ကာကွယ်သူ မြို့တော်
Vol. 78 Ch. 1080
ကာကွယ်သူ မြို့တော်...
ထူးကဲ ဆန်းပြားလှသော အနုပညာ လက်ရာများမှ အစ ကောင်းကင်ကို ထွင်းပေါက်နေသည့် မိုးမျှော် တိုက်ကြီးများ အဆုံး ကာကွယ်သူ မြို့တော်မှာ အဆုံးမဲ့ မြို့တော်အောက် တစ်အောင်စမျှ လျော့ကျခြင်း မရှိပါချေ။ ရှည်လျားသော ခရီးစဉ် တစ်ခု အဆုံးသတ်တွင် ထိုကဲ့သို့ မြင်ကွင်းမျိုး မြင်ရခြင်းက ဘယ်လိုပဲ ဖြစ်ဖြစ် ထိုက်တန်သည်ဟု ဆိုရပေလိမ့်မည်။
“...”
သို့သော်လည်း.. သူ၏ ခရီးသွား ပါတနာကတော့ ထိုကဲ့သို့ ခံစားရပုံ မပေါ်ချေ။ လျူစုယင်က ရှေ့သို့ တိုက်ရိုက်ပင် လျှောက်သွားကာ မြို့တော်၏ ကြီးမား ခန့်ညားလှသော ဂိတ်တံခါးကြီးထံ ဦးတည်လိုက်လေ၏။ အညောင်းဆန့် လိုက်ရင်း ဝေ့ဝူယင် အဆုံးမဲ့ မြို့တော်ဘက်ကို လှမ်းကြည့်လိုက်သည်။
စောင့်ကြည့်ခံနေရသလို လေးပင်သည့် ခံစားချက်က ကျန်ရှိနေဆဲ ဖြစ်သည်။ ထိုအချက်က... လျူစုယင်၏ ဝိညာဉ် အာရုံမှာ သူ့ကို တစ်ချိန်လုံး စောင့်ကြည့်နေကြောင်း ခိုင်မာစွာ ညွှန်းဆိုနေ၏။ ဆုံးဖြတ်ချက် ချရန် သတ်မှတ်ပေးထားသည့် ဆယ့်နှစ်လလုံးလုံး သူမက ထိုကဲ့သို့ပင် စောင့်ကြည့်နေမည့် ပုံရသည်။ မည်သို့ပင် ဆိုစေ... သူတို့ ကြားတွင် စည်းတစ်ခု ရှိနေဆဲ ဖြစ်သည်။
လျူယင်လန်းမှာ သူ့ကို လိုအပ်သည်။ ထို့ကြောင့်ပင် အစစ်အမှန် ကံကြမ္မာ ခရီးသည် ရာထူးအား ဝေ့ဝူယင် ငြင်းဆန်ခဲ့သည့် အပေါ် သူမ သည်းခံနေခြင်း ဖြစ်သည်။ ထို့အပြင်... ယခုကဲ့သို့ မြို့ကြီးများ အကြား ရှည်လျားလှသည့် ခရီးစဉ်တွင် မလွဲဧကန် ရည်ရွယ်ချက် တစ်ချို့ ရှိမှာ ကျိန်းသေပေသည်။ အကယ်၍ ခန့်မှန်းရမည် ဆိုပါက...။
ဝေ့ဝူယင်၏ မျက်လုံးများက ကာကွယ်သူ မြို့တော်ကြီး၏ ကြီးကျယ် ခမ်းနားလှသော အသွင်အပြင်ထံ ပြန်လည် ရောက်ရှိသွားသည်။
‘ဘယ်လိုပဲ ဖြစ်ဖြစ်... ဒီအခွင့်အရေးကို ယူပြီး အလွှာကြားက လောက ဆိုတဲ့ နေရာကို ငါ လေ့လာရမယ်... အကျိုးအမြတ်တွေ ရသလောက် ယူရမယ်... ပိုပြီး အရေးကြီးတာက အတားအဆီးတွေ ကြားကနေ လွတ်မြောက်မှုကို ရဖို့ပဲ’
“လောက ရှန့်ထို တစ်ယောက်ကို အထင်မသေးသင့်ဘူးနော်...”
အသိစိတ် ပင်လယ် အတွင်း၌ ကောင်းကင် စစ်ဝိညာဉ်၏ အသံက ထွက်ပေါ်လာခဲ့၏။ သူတို့ နှစ်ယောက်မှာ တစ်လနှင့် တစ်ဝက်ကျော်သည် အထိ အပြန်အလှန် ဆက်သွယ်ကာ အတူတကွ ရှိနေခဲ့ခြင်း ဖြစ်သည်။
“မထင်သေးပါဘူး...”
ဝေ့ဝူယင်က ပြုံးလိုက်၏။ ကောင်းကင်ရှန့်ထို တစ်ယောက် လက်မှပင် လွတ်မြောက်နိုင်သည်ဟု သူ ရဲ့ကျိလင်ကို ဟာသလုပ်ခဲ့သည့်တိုင် အမှန်တကယ်တွင် အဆင့်မြင့် ကျင့်ကြံသူများကို အထင်သေးရလောက်သည် အထိ သူ မရူးမိုက်သေးပါချေ။ သူက သေမျိုး တစ်ယောက်သာ ဖြစ်သည်။ ထိုအဆင့်မြင့် လျှို့ဝှက် အာဏာရှင် အဆင့်ကြီးများမှာ အသက်တစ်ရှိုက်စာ အတွင်းမှာပင် သူ့ကို ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်နိုင်သည်။
ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်ရင်း ကာကွယ်သူ မြို့တော် ဂိတ်တံခါးထံသို့ ဦးတည် လိုက်လေသည်။ လျူစုယင်၏ ခပ်တည်တည် ဆက်ဆံမှု အပေါ်ကိုတော့ သူ စိတ်ထဲမှ သက်ပြင်းတစ်ချက်သာ ချနိုင်ပေသည်။ ထိုအမျိုးသမီး၏ သဘောထားက အတော်လေး ကလေးဆန်သလို သူ ခံစားရသည်။ အစစ်အမှန် ကံကြမ္မာ ခရီးသည် ရာထူးအား ငြင်းဆန်ခဲ့မှု အတွက် လွန်ခဲ့သည့် လေးဆယ့် နှစ်ရက်လုံးလုံး သူမမှာ သူ့ကို စကားတစ်ခွန်းမှ မဆိုခဲ့သေးချေ။ ဘယ်လိုပဲ ဖြစ်ဖြစ်... သူမမှာ သူ့အစီအစဉ်များထဲတွင် အရေးကြီး အစိတ်အပိုင်း တစ်ရပ်မှ ပါဝင်နေလေရာ သူ သည်းခံရပေလိမ့်မည်။
ကံကောင်းထောက်မတာ တစ်ခုက ကောင်းကင် စစ်ဝိညာဉ်မှာ ပြန်လည် အိပ်စက် မသွားပဲ သူနှင့် အတူတူ ရှိနေခဲ့ခြင်း ဖြစ်သည်။ ထိုနေ့ရက်များ အတွင်း၌ သူတို့ နှစ်ယောက် အကြောင်းအရာ အတော်များများကို ဆွေးနွေးခဲ့ကြပေသည်။ အထူးသဖြင့် ဥပဒေသနှင့် ချိတ်ဆက်ခြင်း သက်ဆိုင်သည့် အကြောင်းအရာများပင်။
ကောင်းကင်စစ်ဝိညာဉ်၏ အဆိုအရ... ဥပဒေ ချိတ်ဆက်ခြင်း၏ တရားဝင် နာမည်မှာ ပညတ်ချက် သုံးထောင် ကောင်းကင် ပေါင်းဆုံခြင်းဟု ခေါ်သည်။ ထိုစွမ်းအားအား ဆင့်ခေါ်သည့် လုပ်ဆောင်မှုကိုတော့ သူတော်စင်၏ အမိန့်ပြန်တမ်း ဟု ခေါ်သည်။ ကောင်းကင် စစ်ဝိညာဉ်မှာ ထိုနာမည် နှစ်ခုကို ခြားနားသည့် ဘာသာစကားဖြင့် ဆိုသွားခဲ့ခြင်း ဖြစ်သည်။ ၎င်းက သေမျိုး ဘာသာစကား မဟုတ်သလို လျှို့ဝှက် ဘာသာစကားလည်း မဟုတ်ချေ။
ထိုအသုံးအနှုန်းများကို ကြားရခြင်းက ဝေ့ဝူယင်၏ စိတ်ကို ထူးခြားသည့် ခံစားချက် တစ်ခု ဖြစ်သွား စေခဲ့သည်။ ထို့အပြင်.... ၎င်းမှာ ပထမဆုံး အကြိမ် အဖြစ် သူတော်စင်တို့၏ အဆင့် အကြောင်း အရိပ်အမြွက်တစ်ခုကို စတင် ကြားခဲ့ရခြင်း ဖြစ်သည်။
ပညတ်ချက် သုံးထောင် ကောင်းကင် ပေါင်းဆုံခြင်း...
သူတော်စင်၏ အမိန့်ပြန်တမ်း...
ထိုအသုံးအနှုန်း နှစ်ခုမှာ သူတော်စင်တို့၏ အဆင့်နှင့် ချိတ်ဆက်နေကြောင်း နားလည် သဘောပေါက်ရန် ဝေ့ဝူယင် အတွက် မခက်ခဲပါချေ။ မျှော်လင့်ချက် တစ်ခုက ဝေ့ဝူယင်၏ နှလုံးသား အတွင်း စတင်ကာ မွေးဖွား လာခဲ့၏။ သူ ခြေတစ်လှမ်း ပိုမို နီးကပ်လာခဲ့ပြီ ဖြစ်သည်။
ထို့အပြင်... ကောင်းကင် စစ်ဝိညာဉ်မှာ ဥပဒေသများ အကြောင်း သူ့ကို ရှင်းပြခဲ့သည်။ သို့သော်လည်း... အရှင်းလင်းဆုံး အခြေအနေ အထိတော့ သူ သိပ်နားမလည်ခဲ့ချေ။ သူ နားလည်သလောက် ဆိုလျှင်... ဥပဒေသများမှာ လောကအတွင်း အကြီးမားဆုံးသော အင်အား ဖြစ်သည်။ ကောင်းကင်အောက်တွင် စီးဆင်းနေသမျှ အရာအားလုံးမှာ ဥပဒေသများပေါ် အခြေပြု၍ တည်ဆောက်ထားခြင်း ဖြစ်သည်။
သူ၏ ဥပဒေသ မျိုးစေ့ နှစ်ခုမှာ အလွန်တရာ ကြီးကျယ် ခမ်းနားလှသည့် စွမ်းအားထံသို့ ဦးတည်သွားမည့် အပျံသင်စ ငှက်ငယ်လေးများလို ဖြစ်သည်။ ၎င်းတို့ကို ကြီးထွားရန် အတွက် ပြုစုပျိုးထောင်ပေးဖို့ လိုအပ်သည်။ ထို့အပြင်... မရှင်းပြနိုင်သည့် အကြောင်းပြချက် တစ်ခုနှင့် အတူ ၎င်းနှင့် ပတ်သက်၍ ဆိုးရွားသည့် ခံစားချက်မျိုးကို သူ ခံစားရသည်။ ထိုခံစားချက်က ကောင်းကင်ဘုံ နတ်မျက်လုံးများမှ လာသလား၊ အပြစ်သား သွေးမျိုးဆက်မှ လာသလား၊ ကောင်းချီးခံ တစ်ယောက် အနေဖြင့် ကောင်းကင်နှင့် ချိတ်ဆက်မှုမှ လာသလား၊ ကျင့်ကြံသူ တစ်ယောက်၏ ပင်ကိုယ် အသိစိတ်မှ လာသလား မသိရသည့်တိုင် တည်ရှိနေတာတော့ ကျိန်းသေပေသည်။
ကောင်းကင်ရှန့်ထို အဆင့်တွင် ကျင့်ကြံသူ တစ်ယောက်မှာ ကြီးမားသော ပေးဆပ်မှုနှင့် အတူ လောကလုံးထောင် ကောင်းကင် ပေါင်းဆုံခြင်း၏ အဆင့်နိမ့် ပုံစံ တစ်မျိုးကို ဆင့်ခေါ်နိုင်သည်။ ထိုနည်းဖြင့် သေမျိုး အဆင့်များမှာ ကိုယ်ပိုင် မစွမ်းဆောင်နိုင်ခင်မှာပင် ဥပဒေသမျိုးစေ့များကို ပိုင်ဆိုင်လာနိုင်ကြသည်။ သို့သော်လည်း... ရာနှုန်းပြည့် အောင်မြင်မည်ဟု မည်သူမှ အာမ မခံနိုင်ပါချေ။ ကြိုးစားမှု အများစုက ကျရှုံးခဲ့သည်သာ ဖြစ်သည်
အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံကတော့ ကောင်းကင် စစ်ဝိညာဉ်၏ အဆိုအရဆိုလျှင်... အစစ်အမှန် သူတော်စင်များ နှင့် အစစ်အမှန် ဝိညာဉ် အဆင့်များ ထွင်းထုထားသည့် ကောင်းကင် ရတနာ တစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့် ထိုကျင့်ကြံခြင်း အဆင့်များကို လျှို့ဝှက် အာဏာရှင် အဆင့်ရှစ်နှင့် အဆင့်ကိုးများ အဖြစ် ရည်ညွှန်းနိုင်ပေသည်။
အဆင့်လွန် ကောင်းကင် ရတနာများကိုတော့ လျှို့ဝှက် အာဏာရှင် အဆင့်လွန် ကျင့်ကြံသူကြီးများကသာ ထွင်းထုနိုင်စွမ်း ရှိသည်။ ”ကောင်းကင် ရတနာ” ဆိုသည့် အသုံးအနှုန်းမှာ သေမျိုး နတ်ဘုရားများ၊ လောကသခင်များ သို့မဟုတ်... သူတော်စင်တို့၏ အဆင့်လို ဘွဲ့ထူး တစ်ခုပင် ဖြစ်သည်။
ကောင်းကင် ရတနာများမှာ ကိုယ်ပိုင် ထုတ်လွှတ်နိုင်သည့် စွမ်းရည်များကြောင့် အလွန်ပင် ကျော်ကြားသည်။ ဆိုလိုသည်က... ၎င်းမှာ ပညတ်ချက် သုံးထောင် သုံးထောင်နှင့် ဆက်သွယ်မှု တစ်ခုကို တည်ဆောက်ကာ ကျင့်ကြံသူ တစ်ယောက်၏ အကူအညီ မပါပဲ ကြီးကျယ် ခမ်းနားသော စွမ်းအင်များကို အသုံးပြုနိုင်စွမ်း ရှိသည်။
“အဆင့်လွန်” ဆိုသည့် အသုံးအနှုန်း ပါဝင်မှု သို့မဟုတ် ပျက်ကွက်မှုတို့ကတော့ အတုအယောင် ချိတ်ဆက်မှုနှင့် အစစ်အမှန် ချိတ်ဆက်မှုတို့ကို ခွဲထုတ်လိုက်ခြင်းပင် ဖြစ်သည်။
လျူယင်လန်း ပြောသည့် “အာဏာရှင် အင်ပါယာ” သုံးယောက်မှာ မည်သည့် အဆင့်များ ဖြစ်ကြကြောင်း ဝေ့ဝူယင် တွေးတောကြည့်မိလိုက်၏။ အဆုံးမဲ့ ဟင်းလင်းပြင်မှန်က သူတို့ အတွက် ခြိမ်းခြောက်မှုများကို ချိတ်ပိတ်ရန် အသုံးပြုသည့် သာမန် ရတနာ တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့်ပင်... ခိုင်မာသည့် သုံးသပ်ချက် တစ်ခု သူ မထုတ်ရဲပါချေ။
ကောင်းကင် စစ်ဝိညာဉ် ထပ်မံ ပြောပြချက် အရဆိုလျှင်... ဥပဒေသ မျိုးစေ့ တစ်ခု သို့မဟုတ် အစစ်အမှန် ဥပဒေသ တစ်ခုအား ပြုစုပျိုးထောင်ရန် အတွက် ၎င်းဥပဒေသ ကိုယ်တိုင်နှင့် ကိုက်ညီသည့် ဝိညာဉ်အလင်းကျင့်စဉ် တစ်ခုကို လိုအပ်သည်။ ကျင့်စဉ် မရှိပါက အတားအဆီးကို ဘယ်လိုနည်းနှင့်မျှ မကျော်ဖြတ်နိုင်ဟု ဆိုသည်။
ဝေ့ဝူယင် ကောင်းကင် စစ်ဝိညာဉ်ကို ပထမဆုံး ပြန်မေးမိသည်က အဂ္ဂိရတ် တာအိုကရော ထိုအကန့်အသတ်ကို ကျော်ဖြတ်နိုင်သလား ဟူ၍ပင်။
“အဂ္ဂိရတ် တာအိုက အကန့်အသတ်မဲ့တယ်...”
ထိုအရာက ကောင်းကင် စစ်ဝိညာဉ် ပြန်ဖြေသည့် အလုံးစုံသော အဖြေ ဖြစ်သည်။ သို့သော်လည်း... ထိုကဲ့သို့ ပြုလုပ်နိုင်ရန် အတွက် အလွန် ခက်ခဲမည်မှာ လက်ခတ်မလွဲပင် ဖြစ်လေသည်။ ကောင်းကင် အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ဖြစ်သည့် ထာဝရ ဧကရာဇ်ရော ထိုကဲ့သို့ ပြုလုပ်နိုင်မည်လေလော။
ခရီးသွားနေခဲ့သည့် ရက်ပေါင်း လေးဆယ်ကျော် အတွင်း ဝေ့ဝူယင်မှာ သူ၏ အသွင်သဏ္ဌာန်မဲ့ ကောင်းကင် ဝိညာဉ်အလင်းကို ဥပဒေသ မျိုးစေ့များ အတွင်း ဖြည်းညင်းစွာ ထည့်သွင်း နေခဲ့သည်။ အံ့အားသင့်ဖို့ ကောင်းစွာပင် ၎င်းတို့မှာ အနည်းငယ်လေးပင် ငြင်းဆန်ခြင်း မရှိပဲ အားလုံးကို စုပ်ယူဖို့ အဆင်သင့် ဖြစ်နေခဲ့သည်။ ထို့အပြင်... အသွင်သဏ္ဌာန်မဲ့ ကောင်းကင် ဝိညာဉ်အလင်းမှာ ဥပဒေသ မျိုးစေ့ နှစ်ခုစလုံး အတွက် အလုပ်ဖြစ်ခဲ့ပေသည်။
သို့သော်လည်း... ဘုရင်၏ အိုမီဂါ ဆေဘာ ဝိညာဉ် အလင်းကို အသုံးပြုပြီး စမ်းသပ်ကြည့်ချိန်တွင်တော့ ၎င်းတို့က ပြင်းထန်သည့် အမူအရာဖြင့် ငြင်းဆိုခဲ့သည်။ ဥပဒေသမျိုးစေ့ တစ်ခုဆိုလျှင် ၎င်းကိုယ်ကို ဖောက်ခွဲ ပစ်လုနီးနီး အထိ ဖြစ်ခဲ့ပေသည်။
ထို့နောက်တွင်တော့... ၎င်းတို့မှာ အိုမီဂါ ဆေဘာ ဝိညာဉ် အလင်းကို သန့်စင်ပစ်သည့် အလား မည်သည့် ဝိညာဉ် အလင်းကိုမှ ထပ်မံ စုပ်ယူခြင်း မပြုတော့ချေ။ ထိုကဲ့သို့ ဖြစ်စဉ်မှာ တစ်လတိတိ ကြာမြင့်ခဲ့သည်။
ကောင်းကင် စစ်ဝိညာဉ် ရွှေရောင် ဥကလေးမှာ သူမ၏ တားဆီးမှုများကြားမှပင် စမ်းသပ်ဖို့ ကြိုးစားခဲ့သည့် ဝေ့ဝူယင်ကို အပြစ်တင် လှောင်ပြောင်ခဲ့သည်။ သူမ၏ တခစ်ခစ် ရယ်မောသံ ကလေးများကိုပင် ဝေ့ဝူယင် ကြားနိုင်ခဲ့ပေသည်။
ဥပဒေသမျိုးစေ့များကို ပြုစုပျိုးထောင်ရန် အတွက် အခြား ဝိညာဉ် အလင်းများ အစား... အသွင် သဏ္ဌာန်မဲ့ ကောင်းကင်ဝိညာဉ် အလင်းကို ပထမဆုံး အသုံးပြုခဲ့မိတာ ဝေ့ဝူယင် အတွက် ကံကောင်းသည်ဟု ဆိုရပေလိမ့်မည်။ မဟုတ်ပါက... သူ၏ ကမ္မတန်ဖိုး ၃၀၀၀ မှာ ဘာမှ မသိလိုက်ခင်မှာပင် ပျက်စီး သွားခဲ့ပေလိမ့်မည်။
***