ကောင်းကင်နတ်သိုင်းကို ပြည့်စုံစေ၍ တစ္ဆေသင်္ဘောဖြင့် အချိန်ခရီးသွားခြင်း
Vol. 80 Ch. 1042
မာန်ဟုန်မြစ်၏ မျက်နှာပြင်ထက်တွင် ကောင်းကင်နဂါးခြောက်ကောင် ဆွဲလာသည့် ရထားလှည်းကား လျင်မြန်သွက်လက်စွာ ပျံသန်းနေချေသည်။ ရထားလှည်းထဲတွင် ချင်မူသည် ကောင်းကင်နတ်အရှင်လင်၏ဆံထိုးကို ထုတ်ကာ အသုံးပြုလိုက်၏။ ချက်ချင်းဆိုသလို ရေမျက်နှာပြင်အောက်၌ သားရဲကြီးတစ်ကောင် လှုပ်ရှားသွားသကဲ့သို့ လှိုင်းများထန်လာတော့သည်။
ရုတ်တရက် ကောင်းကင်က မှိန်ကျသွားကာ မည်းမှောင်လာသည်။ မကောင်းဆိုးဝါးကြီးတစ်ကောင်သည် အရာအားလုံးကို ဝါးမြိုရန် မြစ်ရေပြင်အောက်၌ ငုပ်လျှိုးနေသယောင် ထင်ရ၏။
ရထားလှည်းကို ဆွဲနေသော နဂါးခြောက်ကောင်မှာလည်း ထိတ်လန့်လာသဖြင့် မှောင်မည်းနေသော မြစ်ရေပြင်ထက်၌ အသော့ပြေးသည်။ ထိုအချိန်မှာပင် သင်္ဘောရွက်တိုင်များက မြစ်ပြင်ကို နှစ်ခြမ်းခွဲ၍ ဧရာမလှိုင်းလုံးကြီးနှစ်လုံး မြောက်တက်သွားစေရင်း ထွက်ပေါ်လာသည်။
နဂါးချီလင်က ကောင်းကင်နဂါးများ ပိုမြန်မြန်ပြေးအောင် ကြာပွတ်အား လေထဲသို့ ရိုက်ချလိုက်သဖြင့် နဂါးခြောက်ကောင်မှာ ရွက်တိုင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးတော့သည်။
အဝေးတွင် ရွက်တိုင်များစွာ ထပ်မံထိုးထွက်လာနေသည်။
မြစ်အောက်တွက် အရှိန်နှင့် ရွက်လွှင့်နေသော သင်္ဘောကား အင်မတန် ကြီးမားလှ၏။
ရုတ်တရက် ဗွမ်းခနဲ မြည်ဟည်းသံကြီးနှင့်အတူ ရှေးဟောင်းစစ်သင်္ဘောတစ်စင်းက မြစ်ပြင်ကိုခွဲလျက် ထွက်ပေါ်လာချေပြီ။ မြစ်ရေများက သင်္ဘောကုန်းပတ်ပေါ်မှ ရေတံခွန်သဖွယ် တဝေါဝေါ စီးကျနေသည်။
မရေမတွက်နိုင်သော အနက်ရောင်အလင်းတန်းများနှင့် ချီတန်းများသည် သင်္ဘောကို ဗဟိုပြု၍ သံကြိုးများပမာ ကြက်ခြေခတ်တုပ်နှောင်ထားကြပြီး သင်္ဘောဆီမှ တစ္ဆေအော်သံလို အသံများ ထွက်လာနေသည်။
ဖြန်း....
နဂါးချီလင်က ကြာပွတ်ကို သုံး၍ ကောင်းကင်နဂါးများအား ခြောက်လန့်ကာ အနက်ရောင်အလင်းနှင့် ချီများ ဝန်းရံထားသော သင်္ဘောဆီ တရှိန်ထိုး ပြေးစေသည်။
ရထားလှည်း ၀င်ရောက်လိုက်သည့်အချိန်မှာပဲ တစ္ဆေသင်္ဘောက မြစ်ထဲသို့ ပြန်လည်နစ်မြုပ်သွားလေသည်။ သင်္ဘောကြီးသည် တဝင်းဝင်း တောက်ပနေသော အလင်းတန်းများနှင့်အတူ မာန်ဟုန်မြစ်ပြင်ထက်မှ ပျောက်ကွယ်သွား၏။
ကောင်းကင်နဂါးများက တုံ့ခနဲ ရပ်လိုက်ကြသောကြောင့် ရထားလှည်းမှာ သင်္ဘောကုန်းပတ်တစ်လျှောက် ချော်ထွက်သွားသည်။
ချင်မူ ထရပ်၍ ကန့်လန့်ကာ ဖွင့်လိုက်သည်။ အပြင်တွင် ပိတ်ပိတ်ပိန်း မှောင်မည်းနေချေသည်။ အနက်ရောင်ခေါင်းတလားများက ရတားလှည်း၏ ပတ်ဝန်းကျင်တွင် ငြိမ်သက်စွာ ထောင်မတ်လျက် ရှိနေကြသည်။
အခေါင်းများစွာ ပြုံနေသဖြင့် ကောင်းကင်နဂါးများမှာ ရှောင်ရတိမ်းရ ခက်နေ၏။
“နောက်ကျတယ်... ညီလေး”
အသံတစ်သံ ထွက်ပေါ်လာသော်လည်း မည်သူ့ကိုမှ မမြင်ရချေ။ “ငါ ဒီသင်္ဘောနဲ့ တစ်သားတည်းဖြစ်သွားလို့ အခု ကိုယ်ပျောက်နေပြီ... မင်း ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကို မဖျက်ဆီးနိုင်ရင် ငါတို့ကို မကယ်နိုင်ဘူး”
ကောင်းကင်နဂါးများ၊ ယန်အာနှင့် နဂါးချီလင်တို့မှာ အသံလာရာဆီ ကြည့်လိုက်သော်လည်း မည်သူ့ကိုမှ မမြင်ရချေ။ ကိုယ်ပျောက်လူသားတစ်ယောက်က ပုန်းနေသည့်အလား ထင်ရသည်။
သို့ထိတိုင် မျက်လုံးများ မှိတ်ကြည့်လိုက်လျှင် နေရာတိုင်း၌ လူများရှိနေသည်ကို ခံစားနေရ၏။ အရေအတွက်က ထောင်နှင့်ချီသည်။
ချင်မူလည်း ရထားလှည်းပေါ်မှ ဆင်းပြီး ဆံထိုးကို ယမ်းခါကြည့်သည်။ ထိုအခါ ပတ်၀န်းကျင်၏ အမှောင်ထု ပြိုကွဲသွားပြီး အလင်းရောင်တို့ ဝင်ရောက်လာ၏။ သင်္ဘောကုန်းပတ်ပေါ်၌ ရှိနေသော်လည်း လူရိပ်များလည်း မြင်သာလာသည်။
သူတို့၏ သိုင်းအခြေခံသည် အင်အားကြီးမားကြ၏။ သူတို့ကား အခြားသူများမဟုတ်။ ကမ္ဘာဦးခေတ်၏ ယွီလင်နန်းစောင့်တပ်ဖွဲ့ဖြစ်ချေသည်။
သူတို့အကြား၌ သက်လတ်ပိုင်းလူတစ်ဦး ရှိသည်။ သူက ယွီလင်နန်းစောင့်တပ်ဖွဲ့၏ တပ်မှူး၊ တပ်မှူးတံဆိပ်အား ထိန်းချုပ်သူ ဝေစွေ့ဖုန်းမှတစ်ပါး တခြားမဟုတ်ပေ။ အဆုံးမဲ့တိမ်တိုက်နန်းတော်၏ အဆုံးမဲ့တိမ်တိုက်ဧကရာဇ်လည်း ဖြစ်၏။
စစ်သည်တော်များမှာ မိမိကိုယ်ကိုအပြင် တစ်ယောက်ကို တစ်ယောက်လည်း ပြန်မြင်လိုက်ရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကုန်ကြကာ အားပါးတရ အော်ဟစ်ကြသည်။
ဝေစွေ့ဖုန်းက သူ့လက်သူ ငုံ့ကြည့်ပြီးနောက် သူ့အနားရှိ စစ်သည်တော်များဆီ ကြည့်လိုက်ရင်း အံ့အားသင့်သွား၏။ “ညီလေး... မင်း ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကို ဖျက်ဆီးလိုက်တာလား”
ချင်မူက ခေါင်းခါသည်။ “အစ်ကိုကြီး ကိုယ်ပျောက်နေတာ ခဏရပ်သွားအောင် ကူညီပေးလိုက်တာပါ... အစ်ကိုကြီးတို့ တစ္ဆေသင်္ဘောနဲ့ တစ်သားတည်းဖြစ်နေတာကနေ လွတ်မြောက်ဖို့ ကျွန်တော် ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကို မဖျက်ဆီးနိုင်သေးဘူး”
ရုတ်တရက် ဇာမဏီငှက်အော်သံတစ်သံ ထွက်ပေါ်လာပြီး သင်္ဘောအနောက်ပိုင်းမှ ကျောက်တုံးခေါင်းတလားကြီးနှင့်အတူ ဇာမဏီငှက်တစ်ကောင် ထွက်လာသည်။ ယင်းက ကုန်းပတ်ဆီ ပျံလာ၍ မိန်းမပျိုတစ်ဦးအသွင် ပြောင်းလဲကာ ခေါင်းတလားအား ပစ်ချလိုက်၏။ သူမသည် ကမ္ဘာဦးဘုံရှိ ဇာမဏီငှက်မျိုးနွယ်ခေါင်းဆောင်၊ အမိကမ္ဘာမြေ၏ အခြွေအရံ ဖုန့်ချိုးယွင် ဖြစ်ချေသည်။
သူမသည် အမိကမ္ဘာမြေ၏အမိန့်အရ ကျောက်ခေါင်းတလားထဲရှိ ချုံဧကရာဇ်အလောင်းကို တစ္ဆေသင်္ဘောအပေါ် သယ်လာခဲ့ပြီးနောက် ဤနေရာတွင် ပိတ်မိသွားခဲ့၏။ နတ်ကောင်းကင်ခန်းမအဆင့် သူမသာမက ခေါင်းတလားအထဲရှိ ချုံဧကရာဇ် အလောင်းမိစ္ဆာလည်း တစ္ဆေသင်္ဘောအတွင်း၌ ပိတ်မိသွားခဲ့လေသည်။
“ကောင်းကင်နတ်အရှင်မူ”
ဖုန့်ချိုးယွင်သည် ချင်မူနှင့် ရထားလှည်းကို ကြည့်ကာ ကပျာကယာ မေး၏။ “အချိန်တွေ ဘယ်လောက် ကြာသွားပြီလဲ... အမိကမ္ဘာမြေ ဘယ်မှာလဲ”
“အမိကမ္ဘာမြေ သေဆုံးသွားပြီ”
ချင်မူက ဖြေလိုက်သည်။ “ကမ္ဘာဦးဘုံက အခု ကောင်းကင်နတ်အရှင်ရှောင်ရဲ့ လက်ထဲမှာပဲ”
ဖုန့်ချိုးယွင်မှာ မိဘကို ဆုံးရှုံးလိုက်ရသကဲ့သို့ အလွန်ဝမ်းနည်းပက်လက် ဖြစ်ကာ ငေးငိုင်သွားတော့သည်။
ဝေ့စွေ့ဖုန်းက သက်ပြင်းချသည်။ “ငါ ချန်ခဲ့တဲ့ မြေပုံပေါ်က နေရာတွေဆီ ရောက်ပြီးပြီလား... မင်း ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကို အခု မချိုးဖျက်နိုင်ရင် ကောင်းကင်နတ်အရှင်လင်ရဲ့ နေအိမ်အဟောင်းတစ်အိမ်အိမ်မှာ သူ့ရဲ့ မပြောင်းလဲနိုင်တဲ့ ကောင်းကင်နတ်သိုင်းနဲ့ ပတ်သက်တဲ့ မှတ်စုတချို့ သွားလေ့လာကြည့်လို့ရတယ်... အဲဒီအိမ်ကို ငါ မင်းဆီ ပေးထားတဲ့ မြေပုံပေါ်မှာ မှတ်ထားတယ်... တကယ်က ငါ အဲဒါကို ကောင်းကင်နတ်ဘုံကနေ ခိုးခဲ့တာ... ရှာတွေ့ရင်တော့ သူ့မှတ်စုတွေ သုံးပြီး သူ့ရဲ့ မပြောင်းလဲနိုင်တဲ့ ကောင်းကင်နတ်သိုင်းကို ချိုးဖျက်နိုင်လောက်တယ်”
ချင်မူ ရင်ထဲ လှုပ်ခတ်သွားပြီး မြေပုံများ ထုတ်ကာ မေးကြည့်မိသည်။ “ဘယ်မြေပုံလဲ”
ဝေစွေ့ဖုန်းက လမ်းလျှောက်လာပြီး တစ်ခု ရွေးကာ ပြော၏။ “ဒီတစ်ခုပဲ... ဒါပေမဲ့ အခုတော့ အသုံးမဝင်တော့ဘူး... မင်းလည်း ဒီနေရာမှာ ပိတ်မိနေမှာပဲလေ”
ချင်မူက ပြုံးသည်။ “ကျွန်တော် သူ့ရဲ့ ကောင်းကင်နတ်သိုင်းကို မချိုးဖျက်နိုင်ပေမယ့် တစ်စိတ်တစ်ပိုင်းကို နားလည်အောင် လုပ်ပြီး မပြောင်းလဲတဲ့ ဒြပ်ဝတ္ထုအပိုင်းကို ထိန်းချုပ်လို့ရတယ်”
ဝေစွေ့ဖုန်းက မျက်မှောင်ကြုတ်ကာ မေး၏။ “အဲ့ဒါ ဘာအဓိပ္ပာယ်လဲ”
ချင်မူ မြေပုံကို သိမ်းပြီး ဖြေလိုက်သည်။ “ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကို ဆင့်ခေါ်ဖို့ ကျွန်တော် အစ်ကိုကြီးနဲ့ အတူပူးပေါင်းပြီး ဒီလှေနဲ့ အတိတ်ကို ပြန်သွားချင်တယ်...”
ဝေစွေ့ဖုန်းက မျက်မှောင်ကြုတ်၍ မေးပြန်သည်။ “ငါလည်း မပြောင်းလဲတဲ့ ကောင်းကင်နတ်သိုင်းရဲ့ တချို့တစ်ဝက်တော့ သိပေမယ့်... မင်းလောက် နားမလည်နိုင်ဘူး”
“တခြားတစ္ဆေသင်္ဘော မရှိဘူးလား”
ချင်မူက မျက်လုံးများ တောက်ပသွားကာ ပြောသည်။ “သင်္ဘောကလည်း သူ့ရဲ့ ကောင်းကင်နတ်သိုင်းပဲ... ဒါပေမဲ့ မပြည့်စုံသေးဘဲ ကနေဉီးအဆင့်ပဲ ရှိသေးတယ်... အစ်ကိုကြီးနဲ့ကျွန်တော်သာ ပြည့်စုံအောင် လုပ်နိုင်ရင် သင်္ဘောကို ဘယ်ခေတ်မဆို သွားနိုင်တဲ့ မပြောင်းလဲတဲ့ ဒြပ်ထုဖြစ်အောင် လုပ်လို့ရတယ်.... ဘဝပြန်ဝင်စားသံသရာနဲ့ ကန့်သတ်ခံရတော့မှာမဟုတ်ဘူး”
ဝေစွေ့ဖုန်း၏မျက်လုံးများလည်း တောက်ပလာပြီး သူက ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ပြောသည်။ “ဖြစ်နိုင်တယ်... ဒီသင်္ဘောက အခုဆို ဘဝပြန်ဝင်စား၊ ပြန်ဖြစ်တည်တာ ၃၆ ကြိမ်ရှိပြီ စုစုပေါင်း သုံးဆယ့်ခြောက်ခေတ်ပေါ့.... ပြန်ဖြစ်တည်တိုင်း အစက ပြန်စတယ်လို့ ဆိုလိုတယ်... ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းမှာ လိုအပ်နေတဲ့ အပိုင်းတွေကို ငါတို့ ဖြည့်ပေးနိုင်ရင် ပြည့်စုံအောင် လုပ်နိုင်မှာပဲ”
သူက တောက်ပလင်းလက်နေသော အကြည့်များဖြင့် ခေါင်းမော့လာသည်။ “ဆိုတော့ ညီလေး.... မင်း ဒီကို ဘာလာလုပ်တာလဲ”
ချင်မူ ဖြေလိုက်သည်။ “ကျွန်တော် အတိတ်ကို ပြန်သွားချင်တယ်”
ဝေစွေ့ဖုန်းက ပြုံးသည်။ “မင်းအတွက် အဲ့ဒါက ရိုးရှင်းမနေဘူးလား .... ကောင်းကင်နတ်အရှင်လင်က မာန်ဟုန်မြစ်ရဲ့ အစမှာ မပြောင်းလဲတဲ့ ဒြပ်ထု ဖြစ်နေပြီးပြီလေ... သူက မင်းကို မြူအဖြစ် ပြောင်းပြီး ပြန်ပို့ပေးလို့ရတယ်... မာန်ဟုန်မြစ်အစဆီ သွား၊ မြူကို စောင့်ပြီးရင် မင်း ပြန်လို့ရပြီ”
သူက သက်ပြင်းချ၏။ “ကောင်းကင်နတ်အရှင်လင်က မြစ်ရဲ့ မြူခိုးတွေပဲ... မြူတွေ ပေါ်လာရင် ကောင်းကင်နတ်အရှင်လင်က မင်းတောင် မမြင်ရဘဲ မင်းဘေးနား ရောက်လာလိမ့်မယ်... သူက မင်းကို ခေါ်သွားပြီး သမိုင်းကြောင်းကို ပြန်ပြတယ်.. ဒီလိုနဲ့ မင်းလည်း သမိုင်းကြောင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာတာပဲ”
ချင်မူက ခေါင်းခါရမ်းသည်။ “သူ ကျွန်တော့်ကို ခေါ်သွားတဲ့ ခေတ်တွေက သူ ကျွန်တော့်ကို သွားစေချင်တဲ့ခေတ်တွေပဲ... ဒီတစ်ကြိမ်တော့ သွားရမယ့် ခေတ်ကို ကျွန်တော်ကိုယ်တိုင် ရွေးချင်တယ်”
ဝေစွေ့ဖုန်းက သူ့ကို ကြည့်၍ တည်ကြည်စွာ ပြောလိုက်သည်။ “မင်းက သမိုင်းကြောင်းကို ပြောင်းလဲချင်တာလား... အသုံးမ၀င်တာတွေ မလုပ်ဖို့ ငါ အကြံပေးချင်တယ် ညီလေး... မင်း သမိုင်းကြောင်းကို ပြောင်းလဲဖို့ ကြိုးစားရင် မင်းလုပ်ခဲ့တာကလည်း သမိုင်းကြောင်းပဲဆိုတာ နားလည်ရမယ်... မင်းက သမိုင်းကြောင်းထဲက လူတစ်ယောက်ဆိုတာ အတည်ပြုပြီးသား၊ အမှန်တရားပဲ... ဒီကိစ္စမှာ ငါက မင်းထက် ပိုသိတယ်”
ချင်မူ ပြုံးမိသည်။ “ကျွန်တော် နဂါးဟန်ခေတ်မှာ နှစ်တစ်ထောင်လောက် နေနိုင်မယ့် အခွင့်အရေးကို အစ်ကိုကြီးယူသွားခဲ့တာလေ... အစ်ကိုကြီး ကျွန်တော့်အပေါ်မှာ အကြွေးတင်နေတာပဲဟာ မကူညီသင့်ဘူးလား”
“ငါ ကူညီမှာပါ ဒါပေမဲ့...”
ဝေစွေ့ဖုန်းက တုံ့ဆိုင်းနေပြီးနောက် ပြောသည်။ “တစ္ဆေသင်္ဘောရဲ့ ကောင်းကင်နတ်သိုင်းကို ပြည့်စုံအောင် လုပ်လိုက်ရင် ငါ ဒီသင်္ဘောကနေ ဘယ်တော့မှ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး.. ဘာလို့လဲဆိုရင်...”
သူက ခါးသီးစွာ ပြုံးလျက် ပြောသည်။ “ငါက ဒီသင်္ဘောရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီ”
ချင်မူ သူ့အား နားလည်သည်။ တစ်စုံတစ်ယောက်သည် သင်္ဘော သုံးဆယ့်ခြောက်ကြိမ်လုံး ပြန်စတင်သည်ကို ဖြတ်ကျော်ပြီးသည့်အခါ သင်္ဘာ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာကာ ပျောက်ကွယ်သွားမည်ဖြစ်သည်။ ဤသင်္ဘောပေါ်ရှိ ယွင်လီနန်းစောင့်တပ်ဖွဲ့မှာလည်း ထိုအတိုင်းပင်။
ဝေစွေ့ဖုန်းမှာ သင်္ဘောအား အချိန်ကြာမြင့်စွာ စီးနင်းလိုက်ပါခဲ့ရသဖြင့် မရေမတွက်နိုင်သော ပြန်စတင်ခြင်းများအား တွေ့ကြုံခဲ့ရသည်။ ထို့ကြောင့် တစ္ဆေသင်္ဘောနှင့် တစ်သားတည်း ဖြစ်နေခဲ့ချေပြီ။
တစ္ဆေသင်္ဘောက ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းနှင့် ပေါင်းစည်းသွားပြီး ၎င်း၏တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သည်။ တစ်နည်းဆိုရင်လျှင် ချင်မူမှလွဲ၍ ကုန်းပတ်ပေါ်ရှိလူတိုင်းသည် ကောင်းကင်နတ်အရှင်လင် ကောင်းကင်နတ်သိုင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေချေပြီ။
ကောင်းကင်နတ်အရှင်လင် သင်္ဘောပေါ်၌ ပိတ်မိနေစဉ်တုန်းက ထားရှိခဲ့သည့် ကောင်းကင်နတ်သိုင်းသည် မပြည့်စုံသဖြင့် ချိုးဖျက်ရန် လွယ်ကူ၏။
ချင်မူနှင့် ဝေစွေ့ဖုန်းသာ ၎င်းကို ပြည့်စုံအောင် လုပ်လိုက်ပါက ဝေစွေ့ဖုန်းနှင့် အခြားသူများမှာ သင်္ဘော၏ တစ်စိတ်တစ်ပိုင်းဖြစ်လာပြီး မာန်ဟုန်မြစ်တွင် စီးဆင်းနေသည့် မပြောင်းလဲသော ဒြပ်ထုများ ဖြစ်လာကြလိမ့်မည်။
ကောင်းကင်နတ်အရှင်လင်၏ ပြီးပြည့်စုံသော ကောင်းကင်နတ်သိုင်းတစ်ခုအား ဖျက်ဆီးရန် မဖြစ်နိုင်ချေ။
ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာမှာလည်း ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းအထဲ၌ ပိတ်မိနေဆဲပင်။
ထို့ကြောင့် ဝေစွေ့ဖုန်းသည် သင်္ဘောထံမှ ဘယ်တော့မှ မထွက်ခွာနိုင်တော့မည်ကို စိုးရိမ်နေခြင်း ဖြစ်၏။
“ကူညီမှာလား အစ်ကိုကြီး” ချင်မူက မေးသည်။
ဝေစွေ့ဖုန်းက တောက်ပကြည်လင်နေသည့် ချင်မူ့မျက်လုံးများအား ကြည့်လိုက်သည်။
“မင်းက လောကသခင်ခန္ဓာလား ညီလေး”
“ဟုတ်တယ်”
“ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေးကိုရော ကြုံတွေ့ပြီးပြီလား”
“ကြုံတွေ့ပြီးပြီ”
“မင်း ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်မူ ဖြစ်ပြီလား”
“ဖြစ်ပြီးပြီ”
“မဟာလေဟာနယ်ဆီ ရောက်ဖူးလား”
“ရောက်ဖူးတယ်”
“မဟာဧကရာဇ်ရဲ့ အအလောင်းကို မြင်ဖူးလား”
“မြင်ဖူးတယ်”
“ကောင်းကင်နတ်အရှင်ယွင်ရဲ့ ရုပ်ခန္ဓာကိုရော ပြန်ယူပြီးပြီလား”
“ယူပြီးပြီ”
“ခိုင်ဧကရာဇ်ကို တွေ့ပြီးပြီလား... ရွှင်ပျော်ပျော်ကျေးရွာကိုရော ရှာတွေ့ပြီလား”
“ရှာတွေ့ပြီးပြီ”
“ငါ မင်းကို ကူညီမယ်”
ဝေစွေ့ဖုန်းက ရယ်လျက် လက်ဆန့်ထုတ်လိုက်သည်။ “ဒါတွေက ငါ ကြုံဖူးပေမယ့် မပြီးမြောက်သေးတာတွေပဲ... မင်းက လုပ်နိုင်ခဲ့ပြီ... မင်းက ပိုလုပ်နိုင်စွမ်းရှိတယ်.. ငါ ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကို မချိုးဖျက်နိုင်လောက်ပေမယ့် မင်းကတော့ သေချာပေါက် လုပ်နိုင်မှာပဲ”
ချင်မူလည်း လက်ဆန့်ထုတ်ပြီးနောက် တစ်ယောက်လက်ကိုတစ်ယောက် ဆုပ်ကိုင်လိုက်ကြသည်။
“ကျွန်တော်တို့ အတူတူလုပ်သရွေ့ ဘာမဆို လုပ်နိုင်တယ်”
ချင်မူက မက်မွန်သစ်သားဆံထိုးအား ထုတ်ကာ လက်ဝါးပေါ် တင်လိုက်၏။ ဆံထိုးက စတင် လည်ပတ်လာလေသည်။ သူ လက်ပြန်ရုတ်လိုက်သည့်အခါ ဆံထိုးသည် သူတို့နှစ်ယောက်ကြားတွင် မျောလွင့်နေသည်။
ချင်မူက သူ နားလည်ထားသလောက် မပြည့်စုံသော မပြောင်းလဲသည့် ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သည်။ သူ၏မှော်စွမ်းအင်အလုံးစုံ ပေါက်ကွဲထွက်လာပြီးနောက် ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာသည် သင်္ဘောတစ်စင်းလုံးအား လွှမ်းခြုံရင်း ပြန့်ကားသွား၏။
ဖုန့်ချိုးယွင်၏ မျက်ဝန်းများက လင်းခနဲ လက်သွားပြီး သူမက သူတို့ဆီ ပြေးဝင်လာသည်။ တစ်ချိန်တည်းမှာပင် ကျောက်ခေါင်းတလားက ပွင့်သွားပြီး ချုံဧကရာဇ်ဧကရာဇ် အလောင်းမိစ္ဆာများ ခုန်ထွက်လာသည်။ သူတို့သည် ကောင်းကင်တွင် နေရာယူလျက် ဖုန့်ချိုးယွင်နှင့်အတူ ညီအစ်ကိုနှစ်ယောက်အား သတ်ဖြတ်ရန် ပြင်ကြ၏။
“ငါ သိသားပဲ... ဖုန့်ချိုးယွင်၊ မင်းက မပြောင်းလဲတဲ့ ကောင်းကင်နတ်သိုင်းရဲ့ တစ်စိတ်တစ်ပိုင်း မဖြစ်လာချင်လို့ ငါတို့ကို တားမှာ အသိသာကြီးပဲ”
ဝေစွေ့ဖုန်းက ရယ်လျက် လက်ချောင်းများကို ဖြန့်ကားလိုက်သည်။ ထို့နောက် အနောက်သို့ ရိုက်ထုတ်လိုက်ရာ ဖုန့်ချိုးယွင်မှာ ခါးခါးသီးသီး အော်လျက် လေထဲတွင် ရပ်တန့်သွားသည်။ သူမမှာ ရပ်တန့်ခံလိုက်ရပြီးနောက် မူလပုံစံဖြစ်သည့် ဇာမဏီငှက်အသွင်သို့ အလိုအလျောက် ပြန်ပြောင်းသွား၏။
ဝေစွေ့ဖုန်း၏ ကိုယ်အပေါ်ရှိ ဝတ်ရုံသည် ပြန့်ကားလာပြီးနောက် ဝှစ်ခနဲ ပျံတက်သွားသည်။ ၎င်းက ချုံဧကရာဇ်ဧကရာဇ် အလောင်းမိစ္ဆာများကို လွှားခနဲ လွှမ်းခြုံလိုက်ပြီး အထုပ်ကြီးတစ်ထုပ်အဖြစ် ထုပ်ပိုးလျက် ကျောက်ခေါင်းတလားအတွင်းသို့ ပျံသန်းသွားတော့သည်။
ကျောက်ခေါင်းတလားက ဒုန်းခနဲ ပိတ်သွားသည်။
ဝေစွေ့ဖုန်းက လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ ကျောက်ခေါင်းတလားမှာ လေပေါ်မြောက်တက်၍ သင်္ဘောအပြင်သို့ ပျံထွက်သွားချေပြီ။
အခေါင်းကြီးသည် သင်္ဘောအား ၀န်းရံနေသည့် အနက်ရောင်ချီများထံ ရောက်ရှိသွားကာ ပျောက်ကွယ်သွား၏။ ထို့နောက် နေရာကူးပြောင်းမုခ်၀တစ်ခုနှင့်အတူ သင်္ဘောကုန်းပတ်ပေါ်၌ ပြန်ပေါ်လာသည်။
ကျောက်ခေါင်းတလားမှာ ဂိတ်၀မှတဆင့် အနက်ရောင်ချီများဆီသို့ ပြန်လည်ပို့ဆောင်ခံလိုက်ရသည်။ ထို့နောက် ဂိတ်၀တွင် ပြန်ပေါ်လာပြန်၏။ ဤသို့ ပေါ်လိုက်ပျောက်လိုက်ဖြင့် သံသရာလည်နေတော့သည်။
“ညီလေး ငါ အဲဒီလို နှစ်ပေါင်းတစ်ရာလောက် လုပ်ထားနိုင်တယ်” ဝေစွေ့ဖုန်းက ပြုံးလျက် ပြောသည်။
ချင်မူက အလေးအနက် ပြောလိုက်သည်။ “စကြစို့ အစ်ကိုကြီး”
ဝေစွေ့ဖုန်း၏ ကောင်းကင်နတ်သိုင်း ပေါက်ကွဲထွက်လာပြီး သူက သူနားလည်ထားသည့် မပြောင်းလဲသော ကောင်းကင်နတ်သိုင်းကို အသက်သွင်းသည်။ ချင်မူ၏ ချီနှင့် အသိစိတ်အလျဉ်တို့က ကောင်းကင်နတ်အရှင်လင်၏ မက်မွန်သစ်သားဆံထိုးထဲသို့ ၀င်ရောက်သွားသည်။
တစ်ချိန်တည်းမှာပင် တစ္ဆေသင်္ဘောပတ်ပတ်လည်ရှိ အလင်းရောင်တို့မှာ ပိုပို၍ တောက်ပလာပြီး ပြန်လည်စတင်ရန် ကူးပြောင်းစပြုလာသည်။
ထိုအချိန်တွင် သူတို့၏ ကောင်းကင်နတ်သိုင်းများနှင့် ဆံထိုးအတွင်းရှိ ကောင်းကင်နတ်သိုင်းတို့သည် တစ်ပြိုင်တည်း ပေါက်ကွဲထွက်ပေါ်လာပြီး အလင်းရောင်နှင့် ပေါင်းစည်းသွား၏။ တဝုန်းဝုန်း တုန်ခါမှုများကြောင့် ယန်အာ၊ နဂါးချီလင်နှင့် ကောင်းကင်နဂါးခြောက်ကောင်မှာ ကြောက်လန့်တုန်ရီစွာဖြင့် သင်္ဘောရွက်တိုင်များအား ဖက်တွယ်ထားကြလေသည်။
တုန်ခါမှုများက ပိုပို၍ ပြင်းထန်လာသည်နှင့်အမျှ အပြင်ရှိ အလင်းရောင်မှာလည်း ပိုမိုတောက်ပလာချေသည်။ ရုတ်တရက် သင်္ဘောမှာ လေထဲမှနေ၍ မြစ်အား ၀င်တိုက်မိလိုက်သကဲ့သို့ ပြင်းထန်စွာ တုန်ခါသွား၏။
အလင်းရောင် ပျောက်ကွယ်သွားပြီး ထူထပ်သိပ်သည်းသော မြူခိုးများက မြစ်မျက်နှာပြင်ကို ဖုံးလွှမ်းလာသည်။ တစ္ဆေသင်္ဘောသည် ရေလှိုင်းခတ်သံပင် မကြားရနိုင်သော တိတ်ဆိတ်မှုမျိုးဖြင့် မြူများကြားမှ ဖြတ်သွားလေသည်။
“ညီလေး ငါ ချန်ထားခဲ့တဲ့ မြေပုံထဲက နေရာတွေဆီ သွားခဲ့တယ်မလား”
ဝေစွေ့ဖုန်းက ကုန်းပတ်ပေါ်တွင် လှဲလျက် အသက်ပြင်းပြင်းရှူနေရင်း သူ့ဘေးရှိ ချင်မူ့ဆီ လှည့်ကြည့်လိုက်သည်။
ချင်မူလည်း သူ့ဘေးတွင် လှဲချလိုက်ရင်း ဖြေသည်။ “အများစုပေါ့... တချို့က စိတ်၀င်စားဖို့ကောင်းပေမယ့် တချို့ကတော့ အန္တရာယ်များလွန်းတယ်”
“နေရာတိုင်းကို သွားသင့်တယ်... ငါ သွားခဲ့တဲ့ နေရာတွေက မဆိုးပါဘူး”
ဝေစွေ့ဖုန်းက မြူများ ပျောက်ကွယ်သွားသည်ကို မြင်သည်နှင့် ထရပ်လိုက်သည်။ သူက ပြုံးနေသည်။ “မင်း အခု သွားသင့်ပြီ”
ချင်မူလည်း ထရပ်၍ ခေါင်းညိတ်သည်။
ဝေစွေ့ဖုန်းက လေထုကို ကုတ်ခြစ်လိုက်ရာ နှုတ်သီးတွင် မီးအိမ်တစ်လုံး ချိတ်ဆွဲလျက် ပျံသန်းလာနေသော ကြက်နဂါးတစ်ကောင် ပေါ်လာသည်။ ဝေစွေ့ဖုန်းက မီးအိမ်ကို ယူ၍ ပြောသည်။ “မင်း ဒီကို ပြန်လာချင်ရင် မီးအိမ်ကို ငြိမ်းလိုက်”
ချင်မူ ကြက်နဂါးကို ကြည့်၍ မီးအိမ် ယူလိုက်သည်။ မီးအိမ်ကို ရထားလှည်းအပေါ် အလေးအနက် ပြောလိုက်၏။ “ဖက်တီးနဂါး၊ ယန်အာ... သွားကြစို့”
နဂါးချီလင်က ရထားလှည်းကို နေရာချပြီးနောက် သင်္ဘောပေါ်မှ မောင်းထွက်သွားသည်။ အပြင်တွင် ကောင်းကင်နတ်မြစ် စီးဆင်းနေသော်လည်း ချင်မူ လှည့်ကြည့်သည့်အချိန်တွင် မြူခိုးများအကြား တိမ်မြုပ်နေလေသည်။
“နောင်တော်”
ချင်မူ ရထားလှည်းဆီ ပြန်တော့မည့်ဆဲဆဲတွင် ခရီးသွားလူငယ်တစ်ဦးက ကောင်းကင်နတ်မြစ်အထက်၌ ပေါ်လာ၏။ သူက ရထားလှည်းကို တားကာ မေးသည်။ “နောင်တော်၊ ကျွန်တော် ကောင်းကင်နတ်ဘုံကို ဘယ်လိုသွားရမလဲဗျ”
လူငယ်၏ မျက်ခုံးများသည် အနည်းငယ် အနီရောင်သန်းနေပြီး သူက ရိုးရှင်းသော အ၀တ်များကိုသာ ၀တ်ဆင်ထား၏။ သူ့ခန္ဓာကိုယ်မှာ အားအင်အပြည့်ဖြင့် သန်မာမည့်ဟန်ရှိလေသည်။
ချင်မူ စေ့စေ့စပ်စပ် ကြည့်ရင်း သံသယ၀င်လာသည်။ လူငယ်၏မျက်နှာကို ထပ်မံကြည့်ပြီးနောက် အကြံတစ်ခု ရသွားတော့သည်။
သူ ဟိုဟိုသည်သည် ကြည့်လိုက်သည့်အခါ ပတ်ဝန်းကျင်တွင် တောင်တန်းများအား တွေ့ရသည်။ အဝေးတွင် ကမ္ဘာဦးကောင်းကင်ဘုံကို မြှင့်တင်ပေးထားသည့် စိမ်းလန်းစိုပြေနေသော ကမ္ဘာဦးသစ်ပင်တစ်ပင် ရှိနေသည်။ သူက ပြုံး၍ ဖြေလိုက်သည်။ “ဒါက ကမ္ဘာဦးဘုံပဲ... ငါလည်း အခုမှ ရောက်လို့ ကောင်းကင်နတ်ဘုံဆီ သွားမယ် လုပ်နေတာ... မင်း စိတ်မရှိရင် ငါ ခေါ်သွားပေးလို့ရတယ်”
“အပန်းကြီးစေမိရင် တောင်းပန်ပါတယ်ဗျာ”
လူငယ်က ၀မ်းသာအားရဖြင့် ရထားလှည်းပေါ် တက်လာ၏။ “ကျွန်တော့်နာမည်က လော့ရှောင်ပါ... နောင်တော့်နာမည်ကရော”