← Chapters

မသိမှုများ

Vol. 78 Ch. 1083

မသိမှုများ

Vol. 78 Ch. 1083

“ကြေးမုံတွေ ဆိုတော့ ဒီနေရာမှာ တစ်ခုထက် ပိုရှိလို့လား...”

ဝေ့ဝူယင် မေးလိုက်၏။ လျူစုယင်က ချက်ချင်း ပြန်မဖြေသေးပဲ သူမ၏ လခြမ်း သဏ္ဌာန် လည်ဆွဲလေးကို ညင်သာစွာ ပွတ်သပ်လိုက်၏။ သူမ၏ နှုတ်ခမ်းထက်၌ မသိမသာ သက်ပြင်းချသံ တစ်ခု ဖြစ်ပေါ်လာသည်။

“ကြေးမုံမှာ မျက်နှာပြင် နှစ်ဖက်ပါတယ်... ရှာဖွေသူတွေရဲ့ အင်ပါယာက တစ်ဖက်ကို ထိန်းချုပ်ထားပြီး ရေစက်ကြိုး ပိုင်ရှင်တွေရဲ့ ဧကရီက အခြား တစ်ဖက်ကို ထိန်းချုပ်ထားတယ်”

အလွှာကြားက လောကထဲတွင် ရှင်းပြရ ခက်ခဲသည့် အကြောင်းအရာ တစ်ချို့ ရှိသေးကြောင်း ဝေ့ဝူယင် ရိပ်ဖမ်းသံဖမ်း အကဲခတ်လိုက်နိုင်၏။ ခရီးသွား မြို့တော် အတွင်းတွင် ရှာဖွေသူတို့၏ ခေါင်းဆောင် တစ်ယောက် ရှိကောင်း ရှိနေနိုင်ပေသည်။ ထို့အပြင်... အာကာသ ဝေဟင်ဂိုဏ်းမှာ ကာကွယ်သူ မြို့တော်ကို အပြည့်အဝ ထိန်းချုပ်နိုင်သည့်ပုံ မရချေ။ နှစ်ဖက် ခွဲဝေကာ အုပ်ချုပ်ရပုံ ပေါ်သည်။

ဝေ့ဝူယင်မှာ ထိုအရာများကို တွေးတောရင်း ပိုမို၍ စိတ်ဝင်စားစရာ ကောင်းလာသလို ခံစားလိုက်ရ၏။ ထိုအချက်အလက်များအား ဝိညာဉ်ကျောက်စိမ်း အတွင်း ထည့်သွင်း မထားသည်ကတော့ အနည်းငယ် မချင့်မရဲ ဖြစ်စရာ ကောင်းလွန်းသည်။

“ရေစက်ကြိုး ပိုင်ရှင်တွေရဲ့ မျိုးဆက်တွေက ချိပ်ပိတ် နယ်မြေတွေ အတွင်း လည်ပတ်နိုင်တယ် ဆိုရင် ဘာလို့ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံကို မသုံးနိုင်ကြတာလဲ...”

ဝေ့ဝူယင် မူလ ခေါင်းစဉ်ကို ပြန်လည် အစပျိုးရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း... လျူစုယင်မှာ တိတ်ဆိတ် နေ၏။ သူမက မေးခွန်းကို ဆိတ်ဆိတ်နေခြင်းဖြင့် ဖြေဆိုရန် ငြင်းပယ်လိုက်သည်။

“တကယ်လို့ ရေစက်ကြိုး ပိုင်ရှင်တွေရဲ့ မျိုးဆက်တွေက ချိပ်ပိတ် နယ်မြေထဲကို ဝင်ရောက်ပြီး ဘဝသစ် တစ်ခုကို စကြတယ် ဆိုပါစို့... သူတို့က မွေးလာတဲ့ မျိုးဆက်တွေကရော အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံကို မသုံးနိုင်ဘူးလား...”

ဝေ့ဝူယင် မေးခွန်းကို နောက်တစ်နည်း ပြောင်း၍ မေးလိုက်၏။

“မသုံးနိုင်ကြဘူး...”

လျူစုယင်က တုံးတုံးတိတိပင် အဖြေပေး လိုက်သည်။ ဝေ့ဝူယင်၏ မျက်ဝန်းများက နားမလည်နိုင်သည့် အငွေ့အသက်များနှင့် ပြည့်နှက် သွားခဲ့၏။

“ခင်ဗျားကရော ရေစက်ကြိုး ပိုင်ရှင်ရဲ့ မျိုးဆက် မဟုတ်ဘူးလား... လျူယင်လန်းက ခင်ဗျားရဲ့ အဆက်အနွယ် ဟုတ်တယ် မလား...”

လျူစုယင်မှာ အစစ်အမှန် ကံကြမ္မာ ခရီးသည် ရာထူးကို လိုချင်နေသည်မှာ ထင်ရှားလှသည်။ သူမ၏ ရည်မှန်းချက်က အာကာသ ဝေဟင်ဂိုဏ်းချုပ် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ အကယ်၍ မိန်းကလေးသာ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံကို အသုံးမပြုနိုင်ဘူး ဆိုလျှင် လက်ရှိ အဆင့်အတန်း အထိပင် ရောက်ရှိစရာ အကြောင်း မရှိပါချေ။

“ငါ့ကို ဒီမှာ မွေးတာ မဟုတ်ဘူး... ချိပ်ပိတ် နယ်မြေထဲမှာ မွေးခဲ့တာ..”

လျူစုယင်က အဖြေပေးလိုက်၏။ တဖြည်းဖြည်းနှင့် သူတို့ နှစ်ယောက်မှာ ကောင်းကင် သင်္ဘောဆိပ် တစ်ခုထဲသို့ ရောက်ရှိလာခဲ့သည်။

အဆုံးမဲ့ မြို့တော်နှင့် ယှဉ်ပါက သေးငယ်သည် ဆိုသည့်တိုင် ကာကွယ်သူ မြို့တော်မှာ အလွန်ပင် ကြီးမားနေဆဲ ဖြစ်သည်။ အာကာသ ရွှေ့ပြောင်းခြင်းနှင့် ကိုယ်တိုင် ပျံသန်းခြင်းတို့ကို တားမြစ်ထားလေရာ ခရီးဝေးသွားရန် အတွက် သူတို့ ကောင်းကင် သင်္ဘောစီးနင်းဖို့ လိုအပ်သည်။

“လျူယင်လန်းက ခင်ဗျား အမေ မဟုတ်ဘူးလား...”

ဝေ့ဝူယင် အနည်းငယ် အံ့အားသင့် သွားခဲ့၏။ လျူစုယင်နှင့် လျူယင်လန်းတို့ နှစ်ယောက်မှာ ရုပ်ရည်ချင်း အလွန် ဆင်တူကြသူများ ဖြစ်သည်။ မျက်လုံးအရောင်များကတော့ အမြင်အာရုံ ကျင့်စဉ်ပေါ် တူတည်၍ အချိန်မရွေး ပြောင်းလဲသွားနိုင်သည့် ဖြစ်တည်မှုများ ဖြစ်သည်။

"မဟုတ်ဘူး...”

လျူစုယင်က ဝေ့ဝူယင်ကို အဖြေပေးရင်း သူမ၏ လခြမ်း ကျောက်စိမ်းသော့ကို ကောင်းကင် သင်္ဘောဆိပ်ကမ်းရှိ မိန်းက‌လေး ဝန်ထမ်းထံ ပြသလိုက်၏။ ထို့နောက် စက္ကူ အဆောင်လေး နှစ်ခုကို ပြန်လည် လက်ခံရရှိကာ သူမ၏ လမ်းညွှန်မှုနှင့် အတူ ဝေ့ဝူယင်တို့ နှစ်ယောက် ကောင်းကင် သင်္ဘော တစ်ခုထဲသို့ ရောက်ရှိလာခဲ့ကြလေသည်။

မိနစ် အနည်းငယ် အတွင်းမှာပင် သူတို့ နှစ်ယောက်မှာ မျက်စောင်းထိုး အနေအထားဖြင့် ထိုင်လိုက်မိလိုက်ကြလေ၏။ ဝေ့ဝူယင်မှာ သိလိုစိတ်ကို ဆက်လက် ထိန်းချုပ် မထားနိုင်တော့လေရာ စော‌စောက မေးခွန်းကို ခပ်မြန်မြန် ပြန်ဆက်လိုက်လေသည်။

“လျူယင်လန်းက...”

သို့သော်လည်း လျူစုယင်က သူ့မေးခွန်း ဆုံးသည် အထိ မစောင့်ပါချေ။

“ဂိုဏ်းချုပ်လျူက ငါ့ဘိုးဘေးပဲ... ငါ့ကို အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေရဲ့ လျူမျိုးနွယ်မှာ မွေးခဲ့တာ”

“တော်ဝင်မျိုးနွယ် ရှစ်ခုထဲက လျူမျိုးနွယ်လား...”

လျူ တော်ဝင်မျိုးနွယ်နှင့် လျူစုယင်တို့ အကြားတွင် ဆက်စပ်မှု တစ်ခု ရှိလိမ့်မည်ဟု သူ အစောကြီးတည်းက ခံစားခဲ့ရသည်။ သို့သော်လည်း... အာကာသ ဝေဟင်ဂိုဏ်းမှာ ပြင်ပ လောကနှင့် အလွန် အလှမ်းကွာဝေး လွန်းလှလေရာ ထိုအရာက မဖြစ်နိုင်ဟု နောက်ပိုင်းတွင် သူ ကောက်ချက်ချခဲ့သည်။,

“အမှန်ပဲ...”

လျူစုယင်က မထွက်ခွာရသေးသည့် ကောင်းကင် သင်္ဘော၏ ပြတင်းပေါက်များကို လှမ်းငေးကြည့်လိုက်၏။ အပြင်ဘက်၌ လူများမှာ ဥပဒဟို ဖြတ်သန်း သွားလာနေကြပေသည်။

"လျူယင်လန်းက အစစ်အမှန် ကံကြမ္မာ ခရီးသည် တစ်ယောက်ဆိုရင် သူ့ရဲ့ မျိုးဆက် ဖြစ်တဲ့ ခင်ဗျားကလည်း ရေစက်ကြိုး ပိုင်ရှင် တစ်ယောက်ရဲ့ မျိုးဆက်လို့ အဓိပ္ပာယ် ရတာပေါ့... ဒီလိုဆိုရင် အဆုံးမဲ့ ဟင်းလင်းပြင်ကို အသုံးပြုနိုင်ဖို့ မဖြစ်နိုင်ဘူး မလား... “

ဝေ့ဝူယင် ထပ်မံ၍ မေးလိုက်၏။ ထိုအခိုက်၌ သိလိုစိတ်များမှာ သူ့ရင်ဘတ် အတွင်း အဆုံးမဲ့ နေခဲ့လေသည်။

"ဂိုဏ်းချုပ်လျူက ရေစက်ကြိုး ပိုင်ရှင် ဖြစ်မလာခင်တည်းက ကလေး လေးယောက်ရဲ့ အမေ ဖြစ်နေပြီ... ငါက အဲဒီ ကလေးတစ်ယောက်ကနေ ဆင်းသက်လာတဲ့ မျိုးဆက်ပဲ”

မူလ ဇစ်မြစ် အကြောင်း ပြန်လည် ပြောပြသည့် လျူစုယင်၏ လေသံက အေးစက်ကာ အလှမ်း ကွာဝေးခြင်းများနှင့် ပြည့်နှက်နေ၏။

“ဆိုတော့ကာ... ခင်ဗျားက အခြားလူတွေလို ကန့်သတ်ချက်တွေ မခံရတော့ဘူးပေါ့လေ... တကယ် ဉာဏ်ကောင်းတဲ့ လျူယင်လန်းပဲ”

ဝေ့ဝူယင် ခေါင်းညိတ်ကာ မှတ်ချက်ချလိုက်၏။ မိမိ၏ မျိုးဆက်များကို ကန့်သတ်ချက် တစ်ခု အတွင်း သွတ်သွင်း ပစ်ခြင်းမျိုးမှာ အလွန် ရက်စက်သည့် လုပ်ရပ်တစ်ခု ဖြစ်သည်။ လျူယင်လန်းမှာ ထိုအဖြစ်မျိုးကို တစ်နည်းတစ်ဖုံဖြင့် ရှောင်လွှဲနိုင်ခဲ့ပေသည်။

“...”

လျူစုယင်မှာ တိတ်ဆိတ်နေ၏။ သူမ၏ မျက်ဝန်းများကတော့ ရီဝေစွာဖြင့် အပြင်၌ သွားလာနေကြသူများကို ငေးကြည့် နေခဲ့လေသည်။ မိန်းကလေး အတွေးနှင့် မှတ်ဉာဏ်များ အတွင်းနစ်မြုပ် နေသည်မှာ ရှင်းလင်းလှပေသည်။

‘လူတိုင်းမှာ ဇာတ်လမ်း တစ်ပုဒ်စီ ရှိကြတယ်... မင်းရဲ့ ဇာတ်လမ်းက ဘာဖြစ်မလဲ...”

ဝေ့ဝူယင် လှပသည့် လျူစုယင်ကို ငေးမော ကြည့်နေခဲ့မိ၏။ မိန်းကလေးမှာ ပေါင်းသင်း ဆက်ဆံရ ညံ့ဖျင်းကာ အေးစက်စက် နိုင်သည့်တိုင် ထိုအတွက် သူမတွင် အကြောင်းပြချက် တစ်ခု ရှိမှာ သေချာလှသည်။

နှစ်နာရီခန့် ကြာမြင့်ပြီးနောက် ဝေ့ဝူယင်မှာ တစ်စုံတစ်ခုကို တွေးတော လိုက်မိ၏။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ သမိုင်းတွင် အာကာသ ဝေဟင်ဂိုဏ်းမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက တည်ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ပဋိပက္ခနှင့် စစ်ပွဲများကို ရှောင်လွှဲခဲ့သည့် ‌ရှေးဟောင်းဂိုဏ်း အနည်းငယ်ထဲမှ တစ်ခု ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း နှစ်သောင်းခန့် အခါသို့ ‌ရောက်မှ ၎င်းမှာ အင်ပါယာ မျိုးနွယ်၏ အုပ်စိုးမှု အတွင်း ဝင်ရောက်လာကာ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် လောကဂိုဏ်းကြီး တစ်ခု အဖြစ် စတင် တည်ဆောက်ခဲ့သည်။ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ အပါအဝင် ထိပ်တန်း ကျင့်ကြံသူများထံမှ အသိအမှတ်ပြုမှုကို လူသိရှင်ကြား လက်ခံ ရယူခဲံသည်။

အချိန်ကာလကို တွက်ချက်ရင်း ဝေ့ဝူယင် အသေးစိတ် အချက်အလက် တစ်ချို့ကို သတိပြုမိလိုက်၏။

“လျူမျိုးနွယ်ရဲ့ ပျက်စီးခါနီး အခြေအနေကြောင့် အာကာသ ဝေဟင်ဂိုဏ်းက ချိပ်ပိတ်ထားတဲ့ နယ်မြေတွေရဲ့ နိုင်ငံရေးမှာ ပါဝင်လာခဲ့တာလား...

လွန်ခဲ့သည့် နှစ်ပေါင်း နှစ်သောင်းခန့်က ချိပ်ပိတ်ထားသော နယ်မြေ၏ တတိယမြောက် မြေကြီး ရှန့်ထို လျူမျိုးနွယ်ဘိုးဘေးမှာ အင်ပါယာ ထျန်းမျိုးနွယ်ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့သည်။ ထို့နောက်... အလွန် ဆိုးရွားစွာပင် သူမ ကျရှုံးခဲ့သည်။ အဆုံးသတ်၌ သူမ အကျဥ်းချသွားခဲ့ကာ လျူမျိုးနွယ်ကတော့ အသက် ချမ်းသာရာ ရခဲ့သည်။ သူတို့၏ တော်ဝင်မျိုးနွယ် ဆိုသည့် ဂုဏ်သတင်းကိုပါ ဆက်လက် ထိန်းသိမ်းခွင့် ရခဲ့သည်။ ထိုအရာက အတော်လေး ချိန်သားကိုက်လွန်းသည။

လျူစုယင်၏ မျက်ဝန်းများက ခပ်ဖျော့ဖျော့ အလင်းတန်း တစ်ချို့ဖြင့် ဖြတ်ပြေးသွားကာ ဝေ့ဝူယင်ကို လှည့်ကြည့်လိုက်သည်။ လူငယ်၏ မေးခွန်းကို ပြန်မဖြေသည့်တိုင် သူမ၏ ထိုမျက်ဝန်းများက အရှင်းလင်းဆုံးသော အဖြေကို ပေးနေပေသည်။ ဝေ့ဝူယင် နားလည် သဘောပေါက်ဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်ရင်း သက်ပြင်းချလိုက်၏။ ချိပ်ပိတ် နယ်မြေများ၏ သမိုင်းကြောင်းက အလွန်ပင် ရှုပ်ထွေးကာ စိတ်ဝင်စားစရာ ကောင်းလှပေသည်။

မူလက ချိပ်ပိတ် နယ်မြေများထဲတွင် ကြယ်ကွင်းပြင် ဆယ့်ရှစ်ခု အထိ ပါဝင်ခဲ့ပေသည်။ သို့သော်လည်း... ထန်ဂူမှာ ထိုနေရာများရှိ နေကြယ် အများစုကို ဝါးမြိုပစ်ခဲ့ကာ ကြယ်တာရာ နယ်မြေ နှစ်ဆယ့် နှစ်ခုကလည်း ကျန်နယ်မြေများကို သိမ်းပိုက်ခဲ့သည်။ နဂါးငွေ့တန်း ကြယ်ကွင်းပြင် ပင်လျှင် ထန်ဂူ သတ္တဝါကြောင့် ပျက်စီး ခဲ့ရသည်။ လက်ရှိ၌... မဟာစက်ဝန်း ကြယ်ကွင်းပြင်မှာ ချိပ်ပိတ် နယ်မြေများထဲတွင် နောက်ဆုံး ကျန်ရစ်သည့် ကြယ်ကွင်းပြင် ဖြစ်ပေသည်။

ချိပ်ပိတ် နယ်မြေများ၏ သမိုင်းကြောင်းမှာ နဂါးများ၊ ဖီးနစ်များ၊ ဗာမီလီယန် မီးငှက်များ စသဖြင့် အမျိုးမျိုးသော သားရဲများနှင့် ကျယ်ပြန့်လွန်းလှသည်။ ထိုနေရာတွင် မည်သည့် အကြောင်းအရာများ ဖြစ်ပျက်ခဲ့ကြောင်း သူ သိချင်မိသည်။ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့မှာ နဂါးများကို ချိပ်ပိတ်ခဲ့သည် ဆိုသော်လည်း... ထိုနဂါးများမှာ နဂါးငွေ့တန်း ကြယ်ကွင်းပြင်၏ အနည်းစုသော အရေအတွက်နှင့် အားနည်းသော အကောင်များသာ ဖြစ်ကြောင်း ရှင်းလင်းပေသည်။

အခြား သကောင်များမှာ မည်သည့် နေရာသို့ ရောက်ရှိသွားသနည်း။ လွန်ခဲ့သည့် နှစ်ပေါင်း ရှစ်သောင်း အတွင်း ကြယ်တာရာ နယ်မြေ တစ်ခုသာ ကျန်ရစ်သည် အထိ မည်သည့် အရာများဖြစ်ပျက်ခဲ့သနည်း။ ယခင် အင်ပါယာ မျိုးနွယ်၏ ဧရာမ နေကြယ် စီမံကိန်းကြီးမှာ လွန်ခဲ့သည့် နှစ်သောင်းဂဏန်း၌ စတင်ခဲ့ခြင်း ဖြစ်သည်။ သူတို့က နေကြယ်များကို ခိုးယူခဲ့သလော ဂြိုဟ်များကို ပေါင်းစည်းခဲ့သလော။ သို့တည်းမဟုတ်...မျိုးစိတ်များကို မျိုးတုန်း ပစ်ခဲ့သလော။

ထို့အပြင်... ပိုမို၍ အရေးကြီးသည့် မေးခွန်းတစ်ခု သူ့ထံတွင် ရှိနေဆဲ ဖြစ်သည်။ ကြယ်တာရာ ရွှေ့ပြောင်ခြင်း အလင်းတန်းမှာ နှစ်ပေါင်း ရှစ်သောင်းကျော် သက်တမ်းရှိသည့် တိုက်တန် စစ်မြေပြင် စခန်း တစ်ခုသို့ ဦးတည် ပို့ဆောင် ပေးနိုင်သည် ဆိုလျှင် ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့၏ အမွေအနှစ်များကရော ‌ရှေးဟောင်းတိုက်တန် တစ်ကောင်ထံမှ ဆင်းသက်လာခြင်းလော။ တိုက်တန်မျိုးနွယ်နှင့် ပတ်သက်၍ရော မည်သည့် အရာများ ဖြစ်ခဲ့သနည်း။

နောက်ပြီး... အလွှာကြားက လောက အတွင်းရှိ လူသားနှင့် ကောင်းကင်မျိုးနွယ်များမှာ အဘယ်ကြောင့် ကာကွယ်သူ သူရဲကောင်းများ အဖြစ် ဆောင်ရွက်နေရသနည်း။ ဝေ့ဝူယင် ထိုင်ခုံကို နောက်မှီကာ ထိုင်ရင်း မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။

တစ်နေ့တစ်ချိန်တွင်တော့ သူ ထိုအဖြေ အားလုံးကို သိရှိသွားပေလိမ့်မည် ဖြစ်သည်။

***

All Chapters