← Chapters

ကာကွယ်သူ မြို့တော် (၂)

Vol. 78 Ch. 1081

ကာကွယ်သူ မြို့တော် (၂)

Vol. 78 Ch. 1081

လေးဆယ့်နှစ်ရက် ဆိုသော အချိန်မှာ ဝေ့ဝူယင် အတွက် ကောင်းကင် စစ်ဝိညာဉ်ထံမှ များစွာသော အရာများကို မေးမြန်းရန် လုံလောက်ခဲ့ပေသည်။ ကံမကောင်းစွာပင်... ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် အချက်အလက် အချို့မှ အပ ကောင်းကင် စစ်ဝိညာဉ်၏ အသိပညာ ဗဟုသုတများစွာမှာ ကန့်သတ်ခံထားရသည်။ သူမမှာ ယခုမှ ဖွံ့ဖြိုးဆဲ အဆင့်တွင်သာ ရှိနေဆဲ ဖြစ်လေရာ သူမ၏ မှတ်ဉာဏ် အများစုမှာ ချိပ်ပိတ် ခံထားရဆဲ ဖြစ်သည်။ လက်ရှိ သူမ သိထားသမျှ အရာများမှာ မှတ်ဉာဏ်ကြီး တစ်ခုလုံး၏ အလွန် သေးငယ်သော အစိတ်အပိုင်းလေးများသာ ဖြစ်သည်။

ထိုကန့်သတ်ချက်မှာ ၎င်း၏ ဥကဲ့သို့ သဏ္ဌာန်ကြောင့်ပင် ဖြစ်သည်။ ထိုသဏ္ဌာန်ကြောင့်ပင် ၎င်းမှာ ဝေ့ဝူယင်၏ အသိစိတ် ပင်လယ် အတွင်း အသိုက်ဖွဲ့ကာ နေထိုင် နေခဲ့ရခြင်း ဖြစ်သည်။ ကံကောင်း ထောက်မတာ တစ်ခုက ကောင်းကင် စစ်ဝိညာဉ်မှာ စိတ်စွမ်းအင်များကို စုပ်ယူခြင်းအားဖြင့် သူမ မှတ်မိနိုင်သည့် အကြောင်းအရာများကို ချဲ့ထွက်နိုင်ခြင်း ဖြစ်သည်။ ၎င်းမှာ ဖန်တီးသူ၏ ဒီဇိုင်း သို့မဟုတ် ချို့ယွင်းချက်ကြောင့် ဖြစ်နိုင်ကာ မည်သို့ပင် ဆိုစေကာမူ.. သူမ အတွက်တော့ ကံဆိုးမှု တစ်ခု ဖြစ်သည်။

ထို့အပြင် ဆက်စပ်မှု စစ်မြေပြင်၏ ဒီဇိုင်းဆွဲထားမှု ပုံစံ အရ... ဝေ့ဝူယင်မှာ သူမ၏ သခင် ဖြစ်လာသင့်သူ မဟုတ်ချေ။ မြေကြီး ရှန့်ထို အဆင့်ကို ခြေတစ်လှမ်း ဝင်ရောက်နေသည့် သေမျိုး တစ်ပိုင်း အရှင် အဆင့်များသာလျှင် သူမကို ရရှိသင့်ပေသည်။ စစ်ဝိညာဉ် ငါးသန်းတန် တန်ဖိုးရှိသည့် ထုတ်ကုန် တစ်ခု အနေဖြင့် ဝေ့ဝူယင်ကဲ့သို့ တစ်ယောက်၏ လက်အတွင်း ကျရောက်သွားလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့် မထားခဲ့ပါချေ။

ဘယ်လိုပဲ ဖြစ်ဖြစ်... ဝေ့ဝူယင်မှာ အလွန် ထူးချွန်သူ တစ်ယောက် ဖြစ်ကြောင်း သူမ အကဲခတ် မိပေသည်။ ထိုလူငယ်မှာ သေမျိုးအဆင့်တွင်သာ ရှိနေသေးသည့်တိုင် အလွန် ထူးချွန်သော နည်းလမ်းများစွာကို ပိုင်ဆိုင်ထားသည်။ အကယ်၍ သူသာ လျှို့ဝှက် အာဏာရှင် အဆင့်ကို ဝင်‌ရောက်ပြီးပါက သူ၏ စိတ်စွမ်းအင်များမှာလည်း လျှို့ဝှက် အဆင့်ကို ပြောင်းလဲ သွားပေလိမ့်မည်။ ထိုအခါ... သူက ရွှေ‌ရောင်ဥထဲမှ ဖောက်ထွက်ကာ ပြန်လည် မွေးဖွားနိုင်လိမ့်မည် ဖြစ်သည်။

ဘယ်လိုပဲ ဖြစ်ဖြစ်... ကောင်းကင် စစ်ဝိညာဉ် လက်ရှိ သိရှိထားသည့် အချက်အလက်များပင်လျှင် ဝေ့ဝူယင် အတွက် အလွန် အဖိုးတန်လှသည်။ အထူးသဖြင့်... စစ်ပွဲများနှင့် ပတ်သက်သည့် သူမ၏ အသိပညာ ဗဟုသုတများမှာ အလွန်ပင် ကြွယ်ဝလွန်းလှ၏။ စစ်တပ်တစ်ဖွဲ့ တည်ဆောက်ပုံ၊ အောက်သည် စစ်သည်များအား လေ့ကျင့်ပေးပုံ၊ စစ်မှူး စစ်ကဲများအား သင်ကြားပေးပုံ၊ သစ္စာရှိမှုအား မွေးမြူပုံနှင့် ထိုးစစ် ခံစစစ်များ အပါအဝင် စစ်ပွဲ၏ နည်းဗျူဟာများစွာကို သူမထံမှ သူ သင်ယူနိုင်ခဲ့သည်။

ကောင်းကင် စစ်ဝိညာဉ်နှင့် ဆွေးနွေးဝိုင်း တစ်ခုလုံးမှာ အလွန်ပင် အကျိုးရှိလှကာ သူ သိချင်သည့် ပဟေဠိ များစွာကို ဖြေရှင်းနိုင်ခဲ့ပေသည်။ ကံမကောင်းတာ တစ်ခုက ကောင်းကင် စစ်ဝိညာဉ်မှာ ကျင့်စဉ်များ၊ အစီအရင်များ၊ ဝင်္ကပါများနှင့် အဂ္ဂိရတ် ပညာရပ်များကို နားမလည်ခြင်း ဖြစ်သည်။

ဝေ့ဝူယင် ကာကွယ်သူ မြို့တော်ကြီးကို လှမ်းမျှော်ကာ ကြည့်လိုက်မိ၏။ ထိုမြို့တော်ကြီး အတွင်း မည်ကဲ့သို့သော အရာများ စောင့်ကြိုနေမည်လဲ သူ မသိပါချေ။ သူ အစစ်အမှန် ကံကြမ္မာ ခရီးသည် ရာထူးကို လက်ခံလာစေရန် အတွက် လျူယင်လန်း၏ ပြင်ဆင်မှုများက လောကရှန့်ထို တစ်ပါး၏ ဂုဏ်ပုဒ်နှင့် ကိုက်ညီပါစေဟုသာ သူ စိတ်ထဲမှ ကြိတ်ကာ ဆုတောင်းလိုက်မိပေသည်။

ကာကွယ်သူ မြို့တော်၏ အလွန် ရှည်လျားလွန်းလှသော ဂိတ်တံခါးကြီးများထံသို့ အရောက်၌ ဝေ့ဝူယင်မှာ လျူစုယင်ကို မှီလာခဲ့လေ၏။ မိန်းကလေးမှာ သံချပ်ကာဝတ် ကျင့်ကြံသူ သုံးယောက် ခြံရံကာ သူ့ကို စောင့်ဆိုင်း နေခဲ့ခြင်း ဖြစ်သည်။ ထိုသုံးယောက်ထဲတွင် ယောက်ျား နှစ်ယောက်နှင့် မိန်းကလေး တစ်ယောက်တို့ ပါဝင်နေပေသည်။ သူတို့၏ ဝတ်ပုံစားပုံက အဆုံးမဲ့ မြို့တော် ဂိတ်တံခါးဝတွင် ဆုံတွေ့ခဲ့ရသည့် အစောင့်အတိုငး အတိအကျပင် ဖြစ်သည်။ သူတို့၏ ခေါင်းစွပ်များသာ အနည်းငယ် ကွဲပြားပေသည်။

သူတို့ သုံးယောာက်စလုံးမှာ ပြည့်စုံ အခြေခိုင်မာသည့် အော်ရာများကို ပိုင်ဆိုင်ထားကြကာ လျှို့ဝှက် ဝိညာဉ် အဆင့်များ ဖြစ်ကြောင်း ထင်ရှားလှသည်။ သူတို့၏ သိချင်စိတ် ပြည့်နှက်နေသည့် မျက်ဝန်းများကတော့ ဝေ့ဝူယင်ကို တစ်လက်မမျှ မရွေ့ပဲ စိုက်ကြည့် နေခဲ့၏။

ထွားထွားကြိုင်းကြိုင်း ခန္ဓာကိုယ်နှင့် အမျိုးသားဆိုလျှင် အံ့အားသင့်သည့် အငွေ့အသက်များကိုပင် ထုတ်ဖော် လာခဲ့၏။

“ကျုပ် သူ့ အတိမ်အနက်ကို အာရုံမခံနိုင်ဘူး...”

လူထွားကြီးက မခံမရပ် ဖြစ်နေဟန်ဖြင့် ဆိုလိုက်၏။ သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ သူ၏ မျက်လုံးများက ဝိညာဉ်အလင်းများဖြင့် ပြည့်နှက်သွားကာ မျက်လုံး အစီအရင် ဝင်္ကပါ တစ်ခုကို အသက်သွင်း လိုက်သည်။

ဝှစ်... ဝှစ်...

ချက်ချင်းပင် ဝေ့ဝူယင်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ဝိညာဉ်အလင်းများဖြင့် လွှမ်းခြုံ သွားခဲ့၏။ ၎င်းတို့က ဒွါရပေါက်များကို တိုးဝင်၍ ခန္ဓာကိုယ် အတွင်း ဝင်ရောက်ကာ သတင်း အချက်အလက်များကို ရသလောက် စုစည်းဖို့ ကြိုးစားလိုက်ကြလေသည်။

ထိုလုပ်ရပ်မှာ အလွန်ပင် ရိုင်းစိုင်းလှသည်။ နဂါးငွေ့တန်း ကြယ်ကွင်းပြင်နှင့် မဟာစက်ဝန်း ကြယ်ကွင်းပြင်တို့တွင် ထိုကဲ့သို့ လုပ်ရပ်မျိုးကို ကြီးမားစွာ တားမြစ်ထားပေသည်။ သို့သော်လည်း... ယခုတွင်တော့ အာကာသ ဝေဟင် လက်ထောက် ဂိုဏ်းချုပ် လျူစုယင် အပါအဝင် လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်လုံးမှာ ဘာမှ မထူးခြားသလို စိုက်ကြည့်နေကြပေသည်။

ဘုန်း...

အတွေးတစ်ချက်ဖြင့်ပင် ဝေ့ဝူယင် ဝိညာဉ် အင်အားကို တိကျသော နှုန်းထားဖြင့် တုန့်ပြန်လိုက်၏။ ၎င်းက လူထွားကြီး၏ ဝိညာဉ် အလင်းများကို အသွင် သဏ္ဌာန်မဲ့ နတ်ဘုရား အင်အား တစ်ခုကဲ့သို့ လွှမ်းခြုံသွားသည်။ ရုတ်ချည်းပင်... လူထွားကြီး၏ မျက်နှာထက်ရှိ အပြုံးများက အေးခဲ သွား၏။

အလွန်တရာ အစွမ်းထက်လှသည့် ပြင်ပ အင်အား တစ်ခုမှာ ဘယ်ဘက် မျက်လုံးမှ တစ်ဆင့် သူ့ ခန္ဓာကိုယ်ထဲ ကျူးကျော် ဝင်ရောက် နေချေသည်။ လူထွားကြီးမှာ အလိုလို သိစိတ်ဖြင့် ထိုအင်အားကို ခုခံရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း... အကျိုးဆက် အနေဖြင့် သူ၏ ဘယ်ဘက် မျက်လုံးသာလျှင် အရည်နှင့် အဖတ်များ အဖြစ် ပေါက်ကွဲ သွားခဲ့သည်။

“အား...”

အလွန်တရာ ပြင်းထန်လှသည့် နာကျင်မှုကြောင့် ထူထွားကြီးမှာ အော်ဟစ် လိုက်မိလေသည်။ ပြင်ပ အင်အားကတော့ ရပ်တန့်ခြင်း မရှိပါချေ။ မျက်တောင် တစ်ခပ်စာ အတွင်းမှပင် သူ့ ထျန်းတျန် အတွင်း ဝင်ရောက်သွား၏။ ထိုကဲ့သို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူ့ ညာဘက် မျက်လုံးများမှာ ပြူးကျယ်လာ၏။

အခြား လျှို့ဝှက် အာဏာရှင် အဆင့် နှစ်ယောက်မှာ ချက်ချင်းပင် လှုပ်ရှားလာကြကာ လူထွားကြီး အနားသို့ ရောက်ရှိသွားကြသည်။ သူတို့က လူထွားကြီး၏ ခန္ဓာကိုယ်ထဲကို ဝိညာဉ်အာရုံများ ပို့လွှတ်လိုက်ကြကာ တစ်ခုခု မှားယွင်းနေသလား ရှာဖွေ လိုက်ကြ၏။ သို့သော်လည်း... မည်သည့် တိုက်ခိုက်မှု သို့မဟုတ်... စွမ်းအင် လှုပ်ခတ်မှုကိုမှ မခံစားရပါချေ။

ကျင့်ကြံခြင်း သွေဖည်မှု...

ထိုအရာက သူတို့ တွေးတောလို့ ရသည့် တစ်ခုတည်းသော အကြောင်းရင်း ဖြစ်သည်။ လူထွားကြီးမှာ အမြင်အာရုံ အစီအရင်၏ ဘက်ကန်မှုကို ခံခဲ့ရလေရာ ဝိညာဉ် ကျင့်ကြံခြင်း နည်းလမ်းတွင် ပြဿနာ တစ်စုံတစ်ရာ ရှိနေပုံ ရသည်။

သို့သော်လည်း... သူတို့ သတိမထားမိသည့် အရာ တစ်ခုကး... ဝေ့ဝူယင်၏ ဝိညာဉ်ခွန်အားမှာ လူထွားကြီး၏ ထျန်းတျန် အတွင်းအထိ ဝင်ရောက်သွားခြင်း ဖြစ်သည်။ လူထွားကြီး၏ လျှို့ဝှက် ဝိညာဉ်က ခြိမ်းခြောက်မှု တစ်ခုကို အာရုံခံမိသည့် အလား အလွန်တရာ တုန်ရီ နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... ပြင်ပ အင်အားကတော့ ကြင်နာမှု ကင်းမဲ့လှကာ သူ့ လျှို့ဝှက် အမြုတေကိုပင် ပြင်းထန်စွာ တိုက်ခတ်လာ၏။

ဝေ့ဝူယင်၏ ဝိညာဉ် အင်အားမှာ လျှိုံဝှက် အဆင့်တွင် ရှိမနေပါချေ။ သို့သော်လည်း... စွမ်းအင် ပုံကြမ်း အရ ပြောရလျှင် ၎င်းမှာ သံသယ ရှိစရာ မလိုလောက်အောင်ပင် သေမျိုး အဆင့်၏ အကန့်အသတ်ကို ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ မည်သို့ပင် ဆိုစေ... ၎င်းမှာ ကြယ်တာရာ ဝိညာဉ် လေးခုကို ပေါင်းစပ်ထားသည့် အင်အားများ ဖြစ်သည် မဟုတ်ပါလာ။

ခရက်... ခရက်...

ဝေ့ဝူယင် ကြည့်နေစဉ်မှာပင် ဝိညာဉ် အင်အားမှာ အစောင့်၏ လျှို့ဝှက် အမြုတေကို အဆက်မပြတ် တိုက်ခိုက်နေ၏။ လျှို့ဝှက် ဝိညာဉ်ထံမှ သွေးရူးသွေးတန် အော်ဟစ်သံများကိုပင် သူ ကြားနေရသည်။ ထိုအခိုက်၌ သူ၏ လျှို့ဝှက် အော်ရာ တစ်ခုလုံးမှာ ကစဉ့်ကလျား အခြေအနေသို့ ကျရောက် နေခဲ့ပြီ ဖြစ်သည်။ သွေးများမှာ သူ ဝတ်ဆင်ထားသည့် သံခမောက် အောက်မှ စီးကျ လာနေခဲ့၏။ ကြွင်းကျန်ရစ်ခဲ့သည့် တစ်ခုတည်းသော သူ၏ ညာဘက် မျက်လုံးများမှာ အလွန် ထိတ်လန့် ကြောက်ရွံ့သည့် အငွေ့အသက်များနှင့် ပြည့်နှက် နေခဲ့ပြီ ဖြစ်လေသည်။

“သူ ပေါက်ကွဲတော့မယ်...”

မိန်းကလေး အစောင့်က အော်ဟစ်လိုက်၏။ ထို့နောက် သူမက အနည်းငယ်မျှပင် တုန့်ဆိုင်းခြင်း မရှိပါပဲ စတင် ထွက်ပြေးတော့သည်။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူမမှာ မိုင်ပေါင်းများစွာ အကွာအဝေး အထိ ရောက်ရှိသွား၏။

ယောက်ျားလေး အစောင့်က အံကို တင်းတင်းကြိတ် လိုက်၏။ သူက လက်ထောက်ဂိုဏ်းချုပ်ထံမှ ညွှန်ကြားမှုကို ရယူရန် ရည်ရွယ်ချက်ဖြင့် လျူစုယင်ဘက်သို့ လှည့်လိုက်သည်။ သို့သော်လည်း... သူမကို ဘယ်နေရာမှာတွင်မှ မတွေ့ရတော့‌ချေ။

လျူစုယင်မှာ ဝေ့ဝူယင်ကို သယ်ဆောင်ကာ မိုင်ပေါင်း တစ်ရာခန့် အကွာအဝေးကိုပင် ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ သူမ၏ ခံစားချက် ကင်းမဲ့သည့် မျက်ဝန်းများဖြင့် လူထွားကြီးကို အေးစက်စက် စောင့်ကြည့် နေခဲ့လေ၏။

“အား...”

လူထွားကြီး၏ လျှို့ဝှက် ဝိညာဉ် တစ်ခုလုံးကား လဲပြိုကျလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အသိစိတ် ပင်လယ် အတွင်းတွင်တော့ သူ၏ လျှို့ဝှက် ဝိညာဉ်မှာ မျက်ဝန်း တစ်စုံကို တွေ့မြင်နေရ၏။ ၎င်းမှာ ငွေရောင် အဆင်း ရှိကာ ပန်းချီကားများထဲမှ လှပသော လနှစ်စင်း အလား ထင်ရ၏။ နောင်တတရားက သူ့ နှလုံးသား အတွင်း အရှိန်အဟုန်ဖြင့် နိုးထ လာခဲ့လေသည်။

“...”

အော်ဟစ်ရန် အတွက်ပင် ခွန်အား မရှိတော့သော အခိုက်၌ သူ့ လျှို့ဝှက် အမြုတေမှာ လျှို့ဝှက် အလင်းတန်းများကို စတင်ကာ ထုတ်လွှတ်လာခဲ့၏။ ၎င်းက သူ့ အသွေးအသားများထဲမှ တစ်ဆင့် ခြေထောက်၊ လက်၊ မျက်နှာ စသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို အလွန် လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ခရက်... ခရက်...

ရုတ်တရက် အစောင့်၏ ခန္ဓာကိုယ်မှာ လေထိုးခံရသည့် အရုပ် တစ်ရုပ်လို စတင်ကာ ကြီးလာခဲ့၏။ ထို့နောက် ပို၍... ပို၍...။

နောက်ဆုံးတွင်တော့ လူထွားကြီး၏ ခန္ဓာကိုယ်မှာ ဆက်လက် ကြီးထွားနိုင်ခြင်း မရှိတော့ပါချေ။ ထို့အစား...

ဘုန်း...

ကာကွယ်သူ မြို့တော်၏ ဂိတ်တံခါးဝ အနားတွင် အလွန် ပြင်းထန်သည့် ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်လာ၏။ ထိုပေါက်ကွဲမှုမှာ အလွန် ပြင်းထန်လွန်းရကား ပတ်ဝန်းကျင် မိုင်ဆယ်ဂဏန်း ခန့်ကိုပင် လွှမ်းမိုး သွားခဲ့လေသည်။ ချက်ချင်းပင် ကာကွယ်သူ မြို့တော်၏ နံရံများမှာ ခပ်ဖျော့ဖျော့ အလင်းရောင် တစ်ခုနှင့် တောက်ပလာခဲ့၏။ ထိုအလင်းရောင်ကပင် ဂိတ်တံခါး အပါအဝင် မြို့တော် တစ်ခုလုံးကို ပေါက်ကွဲမှုမှ ထိခိုက်ခြင်း မရှိအောင် ကာကွယ် လိုက်လေသည်။

အလွှာကြားက လောက၏ မျက်နှာပြင်ကတော့ အကြမ်းဖျဉ်း သုံးဆယ့် ခြောက်မိုင်လောက် တိုင်အောင် လှိုင်းထသွား၏။ သို့သော်လည်း... ချက်ချင်း ဆိုသလိုပင် ရေဝဲ တစ်ခု ဖြစ်ပေါ်လာကာ ထိုစွမ်းအင် အားလုံးကို စုပ်ယူ ပစ်လိုက်သည်။ ထို့နောက် ၎င်းမှာ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ပြန်လည် ပျောက်ကွယ် သွားခဲ့၏။ မြေပြင်ရော ဝေဟင်တွင်ပါ မည်သည့် ထိခိုက် ပျက်စီးမှုမှ မကျန်ခဲ့ပါချေ။

***

All Chapters