← Chapters

စစ်ဗျူဟာ

Vol. 11 Ch. 5

စစ်ဗျူဟာ

Vol. 11 Ch. 5

“ရှင်က ကျွန်မကို မရအရတွေ့ခွင့်တောင်းတဲ့အထိ ပြောချင်နေတဲ့ကိစ္စဆိုတော့ သိပ်ကိုအရေးကြီးမယ့်ပုံပဲ။”

အေမီက အခန်းထဲကို ခပ်သွက်သွက်ဝင်လာတဲ့ ဖရာလီတာကို လှည့်မကြည့်ဘဲ ပြောလိုက်တယ်။ သူ့မျက်လုံးတွေကတော့ စောင့်ကြည့်ရေးကွန်ပျူတာတွေရဲ့မော်နီတာတွေကနေ နည်းနည်းလေးမှ အကြည့်မခွာဘူး။ ဖန်သားပြင်ပေါ်မှာ ထူးဆန်းတဲ့ဝတ်စုံဒီဇိုင်းတစ်ခုရှိနေပြီး တစ်ပြိုင်နက်တည်းမှာပဲ မက်ဒါနာရဲ့ခန္ဓာကိုယ်အခြေအနေတွေကို ဖော်ပြပေးနေပါတယ်။

“ကမ္ဘာပေါ်က နံပါတ်တစ် စွမ်းအားအကြီးဆုံး စူပါကွန်ပျူတာတစ်လုံးအနေနဲ့ နင်က ငါမပြောလဲ ဘာကိစ္စလည်းဆိုတာ သိပြီးသားဖြစ်မှာပါ။”

ဖရာလီတာက ခုံတစ်ခုံမှာ နေရာယူပြီး ပေါင်ချိတ်ထိုင်လိုက်တယ်။ လက်ကိုလည်း ပိုက်ထားသေးတယ်။ အေမီရဲ့လက်ရှိအပြုအမူတွေနဲ့ ပတ်သက်ပြီးတော့ သိပ်ကျေနပ်ပုံမရဘူး။

“ရှင့်အနေနဲ့ မမလေးကို တွေ့ခွင့်မရတဲ့အတွက် စိတ်ဆိုးနေတာသိပေမဲ့ မမလေးရဲ့ခန္ဓာကိုယ်က အခုအချိန်မှာ အထိအခိုက်မခံတဲ့အနေအထားကို ရောက်နေပါတယ်။ DNAကို ပြန်လည်တည်ဆောက်နေဆဲမလို့ ကိုယ်ခံအားစနစ်က အားနည်းနေသေးပြီး သာမန်လူတွေခံနိုင်ရည်ရှိပြီးသားရောဂါတွေက သူ့ခန္ဓာကိုယ်အတွက် သေစေနိုင်တဲ့ဆိုးကျိုးကို ဖြစ်စေနိုင်ပါတယ်။”

ဖရာလီတာက ခေါင်းညိတ်လိုက်တယ်။ ဒီကိစ္စကို သူသိပြီးသား။ ဒါပေမဲ့ သူလာရတဲ့အကြောင်းက အဲဒီကိစ္စမဟုတ်ဘူး။ ပြီးတော့ အေမီကိုယ်တိုင်ကလည်း အဓိကအကြောင်းအရာကို အရင်မပြောသေးဘဲ ဖရာလီတာစိတ်ဆိုးနေရတဲ့ အကြောင်းအရင်းကို ဖြေလျှော့ဖို့ ပြောနေခဲ့တာ။

“အဲဒါတွေငါသိတယ်။ ဒါပေမဲ့ မကျေနပ်တာက မကျေနပ်တာပဲ။ အချိန်ဖြုန်းမနေဘဲ အဓိကကိစ္စကိုပဲ ဆက်ပြောရအောင်။ လက်ရှိပိုးကောင်စစ်တပ်ရဲ့စွမ်းအားက ငါတို့ထက် အများကြီးပိုသာသွားပြီ။ သူတို့ဘာဆက်လုပ်မယ်ထင်လဲ။”

အေမီက သူ့လက်ချောင်းလေးတစ်ချောင်းကိုမြှောက်ပြီး နှုတ်ခမ်းပေါ်တင်လိုက်တယ်။ လက်ရှိမဟာမိတ်ရဲ့အနေအထားက တကယ့်ကို ကြိုးတန်းပေါ်မှာရောက်နေတာ။

“အရင်တစ်ကြိမ်မှာ ကျွန်မတို့က ဥစာကီရဲ့အားနည်းချက်ကိုသုံးပြီး သူတို့ကိုပြန်ဆုတ်အောင် လုပ်နိုင်ခဲ့ပေမဲ့ ရှုံးနိမ့်သွားတာ ကျွန်မတို့ပါ။ ပိုးကောင်စစ်တပ်အနေနဲ့ ကျွန်မတို့ထက် အများကြီးအင်အားသာတာမှန်ပေမဲ့ လောလောဆယ် သူတို့မှာမရှိတာက အရှိန်အဟုန်ပါ။ ဒါကြောင့် အရှိန်အဟုန်ရစေဖို့အတွက် တိုက်ပွဲအငယ်စားလေးတွေအများကြီးကို ဖန်တီးပြီး သူတို့တပ်တွေရဲ့စိတ်ဓာတ်ခွန်အားကို မြှင့်တင်လိမ့်မယ်။ ဒါကြောင့် နောက်နှစ်ပတ်အတွင်းမှာ ထိတွေ့တိုက်ပွဲတွေ ကမ္ဘာအနှံမှာဖြစ်လိမ့်မယ်။”

“တစ်နည်းအားဖြင့် ယင်ကောင်က အရှေ့ဘက်ကမ်းရိုးတန်းကို သိမ်းပိုက်ဖို့ကြိုးစားနေတာကိုရပ်ပြီး နေရာတိုင်းကနေ တိုက်လိမ့်မယ်ပေါ့။”

ဖရာလီတာက အတိုချုံးပြီးသုံးသပ်လိုက်တယ်။ အေမီက ခေါင်းညိတ်ပြီး အကျယ်ချဲ့ထပ်ရှင်းပြပါတယ်။

“ပိုးကောင်စစ်တပ်က မူလအစမှာ စည်းလုံးမှုမရှိဘဲ တစ်ကွဲတပြားစီ တိုက်ခိုက်ခဲ့ဖူးတယ်။ အဲဒီက တကယ့်ကို အောင်မြင်မှုမရှိဘဲ သူတို့ရဲ့အဓိကဗျူဟာအမှားဖြစ်ခဲ့တယ်။ ဘာရွန်နဲ့ဆာဂီဖစ်တို့လက်ထက်မှာ ပိုးကောင်စစ်တပ်က တစ်စုတစ်စည်းတည်းနဲ့ဗျူဟာကျနေရာတွေကို အင်အားပြည့်ဝင်တိုက်တာမျိုးလုပ်ခဲ့တယ်။ သူတို့တွေ နယ်မြေအများကြီးရခဲ့ပေမဲ့ မဟာမိတ်ရဲ့အင်ပြည့်အားပြည့်ခုခံမှုကိုခံရပြီးတော့ နောက်ဆုံးမှာ နေရာတစ်လက်မချဲ့ထွင်ဖို့တောင်မှ မဖြစ်နိုင်လောက်နီးပါးဖြစ်သွားတယ်။”

“ဒီတော့ တတိယစစ်တပ်အကြီးအကဲဖြစ်တဲ့ ယင်ကောင်က ပိုးကောင်စစ်တပ်ကို ပြန်ဖြန့်ခွဲပြီးတော့ ငါတို့ရဲ့အားနည်းတဲ့နေရာတွေကိုရှာပြီး တိုက်ဖို့လုပ်နိုင်တယ်ပေါ့။”

ဖရာလီတာက သူ့မေးကိုဆုပ်ကိုင်ထားရင်းနဲ့ ဖုန်းကနေတစ်ဆင့် ကမ္ဘာ့မြေပုံကို ကြည့်လိုက်တယ်။ လက်ရှိမှာမဟာမိတ်နဲ့ပိုးကောင်စစ်တပ်ရဲ့ပိုင်နက်နယ်မြေတွေက တစ်ဦးနဲ့တစ်ဦး မတိမ်းမယိမ်းရှိနေတယ်။ တကယ်တော့ ခုကာလနောက်ပိုင်းမှာ မဟာမိတ်ဘက်ကတောင် ပိုကျယ်ပြန့်လာသေးတယ်။ အထူးသဖြင့်အာဆီယံစစ်ဒေသက တရုတ်တောင်ပိုင်းကို ပြန်ထိုးဖောက်တိုက်ခိုက်နေပြီး နယ်မြေတချိုု့ပြန်ရထားတယ်။

“တကယ်တော့ ဖြစ်နိုင်ခြေဆိုတာထက် တကယ်ဖြစ်လာတော့မှာ။ ကျွန်မရဲ့တွက်ချက်မှုအရ ၁၀၁ ရာခိုင်နှုန်းကျိန်းသေနေတယ်။ မဟာမိတ်မစ်ရှင်အဖွဲ့အနေနဲ့ တစ်နေရာတည်းမှာ စစ်အင်အားစုစည်းထားတာကိုရပ်ပြီး စစ်ဒေသတိုင်းကို အဆင့်မြင့်အဖွဲ့ဝင်တွေလွှတ်သင့်တယ်။”

အေမီက အကြံတစ်ခုပေးလိုက်တယ်။ ဒါပေမဲ့ ဖရာလီတာမှာတော့ စိုးရိမ်မှုတွေအများကြီးရှိနေဆဲပါ။ သူက မြေပုံကိုထောက်ပြီးပြောလိုက်တယ်။

“ငါတို့မှာလောလောဆယ် နင်ငါနဲ့ ဆိုဖီယာ၊ ဖရက်၊ ဖရန့် စုစုပေါင်းအယ်ဖာအစစ်ငါးယောက်ပဲရှိတော့တယ်။ လင်ဒါနဲ့ဖ​လေရာက သာမန်အယ်ဖာတစ်ယောက်ကိုပေါင်းပြီး ရင်ဆိုင်နိုင်နေပြီဆိုပေမဲ့ အင်အားကောင်းတဲ့အယ်ဖာတွေနဲ့တွေကို မယှဥ်နိုင်သေးဘူး။ စစ်ဒေသတွေအနေနဲ့ကျတော့ ငါတို့မှာ ဥရောပစစ်ဒေ၊ မြောက်အမေရိကစစ်ဒေသ၊ ဘရာဇီးစစ်ဒေသ၊ အာဆီယံစစ်ဒေသ၊ အရှေ့အလယ်ပိုင်းနဲ့မြောက်အာဖရိကစစ်ဒေသ၊ တောင်အာရှစစ်ဒေသနဲ့ အရှေ့စွန်းဖျားစစ်ဒေသ ဆိုပြီး အများကြီးဖြစ်နေတယ်။”

“ရှင်ပြောတာကို ကျွန်မနားလည်တယ်။ နေရာတိုင်းမှာ အင်အားဖြန့်ကျက်မယ်ဆိုရင် ကျွန်မတို့လုပ်နိုင်ရင်တောင်မှ တစ်နေရာမှာ အယ်ဖာတစ်ယောက်ပဲ နေရာချနိုင်မှာဖြစ်ပြီးတော့ စစ်ဒေသတိုင်းကိုလည်း အယ်ဖာအဆင့်တွေပေးနိုင်မှာမဟုတ်ဘူး။ ဒီတော့ အင်အားဖြန့်တာက ကျွန်မတို့အတွက် အားနည်းချက်တောင် ဖြစ်သွားနိုင်သေးတယ်။”

ဖရာလီတာက အေမီရဲ့စကားကို ထောက်ခံတဲ့အနေနဲ့ ခေါင်းထပ်ညိတ်ပြတယ်။ ပြီးတဲ့နောက် ရန်သူတွေရဲ့ ဖြစ်နိုင်ခြေရှိတဲ့ဗျူဟာကို တွက်ချက်ပြတယ်။

“ရန်သူက အင်အားဖြန့်ပြီးတိုက်နိုင်တယ်ဆိုပေမဲ့ စစ်ပွဲအစကလို စစ်ဒေသတိုင်းကို အယ်ဖာတစ်ယောက်စီလွှတ်ပြီး သိမ်းခိုင်းတာမျိုး မဖြစ်နိုင်လောက်ဘူး။ စစ်ဒေသတစ်ခုကို အယ်ဖာ နှစ်ယောက်သုံးယောက်တစ်ဖွဲ့လွှတ်ပြီး အမြန်ချေမှုန်းခိုင်းတာမျိုး ဖြစ်နိုင်တယ်။ ဥပမာအနေနဲ့ မြောက်အမေရိကစစ်ဒေသကို ပိုးကောင်ဗိုလ်ချုပ်အများစုက လာတိုက်လို့ မစ်ရှင်အဖွဲ့က သွားခုခံရပြီဆိုပါတော့။ သူတို့က ဘရာဇီးကို အိုလီနဲ့ဂျက်စပါလို ခရီးသွားတာမြန်တဲ့ ပိုးကောင်ဗိုလ်ချုပ်အနည်းစုကိုလွှတ်ပြီး အမြတ်ရိတ်သိမ်းခိုင်းနိုင်တယ်။”

“တစ်နည်းအားဖြင့် တစ်နေရာကနေ အယောင်ပြတိုက်ပြီး နောက်တစ်နေရာကို အပိုင်သိမ်းတာမျိုးပေါ့။”

ဖရာလီတာက ခေါင်းကိုက်လာတဲ့ပုံစံနဲ့ သူ့ဆံပင်တွေကိုသူ ဆောင့်ဆွဲလိုက်ပါတယ်။ “လောလောဆယ် ပိုးကောင်စစ်တပ်က ငါတို့ထက် အယ်ဖာအဆင့်ပိုများတယ်။ သူတို့ရဲ့ပိုးကောင်ပုံစံနဲ့ မိုင်ထောင်သောင်းချီပြီးတော့ ခရီးသွားနိုင်သေးတယ်။ ငါတို့လည်းမလုပ်နိုင်တာမဟုတ်ပေမဲ့ ကန့်သတ်ချက်တွေရှိတယ်။ စစ်ဒေသတွေအများကြီး တစ်ပြိုင်နက်တည်းအတိုက်ခံရရင် နေရာတိုင်းကို စစ်ကူပေးဖို့ မဖြစ်နိုင်ဘူး။ နည်းနည်းလေးနှောင့်နှေးသွားတာကတင် စစ်ဒေသတစ်ခုလုံး ပျက်စီးသွားတာမျိုးနဲ့ကြုံရနိုင်တယ်။”

အေမီက စစ်သင်္ဘောပျံရဲ့အပြင်ဘက်က တိမ်တိုက်တွေကို လှမ်းကြည့်လိုက်ပါတယ်။ သူ့နှုတ်ခမ်းက ကွေးညွှတ်သွားပြီး အပြုံးတစ်ပွင့်ပေါ်လာတယ်။

“ဒါပေမဲ့ ရှင့်အနေနဲ့စိတ်ပူစရာအများကြီးမရှိဘူးလို့ ကျွန်မပြောချင်ပါတယ်။ ဒီဒုက္ခတွေက တစ်ခဏတာပါပဲ။ မမလေးသာ နိုးလာခဲ့ရင် ပိုးကောင်စစ်တပ်က ကျွန်မတို့ကို ဘာမှမလုပ်နိုင်တော့ပါဘူး။ ကျွန်မတို့အနေနဲ့ သူ့ရဲ့နန်းတက်ဝတ်စုံကိုပြင်ဆင်ပြီး သူသရဖူစောင်းမယ့်နေ့ကို စောင့်ကြိုနေဖို့ပဲလိုပါတယ်။”

....

ပိုးကောင်နန်းတော်မှာတော့ ဥစာကီက မှိုင်ထွေစွာနဲ့ ပလ္လင်ပေါ်မှာထိုင်နေတယ်။ ယင်ကောင်ကတော့ ခါတိုင်းနဲ့ မထူးခြားနားရှိနေပြီး ဥစာကီကို ရိုသေစွာ ခစားနေပါတယ်။

“ယင်ကောင်၊ ငါက တော်တော်ပျော့ညံ့တဲ့ ဘုရင်မတစ်ပါးလို့ နင်တွေးနေတယ်မဟုတ်လား။ ငါက ဆုံးဖြတ်ချက်တွေမပြတ်သားဘူး။ ဒါကြောင့်လည်း အကြိမ်ကြိမ်ရုပ်သေးဖြစ်ခဲ့တယ်နဲ့တူပါတယ်။ အခုလည်း မင်းက ငါ့ကိုပိုးကောင်တွေအတွက် အတားအဆီးလို့ မြင်ချင်မြင်နေမှာပေါ့။”

ဥစာကီကပြောလိုက်တော့ ပိုးကောင်က ခေါင်းခါပြပါတယ်။ “ကျွန်တော်​က ဘုရင်မကို အဲဒီလိုမမြင်ပါဘူး။ ဘုရင်မက လူသားတွေဆီက ရောဂါတစ်ခုကြောင့် နာမကျန်းဝေဒနါခံစားနေရရုံတင်ပါ။ ပိုးကောင်စစ်တပ်ရဲ့အကြီးအကဲအနေနဲ့ အဲဒီရောဂါရင်းမြစ်ကို ဖြတ်တောက်မယ့်နည်းလမ်းကိုရှာပြီး အရှင်မကို နေကောင်းအောင် လုပ်ပေးပါ့မယ်။”

ဥစာကီက အရင်းအမြစ်ကို ဖြတ်တောက်မယ်ဆိုတဲ့ စကားစုကြောင့် မှေးမှိန်နေတဲ့ မျက်လုံးအကြည့်တွေနဲ့ ယင်ကောင်ရဲ့မျက်လုံးတွေကို စိုက်ကြည့်လိုက်တယ်။ ယင်ကောင်ရဲ့မျက်လုံးတွေက ဆုံးဖြတ်ချက်ပြတ်သားမှုအပြည့်နဲ့တောက်ပနေပေမဲ့ ဥစာကီရဲ့မျက်လုံးတွေကတော့ မျှော်လင့်ချက်ကင်းမဲ့မှုကြောင့် တွင်းနက်ကြီးတစ်စုံလို မှောင်မိုက်လို့။

“မင်းပြောတဲ့ ရောဂါကိုအမြစ်ကနေဖြတ်မယ်ဆိုတာက ငါချစ်တဲ့သူတွေကို သတ်ဖြတ်ဖို့မဟုတ်လား။ ဒီလိုဆိုရင်တော့ ငါခွင့်မပြုနိုင်ဘူး။” ဥစာကီရဲ့ခန္ဓာကိုယ်က တောင့်တင်းသွားတယ်။ သူ့လက်တွေက ပလ္လင်ရဲ့လက်ရန်းကို တင်းတင်းဆုပ်ကိုင်ထားပါတယ်။

ယင်ကောင်က ယောင်ယောင်လေး ပြုံးလိုက်ပါတယ်။ အဲဒီနောက်တော့ ရင်ဘက်ပေါ်ကိုလက်တင်ကာ ဦးညွှတ်လိုက်ပြီး

“အဲဒီလိုမဟုတ်ပါဘူး။ အဲဒီနည်းလမ်းကို ဘာရွန်လည်း ကြိုးစားခဲ့ပြီးပြီမဟုတ်လား။ မအောင်မြင်တဲ့ နည်းလမ်းတစ်ခုကို ဘာကြောင့်ထပ်ခါထပ်ခါစမ်းသပ်ကြည့်မှာလဲ။ ကျွန်တော်က နည်းလမ်းသစ်ရှာမှာပါ။”

ဒီတော့မှ ဥစာကီက စိတ်ချသွားဟန်နဲ့ အသက်ကိုပုံမှန် ပြန်ရှုပါတယ်။

“ဒီတော့ မင်းက ဘယ်လိုကုသဖို့နည်းလမ်းရှာမယ်လို့ စိတ်ကူးထားလဲ။”

ဥစာကီက အဖြေရှာတဲ့အနေနဲ့ ယင်ကောင်ရဲ့စကားကို စောင့်နေတယ်။ ဒါပေမဲ့ ယင်ကောင့်မှာ လောလောဆယ် အဲဒီကိစ္စအတွက် အဖြေရှိပုံမရပါဘူး။

“လောလောဆယ်တော့ အဲဒီအတွက်သဲလွန်စသေးသေးလေးတောင် ကျွန်တော့်မှာမရှိပါဘူး။ ကျွန်တော်ဟာ မွေးလာတည်းက လူသားတွေအပေါ်မှာ သံယောဇဥ်မရှိတဲ့ ကိုယ့်မိဘကိုယ်တောင် သတ်နိုင်ခဲ့တဲ့ ကပ်ပါးတစ်ကောင်ပါ။ ဒါကြောင့် အရှင်မရဲ့ရောဂါကို အပြည့်အဝနားမလည်နိုင်ပါဘူး။”

ဥစာကီက လေပူတွေကို မှုတ်ထုတ်လိုက်တယ်။ ယင်ကောင်က သူ့ရဲ့ရဲဘော်ရဲဘက်တွေကလွဲလို့ ဘယ်သူ့ကိုမှ သူ့စိတ်ထဲမထည့်တဲ့သူပါ။ ဥစာကီရဲ့ပြဿနာအကြောင်းကို သူကောင်းကောင်း နားမလည်တာမှန်ပေမဲ့ အဖြေကိုရှာတွေ့နိုင်တယ်လို့ သူ့မှာယုံကြည်ချက်ပြင်းထန်စွာရှိနေတာကလည်း သူ့ရဲ့ထူးခြားချက်ပါပဲ။

“ဒီအတွက် သခင်မကို ကျွန်တော်ခွင့်ပြုချက်တစ်ခု တောင်းချင်ပါတယ်။ လူသားတွေဆီက အစပြုတဲ့ ရောဂါကိုကုဖို့အတွက် လူသားတွေအကြောင်းကို ပိုနားလည်ဖို့လိုမယ်လို့ ကျွန်တော်ထင်တယ်။ ဒါကြောင့် လူသားတစ်ယောက်အနေနဲ့တစ်ခဏလောက် နေကြည့်ချင်တာကြောင့် နန်းတော်ကနေ ထွက်ခွာသွားခွင့်ပြုပါ။”

“နားလည်ပြီ၊ မင်းက လူသားတစ်ယောက်အနေနဲ့ အတွေ့အကြုံရှာချင်တယ်ပေါ့။ ခွင့်ပြုတယ်။”

ဥစာကီက ယင်ကောင်ကို ခွင့်ပြုမိန့်ပေးလိုက်တယ်။ ဒါပေမဲ့ ယင်ကောင်မှာ တခြားပြောစရာတွေရှိနေသေးပုံပဲ။

“ကျွန်တော်ထွက်သွားနေတဲ့အချိန်အတွင်းမှာ လက်ရှိပိုးကောင်စစ်တပ်ရဲ့အသာစီးရမှုကို ဖြုန်းတီးပစ်တာမျိုး မဖြစ်စေချင်ဘူး။ ဒါကြောင့် ဗျူဟာနဲ့စစ်ဆင်ရေးတချို့ကို ကြိုတင်စီမံပါရစေ။”

အဲဒီနောက်တော့ ယင်ကောင်က ကမ္ဘာ့မြေပုံကို ညီလာခံခန်းမအတွင်းမှာ ဖြန့်ချလိုက်ပြီးတော့ သူ့ရဲ့စစ်ဗျူဟာကို ရှင်းပြတယ်။

“ကျွန်တော့်အတွေ့အကြုံအရပြောရရင် ပိုးကောင်စစ်တပ်အနေနဲ့ ရန်သူ့ဌာနချုပ်ဖြစ်တဲ့ အနောက်ဘက်ကမ်းခြေကိုသိမ်းဖို့ အချိန်မကျသေးဘူးလို့မြင်ပါတယ်။ အဲဒီအစား ဌာနချုပ်နဲ့ဝေးပြီး ပိုအားနည်းတဲ့ စစ်ဒေသတွေဖြစ်တဲ့ အရှေ့စွန်းဖျားစစ်ဒေသနဲ့အာဆီယံစစ်ဒေသတွေကို ဂရုစိုက်ကိုင်တွယ်သင့်ပါတယ်။ ကျွန်တော်မသွားခင်မှာ အသေးစိတ်ကို အိုလီနဲ့တိုင်ပင်ခဲ့ပါမယ်။ သူက စွမ်းအားမကြီးပေမဲ့ ဗျူဟာပိုင်းမှာစိတ်ချရတယ်။”

“အင်ကုန်အားကုန်တိုက်မှာထက် နေရာဖြန့်ကျက်ပြီး တိုက်တဲ့စနစ်ကို ပြန်သုံးမယ်ပေါ့။ နားလည်ပြီ။”

ဥစာကီက ယင်ကောင်ရဲ့ဗျူဟာကို အကြမ်းဖျင်းနားလည်သွားတယ်။ ယင်ကောင်က ထပ်ဖြည့်ပြောလိုက်တယ်။

“ဒီတစ်ခေါက်က ဖြန့်ကျက်တိုက်တယ်ဆိုပေမဲ့ ပထမတစ်ခါကလို အစီအစဥ်မကျတစ်ဦးချင်းလှုပ်ရှားရတာမျိုးမဟုတ်ဘဲ တစ်ဦးနဲ့တစ်ဦးချိတ်ဆက်ပြီး ဗျူဟာကျကျ စည်းချက်ညီညီ ရန်သူကိုအလုပ်ရှုပ်အောင်လုပ်မှာပါ။ မဟာမိတ်အနေနဲ့ ကျုပ်တို့ပျောက်ကြားတိုက်စစ်တွေကို အစပိုင်းမှာခုခံနိုင်ရင်တောင် အချိန်ကြာလာတာနဲ့အမျှ နေရာအနှံကိုခုခံနေရတာကြောင့် လက်ပန်းကျလာပါလိမ့်မယ်။

ကျွန်တော်ပြန်လာတဲ့အချိန်မှာ ဘုရင်မရဲ့ရောဂါကိုကုသပေးနိုင်မှာမလို့ အဲဒီအချိန်ကျရင် ကမ္ဘာကြီးက အရှင်မလက်ထဲ အသင့်ရောက်လာတော့မှာပါ။ အရှင်မအရွယ်ရောက်တဲ့အထိ စောင့်စရာတောင်မလိုဘူးလို့ ကျွန်တော်ပြောရဲတယ်။”

အဲဒီနောက်တော့ ယင်ကောင်က ဦးစားပေးတိုက်ခိုက်သင့်တဲ့ စစ်ဒေသတွေထဲကမှ အရင်ဆုံး အထူးဦးစားပေးတိုက်သင့်တဲ့နေရာတွေကို မင်နဲ့စဝိုင်းပြတယ်။ မြို့တော်တော်များများပါပြီး အများစုက မဟာမိတ်ရဲ့စစ်ဒေသဌာနချုပ်တွေပါ။

“ အရှေ့စွန်းဖျားစစ်ဒေသမှာတော့ စစ်ဒေသဌာနချုပ်ဖြစ်တဲ့ တိုကျိုကို ဦးစားပေးတိုက်ရမယ်။ ဦးရင်တော့ အိုဆာကာ၊ တိုင်ပေနဲ့ ဘူဆန်မြို့တွေကို အပြတ်ဖြတ်ရမယ်။ အရှေ့စွန်းဖျားရဲ့လက်ရှိကာကွယ်သူက အာကိုင်းဂါမီကိုင်းတိုပဲ။ သူက အားကောင်းတဲ့ S rank မလို့ အယ်ဖာတစ်ယောက်ကိုထိန်းထားနိုင်လောက်တယ်။ ဒါကြောင့် အဲဒီနေရာကို အနည်းဆုံးအယ်ဖာသုံးယောက်လွှတ်ပြီး အပြတ်ရှင်းရမယ်။ သူ့ကိုမြန်မြန်မရှင်းနိုင်ရင်တော့ နယူးယောက်ဌာနချုပ်က ဝင်ပါလာနိုင်တယ်။ ဒါပေမဲ့ ကိစ္စမရှိဘူး၊ သူတို့ဝင်ပါလာရင် အာဆီယံစစ်ဒေသက အဓိကသိမ်းရမယ့်နေရာဖြစ်သွားပြီ။”

“အာဆီယံစစ်​ဒေသက အရှေ့စွန်းဖျားနဲ့ယှဥ်မယ်ဆိုရင် နယူးယောက်နဲ့ပိုဝေးတယ်။ စစ်ကူပေးဖို့ပိုခက်လိမ့်မယ်။ သူတို့ရဲ့ဌာနချုပ်က စင်္ကါပူမှာ။ သိမ်းရမယ့်မြို့ကြီးတွေက ဘန်ကောက်၊ ရန်ကုန်၊ ဟနွိုင်း၊ ကွာလန်လန်ပူမြို့တွေပဲ။ သူတို့ရဲ့ကာကွယ်သူက သူရိယရာဇာနဲ့အသုံးမဝင်တဲ့ အာဆီယံ A rank တစ်သိုက်ပဲ။ သူရိယရာဇာက ယူနန်ကိုသိမ်းပြီးနောက် ပြည်သူတွေရဲ့ယုံကြည်မှုကြောင့် ပိုစွမ်းအားကြီးလာပေမဲ့ အများဆုံးမှ သာမန် S rank တစ်ယောက်လောက်ပဲ စွမ်းဆောင်နိုင်မှာ။ စစ်ကူအချိန်မီမရရင် သူတို့ကျုပ်တို့ကို ခုခံနိုင်မှာမဟုတ်ဘူး။”

“ဒီတော့ အကြမ်းဖျင်းအနေနဲ့ဆိုရင် နင့်ဗျူဟာက အာရှတိုက်က စစ်ဒေသနှစ်ခုကို တစ်ပြိုင်နက်တည်းသိမ်းဖို့လုပ်မှာပေါ့။”

ဥစာကီက သုံးသပ်လိုက်တယ်။ ယင်ကောင်က ခေါင်းညိတ်လိုက်ပြီးနောက်မှာ ဥစာကီကို တစ်ချက် တောင်းဆိုလိုက်ပါတယ်။

“ပြောရမှာစိုးရွံပေမဲ့ အရှင်မကို တစ်ခုတောင်းဆိုချင်ပါတယ်။”

“ဘာများလဲ။”

“ကျွန်တော်အရှင်မရဲ့ရောဂါကို ကုဖို့နည်းလမ်းမတွေ့မချင်း စစ်တပ်ကိုမကွပ်ကဲပါနဲ့။ အရှင်မရဲ့စွမ်းရည်ကိုမယုံကြည်တာမဟုတ်ပေမဲ့ အရှင်မသာ စစ်တပ်ကိုကွပ်ကဲခဲ့ရင် ပြဿနာတွေအများကြီးဖြစ်လာနိုင်ပြီး စစ်တပ်အတွက်ရော အရှင်မကိုယ်တိုင်အတွက်ပါ အန္တရာယ်ရှိလာနိုင်တယ်။”

ဥစာကီက ယင်ကောင်ရဲ့စကားကို ငြင်းဆန်ချင်ပေမဲ့ ရင်ထဲမှာ စူးခနဲတစ်ချက်ခံစားလိုက်ရပြီး ကြမ်းပြင်ကိုသာ ငုံကြည့်နေမိတော့တယ်။

“ငါနားလည်ပါတယ်... အင်အားကြီးတဲ့ပြိုင်ဘက်တစ်​ယောက်ထက် အရည်အချင်းညံ့ဖျင်းတဲ့ ခေါင်းဆောင်တစ်ယောက်က ပိုကြောက်ဖို့ကောင်းတယ်။”

All Chapters