← Chapters

စတင် လေ့လာခြင်း

Vol. 78 Ch. 1087

စတင် လေ့လာခြင်း

Vol. 78 Ch. 1087

ချိယုံယွမ်မှာ စာအုပ် လမ်းညွှန်ပြီးနောက် နောက်သို့ ပြန်လှည့်ကာ ထွက်ခွာရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း ဝေ့ဝူယင်မှာ သူ့ကို ချက်ချင်း အလွတ်ပေးရန် ဆန္ဒ မရှိပါချေ။

“အစစ်အမှန် ကံကြမ္မာ ခရီးစဉ် ရာထူး မရှိဘူး ဆိုရင် ကျုပ်က လွတ်လပ်တဲ့ လေ့လာခန်းက လွဲလို့ အခြား အလွှာတွေကို သွားခွင့် မရှိဘူးလား...”

လျူစုယင်က သူ့ကို ကန့်သတ်နေရာ အတွင်း လွတ်လပ်စွာ လေ့လာခွင့် ရှိသည်ဟု ဆိုခဲ့သည်။ ကန့်သတ် နေရာ ဆိုသည်က လွတ်လပ်သည့် လေ့လာခန်းကိုသာ ဆိုလိုခြင်းလော။ ထိုအချက်ကို သူ ယခု အထိ မရှင်းပါသေးချေ။

ထိုအခါတွင်မှ ချိယုံယွမ်မှာ သတိရသွားဟန် ရကာ ဝေ့ဝူယင်ဘက်ကို ပြန်လှည့်လိုက်၏။

“ဟုတ်သားပဲ... ကဲပါလေ... ငါ အစက ရှင်းပြပါ့မယ်... အထွတ်အမြတ် စာကြည့်တိုက်ကို နေရာလေးခု ခွဲခြားထားတယ်... လွတ်လပ်တဲ့ လေ့လာခန်းပါ အပါအဝင်ပေါ့လေ... အပြင်ကနေ ကြည့်ရင် မျှော်စင် သုံးခုကို မင်းတွေ့တယ် မလား... အဲဒီနေရာတွေက ဒီစာကြည့်တိုက်ရဲ့ အခြားနေရာ သုံးခုပေါ့... လွတ်လပ်တဲ့ လေ့လာခန်းကို လူတိုင်း လေ့လာလို့ ရတယ်... အချိန် ကန့်သတ်ချက် တစ်ခုတော့ ရှိတာပေါ့... သာမန်လူတွေ အတွက် အများဆုံး တစ်လပဲ”

“ဒါပေမဲ့ ရေစက်ကြိုး ပိုင်ရှင်တွေနဲ့ ရှာဖွေသူတွေကတော့ လွတ်လပ်တဲ့ လေ့လာခန်းကို အကန့်အသတ် မရှိ သုံးနိုင်ကြတယ်... သူတို့ ဖတ်ချင်တာ ဖတ်လို့ ရတယ်... ဒါပေမဲ့ ယူသွားလို့တော့ မရဘူး... ဒီနေရာမှာပဲ နေပြီး ဖတ်ကြရတယ်...”

“မျှော်စင်သုံးခုကိုတော့ ချိပ်ပိတ် မျှော်စင်၊ ခရီးသွား မျှော်စင်နဲ့ ကာကွယ်သူ မျှော်စင်တွေ ဆိုပြီး ခေါ်ကြတယ်... အဲဒီ နေရာတွေကို ဝင်ဖို့ အတွက် ဆိုရင်တော့ အဆင့်အတန်း အားဖြင့် မြင့်မားလာဖို့ လိုတယ်... ဝိညာဉ် ရေစက်ကြိုး ပိုင်ရှင်၊ အရှုံးမပေးခြင်း ရေစက်ကြိုး ပိုင်ရှင်၊ လှည့်လည်သွားလာခြင်း ရေစက်ကြိုး ပိုင်ရှင် စသဖြင့် ပေါ့လေ... အဆင့်အတန်းပေါ် မူတည်ပြီး တစ်ချို့ အပိုင်းတွေကို ဝင်လို့ရနိုင်တယ်”

“အဲဒီလို အဆင့်အတန်း မြင့်မားတယ် ဆိုရင်တောင် လွယ်လွယ်နဲ့ ဝင်လို့ရတာတော့ မဟုတ်သေးဘူးနော်... တန်ရာတန်ကြေး ဆိုတာ ရှိသေးတယ်... မင်း အနေနဲ့ အခကြေးငွေ ကြီးကြီးမားမား ပေးဆောင်တာ ဒါမှမဟုတ် အလွှာကြားက လောက အတွက် လျှို့ဝှက် တာဝန် တစ်ချို့ ထမ်းဆောင်ပေးတာမျိုး လုပ်ပေးရတယ်...”

"ဒါဆို ကျုပ် ငွေပေးရမှာလား...”

ဝေ့ဝူယင်၏ မျက်ခုံးက အပေါ်သို့ အနည်းငယ် မြင့်တက်သွား၏။ ချိယုံယွမ်က ဝေ့ဝူယင်၏ တုန့်ပြန်မှုကို ကြည့်ကာ အနည်းငယ် ရယ်မောလိုက်၏။

“ဟဟ... မပေးရပါဘူး... ဒီသုံးလ အတွင်း မင်းကို စိတ်ကြိုက် ဖတ်ခွင့်ပြုထားတယ်... လွတ်လပ်တဲ့ လေ့လာခန်းရော ချိပ်ပိတ် မျှော်စင်ရောပေါ့... မင်းက အထူးအခွင့်အရေး ရထားတယ်လို့ ပြောလို့ ရတယ်ကွ... အဲဒီလို ချွင်းချက်မျိုး ငါ အရင်က မတွေ့ဖူးဘူး”

“...”

ဝေ့ဝူယင် စိတ်ထဲမှ ပြုံးလိုက်မိ၏။ ထိုအရာက လျူယင်လန်း ပြင်ဆင်ထားသည့် အရသာ ရှိသော ဟင်းလျာများပင် ဖြစ်ကြောင်း သူ သဘော‌ပေါက်ပေသည်။ ထိုအမျိုးသမီးမှာ သူ့အတွက် အထက် အလွှာတစ်ချို့ကို ဖွင့်လှစ်ပေးခဲ့သည်။ သို့သော်လည်း... သုံးလ အတွင်း ဆိုသည့် ကန့်သတ်ချက်ကို ချမှတ်ထားခဲ့သည်။

“တကယ်လို့ မင်းသာ အစစ်အမှန် ကံကြမ္မာ ခရီးသည် တစ်ယောက် ဖြစ်လာမယ် ဆိုရင် ခရီးသွား မျှော်စင်ကို လွတ်လွတ် စိတ်ကြိုက် ဝင်ထွက်လို့ ရမယ်... ကာကွယ်သူ မျှော်စင်ကိုတောင် လည်ပတ်ခွင့် ရလိမ့်မယ်...”

ချိယုံယွမ်က အခွံမာသီး လက်တစ်ဆုပ်ကို နောက်တစ်ကြိမ် ပါးစပ်အတွင်း ပစ်ထည့် လိုက်ပြန်၏။ ထို့နောက် သူက နောက်သို့ ပြန်လှည့်လိုက်သည်။

“အဲဒီ စာအုပ်ကို ဖတ်ပြီးရင် ရှေ့စားပွဲကို ပြန်လာခဲ့... ငါတို့...”

"ကျုပ် ပြီးပြီ...”

ဝေ့ဝူယင်က စကားဖြတ်ပြောကာ စာအုပ်ကို အရှင် အစားကျူးသူထံ ပြန်လည် ပေးလိုက်သည်။

“...”

ချိယုံယွမ် တစ်ယောက် ဆွံ့အကာ ပါးစပ် အဟောင်းသား ဖြစ်သွား၏။ ဝါးနေသည့် အခွံမာသီး အပိုင်းအစ တစ်ချို့မှာ ထွက်ကျလုနီးပါး ဖြစ်သွားလေရာ သူက ပါးစပ်ကို အလျှင်အမြန် ပြန်ပိတ်လိုက်ရသည်။ သူ၏ မျက်နှာ အမူအရာကတော့ မယုံကြည်နိုင်ခြင်းများနှင့် ရေးခြယ်နေဆဲ ဖြစ်သည်။

“မင်း ခရီးသွား မျှော်စင်ကို သွားဖို့ လောနေတယ် ဆိုတာ ငါရိပ်မိပါတယ်... ဒါပေမဲ့...”

ဝေ့ဝူယင်က ခေါင်းခါလိုက်၏။

“အခြေခံ အဆင့်က စွမ်းအင်တွေနဲ့ အင်အားရဲ့ လွတ်လပ်တဲ့ အသွင် သဏ္ဌာန်ပေါ်မှာ အာရုံစိုက်တယ်... ဥပမာ အားဖြင့် အလင်းကျင့်စဉ် တစ်ခုက သန့်စင်တဲ့ အလင်း အင်အားတွေကို သုံးပြီး အဖျက်စွမ်းအင် တစ်ခုကို ထုတ်လွှတ်ကြတယ်... မီးဓာတ် အခြေပြု နည်းလမ်း တစ်ခု ဆိုရင်တော့ မီးအမတေတွေကို သန့်စင်ပြီး ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို သန့်စင်ဖို့ အသုံးပြုကြတယ်...”

“မြေကြီး အဆင့်တွေမှာတော့ ဝိညာဉ်၊ ဆန္ဒနဲ့ ရုပ်ခန္ဓာ ကွဲပြားမှုတွေ ပါလာပြီ... မြေကြီး ကျင့်စဉ် တစ်ခုနဲ့ ဖွဲ့စည်းထားတဲ့ ရုပ်ခန္ဓာ တစ်ခုက ရည်ရွယ်ချက် တစ်ခု ဖြစ်တည်လာဖို့ ကူညီပေးနိုင်တယ်... နောက်ပြီး ပြိုင်စံရှား ကြယ်တာရာ ရုပ်ခန္ဓာ တစ်ခု ဖန်တီးဖို့... ဒါမှမဟုတ် ကျင့်ကြံခြင်း ဝိညာဉ်ကို အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ်၊ စစ်ဝိညာဉ် စသည်ဖြင့် သီးသန့် လမ်းကြောင်း တစ်ခုအဖြစ် ပြောင်းဖို့လည်း သုံးလို့ရတယ်”

"လောကအဆင့်...”

"တော်ပြီ... တော်ပြီ...”

ချိယုံယွမ်က အရှုံးပေးဟန်ဖြင့် ဆိုလိုက်၏။ ဝေ့ဝူယင်က တမင်သက်သက် အရူးလုပ်နေသလို သူ ခံစားရသည်။ ထိုအရာများကို သိနေပြီးသား ဆိုလျှင် သူ့ကို အဘယ်ကြောင့် လာမေးနေရသနည်း။

"အကိုကြီးချိ... ကျုပ် နည်းနည်းလောက် ရှာချင်သေးတယ်...”

ရုတ်တရက် ဝေ့ဝူယင်က ဆိုလိုက်၏။

“ရှာချင်တယ်...”

“တစ်ပတ်လောက်နေရင် ပြန်တွေ့မယ်”

ဝေ့ဝူယင်က ပြောရင်း စာအုပ်စင် တစ်ခုမှ စာအုပ် တစ်အုပ်ကို ဆွဲထုတ်လိုက်၏။ ရတနာသိုက် တစ်ခုကို တွေ့မြင်ပြီး နောက်တွင် သူ ဘဝ တစ်လျှောက် စိတ်အဖိစီးရဆုံး ဖြစ်သည့် “ဗဟုသုတ” ဆိုသည့် ပြဿနာကို ဖြေရှင်းရန် ရည်ရွယ်ထားပေသည်။

...

ချိယုံယွမ် တစ်ယောက် ထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် အသက်ကို ခပ်ပြင်းပြင်း ရှူကာ စာအုပ်စင် တစ်ခုချင်းစီကို ကြည့်လိုက်၏။ လျူရီလန်း၏ ခွင့်ပြုမှုကြောင့် လွတ်လပ်သော လေ့လာခန်းနှင့် ချိပ်ပိတ် မျှော်စင်တို့ကို သူ လွတ်လပ်စွာ ဝင်ထွက်ခွင့် ရရှိခဲ့သည်။ ခရီးသွား မျှော်စင်နှင့် ကာကွယ်သူ မျှော်စင်တို့မှာ ပထမ နှစ်လွှာထက် ပိုမို အဆင့်မြင့်သည့် နေရာများဖြစ်ကြသော်လည်း ဝေ့ဝူယင် စိတ်မရှိပါချေ။ စိတ်အား ထက်သန်သည့် အငွေ့အသက် တစ်ခုမှာ သူ့ မျက်ဝန်းများ အတွင်း မွေးဖွားလာခဲ့၏။

“တစ်ပတ်က လုံလောက်ပါတယ်...”

ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်ရင်း လက်ထဲရှိ စာအုပ်ကို ကြည့်လိုက်၏။ ၎င်း၏ မျက်နှာဖုံးထက်၌ “မီးစွမ်းအင် စည်းမျဉ်းများ... အပိုင်း ၁” ဟု ရေးထိုးထားပေသည်။

ပထမဆုံး စာမျက်နှာတွင်တော့ စာအုပ် အကြောင်း အကြမ်းဖျဉ်း ဖော်ပြချက်ကို တွေ့ရှိရ၏။ ထိုစာအုပ်မှာ မီးစွမ်းအင်ကို တစ်ဘဝလုံး နက်ရှိုင်းစွာ လေ့လာခဲ့သည့် ဗိသုကာ ပညာရှင်များ၏ အတွေ့အကြုံများကို မှတ်တမ်းတင်ထားခြင်းပင် ဖြစ်သည်။ သူတို့က မီးချီနှလုံးသားကို ကျင့်ကြံခဲ့ကာ ထိုမှတစ်ဆင့် မီးဇာတိ ဝိညာဉ်၊ မီး ကြယ်တာရာ ဝိညာဉ်တို့ကိုပါ အဆင့်ဆင့် တည်ဆောက်နိုင်ခဲ့သည်။

အကြောင်းအရာနှင့် သဘောတရားများမှာ သေမျိုး အကန့်အသတ် အတွင်းတွင်သာ ရှိသည့်တိုင် တစ်ဦးတစ်ယောက်ချင်းစီ၏ များလှစွာသော အတွေ့အကြုံများကို ထည့်သွင်းထားလေရော အသိပညာ၊ ဗဟုသုတများ အလွန် ကြွယ်ဝလှပေသည်။

ဝေ့ဝူယင် ဖြည်းညင်းစွာပင် နောက်ထပ် စာလိပ် တစ်ခုကို ဆွဲထုတ်လိုက်၏။

“ရန်ဝေ၏ မီးကျင့်စဉ်...”

ထိုစာလိပ်ကိုလည်း အလားတူပင် လူတစ်ယောက်တည်းက ရေးသားထားဖြစ်ကာ ချီပျစ်ခဲခြင်း အဆင့်မှသည် ကြယ်တာရာ အမြုတေ အထွတ်အထိပ် အဆင့်ကို ရောက်သည် အထိ သူ ကျင့်ကြံခဲ့သည့် အမျိုးမျိုးသော မီးကျင့်စဉ်များနှင့် အတွေ့အကြုံများ အကြောင်း မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ထိုအထဲ၌ သီးခြား ကျင့်စဉ်များ အကြောင်း ဇယားတစ်ခုပင် ပါရှိသည်။

စာကြောင်း အနည်းငယ်ကို ဖတ်ရှုပြီးနောက် မင်အတွင်း၌ ဝိညာဉ်နှင့် ဆက်သွယ်နေသော ခံစားချက် တစ်ချို့ ပါဝင်နေကြောင်း တွေ့ရှိလိုက်ရသည်။ ၎င်းက ဝမ်းနည်းမှု၊ ထွေပြားမှု၊ ဆန္ဒ မရှိမှုတို့နှင့် ပြည့်နှက် နေ၏။ တစ်ချိန်တည်း၌ သေဆုံးခြင်း အော်ရာ တစ်ချို့လည်း ဖြာကာ ထွက်ပေါ်နေသည်။ လမ်းစဉ် အဆုံးသတ်ခါနီးတွင် ရန်ဝေ့ ဆိုသော လူကြီးမှာ ဤစာလိမ်ကို အမွေအနှစ် ချန်ခဲ့ရန် ရေးသားခဲ့ဟန် ရလေသည်။

“စာအုပ်တွေက အချက်အလက်နဲ့ သဘောတရားတွေကို စု‌ပေါင်း ဖော်ပြပြီး စာလိပ်တွေတော့ တစ်ဦး တစ်ယောက်ချင်းစီရဲ့ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံတွေ၊ အားထုတ်မှုတွေ ဉာဏ်အလင်းတွေကို မှတ်တမ်းတင် ထားတာပဲ...”

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။ သူ ကိုဘ်တိုင်လည်း အမျိုးမျိုးသော အတွေ့အကြုံများ အကြောင်းကို မှတ်တမ်းတင်ကာ ကိုယ်တိုင် သိမ်းဆည်းထားဖူးပေသည်။ ဂျိုးငှက်နီ မြို့တော် တစ်ခုလုံး ကြက်သွေးရောင် လွှမ်းသွားသည့် အချိန်အခါက စလို့ သူ့ဘဝမှာ များစွာ ခက်ခဲခဲ့ရပေသည်။ ဆက်လက် နေထိုင်ရန် အကြောင်းပြချက် တစ်ခု ရှာဖို့ပင် ဝေဝါးခဲ့ရသည်။ ကိုယ့်ကိုယ်ကို အဆုံးစီရင်ကာ တမလွန်တိုင်းပြည့်ကို သွားရောက်၍ မိဘများ၊ အကိုကြီးနှင့် တိုင်လျဲ့တို့၏ အပြုံးများကို တွေ့မြင်ချင်ခဲ့သည်။

သို့သော်လည်း... မိန်းမ တစ်ယောက်မှာ သူ့ကို ထိုကဲ့သို့သော အတွေးများမှ ရုန်းထွက် စေခဲ့သည်။ အမွေအနှစ်နှင့် အိပ်မက်များနောက်ကို လိုက်ကာ ကိုယ်ပိုင် လမ်းကြောင်း တစ်ခု ဖောက်စေခဲ့သည်။ ထိုနည်းဖြင့်... သူ နေသွေးနီနီဂိုဏ်း၏ တပည့် တစ်ယောက် ဖြစ်လာခဲ့သည်။ ပိုင်လင်၊ စုမေ့တို့နှင့် တွေ့ဆုံခဲ့ရသည်။

...

“ဒီမှာ...”

အသံ တစ်ခုနှင့် အတူ ထူထဲလှသည့် ဗလာ စာလိပ်တစ်ခုမှာ စားပွဲပေါ်သို့ ဘုန်းခနဲ ရောက်ရှိလာ၏။ ငွေရောင် မျက်လုံးများနှင့် လူငယ်မှာ အိပ်ငိုက်နေရာမှ နိုးသွားကာ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ စာလိပ်ကို တွေ့လိုက်ရသော အခိုက်၌ သူက သိလိုစိတ်နှင့် အတူ မျက်တောင် တဖျပ်ဖျပ် ခပ်လိုက်၏။

“နင့်ရဲ့ ခရီးနဲ့ အတွေးတွေကို မှတ်တမ်းတင်ထား... အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အကုန်လုံးပဲ... အထူးသဖြင့် နင့်ရဲ့ အတိတ်နဲ့ အနာဂတ်... နင့်ရဲ့ အမွေအနှစ်နဲ့ နင်ပြီးမြောက်ခဲ့တဲ့ အရာတွေကို တစ်ခြားလူတွေ သိပါစေ... အရေး အကြီးဆုံးကတော့ နင်ကိုယ်တိုင် သိဖို့ပဲ”

ထို့နောက် အသံပိုင်ရှင်မှာ သွက်လက်သော ခြေလှမ်များနှင့် အတူ ပြန်လည် လမ်းလျှောက် ထွက်သွားခဲ့၏။

“သခင်မ... ကျုပ်...”

ဝေ့ဝူယင်က တဖြည်းဖြည်း ထွက်ခွာသွားသည့် ပုံရိပ်ကလေးကို ကြည့်ရင်း စကားပြောဆိုရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း ဘာစကားမှ ထွက်မလာခဲ့ပါချေ။ ခံစားချက်လှိုင်းများမှာ သူ့နှလုံးသား တစ်ခုလုံးကို လွှမ်းခြုံကာ ရစ်သိုင်း ထား၏။

တံခါးဝသို့ အရောက်၌ ပုံရိပ်ကလေးက ဝေ့ဝူယင်ကို လည်ပြန်ကြည့်ကာ ပြုံးပြလိုက်သည်။

“လက်မလျှော့နဲ့... ငါ ဝေ့ဝူယင်ကို လိုအပ်သလို လောကကြီးကလည်း လိုအပ်တယ်...”

ထို့နောက် သူမက ခပ်သွက်သွက်ပင် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

ဝေ့ဝူယင်ကတော့ ခံစားချက်များ ဗလောင်ဆူ၍သာ ကျန်ရစ်ခဲ့လေ၏။ ပင့်သက်တစ်ချက်နှင့် အတူ သူက စာလိပ်အလွတ်ကို ကောက်ယူကာ ဖြူ‌ရော်စွာ ပြုံးလိုက်လေသည်။

“ကျေးဇူးပါပဲ မေ့မေ့...”

***

All Chapters