← Chapters

စာကြည့်တိုက် တစ်ခု ဖန်တီးခြင်း

Vol. 78 Ch. 1088

စာကြည့်တိုက် တစ်ခု ဖန်တီးခြင်း

Vol. 78 Ch. 1088

အခိုက်အတန့် တစ်ခုမှာ လူတစ်ယောက်၏ ဘဝ တစ်ခုလုံးကို ပြောင်းလဲ ပစ်နိုင်စွမ်း ရှိ၏။ ယင်းကဲ့သို့ အခိုက်အတန့် တစ်ခုချင်းစီကပင် အချိုးအကွေ့ များစွာနှင့် အတူ ဝေ့ဝူယင်ကို လက်ရှိ နေရာအထိ ရောက်လာအောင် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ စည်းမျဉ်းများ၊ ယုံကြည်မှုများ၊ နှလုံးသား တစ်စုံနှင့် အတူ ထိုအခိုက်အတန့်များ သာ မရှိပါက ဘဝ၏ နက်ရှိုင်းလှသော နွံများ အတွင်း ဝေ့ဝူယင် ကျွံဝင်ကောင်း ဝင်သွားနိုင်ပေသည်။ ကံကောင်း ထောက်မစွာပင်... သူ ထိုအခိုက်အတန့်များကို ပိုင်ဆိုင်ခဲ့သည်။ သူတို့ကြောင့်ပင် ယနေ့ရှိ သူ ဖြစ်လာခဲ့သည်။

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။

“စလိုက်ကြရအောင်... စလိုက်ကြရအောင်...”

အိုရီက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ ဝေ့ဝူယင် ပြုလုပ်တော့မည့် အရာကို သူ သိရှိပြီး ဖြစ်သည်။ ထိုကဲ့သို့ ကြီးမားသည့် အရာများကို ပြုလုပ်ရန် သူ အလွန် နှစ်သက်ပေသည်။ အိုရီက စိတ်အား ထက်သန်စွာပင် ဧဒင်နှင့် ချိတ်ဆက်လိုက်၏။

"ကလန့်..”

ဘုရင်ကလည်း ဧဒင်နှင့် ဆက်သွယ်မှု တစ်ခု ဖွဲ့စည်းလိုက်၏။

“...”

ခရာတိုကတော့ ထိန်းချုပ်ခံထားရသလို ခံစားချက်ကြောင့် ယခုတိုင် မကျေမနပ် ဖြစ်နေဆဲ ဖြစ်သည်။ ၎င်းက အစစ်အမှန် ဟင်းလင်းပြင် နဂါးတစ်ကောင် အတွက် အိပ်မက်ဆိုး တစ်ခုလိုပင် ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... သူကလည်း ဧဒင်နှင့် ချိတ်ဆက်လိုက်၏။

“မင်း တကယ် လုပ်တော့ မလို့လား...”

ကောင်းကင် စစ်ဝိညာဉ်က မေးခွန်းထုတ်လိုက်၏။ သူမ၏ အသံက သံသယ အငွေ့အသက်များနှင့် ပြည့်နှက် နေသည်။

“မင်းက အခုမှ သေမျိုး အဆင့်မှာပဲ ရှိသေးတယ်လေ... လျှို့ဝှက် အာဏာရှင် အဆင့်တွေတောင် မင်းတွေးနေတဲ့ ကိစ္စကို မကြိုးစားရဲကြဘူး... တကယ် အဆင်အခြင်မဲ့လွန်းတာပဲ... မင်း ရူးသွားတာလား...”

ဧဒင်နှင့် ချိတ်ဆက်ကာ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ဝေ့ဝူယင် ဆွေးနွေးနေကတည်းက ၎င်းမှာ တောက်လျှောက် သတိပေးရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ ဧဒင်နှင့် ဆက်စပ်နေသည့် တည်ရှိမှု တစ်ခု အနေဖြင့် ဝေ့ဝူယင်တို့ ဘာလုပ်ရန် စီစဉ်နေကြောင်း သူမ ကောင်းစွာ သိကြပေသည်။

“ဒါက အကောင်းဆုံး အခွင့်အရေးပဲလေ... ကျုပ် ဘယ်လို လက်လွှတ်နိုင်မှာလဲ...”

ဝေ့ဝူယင်က ပြုံးလိုက်၏။ တစ်ချိန်တည်း၌ သူ၏ ငွေရောင် မျက်ဝန်းများက ခုနစ်ရောင်ခြယ် အလင်းတန်းများ အဖြစ် တဖြည်းဖြည်း စတင်ကာ အသွင်ပြောင်းလာခဲ့လေ၏။

မဟာစက်ဝန်း ရှန့်ထို ညီလာခံတွင် အဂ္ဂိရတ် ကြယ်တာရာ ပေါင်းဆုံခြင်း ဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရပြီး နောက်၌ အခြား ဖြစ်တည်မှုများ ထံမှ ထိုးထွင်း သိမြင်မှုများနှင့် အသိပညာ ဗဟုသုတများကို မှတ်ဉာဏ်များ အတွင်း မည်ကဲ့သို့ ပြဋ္ဌာန်းရမည် ဖြစ်ကြောင်း သူ သင်ယူခဲ့ပြီး ဖြစ်သည်။

ထိုအရာကပင် သူ့ကို အတွေးတစ်ခု ဖြစ်ပေါ် လာစေခဲ့ခြင်း ဖြစ်သည်။ ဟိုးယခင် အချိန်တွေတုန်းက ဝေ့ဝူယင်မှာ စာအုပ်များကို တစ်ခုပြီးမှ တစ်ခု ဖတ်ခဲ့ရသည်။ တစ်စုံတစ်ရာ ကျန်ရစ်သည် အထိ နွှေးပြီးမှ အခြား အချက်အလက် ရင်းမြစ်များဆီသို့ သွားရသည်။ အနန္တ ဧကရာဇ်ဂိုဏ်း၊ အစစ်အမှန် ဒြပ်စင်ဂိုဏ်းတို့တွင် ဆိုလျှင် ဤအထွတ်အမြတ် စာကြည့်တိုက်လောက် ကြီးသည့်၊ သို့တည်းမဟုတ် ပိုမို၍ပင် ကြီးမားသည့် စာကြည့်တိုက်ကြီးများ ရှိသည်။

ထို့ကြောင့်ပင် အချက်အလက် အားလုံးကို တစ်ပြိုင်နက်တည်း ဖြတ်သန်း ကြည့်ရှုရန်မှာ အလွန်ပင် ခက်ခဲလှသည်။ မည်သို့ပင် ဆိုစေ... ကျင့်ကြံသူ တစ်ဦးထံတွင် စာဖတ်ခြင်း အတွက် ဖြုန်းတီးရန် အချိန်နှင့် စွမ်းအင် ပမာဏ အကန့်အသတ် များစွာ ရှိသည် မဟုတ်ပါလား။

ဝေ့ဝူယင် သိထားသလောက် ဆိုလျှင် ကျင့်ကြံသူများ အများစုမှာ သူတို့၏ ဘဝတစ်လျှောက် အချိန်အများစုကို ကျင့်ကြံခြင်း၊ တိုက်ခိုက်ခြင်း၊ ပျော်ရွှင်ခြင်း၊ ဆေးဖော်စပ်ခြင်း၊ အနားယူခြင်း စသည့် အရေးကြီးသည့် အရာများနှင့်သာ ကုန်ဆုံးလေ့ ရှိပေသည်။ သက်တမ်း အလွန် ရှည်လျားသည့် ကျင့်ကြံသူကြီးများသာလျှင် သန်းနှင့်ချီသည့် စာအုပ်များကို အချိန်ပေး ဖတ်ရှုနိုင်ပေလိမ့်မည်။

သို့သော်လည်း... ဝေ့ဝူယင်ကတော့ ထိုကိစ္စကို ဖြတ်လမ်းနည်းဖြင့် လုပ်‌ဆောင်နိုင်မည့် သင့်တော်သော ကိရိယာများ ရှိကြောင်း သဘောပေါက်ခဲ့သည်။ ၎င်းက အလွန်ပင် ရိုင်းစိုင်းသည့် အကြံဉာဏ် တစ်ခု ဖြစ်ကာ ဧဒင်၊ သူ၏ ဒုတိယမြောက်စိတ်နှင့် အသိစိတ် ပင်လယ် တည်းဟူသော အကြောင်တရား သုံးခုကြောင့်သာ ဖြစ်နိုင်ချေ ရှိပေသည်။

စာကြည့်တိုက် တစ်ခု...

သူ လိုအပ်သမျှက အကုန် ဖြစ်သည်။ ကောင်းကင်ဘုံမှ လက်ဆောင် တစ်ခုလိုမျိုး သူ့နှလုံးသားက အားလုံးကို ရယူရန် ဆန္ဒ ပြင်းပြ နေခဲ့ပြီ ဖြစ်သည်။

ဟူး... ဟူး...

ဝေ့ဝူယင်၏ အသိစိတ် ပင်လယ် အတွင်း၌ ဆယ့်ရှစ်ထပ် မြင့်သည့် မဟာ စာကြည့်တိုက်ကြီး တစ်ခု ဖြည်းညင်းစွာပင် ဖြစ်ပေါ်လာခဲ့၏။ ၎င်းမှာ အလွန်တရာ ကြီးမားလွန်းလှရကား အသိစိတ် ပင်လယ် တစ်ခုလုံး၏ သုံးပုံတစ်ပုံမျှကိုပင် နေရာယူ ထားလေသည်။ ဧဒင်၏ အမြစ်များမှာ ထိုစာကြည့်တိုက်ကြီး၏ ပတ်လည်တွင် ဟိုမှသည် ရွေ့လျား နေကြကာ စိတ်စွမ်းအင် စီးကြောင်းများကို အဆက်မပြတ် ပံ့ပိုးပေးနေခဲ့လေသည်။

ဝှစ်...

ဝေ့ဝူယင်၏ စိတ်ကိုယ်ပွားမှာ စာကြည့်တိုက် အတွင်း ပေါ်လာခဲ့၏။ ၎င်းမှာ ဒုတိယမြောက် စိတ်နှင့် တိုက်ရိုက် သက်ဆိုင်နေကာ ပုံမှန်အားဖြင့် အိပ်စက်နေသည့် အနေအထားတွင် အစဉ်အမြဲ တည်ရှိနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... ယခုတွင်တော့ ၎င်းမှာ အပြည့်အဝ နိုးကြား နေခဲ့ပြီ ဖြစ်ကာ စာကြည့်တိုက်ကြီး၏ ကြီးမား ကျယ်ပြန့်လှသော ဖွဲ့စည်းပုံကို ငေးကြည့် နေခဲ့လေသည်။

နန်းတော်ကြီး တမျှ ခမ်းနားလှသော စာကြည့်တိုက် အတွင်း၌ ဧဒင်၏ ခြေရာလက်ရာတို့ ပြည့်နှက်နေသည့် သောင်းပေါင်းများစွာသော စာအုပ်များ၊ ပုရပိုက်များ ရှိနေခဲ့၏။ သို့သော်လည်း စာအုပ်စင် အရေအတွက်နှင့် နှိုင်းယှဉ်ပါက ၎င်းတို့မှာ ဆင်ပါးစပ် နှမ်းပက်ရုံမျှလောက်သာ ရှိပေသည်။ ထိုစာအုပ်များနှင့် ပုရပိုက်များမှာ ဝေ့ဝူယင် ဘဝ တစ်လျှောက် ဖတ်ဖူး၊ မှတ်ဖူး၊ ပုံတူကူးယူဖူးသည့် အကြောင်းအရာများပင် ဖြစ်လေသည်။

ဝှစ်...

စိတ်ကိုယ်ပွားမှာ ပဥ္စမမြောက် အလွှာတွင် ပေါ်လာကာ ရန်ဝေ့၏ မီးကျင့်စဉ်ကို ရှာလိုက်၏။ ထို့နောက် ထုတ်ယူကာ ဖတ်ရှုလိုက်သည်။ ထိုအခါ အထဲရှိ အကြောင်းအရာများမှာ တစ်လုံးတစ်ပါဒမျှ မကွဲပြားကြောင်း တွေ့ရှိလိုက်ရ၏။ အဂ္ဂိရတ် လမ်းစဉ် ခုနစ်ရပ်နှင့် အတူ ခုနစ်မျိုးသော ခံစားချက်များအား ထည့်သွင်းနိုင်သည့် ဝိညာဉ်အလင်း၏ စွမ်းအင်ကြောင့် စာလုံးတစ်ခုချင်းစီတွင် မူယင်းကလို ခံစားချက် အော်ရာ အငွေ့အသက်များပင် ပါဝင်နေ၏။

စိတ်ကိုယ်ပွားက ဧဒင်၏ စိတ်စွမ်းအင်များကို စုပ်ယူလိုက်ကာ စာလိပ်ထဲရှိ အကြောင်းအရာများကို အလွန် လျှင်မြန်စွာ ဖတ်ရှုလိုက်၏။ စွမ်းအင် ကုန်ကျမှု အတော်လေး များပြားလှသည့်တိုင် စက္ကန့်အနည်းငယ် အတွင်းမှာပင် ၎င်းမှာ အားလုံးကို ဖတ်ရှုကာ မှတ်သားပြီး ဖြစ်သည်။

ထို့နောက် ၎င်းက ခြေဖနှောင့်ကို ပေါ့ပေါ့ပါးပါးပင် ပေါက်လိုက်၏။ ဧဒင်၏ အမြစ်များက ဖြည်းညင်းစွာပင် လှုပ်ရှားကာ ဒုတိယမြောက်စိတ်၏ အတွေ့အကြုံနှင့် အတွေးများကို လက်ခံလိုက်သည်။ ထို့နောက် အတိကျပင် ဝေ့ဝူယင်ထံ ပြန်လည် ပို့လိုက်၏။

အပြင်လောကတွင်တော့ ဝေ့ဝူယင်၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပသွားခဲ့လေသည်။ သူက ပေါ့ပေါ့ပါးပါး သက်ပြင်း တစ်ချက် ရှိုက်ရင်း စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်၏။

“အလုပ်ဖြစ်တယ်ဟ...”

ဒုတိယမြောက်စိတ်က ကောင်းကင် စစ်ဝိညာဉ်၏ စကားဝိုင်း အကြောင်းကို လွှဲပြောင်း ပို့ဆောင်ခဲ့ပြီးသည့် နောက်တွင် ဝေ့ဝူယင်မှာ တူညီသည့် အတွေး၊ မှတ်ဉာဏ်နှင့် ဉာဏ်ရည်တို့ကို ပိုင်ဆိုင်ထားသော်လည်း သီးခြား လွတ်လပ်သည့် စိတ်နှစ်ခု ရှိခြင်း၏ တန်ဖိုးကို လျှော့တွက်မိကြောင်း ကိုယ့်ကိုယ်ကို သဘောပေါက် လာခဲ့သည်။

တစ်ချိန်တည်း၌ အဂ္ဂိရတ် ကြယ်တာရာ ပေါင်းဆုံခြင်း ဖြစ်စဉ် ကဲ့သို့ နှစ်ရာနှင့်ချီ လေ့လာရန် လိုအပ်သည့် အချက်အလက်များကို အချိန်ကုန် သက်သာစွာဖြင့် ရယူနိုင်သည့် ဖြတ်လမ်းနည်းများ ရှိနိုင်ကြောင်းကို သူ တွေးခဲ့မိသည်။

ထိုအကြောင်းအရား အားလုံးက သူ့ကို အတွေးသစ်၊ အကြံသစ် တစ်ခုဆီသို့ ဦးတည် သွားစေခဲ့သည်။ ၎င်းက စိတ်အတွင်း နန်းတော် တစ်ခု တည်ဆောက်ရန် ဖြစ်လေ၏။ ၎င်း၏ နာမည်ကတော့ ဧဒင် စာကြည့်တိုက် ဟူ၍ပင် ဖြစ်လေသည်။

ဝေ့ဝူယင်မှာ တစ်ပတ် အတွင်း အထွတ်အမြတ် စာကြည့်တိုက် အတွင်းရှိ အလုံးစုံသော ဗဟုသုတများကို ကူးယူရန် ရည်ရွယ်ထားပေသည်။ ထိုအချိန်မှ စ၍ သူ၏ ဒုတိယမြောက် စိတ်မှာ ကျောင်းတော်သားတစ်ဦး၏ တာဝန်ကို စတင်ကာ ယူလေတော့သည်။

...

အထွတ်အမြတ် စာကြည့်တိုက် အတွင်း၌ ခုနစ်ရက် လုံးလုံး ပုံရိပ် တစ်ခုမှာ စာအုပ် စင်မြင့်များကို ဖြတ်သန်းကာ အရိပ်တစ်ခုလိုမျိုး ရွေ့လျား နေခဲ့၏။ ထိုအတောအတွင်း၌ လွတ်လပ်သော စာဖတ်ခန်း အတွင်း ဝေ့ဝူယင် မထိတွေ့ဖူးသည့် နေရာဟူ၍ မရှိသလောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူက သားကောင်လိုက်နေသည့် ဝံပုလွေရိုင်း တစ်ကောင် ကဲ့သို့ အဆုံးမဲ့ ဆာလောင်မှုများဖြင့် လောင်မြိုက် နေခဲ့၏။

ဝေ့ဝူယင်၏ လုပ်ရပ်ကို များစွာသော လူများမှာ သိသာ ထင်ရှားစွာ သတိထားမိကြပေသည်။ အထွတ်အမြတ် စာကြည့်တိုက်၏ လွတ်လပ်သော စာဖတ်ခန်းမှာ အဆောက်အဦ၏ ပထမ အလွှာ အဖြစ် ယူဆ ခံထားရသော နေရာ ဖြစ်သည်။ ကာကွယ်သူ မြို့တော်၏ များလှစွာသော ကျင့်ကြံသူများမှာ ထိုနေရာကို ဝင်ရောက်ကာ သူတို့ အတွက် လိုအပ်သည့် စာအုပ်များ၊ စာလိပ်များနှင့် ဝိညာဉ် ကျောက်စိမ်းများကို ရှာဖွေလေ့ ရှိပေသည်။

ငွေရောင် မျက်လုံးများနှင့် လူငယ် တစ်ယောက် လွတ်လပ်သော စာဖတ်ခန်းကို မွှေနှောက်ကာ စာအုပ်တစ်အုပ်ကို သဲကြီးမဲကြီး ရှာဖွေနေသည် ဆိုသည့် ကောလဟလက စတင်ကာ ပျံ့နှံ့ နေခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်မှာ ဘယ်စာအုပ်၊ စာလိပ်ကိုမှ ငါးစက္ကန့်ထက် ပို၍ ကိုင်ထားခြင်း မပြုခဲ့ချေ။ သူက ၎င်းကို ချက်ချင်း ပြန်ချကာ အခြားတစ်အုပ်ကို ရှာစမြဲ ဖြစ်သည်။

“ပုရွက်ဆိတ် လူသားပဲကွ... ဟဟ...”

ချိယုံယွမ်မှာ စတင်ကျောက် ကလေးများ အရွယ်အစား ရှိသည့် ရေညှိရောင် ဘယ်ရီသီးများကို စားရင်း ဝေ့ဝူယင်ကို လိုက်ကြည့် နေခဲ့၏။ သူက အခွံမာသီးများ ပါဝင်သည့် ကယား နေရာတွင် သစ်သီးအိတ် တစ်အိတ်ဖြင့် အစားထိုးခဲ့ပြီး ဖြစ်သည်။ ထိုဘယ်ရီသီးများမှာ ကြွယ်ဝလှသည့် ရေဓာတ် အော်ရာများကို ထုတ်ဖော် နေ၏။

လွန်ခဲ့သည့် ခုနစ်ရက်လုံးလုံး ဝေ့ဝူယင်မှာ မအိပ်မစားပဲ စာအုပ်များ သဲကြီး မဲကြီး ရွေ့လျား နေခဲ့ခြင်း ဖြစ်သည်။ သူ၏ အလုပ်လုပ်နှုန်းက ပုရွက်ဆိတ်များနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။ အပြင်ပန်း အကဲခတ် ရသလောက် သူက ကိုယ်ပိုင် ကျင့်ကြံခြင်းနှင့် သင့်တော်သည့် ကျင့်စဉ် တစ်ခုကို ရှာဖွေနေဟန် ရသည်။

လွန်ခဲ့သည့် သုံးရက်လောက်က မကြည့်နိုင်တော့သဖြင့်... အထွတ်အမြတ် စာကြည့်တိုက်၏ ၃၂၇ ယောက်မြောက် အဇူရာလ စာကြည့်တိုက်မှူး တစ်ယောက် အနေဖြင့် ဝေ့ဝူယင် လိုအပ်သည့် အရာကို ရှာဖွေ ပေးနိုင်ကြောင်း ချိယုံယွမ် ကမ်းလှမ်းခဲ့သေးသည်။ သို့သော်လည်း... လူငယ်က ယဉ်ကျေးစွာပင် ငြင်းပယ်ကာ အခြား တစ်နေရာကို အလွန် လျှင်မြန်စွာ ရွေ့လျား သွားခဲ့သည်။ နောက်ဆုံး သူလုပ်နိုင်သမျှက ဘယ်ရီသီးများကို စားကာ ထိုင်ကြည့်နေရုံသာ ဖြစ်လေတော့သည်။

ခုနစ်ရက် ပြည့်မြောက်ပြီး နောက်ဆုံး၌ ဝေ့ဝူယင်မှာ စာကြည့်တိုက်မှူး စားပွဲ ရှိရာသို့ တရွေ့ရွေ့ ပြန်လည် ရောက်ရှိလာခဲ့၏။ သူ၏ အသက်ရှူသံများက အနည်းငယ် လေးပင်နေကာ ဖရိုဖရဲ ဖြစ်နေခဲ့လေသည်။ ချိယုံယွမ်က သူ့ကို ကြည့်ကာ ပြုံးလိုက်ရင်း...

“မင်း လိုချင်တာကို ရလာခဲ့ရဲ့လား...”

ဟု မေးလိုက်၏။ သို့သော်လည်း... လွတ်လပ်သော စာဖတ်ခန်း အတွင်းရှိ စာအုပ်၊ စာလိပ်တိုင်းအား ဝေ့ဝူယင် ကူးယူ လာခဲ့ကြောင်းကိုသာ သိရှိပါက ချိယုံယွမ် တစ်ယောက် ရူးသွပ် သွားပေလိမ့်မည် ဖြစ်လေတော့သည်။

***

All Chapters