသို့တိုးဝင်လာသည်။
“ဒီယင်အသူရာချိပ်တံဆိပ်ခုနစ်ခုကို အသုံးပြုဖို့ စစ်မှန်တဲ့နည်းလမ်းက ယင်မရဏစွမ်းအားကို လွှဲပြောင်းဖို့ မဟုတ်ဘဲ မရဏအငွေ့အသက်တွေကို ချိပ်တံဆိပ်ဆီကို ပျံ့နှံ့စေရမှာ...”
သူ့စိတ်ထဲမှာရေရွတ်ပြီးနောက် သူ့မျက်လုံးထဲမှာ အေးစက်နေသော အလင်းတန်းတစ်ခု ပေါ်လာလေသည်။