ကာကွယ်သူ မြို့တော် (၃)
Vol. 78 Ch. 1082
ဝေ့ဝူယင်၏ မျက်လုံးများမှာ တည်ငြိမ်နေ၏။ လူထွားကြီး၏ အပြုအမူနှင့် သဘောထားတို့က အလွန်ပင် ရိုင်းစိုင်း လွန်းလှကာ ကျင့်ကြံသူများ အတွက် လုံးဝ လက်မခံနိုင်သည့် လုပ်ရပ် တစ်ခု ဖြစ်သည်။ အကယ်၍ သူသာ မခုခံပဲ နေလိုက်ပါက သူ၏ လျှို့ဝှက်ချက်များ အားလုံးမှာ ပေါ်လွင် သွားတော့မည် ဖြစ်သည်။ လျူစုယင်မှာ အဝေးကို လှမ်းကြည့်ကာ မျက်တောင်များကို တဖျပ်ဖျပ် ခပ်လိုက်၏။ ထို့နောက် ဝေ့ဝူယင်ဘက် ပြန်လှည့်ကာ စိုက်ကြည့်လိုက်ရင်း...
“ဘယ်လို အဆောင်မျိုးကို နင်သုံးလိုက်တာလဲ...”
သူမ၏ မျက်ဝန်းများက အနည်းငယ် ထူးဆန်းသည့် အငွေ့အသက်များနှင့် ပြည့်နှက် နေခဲ့သည်။ အကယ်၍ ဝေ့ဝူယင်သာ မြေကြီး ရှန့်ထို တစ်ယောက်၏ အကာအကွယ် ချိပ်စည်း တစ်ခုခုကိုသာ သုံးခဲ့ပါက လျှို့ဝှက်အော်ရာ အငွေ့အသက်များကို သူမ ခံစားခဲ့မိလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... ဘာကိုမှ မတွေ့ခဲ့ရပါချေ။
အပြင်ပန်း အမြင်အရ ဆိုလျှင်တော့ အစောင့် လူထွားကြီးမှာ ဝိညာဉ် ကျင့်ကြံခြင်း နည်းလမ်း၏ တန်ပြန် ရိုက်ခတ်မှု ဒဏ်ကို ခံရကာ ကျင့်ကြံခြင်း လမ်းစဉ် သွေဖီမှုကို ခံစားခဲ့ရခြင်း ဖြစ်သည်။ ဥပမာအားဖြင့်... မဟာ ပေါင်းစည်းခြင်း အာကာသ ပဲ့တင်သံလှိုင်း ကျင့်စဉ်ဆိုလျှင် အပြင်းထန်ဆုံး တန်ပြန် ရိုက်ခတ်မှုဒဏ်ကို ထုတ်ဖော်နိုင်ကာ ကျင့်ကြံသူ တစ်ယောက်လုံးကိုပင် သူ၏ ကိုယ်ပိုင် စွမ်းအားကို အသုံးပြုကာ ဝါးမြို ပစ်နိုင်စွမ်း ရှိသည်။
“အဆောင် ဟုတ်လား...”
ဝေ့ဝူယင်က အပြစ်ကင်းစင်သည့် ပုံစံဖြင့် ပြန်လည် မေးလိုက်၏။ လျူစုယင်က သူ၏ အမူအရာကို ကြည့်ကာ အကဲခတ်ဖို့ ကြိုးစားလိုက်သည်။ ကံဆိုးစွာပင် သူမ မည်သည့် အရာကိုမှ မတွေ့ရပါချေ။ ထို့အပြင်... လူငယ်ထံတွင် ထိုကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသည် ဆိုသည့် မည်သည့် အထောက်အထားမှလည်း မရှိပါချေ။
တကယ်တမ်း ဝေ့ဝူယင် လူထွားကြီးကို သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ အလစ်အငိုက် အခြေအနေ တစ်ခုကြောင့်သာ ဖြစ်သည်။ ဝေ့ဝူယင်၏ ဝိညာဉ်အင်အားမှာ အထင်ကြီးဖွယ်ရာ ကောင်းတာ မှန်သော်လည်း... အစစ်အမှန် တိုက်ပွဲများတွင် ဆိုလျှင် ၎င်းကို လျှို့ဝှက်အော်ရာဖြင့် ခုခံနိုင်ပေသည်။ မည်သို့ပင် ဆိုစေ... သူက သေမျိုး အဆင့်တွင်သာ ရှိနေသေးဆဲ ဖြစ်သည်။
“မြို့တော်ထဲကို ဝင်ဖို့က လုံခြုံပါ့ မလားဗျ...”
ဝေ့ဝူယင်က လူထွားကြီး ပျောက်ကွယ်သွားသည့် အမှတ်ကို ကြည့်ရင်း မေးလိုက်၏။
“စိတ်မပူနဲ့...”
လျူစုယင်မှာ ဝေ့ဝူယင်ကို ခေါ်ကာ ဂိတ်ဝဆီ ပြန်လည် ရောက်ရှိလာခဲ့၏။ အခြား လျှို့ဝှက် အာဏာရှင် အဆင့် အစောင့် နှစ်ယောက်မှာလည်း ပြန်လည် ရောက်ရှိလာသည်။ သူတို့၏ အမူအရာများက အကျည်းတန်နေကြကာ အစောင့် ယောက်ျားဆိုလျှင် ဒေါသထွက်သည့် အငွေ့အသက်များပင်လျှင် ဖြစ်ပေါ်နေခဲ့၏။ သို့သော်လည်း... ဝေ့ဝူယင်ကိုတော့ သူ အပြစ်မတင်ပါချေ။ ထိုကလေးမှာ အသက် တစ်ရာအောက်သာ ရှိသေးကာ သေမျိုး အဆင့်တွင်သာ ရှိနေသေးဆဲ ဖြစ်သည်။ လျှို့ဝှက် စွမ်းအင်ကို အရိပ်အယောင်မျှပင် ထိတွေ့နိုင်ခြင်း မရှိပါသေးချေ။
သို့သော်လည်း လျူစုယင်...
ထိုအမျိုးသမီးမှာ အာကာသ ဝေဟင်ဂိုဏ်း၏ ဂိုဏ်းချုပ် တစ်ယောက် ဖြစ်သည်။ လူထွားကြီးကို သူမ ကယ်တင်နိုင်ခဲ့ပေသည်။ သူ၏ နှလုံးသားမှာ ပြင်းထန်သော ဒေါသတရားနှင့် အတူ မြင်ပေါင်း တစ်ထောင် ကဆုန်ပေါက်နေသလို ခုန်နေခဲ့၏။
“သူက ရေစက်ကြိုး ပိုင်ရှင် တစ်ယောက်ပဲ...”
လျူစုယင်က ဝေ့ဝူယင်၏ လည်ပင်းမှ ကျောက်စိမ်း လခြမ်းသော့လေးကို လက်ညိုး ထိုးပြရင်း ပြောလိုက်၏။ မိန်းကလေး အစောင့်က သက်ပြင်းတစ်ချက် ချကာ ခေါင်းညိတ်လိုက်၏။ အစောင့် ယောက်ျားကလည်း ဝေ့ဝူယင်၏ လည်ပင်းကို လှမ်းကြည့်ကာ ခေါင်းတစ်ချက် ညိတ်လိုက်သည်။
ကျွီ...
ဂိတ်တံခါးမှာ ဖြည်းညင်းစွာ ပွင့်ဟသွား၏။ ဝေ့ဝူယင်တို့ နှစ်ယောက်မှာ နောက်ကြောင်းကို ပြန်မကြည့်ကြပဲ ကာကွယ်သူ မြို့တော် အတွင်းသို့ ဝင်ရောက်လာခဲ့ကြလေသည်။
သို့သော်လည်း... အစောင့် ယောက်ျားကတော့ လျူစုယင်၏ နောက်ကြောကို မျက်တောင် မခပ် လှမ်းကြည့်နေခဲ့၏။ ထိုမျက်လုံးများ၏ အနက်ရှိုင်းဆုံး တစ်နေရာတွင်တော့ အမုန်းမီးတောက်များက အဆက်မပြတ် တောက်လောင် နေခဲ့လေသည်။
ဘုန်း...
ဂိတ်တံခါးမှာ ပြန်လည် ပိတ်သွားခဲ့လေ၏။
...
ကာကွယ်သူ မြို့တော်အတွင်း ဝင်ရောက်လာပြီးနောက် ဝေ့ဝူယင် သတိထားမိသည့် ပထမဆုံး အရာက ၎င်းမှာ အလွန် လူဦးရေ ကျဲပါးခြင်း ဖြစ်သည်။ အဆုံးမဲ့ မြို့တော်မှာ အမှန်တကယ် အဆုံးမဲ့သလို ခံစားရကာ မရေမတွက်နိုင်သော လူများ၊ အဆောက်အအုံများ၊ ပြင်းထန်သည့် လှုပ်ရှားမှုများ ရှိနေပေသည်။ သို့သော်လည်း... ကာကွယ်သူ မြို့တော်ကတော့ သာယာသည့် ဝန်းကျင် တစ်ခုကို ပိုင်ဆိုင်ထားကာ မှီတင်း နေထိုင်ကြသူများမှာ ရည်ရွယ်ချက် ရှိရှိ လှုပ်ရှား နေကြခြင်း ဖြစ်သည်။ သူတို့၏ အော်ရာများမှာ ခွန်အား၊ တည်ငြိမ်မှုများနှင့် ပြည့်နှက်နေ၏။
ထို့အပြင် အဆုံးမဲ့ မြို့တော်နှင့် ခြားနားစွာပင် မြို့တော်၏ အနားသတ်များကို သူ လှမ်း၍ မြင်တွေ့ နိုင်ပေသည်။ ၎င်းတို့မှာ အလွန် ရှည်လျားလှသော နံရံကြီးများ ဖြစ်သည်။ ထိုအချက်ကပင် ကာကွယ်သူ မြို့တော်မှာ သိပ်မကျယ်ဝန်းလှကြောင်း ဖော်ပြနေခဲ့၏။ မည်သို့ပင် ဆိုစေ... မြို့တော် အတွင်းရှိ လူဦးရေကတော့ ဘီလျံ ကျော်တာ သေချာလှသည်။
လျူစုယင်မှာ တိတ်ဆိတ် ငြိမ်သက်စွာပင် ရှေ့ဆုံးမှ ဦးဆောင်နေခဲ့၏။ သူမက သွားရမည့် နေရာကို ကြိုတင် သိရှိထားပြီ ဖြစ်ဟန် ရသည်။ လျူယင်လန်းမှာ ဤခရီးစဉ်ကို စီမံကာ အသားနှင့် သစ်သီးများကို စီမံထားပြီး ဖြစ်လေရာ သူ့ဘက်က လျူစုယင် ခေါ်သွားမည့် စားပွဲအထိ ရောက်ဖို့ စောင့်ရုံသာ ဖြစ်လေသည်။
“အစောင့်တွေက ဧည့်သည်ကို ခုလို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာ ထုံးစံလား...”
ဝေ့ဝူယင် မေးလိုက်၏။ လူထွားကြီး၏ လုပ်ရပ်ကို သူတို့ အဘယ်ကြောင့် မတားဆီးခဲ့ကြကြောင်း သူ သိချင် နေမိသည်။ ထိုကဲ့သို့ လုပ်ရပ်မျိုးမှာ ကျင့်စဉ်များ၊ နည်းလမ်းများ အပါအဝင် ကျင့်ကြံသူ တစ်ယောက်၏ အနက်ရှိုင်းဆုံးသော လျှို့ဝှက်ချက်များကိုပင် ဖော်ထုတ်နိုင်စွမ်း ရှိသည်။
“မဟုတ်ဘူး... ဒါပေမဲ့ ဂိတ်အစောင့်တွေက သူတို့ ရှာဖွေချင်တဲ့ ဘယ်သူ့ကို မဆိုစစ်ဆေးနိုင်တယ်... မြို့တော် လုံခြုံဖို့ အတွက် ဘယ်နည်းနဲ့ မဆို ဆောင်ရွက်လို့ ရတယ်”
ယခုတစ်ကြိမ်တွင်တော့ လျူစုယင်မှာ တုန့်ပြန်လာခဲ့၏။ သို့သော်လည်း... သူမ၏ လေသံက ခံစားချက် ကင်းမဲ့သည့် အငွေ့အသက်များနှင့် ပြည့်နှက်နေဆဲ ဖြစ်သည်။ အစောင့်များမှာ လက်ထောက်ဂိုဏ်းချုပ် အဆင့်အတန်းကိုပင် လျစ်လျူ၍ ပြုမူ နိုင်ကြလေရာ သူမ အစောင့်များကို သဘော မကျကြောင်း ထင်ရှားလှသည်။
သို့သော်လည်း... အာကာသ ဝေဟင်ဂိုဏ်း၏ တမန်တော် တစ်ယောက် အနေဖြင့် သူမ ဂိတ်တံခါး အစောင့်များနှင့် တွေ့ဆုံ ဆက်ဆံရသည့် အရေအတွက်မှာ အခြား ဘယ်ကျင့်ကြံသူထက် မဆို ပိုမို များပြားလှပေသည်။
“ကျုပ် သဘောပေါက်ပြီ...”
ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထို့နောက် သူက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း မြို့တော်၏ မှီတင်းနေထိုင်သူများကို လေ့လာလိုက်သည်။
ကျောက်စိမ်း လခြမ်းသော့များအား ဆွဲထားသည့် အချိန်သခင်များ၊ ကြယ်တာရာ သခင်များနှင့် လျှို့ဝှက် အာဏာရှင် အဆင့်များကို သူ သတိထားမိပေသည်။ ကျောက်စိမ်း လခြမ်းသော့များမှ ထွက်ပေါ်နေသည့် အလင်း၏ အရည်အသွေးမှာ သူတို့၏ ကွဲပြားခြားနားသည့် အဆင့်အတန်းများကို ညွှန်ပြနေ၏။
ရေစက်ကြိုးပိုင်ရှင်များတွင် အမျိုးအစား လေးမျိုး ရှိပေသည်။ ၎င်းတို့မှာ ဝိညာဉ် ရေစက်ကြိုး ပိုင်ရှင်၊ အရှုံးမပေးခြင်း ရေစက်ကြိုးပိုင်ရှင်၊ လှည့်လည်သွားလာခြင်း ရေစက်ကြိုး ပိုင်ရှင်နှင့် အစစ်အမှန် ကံကြမ္မာ ခရီးသည်တို့ပင် ဖြစ်သည်။
အစစ်အမှန် ကံကြမ္မာ ခရီးသည်မှ လွဲ၍ အခြား ရေစက်ကြိုး ပိုင်ရှင်များ၏ အဆင့်အတန်းများမှာ စမ်သပ်မှု သုံးခုတွင် သူတို့ ရရှိခဲ့သည့် အောင်မြင်မှုများနှင့် တိုက်ရိုက် အချိုးကျ နေပေသည်။ အာကာသ ဝေဟင်ဂိုဏ်း အတွင်း၌ ရေစက်ကြိုး ပိုင်ရှင် တစ်ယောက်၏ အဆင့်အတန်းမှာ ပိုမို မြင့်မားလေလေ သူတို့ ရရှိနိုင်သည့် အခွင့်အလမ်းများ၊ ရင်းမြစ်များနှင့် ကာကွယ်သူ မြို့တော် အတွင်း ဝင်ရောက်နိုင်ခွင့်တို့မှာ ပိုမို၍ တိုးလာလေလေ ဖြစ်သည်။
ရှာဖွေသူများတွင်လည်း ဟင်းလင်းပြင် ခရီးစဉ် ဟု ခေါ်သည့် သူတို့၏ ကိုယ်ပိုင် ပြိုင်ပွဲ တစ်ခု ရှိပေသည်။ သူတို့သည်လည်းပဲ... မီးခိုးရင့်ရောင် လခြမ်း သဏ္ဌာန် လည်ဆွဲများကို ဝတ်ဆင်ကြပေသည်။ အကယ်၍ လည်ဆွဲများကို ပေါင်းစည်းလိုက်ပါက လပြည့်ဝန်း တစ်ခုကို ရရှိလိမ့်မည် ဖြစ်သည်။
အဆုံးမဲ့ မြို့တော်နှင့် ခရီးသွား မြို့တော်များ အတွင်း မှီတင်း နေထိုင်ကြသည့် ရှာဖွေသူ ဖြစ်စေ၊ ရေစက်ကြိုး ပိုင်ရှင် ဖြစ်စေ... ကာကွယ်သူ မြို့တော် အတွင်း မဝင်ရောက်ခင် သူတို့ အားလုံးမှာ စဦး လေ့ကျင့်မှုများနှင့် စမ်းသပ်မှုများကို ကျော်ဖြတ် ကြရသည်။
“ဒါပေမဲ့ ဒီနေရာမှာ ရေစက်ကြိုး ပိုင်ရှင်ရော ရှာဖွေသူရော မဟုတ်တဲ့ လူတွေ ဘာလို့ ဒီလောက်တောင် များနေရတာလဲ..”
ဝေ့ဝူယင် မေးမြန်းရင်း လူအုပ်၏ အချိုးကို တွက်ချက် ကြည့်လိုက်၏။ သူ မြင်တွေ့ရသလောက် ဆိုလျှင် ပြင်ပလူ ၈၀ တွင် ရေစက်ကြိုး ပိုင်ရှင်နှင့် ရှာဖွေသူ တစ်ယောက်နှုန်းမျှလောက်သာ ရှိပေသည်။ ထို့အပြင် မြို့တော် အတွင်းရှိ လေထုမှာ အုပ်စုဖွဲ့ လှုပ်ရှားနေကြသည့် ကျင့်ကြံသူများနှင့် အတူ ဂိုဏ်းတစ်ဂိုဏ်းလိုမျိုး ခံစားရသည်။ သွားလာနေကြသူများထဲမှ အချို့မှာ သူတို့၏ မူလဇစ်မြစ်ကို ကိုယ်စားပြုသည့် ဆင်တူ ဝတ်စုံများကိုပင် ဝတ်ဆင်ထားကြသည်။ ထို့အပြင်... လျှို့ဝှက် အာဏာရှင် အဆင့်များ ဝန်းရံကာ စောင့်ရှောက်ပေးနေသည့် ကောင်းကင်မျိုးနွယ် လူငယ် တစ်ယောက်ကိုလည်း တွေ့ရသည်။ သူတို့ အုပ်စုထဲတွင် ဆိုလျှင် ရှာဖွေသူ သို့မဟုတ် ရေစက်ကြိုး ပိုင်ရှင် တစ်ယောက်မှ မရှိပါချေ။ ကာကွယ်သူ မြို့တော် အတွင်းတွင် အာကာသ ဝေဟင်ဂိုဏ်းနှင့် သီးခြား အဖွဲ့အစည်းများ တည်ရှိနေသည်လား။
“...”
လျူစုယင်၏ မျက်ဝန်းများက လူအုပ်ကို တစ်ချက် ဝှေ့ကြည့်လိုက်၏။ အာကာသ ဝေဟင်ဂိုဏ်း၏ လက်ထောက် ဂိုဏ်းချုပ် တစ်ယောက် ဖြစ်သည့်တိုင်... သူမ လက်ခံရရှိသမျှ တုန့်ပြန်မှု အများစုက အကြည့်တစ်ချက်နှင့် အံ့သြသွားသည့် အငွေ့အသက် တစ်ချို့သာ ဖြစ်သည်။
“ရေစက်ကြိုး ပိုင်ရှင်တွေနဲ့ ရှာဖွေသူတွေက သူတို့ တစ်ဘဝလုံး ကာကွယ်သူ မြို့တော်ထဲမှာ နေကြတာ များတယ်... ဒီမြို့တော်ထဲမှာ ဝင်္ကပါတွေ အများကြီး ရှိပြီးတော့ အဲဒါတွေက သူတို့ကို လိုအပ်တဲ့ နေရာတွေဆီ ပို့ပေးနိုင်စွမ်း ရှိတယ်... အထူးသဖြင့် ကာကွယ်ရေး ကိစ္စတွေမှာပေါ့လေ... နောက်ပြီး မြို့တော် ကိုယ်တိုင်ကိုက အလွှာကြားက လောကထဲမှာ အရေးအပါဆုံး နေရာ တစ်ခု အနေနဲ့ သူ့ကိုယ်သူ တည်ဆောက်ထားတာ... ဒါကြောင့် ခိုင်မာနဲ့ အုတ်မြစ်နဲ့ လုံခြုံရေး အတွက် အပို အလွှာတစ်ခု တည်ဆောက်ဖို့ လူဦးရေ တိုးတက်လာဖို့နဲ့ လက်ထပ်ပြီး ကလေးမွေးတာကို ငါတို့က အားပေးတယ်...”
လျူစုယင်က ခြောက်ကပ်ကပ် လေသံဖြင့် ရှင်းပြလိုက်၏။ ဝေ့ဝူယင် မေးသမျှကို ရှင်းပြရန် တစ်စုံတစ်ယောက်က သူမအား အတင်းအကြပ် အမိန့်ပေးထားသည့် အလားပင်။
“ဒါကြောင့် ဒီနေရာမှာ ရှိနေတဲ့ လူအများစုက လွန်ခဲ့တဲ့ နှစ်ရှစ်သောင်း အတွင်း ရေစက်ကြိုး ပိုင်ရှင်တွေနဲ့ ရှာဖွေသူတွေရဲ့ မျိုးဆက်တွေပဲ”
ဝေ့ဝူယင်မှာ ဉာဏ်အလင်း ရရှိသွားသလို ခံစားလိုက်ရ၏။ သို့သော်လည်း... သူ နားမလည်သေးသည့် အရာတစ်ခု ရှိနေသေးဆဲပင်။
“ဒါဆိုရင်... ဒီနေရာမှာ မွေးလာတဲ့ ရေစက်ကြိုး ပိုင်ရှင်တွေရဲ့ ကလေးတွေရော ရေစက်ကြိုး ပိုင်ရှင် ဖြစ်မလာနိုင်ဘူးလား... ရှာဖွေတွေရဲ့ ကလေးတွေကရော ရှာဖွေသူ ဖြစ်မလာနိုင်ဘူးလား”
“မဖြစ်လာနိုင်ဘူး... သူတို့က အလွှာကြားက လောကမှာ မွေးဖွားလာပြီး ချိပ်ပိတ် နယ်မြေ အတွင်း လည်ပတ်နိုင်တဲ့ ကျင့်ကြံသူတွေ ဆိုပေမဲ့ သူတို့ဆီမှာ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံတွေကို သုံးနိုင်စွမ်းမှ မရှိတာ”
"ကြေးမုံတွေ...”
ဝေ့ဝူယင် ထိုအသုံးအနှုန်းကို စိတ်ဝင်စား သွားမိ၏။
***