← Chapters

လွတ်လပ်သည့် လေ့လာခန်း

Vol. 78 Ch. 1086

လွတ်လပ်သည့် လေ့လာခန်း

Vol. 78 Ch. 1086

ဝေ့ဝူယင် သတိမထားမိလိုက်ခင်မှာပင် လူအိုကြီးက ရွေ့လျားလိုက်ကာ စာကြည့်တိုက်မှူး ထိုင်ခုံတွင် နေရာယူလိုက်လေသည်။ ထို့နောက် တောက်ပစွာ ပြုံးလိုက်ရင်း...

“ကဲ... ကျုပ် ဘာကူညီရမလဲ...”

လျူစုယင်က ထိုမေးခွန်းကို ပြန်မဖြေပဲ ဝေ့ဝူယင်ဘက်ကို လှည့်ကြည့်လိုက်၏။

“အထွတ်အမြတ် စာကြည့်လိုက်မှာ မရေမတွက်နိုင်အောင် များပြားတဲ့ ကျင့်ကြံခြင်း နည်းလမ်းတွေ၊ အစီအရင်တွေ၊ ကျင့်စဉ်တွေ အပြင်... ချိပ်ပိတ် နယ်မြေနဲ့ အပြင်လောကရဲ့ သမိုင်းကြောင်း စာအုပ်တွေပါ အများကြီး ရှိတယ်... နင့်အတွက် အချိန်သုံးလ ရမယ်... အဲဒီ သုံးလ အတွင်း သတ်မှတ်ထားတဲ့ နေရာတွေကို စိတ်ကြိုက် ဝင်ထွက် ရှာဖွေနိုင်တယ်... ပြီးရင် အခြားနေရာတစ်ခုကို ခေါ်သွားပေးမယ်”

“သုံးလ...”

ဝေ့ဝူယင်၏ မျက်လုံးများက တောက်ပသွားခဲ့လေ၏။ ရုတ်တရက်... သူသတိရသွားကာ လူအိုကြီးဘက်ကို လှည့်လိုက်၏။

“လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းက ကျုပ် ခင်ဗျား နာမည်ကို မမေးခဲ့ရဘူး... အခု သိခွင့် ရှိမလား...”

"...”

လူအိုကြီးမှာ အနည်းငယ် အံ့အားသင့် သွားခဲ့၏။ သူ၏ နာမည်တစ်ခု ဖြစ်သည့် “အစားကျူးသူ” မှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် အတော်လေး ထင်ရှား ကျော်ကြားပေသည်။ ထိုကောင်လေးမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကို ရောက်ရှိပြီး နောက်တွင် သူ့နာမည်ကို တစ်ခါမှ မစုံစမ်းခဲ့သည်လား။

လူအိုကြီးက ပေါ့ပေါ့ပါးပါး ရယ်မောရင်း မိတ်ဆက်လိုက်၏။

“ငါ့ရဲ့ ဘွဲ့ထူး နာမည်ကတော့ အစားကျူးသူ ပေါ့ကွာ... ဒါပေမဲ့ တကယ့် နာမည်ကတော့ ချိယုံယွမ် လို့ ခေါ်တယ်”

“ချိယုံယွမ်...”

ဝေ့ဝူယင် လိုက်လံ ရေရွတ်လိုက်မိ၏။

“နောက်ပြီး ငါက အထွတ်အမြတ် စာကြည့်တိုက်ရဲ့ သုံးရာနှစ်ဆယ့် ခုနစ်ယောက်မြောက် အဇူရာလ စာကြည့်တိုက်မှူးပဲ... ငါ့ကို အဇူရာ စာကြည့်တိုက်မှူး အစားကျူးသူလို့ ခေါ်လည်း ရတယ်... ဒါမှမဟုတ် ရိုးရိုး ရှင်းရှင်း အကိုကြီးချိလို့ ခေါ်မယ်ဆိုလည်း ရတယ်”

ဝေ့ဝူယင်က ပြုံးရင်း ခေါင်းတစ်ချက် ညိတ်လိုက်၏။

“အကိုကြီးချိ... ကျုပ်ကို စာကြည့်တိုက်ရဲ့ အကောင်းဆုံး နေရာတွေကိုသာ လမ်းညွှန်ပေးပါတော့ဗျာ...”

သူ့ မျက်လုံးများထဲ၌ ထူးဆန်းသော အလင်းတစ်ခု ဖြတ်ပြေး သွား၏။ ချိယုံယွမ်ကလည်း ထိုအရာကို နားလည်သည့် အလား သူ့ကို ကြည့်လိုက်သည်။ သူတို့ နှစ်ယောက် အကြားတွင် အပြန်အလှန် နားလည်မှု တစ်ခု ဖြစ်ပေါ်လာခဲ့၏။

“ဒါပေါ့ကွာ...”

....

ဖျပ်... ဖျပ်...

တိတ်ဆိတ် ငြိမ်သက်နေသာ အခန်း တစ်ခု အတွင်း၌ ခြေသံ နှစ်ခုမှာ စီးချက် ညီစွာပင် ထွက်ပေါ်နေ၏။

“အထွတ်အမြတ် စာကြည့်တိုက်က အလွှာကြားက လောကမှာ နေထိုင်ကြတဲ့ ထိပ်တန်း ပညာရှင်တွေ၊ ကျောင်းတော်သားတွေရဲ့ နှစ်ပေါင်း သောင်းချီ ကြိုးပမ်း အားထုတ်မှု ရလဒ်ပဲ... ဒီအထဲမှာ ကျင့်ကြံခြင်း ကျင့်ကြံခြင်း နည်းလမ်းတွေ၊ အစီအရင်တွေ၊ ဝင်္ကပါတွေ၊ အဖိုးတန် အမွေအနှစ်တွေ အပြင် အသိပညာ ဗဟုသုတကို မြှင့်တင်ပေးနိုင်တဲ့ စာအုပ်တွေပါ အများကြီး ရှိတယ်”

“အထွတ်အမြတ် စာကြည့်တိုက်ကို ကာကွယ်သူ မြို့တော်ရဲ့ ဦးနှောက်လို့ သတ်မှတ်လို့ ရတယ်... ရှေးဆက်ဆက် နေထိုင်ခဲ့တဲ့ ကျင့်ကြံသူတွေဆီကနေ ထိုးထွင်း သိမြင်မှုတွေ ရှာဖွေပြီး ကိုယ်ပိုင် မိုးကောင်းကင်ကို ချဲ့ထွင်ချင်တဲ့ ရေစက်ကြိုး ပိုင်ရှင်တွေနဲ့ ရှာဖွေသူတွေ အတွက် ဖန်တီးထားတဲ့ နေရာတစ်ခုပေါ့လေ... မင်း အနေနဲ့ ကိုယ်ပိုင် လမ်းကြောင်း တစ်ခု ဖောက်လုပ်ဖို့၊ ဒါမှမဟုတ် အခြေခံ တစ်ခု တည်ဆောက်ဖို့ အတွက် အဲဒါကို သုံးလို့ ရတယ်... နောက်ပြီးတော့...”

ချိယုံယွမ်၏ လက်ချောင်းများက စင်ထက်ရှိ ထူထဲသော စာအုပ်များကို သိမ်မွေ့စွာဖြင့် ပွတ်ဆွဲ နေခဲ့၏။

“အဲဒီထဲမှာ ငါတို့ရဲ့ သမိုင်းကြောင်းတွေပါ ရှိတယ်”

ဝေ့ဝူယင်မှာ ချိယုံယွမ်နှင့် ဘေးချင်းယှဉ် အနေအထားဖြင့် လျှောက်လာရင်း စာအုပ်စင် တစ်ခုချင်းစီးကို လေးစားမှု အလင်းတန်းများဖြင့် ငေးကြည့် နေခဲ့၏။

လျူစုယင်ကတော့ စာကြည့်တိုက် အတွင်းပိုင်းကို ဝင်သွားသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ သူမက ဝေ့ဝူယင်ကို သုံးလတာ လွတ်လပ်ခွင့် ပေးထား၏။

“ကျုပ် ဖတ်ချင်တာ ဘာပဲဖြစ်ဖြစ် ဖတ်လို့ရလား...”

ဝေ့ဝူယင်က ယုံကြည်ရန် ခက်ခဲသည့် အငွေ့အသက် တစ်ချို့ဖြင့် မေးလိုက်၏။ ဘယ်အဖွဲ့အစည်းကို ဝင်ရောက်စေကာမူ နေရာတိုင်း၌ ကန့်သတ်ချက်များမှာ အမြဲ ရှိသည်။ နေသွေးနီနီဂိုဏ်း၊ အနန္တ ဧကရာဇ်ဂိုဏ်းနှင့် အစစ်အမှန် ဒြပ်စင်ဂိုဏ်းတို့မှာလည်း အတူတူပင် ဖြစ်သည်။

ချိယုံယွမ်က အခွံမာသီး အချို့ကို ပါးစပ်ထဲ ပစ်ထည့်ကာ ဝါးလိုက်၏။ တခွပ်ခွပ် မြည်သံများနှင့် အတော်အတန် ကြေညက်သွားပြီး နောက်တွင်မှ သူက အဖြေပေးလိုက်သည်။

“အကုန်တော့ ဘယ်ရမလဲကွ... မင်းက ခရီးသုံးသွယ် စမ်းသပ်မှုကို အောင်မြင်ပြီး အဆုံးမဲ့ အကာသ ဆက်သွယ်ခြင်း ကောင်းချီးကိုပါ ရခဲ့တယ်လို့ သူတို့က ပြောတယ်... ဒါပေမဲ့ ခုထိ အစစ်အမှန် ကံကြမ္မာ ခရီးသည် တာဝန်ကို လက်မခံရသေးဘူး မလား...”

ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်...”

ချိယုံယွမ် အံ့အားသင့်ခြင်း မရှိပါချေ။ မိစ္ဆာစစ်ပွဲ လောကနယ်မြေတွင် ကျောက်စိမ်း လခြမ်းသော့ကို တွေ့မြင်ပြီးနောက် ဝေ့ဝူယင် အနှေးနှင့် အမြန် ရောက်ရှိလာကာ ရေစက်ကြိုး ပိုင်ရှင် တစ်ယောက် ဖြစ်လာမည် ဖြစ်ကြောင်း သူ ခန့်မှန်းခဲ့ပြီး ဖြစ်သည်။ တစ်ချိန်တည်း၌ ဝေ့ဝူယင် လက်ခံရန် မလွယ်ကူကြောင်းလည်း သူ မှန်ဆနိုင်ခဲ့ပေသည်။ လူငယ်၏ ကျင့်ကြံခြင်း အခြေခံက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှကာ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များစွာကိုလည်း ပိုင်ဆိုင်ထားပေသည်။ သူ၏ မူလဇစ်မြစ်က ချိပ်ပိတ် နယ်မြေ အပြင်ဘက်မှ ဖြစ်ဖို့ များသည်။

ချိယုံယွမ်က စာကြည့်တိုက်၏ ကြမ်ပြင်ကို လက်ညိုး ထိုးပြလိုက်၏။

“အခု ငါတို့က စာကြည့်တိုက်ရဲ့ အောက်ထပ်မှာ ရှိနေတာ... စာကြည့်တိုက်မှူးတွေက ဒီနေရာကို လွတ်လပ်တဲ့ လေလာခန်းလို့လည်း ခေါ်ကြတယ်... ဒီနေရာမှာ ရှိတဲ့ အချက်အလက်တွေ အားလုံးကို မင်း စိတ်ကြိုက် ဖတ်လို့ရတယ်... ဒါပေမဲ့ ဒီနေရာက ကျင့်စဉ်၊ နည်းလမ်း၊ အစီအရင်တွေ အားလုံးက အဆင့်နိမ့် မြေကြီး အလွှာမှာပဲ ရှိတယ်...”

“...”

ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်၏။ လွတ်လပ်သည့် လေ့လာခန်းမှာ မိုင်ပေါင်းများစွာ တိုင်အောင် ကျယ်ဝန်းကာ မရေမတွက်နိုင်သည့် စာအုပ်များ၊ ပုရပိုက်များ၊ ဝိညာဉ် ကျောက်စိမ်းများ ရှိနေပေသည်။

“ဒါနဲ့ မြေကြီးအလွှာဆိုတာက ဘာလဲ... အကိုကြီးချိ”

ဝေ့ဝူယင် နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်၏။ ချိယုံယွမ်က တုန့်ဆိုင်းခြင်း မရှိပဲ ချက်ချင်း ပြန်ဖြေ လိုက်လေသည်။

“ချိပ်ပိတ် နယ်မြေတွေရဲ့ ပြင်ပမှာ ရှိတဲ့ ကျင့်ကြံခြင်း လောကရဲ့ အဆင့် သတ်မှတ်တဲ့ စနစ် တစ်ခုပေါ့ကွာ... အဲဒီ စနစ်က ကျင့်စဉ်တွေ၊ နည်းလမ်းတွေ၊ အစီအရင်တွေ၊ ဝင်္ကပါတွေကို အခြေခံ အဆင့်၊ မြေကြီး အဆင့်၊ လောက အဆင့်၊ ကောင်းကင် အဆင့်ဆိုပြီး လေးဆင့် ခွဲခြားထားတယ်... အဆင့် တစ်ခုချင်းစီကို အဆင့်နိမ့်၊ အဆင့်မြင့်၊ အထွတ်အထိပ် အဆင့်နဲ့ အမွမ်းချွန် အဆင့် ဆိုပြီး လေးဆင့် ထပ်ခွဲခြားထားတယ်... အဂ္ဂိရတ် တာအိုနဲ့ အတူတူပါပဲ... သာလွန်ခြင်း ဆိုတဲ့ အဆင့်နေရာမှာ အမွမ်းချွန် အဆင့် အစားထိုး သွားတာပဲ ရှိတယ်...”

ကျင့်ကြံခြင်း နည်းလမ်းများကို ထိုကဲ့သို့ အဆင့် ခွဲခြားလေ့ရှိကြောင်း‌ ဝေ့ဝူယင် စစ်သည်တော် စာရင်းမှ တစ်ဆင့် သိရှိပြီး ဖြစ်သည်။ အစီအရင်များ၊ ဝင်္ကပါများတွင်ရော အလားတူ ခွဲခြား သတ်မှတ်မှုမျိုး ရှိသလား သူ အမြဲတမ်း သိချင်ခဲ့သည်။ အံ့အားသင့်စွာပင် ရှိနေခဲ့ပေသည်။ ချိပ်ပိတ်နယ်မြေ အတွင်းတွင်တော့ ထိုကဲ့သို့ ခွဲခြား သတ်မှတ်မှုမျိုး သူ မကြားဖူးချေ။ ထိပ်တန်း လျှို့ဝှက် အင်အားစုများတွင်တော့ ရှိကောင်း ရှိပေလိမ့်မည်။

“အဲဒီလို ခွဲခြားသတ်မှတ်မှုမျိုး ချိပ်ပိတ်နယ်မြေထဲမှာ ဘာလို့ မရှိတာလဲလို့ မင်းတွေးနေတာ မလား... အဲဒီ အတွက် အကြောင်းပြချက် ကောင်းကောင်း ရှိပါတယ်...”

ဝေ့ဝူယင်၏ အတွေးများကို ဖတ်မိသည့် အလား ချိယုံယွမ်က ပြုံးလိုက်၏။

“တကယ်ဆိုရင် အဆင့်တွေ အတွက် သီးခြား ခွဲခြားမှုတွေ ဆိုတာ မရှိဘူး...”

“ဟမ်...”

ဝေ့ဝူယင် နားမလည်နိုင် ဖြစ်သွားခဲ့၏။ ချိယုံယွမ်မှာ ဝေ့ဝူယင်၏ အမူအရာကို ကြည့်ကာ သူ မည်သည့် နေရာမှား သွာကြောင်း သဘောပေါက် လိုက်သည်။ သူက တစ်ခဏမျှ တွေးတောကာ ဆက်လက် ရှင်းပြလိုက်၏။

“ဥပမာပြောရရင်ကွာ... အခြေခံ တည်ဆောက်ခြင်း ကျင့်စဉ် တစ်ခု ဆိုပါတော့... အဲဒါကို နိမ့်ကျပါစေ ဆိုပြီး တည်ဆောက်ထားတာ မဟုတ်ဘူး... အခြေခံ တည်ဆောက်ခြင်း အဆင့်က မြေကြီး အဆင့်ထက် မနိမ့်ဘူး... သူတို့က ကွဲပြားခြားနားရုံတင်... နောက်ပြီး လောက အဆင့်ဆိုလည်း မြေကြီး အဆင့်ထက် ပိုမမြင့်ဘူး... အဲဒီ ခွဲခြားမှုက သူတို့ဆီမှာ ဘာတွေပါတယ် ဆိုတဲ့ အပေါ်မှာပဲ အခြေခံနေတာ... မတူကွဲပြားတဲ့ လေ့လာမှု နယ်ပယ်တွေလိုမျိုးပေါ့... အလွှာတစ်ခုချင်းစီကို ထပ်ပြီး အဆင့်ခွဲခြားတယ် ဆိုတာက သူတို့မှာ အဲဒီ နယ်ပယ်နဲ့ ပတ်သက်ပြီး နက်နဲမှုတွေ ဘယ်လောက် ပါဝင်နေသလဲ ဆိုတဲ့ သဘောမျိုးပဲ”

ထိုရှင်းပြမှုက ဝေ့ဝူယင်ကို တုန်လှုပ် သွားစေခဲ့၏။ တစ်ချိန်တည်း၌ သူ့အတွက် ပဟေဠိများမှာလည်း ပိုမို၍ များပြားလာခဲ့လေသည်။ သို့သော်လည်း... ချိယုံယွမ်က သူ့ကို နောက်တစ်ကြိမ် မေးခွင့် မပေးပါတော့ချေ။

“ကျင့်ကြံခြင်း”

“ဗိသုကာ”

“နည်းလမ်း”

စသည်ဖြင့် အမျိုးမျိုးသော ခေါင်းစဉ်များ တပ်ထားသည့် ရှည်လျားသော စာအုပ်စင်ကြီးများစွာကို တစ်ခုပြီး တစ်ခု ခပ်မြန်မြန်ပင် ဖြတ်သန်းကာ ခေါ်ဆောင် သွားခဲ့၏။ တစ်မိနစ်မျှ ကြာမြင့်ပြီနောက် သူတို့ နှစ်ယောက်မှာ စာအုပ်စင် တစ်ခုနားသို့ ရောက်ရှိလာခဲ့သည်။

ချိယုံယွမ်က စာအုပ်စင်ထက်ရှိ စာအုပ် တစ်အုပ်ကို ဆွဲယူကာ ဝေ့ဝူယင် လက်ထဲ ထည့်ပေးလိုက်၏။ ထိုစာအုပ်မှာ ခြောက်လက်မမျှ ထူကာ အတော်လေး လေးလံလှပေသည်။ ၎င်း၏ မျက်နှာဖုံးတွင်တော့ “နည်းလမ်း ပိုင်းခြားခြင်း... အလုပ်သင် လမ်းညွှန်... အပိုင်း ၁” ဟူသော ခေါင်းစဉ်ကို ရေးထိုးထား၏။

“ဒီစာအုပ်က ငါ့ကိုယ်စား မင်းကို ရှင်းပြလိမ့်မယ်...”

ချိယွမ်ကောင်းက ပြုံးရင်း ပြောလိုက်၏။ ကျင့်ကြံခြင်း ဟူသော ဝေါဟာရများမှာ အမြဲလိုလို ရှင်းပြရ ခက်ခဲလေ့ ရှိပေသည်။

“မင်း ခု ဖတ်လိုက်.‌.. ပြီးရင် အခြားနေရာတွေ ဆက်ရှာပေါ့”

ချိယုံယွမ်က ပြောလိုက်၏။ သူ့အမြင်အရ ဆိုလျှင် ထိုစာအုပ်မှာ ဝေ့ဝူယင်တို့လို လူသစ်များ အတွက် ရှေ့ကို မဆက်ခင် ဖတ်ကို ဖတ်ထားသင့်သည့် စာအုပ်တစ်အုပ်ပင်။

***

All Chapters