← Chapters

ခရီးဆက်ခြင်း

Vol. 78 Ch. 1079

ခရီးဆက်ခြင်း

Vol. 78 Ch. 1079

“ဒါဆိုရင် ကျုပ်ကို ပြပါ...”

ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်ရင်း လျူယင်လန်း၏ အပြာရောင် မျက်ဝန်းများကို တည့်တည့် စိုက်ကြည့်ကာ ဆိုင်းမဆင့် ဗုံမဆင့် ပြောလိုက်သည်။

“ပြရမယ်... ဟုတ်လား...”

ဘေးနားရှိ လျူစုယင်မှာ နားမလည်ဟန်ဖြင့် မေးလိုက်၏။ လျူယင်လန်း သည်လည်း အလားတူပင် စိတ်ရှုပ်ထွေးသွားဟန် ရလေသည်။

"ဟုတ်တယ်... ကျုပ်ကို ပြ... ဒီတာဝန် အတွက် ဘာလို့ ကျုပ်ရဲ့ အနာဂတ်ကို ပေးသင့်သလဲ ဆိုတဲ့ အကြောင်းရင်းကို ပြ... ကိုယ်တိုင် လုပ်ယူနိုင်တဲ့ ခွန်အား တစ်ခု အတွက် ဘာလို့ ကျုပ် ဘဝ တစ်ခုလုံးကို လျှို့ဝှက် ကျိန်စာတွေနဲ့ ချည်နှောင်သင့်သလဲ ဆိုတာပြ... ချိပ်ပိတ် နယ်မြေ ဆယ့်ရှစ်ခု အတွက် ဘာလို့ ကျုပ်ရဲ့ လွတ်လပ်မှုတွေကို စတေးသင့်သလဲ ဆိုတာပြ... နောက်ပြီး ခင်ဗျားတို့ အာကာသ ဝေဟင်ဂိုဏ်းက ကမ်းလှမ်းနိုင်သမျှ အရာအားလုံးကိုပါ ပြပါ”

"တကယ်လို့ ခင်ဗျားတို့ ပြမယ့် အရာတွေက အဓိပ္ပာယ် ရှိမယ် ဆိုရင်... ကျုပ် အနာဂတ်ကို စတေးဖို့ ထိုက်တန်မယ် ဆိုရင် ကျုပ် ခင်ဗျားတို့ လျှို့ဝှက်ကျိန်စာကို ကျိန်ဆိုပေးမယ်... အာကာသ ဝေဟင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် တစ်ယောက် ဖြစ်လာပေးမယ်... တကယ်လို့ မထိုက်တန်ဘူး ဆိုရင်တော့ ကျုပ် အသက်နဲ့ ခြိမ်းခြောက်မယ် ဆိုရင်တောင် ကျုပ်ဘက်က ငြင်းရလိမ့်မယ်”

ထိုအခိုက်၌ ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများက မုန်တိုင်းတစ်ခု၏ မျက်လုံးထက်ပင် ပိုမို တည်ငြိမ် နေခဲ့လေသည်။ သူ၏ စကားလုံးများက တိုက်ရိုက်ဆန်ကာ တည်ငြိမ် ပြတ်သားသည့် ဆန္ဒကို တစ်သမတ်တည်း သယ်ဆောင်ထားခဲ့၏။

“...”

လျူယင်လန်း၊ လျူစုယင်နှင့် ရီကျိလင်တို့ သုံးယောက်မှာ တိတ်ဆိတ် သွားကြတော့သည်။ အချိန် အတန်ကြာပြီးနောက် လျူစုယင်က နှာခေါင်းတစ်ချက် ရှုံ့ကာ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

“ဘယ်လောက်တောင် တစ်ကိုယ်ကောင်းဆန်လိုက်တဲ့ သဘောထားလဲ...”

သူမ၏ အသံက အေးစက်ကာ ရန်လိုခြင်းများနှင့် ပြည့်နှက်နေ၏။ ၎င်းက မည်သည့် သေမျိုးအတွက်မဆို ကျောရိုးများ စိမ့်တက်သွားစေဖို့ လုံလောက်ပေသည်။

“အဲဒါက နင့်ရဲ့ ကံကြမ္မာဆိုတာ နားမလည်ဘူးလား... ကောင်းကင် ကျောက်စိမ်းသော့ကို စရတဲ့ အချိန်တည်းက နင်လျှောက်ရမယ့် လမ်းက သတ်မှတ်ပြီးနေပြီ... နောက်ပြီး ဒီတာဝန်က မင်း ဘဝတစ်လျှောက်လုံး စိတ်ကူးယဉ်ခဲ့ဖူးသမျှထက် ပိုပြီး ကြီးကျယ် ခမ်းနားတယ်... ဘာလို့ ခေါင်းမာချင်နေရတာလဲ...”

“...”

ဝေ့ဝူယင်က မျက်မှောင်ကြုတ်ရင်း မိန်းကလေးကို ကြည့်လိုက်၏။

“အဲဒီလောက် ကြီးကျယ်နေတယ် ထင်ရင် ခင်ဗျား ဘာသာ လုပ်လေ... ပြီးတော့ ခင်ဗျား ပြောတဲ့ ကံကြမ္မာ ဆိုတာကို ကျုပ် အယုံအကြည် မရှိဘူး... ကျုပ် ကံကြမ္မာက အမြဲတမ်း ကျုပ် လက်ထဲမှာပဲ”

ဘုန်း...

အလွန် ပြင်းထန်သည့် ဖိအား တစ်ခုမှာ ခန်းမ အတွင်း အရှိန်အဟုန် ပြင်းစွာဖြင့် ဖြစ်ပေါ်လာ၏။ ဝေ့ဝူယင်၏ အဝတ်အစားများက လေမတိုက်ပါပဲ တဖျပ်ဖျပ် လွင့်လူး သွားလေသည်။ အရှိုက်ကို နှက်ခံလိုက်ရသလို လျူစုယင်၏ ဒေါသများကား အထွတ်အထိပ်ကို ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။

အာကာသ ဝေဟင်ဂိုဏ်းဝင် တစ်ယောက် အနေဖြင့် ဂိုဏ်းချုပ် ရာထူးကို သူမ မည်ကဲ့သို့ မလိုချင်ပဲ နေပါမည်နည်း။ ထိုအရာက သူမ အတွက်တော့ ငယ်ဘဝ အိပ်မက် ဖြစ်သည်။ ထိုအိပ်မက် အတွက်လည်း သူမ အသေအလဲ ကြိုးပမ်းခဲ့သည်။ သို့သော်လည်း... စမ်းသပ်ပွဲ သုံးကြိမ်လုံးတွင် သူမ ကျရှုံးခဲ့သည်။ အကယ်၍ နေရာချင်းသာ လဲလို့ရမည် ဆိုပါက သူမ လဲပြီးလောက်ပြီး ဖြစ်သည်။

လျူယင်လန်းက သက်ပြင်းတစ်ချက် ချလိုက်၏။ တကယ်ဆိုလျှင်... စမ်းသပ်ပွဲ အတွင်း မထည့်သွင်းခင် ဝေ့ဝူယင်ကို လျှို့ဝှက်ကျိန်စာ ကျိန်ဆိုခိုင်းလိုက်သင့်သည်။ အာဏာရှင် အင်ပါယာ သုံးဦး တည်ဆောက်ခဲ့သည့် ဥပဒေအရဆိုလျှင် ရွေးချယ်ခံ ဖြစ်ရန် ငြင်းဆိုသည့် ရေစက်ကြိုး ပိုင်ရှင်တိုင်းကို အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံက သေသည်အထိ သန့်စင်ပစ်လိမ့်မည် ဖြစ်သည်။

သို့‌သော်လည်း... လျူစုယင်၏ ပေါ့လျော့မှုက လွဲ‌ချော်မှုများကို ဖြစ်ပေါ် သွားစေခဲ့လေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်‌သောင်း အတွင်း၌ ဝေ့ဝူယင်မှာ အစစ်အမှန် ကံကြမ္မာ ခရီးသည် ဖြစ်ရန် အဆင့်မှီခဲ့သည့် တတိယမြောက် ပုဂ္ဂိုလ် ဖြစ်သည်။ သို့သော်လည်း... ပထမ နှစ်ယောက်ကတော့ ကျင့်စဉ်ကို ကျင့်ကြံရန် ကျရှုံးခဲ့ကြကာ ကျင့်ကြံခြင်း သွေးဖီမှုနှင့် အတူ အာကာသ၏ ဝါးမြိုမှုကို ခံခဲ့ကြရသည်။ အတင်းအကြပ် အင်အားသုံး ရယူခဲ့သည့် သူမမှ တစ်ပါး ဂိုဏ်းချုပ် ရာထူးကို အခြား ထိုက်တန်သူ မရှိခဲ့ချေ။

လျှို့ဝှက်ကျိန်စာ ကျိန်ဆိုပြီးသည် ဖြစ်စေ၊ မကျိန်ဆိုရသေးသည့် ဖြစ်စေ... ဝေ့ဝူယင်ကို အလွတ်ပေးရန် သူမထံတွင် ရည်ရွယ်ချက် မရှိပါချေ။ သေခြင်းဖြင့် ဖြစ်စေ၊ ရှင်ခြင်းဖြင့် ဖြစ်စေ... မည်သည့် နည်းလမ်းနှင့်မှ ထွက်ခွာရန် သူ့ထံတွင် အခွင့် မရှိပါချေ။

သို့သော်လည်း... အပြင်ပန်းတွင်တော့ လျူယင်လန်းက တည်ငြိမ်စွာပင် လက်ခံလိုက်၏။

“ကောင်းပြီလေ...”

ထိုအခိုက်တွင်ပင် ဝေ့ဝူယင်မှာ အပြစ်သား သွေးမျိုးဆက်ထံမှ တစ်ခါမှ မကြုံဖူးသည့် လှုပ်ရှားမှုမျိုးကို ခံစားလိုက်ရသည်။ ကံကြမ္မာ အပြောင်းအလဲ ဖြစ်တော့မည် ဆိုသည့် ခံစားချက် တစ်ခုမှာ သူ့စိတ်၊ နှလုံးသားနှင့် ဝိညာဉ်တို့ထဲတွင် ပြင်းပြစွာ ပေါ်ပေါက်လာခဲ့၏။

တစ်ချိန်တည်း၌ ဆိုးရွားလှသည့် ရှုံးနိမ့်မှုတစ်ခုနှင့် ရင်ဆိုင်ရတော့မလို လေးလံ မှောင်မိုက်နေသည့် ခံစားချက် တစ်မျိုးမှာလည်း သူ့ စိတ် အတွင်း မွေးဖွားလာခဲ့သည်။ ထိုခံစားချက်ကတော့ အပြစ်သား သွေးမျိုးဆက်မှ မဟုတ်ပဲ အသိစိတ် ပင်လယ်၊ မျက်လုံးနှင့် စိတ်တို့တွင် အပြစ်တွယ်နသည့် ကောင်းကင်ဘုံ နတ်မျက်လုံးများထံမှ ဖြစ်သည်။

ဝေ့ဝူယင် အတွေးအတွင်း နစ်မြုပ်နေစဉ်မှာပင် လျူယင်လန်း၏ အသံက ထပ်မံ ပေါ်ထွက် လာခဲ့၏။

“လျူစုယင်က နင့်ကို ဂိုဏ်းထဲ လိုက်ပြပေးလိမ့်မယ်... ဒီမှာ နေပြီး နင့် ကံကြမ္မာကို ဆုံးဖြတ်ပါ... အဲဒီ အတွက် အချိန် ဆယ့်နှစ်လ ရမယ်...”

ထို့နောက် သူမက ရဲ့ကျိလင်ဘက်သို့ လှည့်ကာ ညင်သာစွာ ပြုံးပြလိုက်သည်။

“တကယ်လို့ မလုပ်ဘူးလို့ နင် ဆုံးဖြတ်လိုက်ရင် လှည့်ပတ်သွားလာခြင်း ကံကြမ္မာ ပိုင်ရှင်ရဲ့က နင့်နေရာကို ယူလိမ့်မယ်... သူလည်း ကောင်းချီးကို လက်ခံ ရထားတဲ့လူပဲလေ... သူ အစစ်အမှန် ကံကြမ္မာ ခရီးသည် မဖြစ်နိုင်သေးတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က နင် အသက်ရှင် နေလို့ပဲ...”

ထို့နောက် သူမက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ မည်သူမှ မတုန့်ပြန်နိုင်ခင်မှာပင် ငွေရောင် အလင်းတန်းများက ခန်းမ အတွင်း လင်းလက်လာကာ ဝေ့ဝူယင်နှင့် ရဲ့ကျိလင်တို့ကို ဝန်းရံ သွားခဲ့သည်။ ထို့နောက် သူတို့ နှစ်ယောက်ကို မတူကွဲပြားသည့် နေရာများဆီသို့ ပို့လွှတ်လိုက်တော့၏။

...

အလွှာကြားက လောက အတွင်း၌ မြို့ပေါင်း သုံးမြို့ တည်ရှိ၏။ ၎င်းတို့ကို ကြယ်ကွင်းပြင် တစ်ခုလုံးထက်ပင် ပိုမို ကြီးမားသည့် အာကာသ ဟင်းလင်းပြင်ကျယ်ကြီးများက ပိုင်းခြားထားသည်။ မြို့တော် သုံးခု၏ နာမည်များကတော့ အဆုံးမဲ့မြို့၊ ခရီးသွားမြို့နှင့် ကာကွယ်သူမြို့တော်တို့ပင် ဖြစ်လေသည်။

အဆုံးမဲ့ မြို့တော်မှာ အကာသာ ဝေဟင်ဂိုဏ်း၏ အခြေစိုက် စခန်းပင် ဖြစ်လေသည်။ ၎င်းကို အာကာသ ဝေဟင်ဂိုဏ်းချုပ်က တိုက်ရိုက် အုပ်ချုပ်၏။ အဆုံးမဲ့ မြို့တော်မှာ နာမည် အတိုင်း အဆုံးတော့ မဲ့ခြင်း မရှိပါချေ။ မည်သို့ပင် ဆိုစေကာမူ.. ၎င်းမှာ သာမန်ဂြိုဟ်ကြီး သုံးခုစာလောက်ကို ကျယ်ပြန့်ကာ လူပေါင်း ထရီလျံ ဆယ်နှင့်ချီ အုပ်စိုးရန် လုံလောက်ပေသည်။ ထိုမျှလောက် အထိ ကြီးမား ကျယ်ပြန့်သည့်တိုင် မြို့တော်ကြီး အတွင်း၌ နေရာလွတ် မရှိပါချေ။ နေရာတိုင်း နေရာတိုင်းမှာ လမ်းမကျယ်ကြီးများ၊ အဆောက်အဦကြီးများနှင့် ပြည့်နှက် နေခဲ့ပေသည်။

အဆုံးမဲ့ မြို့တော်မှာ မြို့တော် သုံးခုထဲတွင် လူဦးရေ အနည်းဆုံး ဖြစ်၏။ မှီတင်း နေထိုင်ကြသည့် လူအများစုမှာ ရေစက်ကြိုး ပိုင်ရှင်များ ဖြစ်ကာ ရှာဖွေသူများနှင့် သူတို့၏ တပည့် သားမြေးများလည်း ရှိကြပေသည်။

ခရီးသွားမြို့ကတော့ သုံးခုထဲတွင် အကြီးမားဆုံး ဖြစ်ကာ ချိပ်ပိတ် နယ်မြေ ပြင်ပမှ ကျင့်ကြံသူများနှင့် ၎င်းတို့၏ မျိုးဆက်များ အများဆုံး နေထိုင်ကြပေသည်။ အလွန်အကျွံ လူဦးရေ ထူထပ်ခြင်းကြောင့် လွှဲပြောင်းခြင်း ကဲ့သို့ အထူးအခြေအနေများမှ တစ်ပါး... ခရီးသွားမြို့မှာ အဆုံးမဲ့ မြို့တော်နှင့် အပြန်အလှန် ဆက်စပ်မှု နည်းပေသည်။ “ရှာဖွေသူများ” ကို ထိုနေရာတွင် အဓိက ရှာဖွေတွေ့ရှိနိုင်ကာ အားလုံး နီးပါးက ချိပ်ပိတ် နယ်မြေပြင်ပမှ လာကြသူများ ဖြစ်သည်။

ကာကွယ်သူ မြို့တော်ကတော့ အသေးငယ်ဆုံး မြို့တော် ဖြစ်ကာ ရေစက်ကြိုး ပိုင်ရှင်များနှင့် ရှာဖွေသူမျးကို လေ့ကျင့် သင်ကြားပေးဖို့ ရည်ရွယ်ပေသည်။ ၎င်းမှာ အဆုံးမဲ့ မြို့တော်နှင့် ခရီးသွား မြို့တော်တို့ကို ပိုမို သန်မာလာအောင် ပံ့ပိုးပေးဖို့ တည်ဆောက်ထားခြင်း ဖြစ်သည်။ သို့သော်လည်း ထိုနေရာကို ဝင်ဖို့ အတွက် ဆိုလျှင် အဆင့်မြင့် ပုဂ္ဂိုလ်များထံမှ ခွင့်ပြုချက် ရဖို့ လိုအပ်သည်။

လေးဆယ့်နှစ်ရက် ကြာမြင့်ပြီးနောက်...

အလွှာကြားက လောကတစ်နေရာတွင် ငွေရောင် အလင်းတန်း တစ်ခုမှာ ရှည်လျားသော ခရီးစဉ် တစ်ခုကို ကျော်ဖြတ်ပြီးနောက် ရပ်တန့် သွားခဲ့လေ၏။ ထို့နောက်... ပုံရိပ် နှစ်ခုမှာ ငွေရောင် အလင်းတန်းများထဲမှ ထွက်ပေါ်လာကာ မြေပြင်ပေါ် ကျဆင်းလာခဲ့သည်။

“အချိန်အတော်ကြာတာပဲ... ကျုပ်တို့ ဘယ်လောက်တောင် ခရီးနှင်ခဲ့ကြတာလဲ”

ဝေ့ဝူယင်က စိတ်ပျက်လက်ပျက် လေသံဖြင့် မေးလိုက်၏။ လျူယင်လန်း၏ အာကာသ ရွှေ့ပြောင်းခံခဲ့ရပြီး နောက်တွင် သူနှင့် လျူစုယင်တို့ နှစ်ယောက်မှာ အလွှာကြားက လောက အတွင်းရှိ ကျယ်ပြန့်သော ဧရိယာ တစ်ခုကို ဖြတ်သန်းကာ ခရီးနှင် နေခဲ့ခြင်း ဖြစ်သည်။

ဘယ်လောက် ဝေးဝေး ခရီးသွားခဲ့ကြောင်း မသိသည့်တိုင် သူတို့ ဖြတ်သန်းခဲ့သည့် အကွာအဝေးက အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကို အနည်းဆုံး ခုနစ်ကြိမ်မျှ ဖြတ်သန်းရန် လုံလောက်ပေလိမ့်မည်။ ပိုမို၍ ဆိုးသည်က သူတို့၏ ခရီးနှင်ခဲ့သည့် နှုန်းမှာ အလွန် နှေးကွေးခြင်း ဖြစ်သည်။ ၎င်းက လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်၏ အနိမ့်ဆုံး အမြန်နှုန်း‌လောက်ကိုသာ ယှဉ်နိုင်ပေလိမ့်မည်။

"..."

လျူစုယင်မှာ တိတ်ဆိတ်နေ၏။ ရှည်လျားသော ခရီးစဉ် အတွင်း ခံစားချက်များကို ပြန်လည် ထိန်းချုပ် နိုင်ခဲ့ပြီး ဖြစ်သည့်တိုင် စကားပြောစရာ မလိုဟု သူမ ခံစားနေရဆဲ ဖြစ်သည်။

ဝေ့ဝူယင်က ပခုံးတွန့်ကာ ပတ်ဝန်းကျင်ကို စစ်ဆေး ကြည့်လိုက်၏။ သူ မြင်တွေ့လိုက်ရသည့် အရာက အဆုံးမဲ့ မြို့တော် ကဲ့သို့ ကြီးကျယ် ခမ်းနားကာ အထင်ကြီးစရာ ကောင်းသည့် မြို့ကြီး တစ်မြို့ ဖြစ်သည်။ သူ လေ့လာခဲ့ပြီး ဖြစ်သည့် ဝိညာဉ် ကျောက်စိမ်းထဲမှ အချက်အလက်များ အရဆိုလျှင် ၎င်းမှာ ကာကွယ်သူ မြို့တော် ဖြစ်ပေလိမ့်မည်။

***

All Chapters