အထွတ်အမြတ် စာကြည့်တိုက်
Vol. 78 Ch. 1085
ရှစ်ဆယ့် တစ်ထစ် မြင့်သည့် လှေကားထစ်များ၏ အပေါ်ဆုံးထပ်၌ ကျောင်းတော်သား တစ်ယောက်လိုမျိုး ဝတ်ဆင်ထားသည့် လူကြီး တစ်ယောက် ပေါ်လာခဲ့၏။ သူ၏ ရုပ်ရည်က ချောမောသည် ဆိုသည့် အတိုင်းအတာနှင့် အလွန် ဝေးကွာလှသော်လည်း လတ်ဆတ်ကာ ခင်မင် ရင်းနှီးဖို့ ကောင်းသည့် အာရုံ တစ်ခုကို ပိုင်ဆိုင်ထားပေသည်။
ထိုပုဂ္ဂိုလ်ကို ရုတ်တရက် တွေ့လိုက်ရခြင်းကား ဝေ့ဝူယင် ဘယ်တုန်းကမှ ခန့်မှန်း မထားခဲ့မိသည့် ကိစ္စ တစ်ရပ် ဖြစ်သည်။ သူ၏ လှပသော ငွေရောင် မျက်ဝန်းများထဲတွင် အံ့အားသင့်သည့် အငွေ့အသက်များမှာ ရောယှက်ကာ ဖြစ်ပေါ်နေလေ၏။
“အဘိုးကြီး...”
"ဝေ့ဝူယင်...”
သူတို့ နှစ်ယောက်မှာ အဝေးမှပင် တစ်ယောက်ကို တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ လျူစုယင်မှာ ထိုအပြန်အလန် တုန့်ပြန်မှုကြောင့် အံ့အားသင့် သွားခဲ့၏။ ဝေ့ဝူယင်မှာ အလွှာကြားက လောကကို တစ်ခါမှ ရောက်ဖူးသူ မဟုတ်ချေ။ သူတို့က ဘယ်လိုမျိုး သိနေကြသနည်း။
လူအိုကြီးက ပြုံးလိုက်၏။ လူငယ်မှာ သူ့ကို အတော်လေး အထင်ကြီး စေခဲ့သူ ဖြစ်သည်။ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သနည်း။
“လာခဲ့... ဘယ်အရာကမှ မင်းကို ဟန့်တားနိုင်မှာ မဟုတ်ဘူး...”
လူအိုကြီးက ပြုံးရင်း ပြောလိုက်၏။ ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ကရား တစ်ခွက်ကို ထုတ်ယူလိုက်သည်။ ထိုအထဲတွင်တော့ မြေကြီးရောင် အော်ရာများ တောက်ပနေသည့် အခွံမာသီးများ ရှိနေခဲ့လေ၏။
အားလုံး၏ အကြည့်များ အောက်တွက်ပင် အဘိုးအိုမှာ အခွံမာသီး တစ်ဆုပ်ကို နှိုက်ယူကာ ပါးစပ် အတွင်း ထည့်လိုက်သည်။ ထို့နောက် တခွပ်ခွပ်နှင့် ဝါးစား နေတော့သည်။
ဝေ့ဝူယင် အနည်းငယ် ပြုံးလိုက်သည်။ ထိုလူအိုကြီးမှာ လွန်ခဲ့သည့် ဆယ်စုနှစ်များဆီက အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးတွင် သူ ဆုံတွေ့ခဲ့သည့် တစ်ယောက်ပင် ဖြစ်သည်။ သူက မဟာစက်ဝန်း ကြယ်ကွင်းပြင်မှ လျှို့ဝှက် ဆန်းကြယ်သော မိန်းကလေးနှင့် အတူ ပါလာခြင်း ဖြစ်ကာ ထူးဆန်းသော အရာများကို အမြဲတမ်း စားနေတတ်သည်။ သူ့နာမည်ကိုတော့ ဝေ့ဝူယင် တစ်ခါမှ မမေးဖူးပါချေ။ မည်သို့ပင် ဆိုစေ... သူတို့ အကြားတွင် ရင်းနှီးမှု အတိုင်းအတာ ပမာဏ တစ်ခု အထိ ရှိပေသည်။
လူအိုကြီး၏ ဖိတ်ခေါ်မှုကို ဝေ့ဝူယင် ငြင်းဆန်ခြင်း မပြုချေ။ သူက လှေကားထစ်များကို စတင် နင်းကာ အပေါ်သို့ တက်လိုက်၏။ လျူစုယင်မှာ လူအိုကြီးကို တစ်ချက် လှမ်းကြည့်ကာ ဝေ့ဝူယင် နောက်မှ ချက်ချင်း လိုက်ပါလာခဲ့သည်။
ပထမ၌ ဝေ့ဝူယင်နှင့် အတူ ရှိရခြင်းကို ဖိအား တစ်ခု အဖြစ် သူမ ခံစားခဲ့မိသေးသော်လည်း ကောင်းကင် သင်္ဘောထက်ရှိ စကားဝိုင်း အပြီးတွင်တော့ သူမ ပိုမို၍ နှစ်ခြိုက်လာခဲ့သည်။ လူငယ်ထံတွင် သူမ ဘဝ တစ်လျှောက်လုံး မသိဖူး၊ မကြားဖူးသည့် လျှို့ဝှက် ဆန်းကြယ်သော သတင်းစကားများ မရေမတွက်နိုင်အောင် ရှိနေသည့်ပုံ ရသည်။
ဝေ့ဝူယင် ခပ်မြန်မြန်ပင် လှေကားထစ်များကို တက်လာခဲ့၏။ မကြာခင်မှာပင် မြေကြီး ရှန့်ထို အဆင့် နှစ်ယောက်နှင့် လူအိုကြီးတို့ အရှေ့သို့ ရောက်ရှိလာခဲ့သည်။ သူ၏ အကြည့်များက လူအိုကြီး၏ လက်ထဲရှိ ကရားထံ မသိမသာ ရောက်ရှိသွားသည်။ အနံ့က အတော်လေး မွှေး၏၊
လူအိုကြီးမှာ ဝေ့ဝူယင်၏ စိတ်ဝင်စားမှုကို သတိထားမိလိုက်လေရာ ကရားကို ရှေ့သို့ တွန်းပို့ရင်း လက်ဟန် အမူအရာ ပြလိုက်၏။ ပထမတစ်ကြိမ်ကလိုပင်... ဝေ့ဝူယင်မှာ အားနာခြင်း မရှိပါချေ။ သူက မတုန့်မဆိုင်းပင် လက်တစ်ဆုပ် နှိုက်ယူကာ ပါးစပ်ထဲ ပစ်ထည့်လိုက်၏။
အခွံမာသီးများထဲမှ စိမ့်ထွက်လာသည့် မြေကြီး စွမ်းအင် ပမာဏမှာ အလွန်ပင် များပြားလွန်းလှပေသည်။ လက်တစ်ဆုပ်စာသာ ဖြစ်သည့်တိုင် ၎င်းတို့ အတွင်း ပါဝင်နေသည့် စွမ်းအင်များက အသေးစား ဂြိုဟ်တစ်ခုနှင့်ပင် ယှဉ်နိုင်လိမ့်မည် ဖြစ်သည်။
မြေကြီး စွမ်းအင်များမှာ ဝေ့ဝူယင်၏ လည်ချောင်းတစ်လျှောက် ဆင်းသက်သွားသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... ၎င်းက ဝေ့ဝူယင် အတွက်တော့ အပျော့စားလေးသာ ဖြစ်သည်။ သူ ခံစားမိသမျှက ၎င်းက အလွန်ချိုသည်။ အရသာ ရှိသည်။ နောက်ပြီး မြေကြီးဓာတ် ပြည့်ဝသည်။ လူကို အားဖြစ်စေသည်။
“အရသာ ရှိတယ်ဗျ...”
ဝေ့ဝူယင်က မှတ်ချက်ချလိုက်၏။ အခွံမာသီး တစ်လုံချင်းစီမှာ အဆင့်ခုနစ် မြေကြီး အမတေ ဆေးလုံး တစ်ခုကို စားသုံးရသည်နှင့် ညီမျှပေသည်။ ထိုကဲ့သို့ အဆင့်မြင့် အရည်အသွေး ရှိသည့် သဘာဝ အစားအစာများကို လူအိုကြီးမှာ မည်သည့် နေရာက ရှာလာသနည်း။
“ဟုတ်တယ်... တကယ် ကောင်းတယ်...”
လူအိုကြီးကလည်း ထောက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူတို့ နှစ်ယောက်မှာ ကရားထဲမှ အခွံမာသီးများကို တစ်ယောက်တစ်လှည့် နှိုက်ယူရင်း ပလုတ်ပလောင်းဖြင့် ဝါးစား နေကြတော့သည်။ သူတို့၏ နှုတ်ခမ်းများထက်တွင်တော့ ကျေနပ်သည့် အပြုံးများ ဖြစ်ပေါ်နေခဲ့၏။
“အဇူရာ စာကြည့်တိုက်မှူး...”
လျူစုယင်က မျက်မှောင်ကြုတ်ကာ ခေါ်လိုက်၏။ ထိုအခါတွင်မှ လူအိုကြီးမှာ လျူစုယင်ကို သတိရသွားကာ လှည့်ကြည့်လိုက်သည်။
“အဆုံးမဲ့ တမန်တော်လျူ...”
ထို့နောက် သူက ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွှတ်ရင်း လေးစားသည့် အမူအရာဖြင့် နှုတ်ဆက်လိုက်၏။ ထို့နောက် ဝေ့ဝူယင်ဘက်ကို လှည့်ကာ မျက်ခုံးတစ်ချက် ပင့်ပြလိုက်သည်။
“...”
ဝေ့ဝူယင် စိတ်ထဲမှ အနည်းငယ် အံ့အားသင့် သွားမိသည်။ လူအိုကြီး၏ လေသံက လေးစားပုံ ပေါ်သည့်တိုင် သူ့အမူအရာက တစ်မျိုးတစ်ဖုံ ထူးဆန်းနေသည်။ အလွှာကြားက လောကနှင့် မြို့သုံးမြို့ အကြောင်း ပိုမို သိလာလေလေ လျူစုယင်၏ လက်ထောက်ဂိုဏ်းချုပ် အဆင့်အတန်းက အရေးပါခြင်း မရှိဟု သူ ခံစားလာရလေလေ ဖြစ်သည်။ အမှန်တကယ်အားဖြင့် မြို့တော်၏ လမ်းမများ တစ်လျှောက်တွင် လျူစုယင် လက်ခံ ရရှိခဲ့သမျှကလည်း သူလိုကိုယ်လို အကြည့် တစ်ချို့သာ ဖြစ်သည်။
ယခုတစ်ဖန် လူအိုကြီးက လျူစုယင်ကို လက်ထောက်ဂိုဏ်းချုပ် အစား အဆုံးမဲ့ မြို့တော်၏ တမန်တော်ဟု သုံးလာခဲ့သည်။ ထိုအရာကရော ဘာအဓိပ္ပာယ်နည်း။ လျူစုယင်ကတော့ ထိုအသုံးအနှုန်းများကို နည်းနည်းလေးမျှ ဂရုစိုက်ပုံ မရပါချေ။
“ရှင် ဒီတာဝန်ကို ယူကာ သိပ်မကြာသေးဘူး ထင်တယ်...”
လျူစုယင်က မေးလိုက်၏။ လူအိုကြီးက ခေါင်းညိတ်ပြလိုက်သည်။
"အမှန်ပါပဲ တမန်တော်... လွန်ခဲ့တဲ့ ခုနစ်နှစ် တတိယမြောက် ခြေချခြင်းကို အောင်မြင်ပြီးတဲ့ နောက်မှ ကျုပ် ဒီတာဝန်ကို ရခဲ့တာပါ... အရာရာတိုင်းက ကျုပ်အတွက် စိမ်းနေသေးတဲ့ အတွက် အမှားလုပ်မိသွားရင် တောင်းပန်ပါတယ်”
ထိုကဲ့သို့ ရှင်းပြပြီးနောက် လူအိုကြီးက တံခါးဘက်သို့ ပြန်လည့်ကာ ဖိတ်ခေါ်သည့် အမူအရာ ပြလိုက်သည်။
“ကြွကြပါ...”
လျူစုယင်က ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမက အဆောက်အဦ အတွင်း စတင်ကာ လျှောက်ဝင်သွားလိုက်သည်။ ဝေ့ဝူယင်က တိတ်တဆိတ်ပင် သူမ ဘေးမှ လိုက်လာခဲ့သည်။ လူအိုကြီးက နောက်ဆုံးမှ လိုက်လာခဲ့၏။
ကျွီ...
တံခါးများမှာ ကျယ်လောင်သည့် အသံနှင့် အတူ ပြန်လည် ပိတ်သွားကြ၏။ တံခါး အတွင်း ဝင်ရောက် လိုက်သည်နှင့် တစ်ပြိုင်နက် ဝေ့ဝူယင်တို့မှာ အခန်းကျယ်ကြီး တစ်ခုကို တွေ့လိုက်ရသည်။ အခန်း တစ်ခုလုံးမှာ သစ်သား စင်ကြီးများနှင့် ပြည့်နှက်နေခဲ့ကာ ၎င်းတို့ အားလုံးကို စာအုပ်များ၊ ပုရပိုက်များ၊ ကျောက်စိမ်းများ၊ ပန်းပုရုပ်များနှင့် လှပစွာ အလှဆင်ထားခဲ့၏။ အခန်း၏ နံရံများတွင်တော့ အခြား နေရာများကို ဦးတည်သွားဟန် ရသည့် တံခါးပေါက်များ၊ ကြောင်လိမ်လှေကားများကို တွေ့ရသည်။
အခန်းကျယ်ကြီးကို လှည့်ပတ်ကြည့်ရင်း ဝေ့ဝူယင်မှာ အံ့သြထွေပြားမှု၊ လွမ်းဆွတ်မှု စသည့် ခံစားချက်များကို ခံစားလိုက်ရ၏။ နံရံများ၊ ခုံစောင်းများ၊ ပုရပိုက်များ၊ ကျောက်စိမ်းများ၊ လက်ရာမြောက်စွာ အလှဆင်ထားသည့် သစ်သား ပန်းပုများ... ၎င်းမှာ သူ့မွေးရပ်မြေ ဂျိုးငှက်နီ မြို့တော်မှ ရှေးဟောင်း စာကြည့်တိုက်ကြီးများနှင့်ပင် ဆင်တူလှသေးသည်။
တစ်ချိန်တည်း၌ အခန်း၏ နံရံများနှင့် ကြမ်းပြင်များထက်တွင် အဇူရာ မျဉ်းကြောင်းများကို တွေ့ရ၏။ ၎င်းတို့မှာ မတူကွဲပြားသည့် အရပ်မျက်နှာများကို ညွှန်ပြနေကာ လမ်းညွှန်သဖွယ် ဆောင်ရွက်နေဟန် ရသည်။ အချို့နေရာများတွင်တော့ ထိုမျဉ်းကြောင်းများထက်တွင် ရွှေရောင်၊ ငွေရောင်၊ အနက်ရောင်တို့ဖြင့် ရေးထားသားသည့် စာလုံးများကို တွေ့ရ၏။
“တကယ် မိုက်တယ်...”
ဝေ့ဝူယင် စာကြည့်တိုက် ဖန်တီးသူ၏ ဉာဏ်ရည်ကို ချီးကျူး လိုက်မိ၏။ သူ့တွင်လည်း ကိုယ်ပိုင် စာကြည့်တိုက် တစ်ခု ရှိကာ စာအုပ်များ၊ ပုရပိုက်များ၊ ဝိညာဉ် ကျောက်စိမ်းများကို သိမ်းဆည်းထားပေသည်။ ထိုအထဲမှ အချို့မှာ သူကိုယ်တိုင် ရေးသားထားသည့် စာအုပ်များ ဖြစ်ကြကာ အချစ် ဝတ္ထုများ၊ လျှို့ဝှက် ဆန်းကြယ် ခရီးစဉ်များ၊ သူရဲကောင်းတို့၏ ဇာတ်လမ်းများ စသည်ဖြင့် စုံလင်လှပေသည်။ ဝေ့ဝူယင်မှာ စာကြည့်တိုက်ကို လှည့်ပတ်ကြည့်ရင်း ငြိမ်ချမ်းမှုကို စိတ်ထဲမှ ခံစားလိုက်ရ၏။
“လှတယ်မလား...”
ဘေးနားရှိ လူအိုကြီးက ဝေ့ဝူယင်ကို အနည်းငယ် ဂုဏ်ယူနေသည့် အငွေ့အသက်ဖြင့် မေးလိုက်သည်။ ထို့နောက် သူက တစ်ဆက်တည်းပင် မိတ်ဆက်လိုက်၏။
“အထွတ်အမြတ် စာကြည့်တိုက်လေ...”
ဝေ့ဝူယင် ပြုံရင်း ခေါင်းညိတ်လိုက်၏။ လျူယင်လန်း ပြင်ထားသည့် ဤဟင်းလျာက တကယ် အရသာ ရှိမှာ သေချာလှပေသည်။
***