← Chapters

ပထမံ မွေးဖွားခြင်း

Vol. 78 Ch. 1090

ပထမံ မွေးဖွားခြင်း

Vol. 78 Ch. 1090

“အလွှာကြားက လောကရဲ့ အခြေအနေက အတော်လေး ရှုပ်ထွေးတယ်ကွ... အပြင်လောကမှာ ရှိတဲ့ လျှို့ဝှက် အာဏာရှင် အဆင့်တွေ ကြောင့်သာ မဟုတ်ရင် အဲဒါက ကမောက်ကမ နေရာတစ်ခု ဖြစ်လု နီးပါးပဲ... သူတို့ရဲ့ အမိန့်ကို ဘယ်သူမှ မလျစ်လျူ ဝံ့သလို ဘယ်သူမှလည်း မငြင်းဆန်ရဲဘူး”

ချိယုံယွမ်က စတင်ကာ ရှင်းပြလိုက်သည်။ သူ့ မျက်ဝန်းများထဲတွင် လျှို့ဝှက် ဆန်းကြယ်သည့် ခံစားချက် အရိပ်အငွေ့ တစ်ချို့ ရှိနေခဲ့လေ၏။

“အလွှာကြားက လောကမှာ မွေးတဲ့ လူတွေက ချိပ်ပိတ် နယ်မြေတွေကို မဝင်နိုင်ဘူး ဆိုတာတော့ မင်းလည်း သိပြီးသား ဖြစ်မှာပေါ့... သူတို့က အပြင်လောကကိုပဲ ထွက်ခွာနိုင်ကြတယ်... ဒါပေမဲ့ အဲဒီလို လုပ်ဖို့ အတွက် ဆိုရင် အခြေအနေတစ်ချို့နဲ့ တိုက်ဆိုင်ဖို့ လိုတယ်... တစ်နည်းပြောရရင် အရမ်းကို ခက်ခဲတယ်... ဝိညာဉ် အော်ရာ ရောနှောခြင်း ဆိုတဲ့ အရာ မဖြစ်စေဖို့ အာဏာရှင် အင်ပါယာတွေ ဖန်တီးထားတဲ့ တားမြစ်ချက် တစ်ခုပေါ့လေ”

“ချိပ်ပိတ် အစီအရင်လား...”

ရုတ်တရက် ဝေ့ဝူယင် တစ်စုံတစ်ခုကို သတိရသွားသည့် အလား မေးလိုက်၏။ ထိုမေးခွန်း အတွက် ပြင်ဆင်ထားပြီး ဖြစ်သည့် အလား ချိယုံယွမ် မတုန့်မဆိုင်းပင် ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်... ချိပ်ပိတ် အစီအရင်က ချိပ်ပိတ် နယ်မြေ ဇာတိ မဟုတ်တဲ့ လူတွေကို ဖိနှိပ်ဖို့ ဖန်တီးထားတဲ့ ဝင်္ကပါ လို့ ပြောလို့ရတယ်... အရမ်းကို အစွမ်းထက်ပြီး တည်မြဲမှု ရှိတယ်... တကယ်လို့ မြေကြီး ရှန့်ထို တစ်ယောက်က ချိပ်ပိတ် နယ်မြေထဲကို ဆင်းသက်မယ် ဆိုရင် သူတို့ရဲ့ ကျင့်ကြံခြင်းကို အဆင့် နှစ်ဆင့် ကန့်သတ်ခံရလိမ့်မယ်... သေမျိုးတစ်ပိုင်း အရှင် အဆင့်နဲ့ လျှို့ဝှက် ဝိညာဉ် အဆင့်တွေ ဆိုလည်း အတူတူပဲ... လျှို့ဝှက် ဝိညာဉ် အဆင့်နဲ့ အောက်အဆင့်တွေကတော့ သေဆုံးရလိမ့်မယ်... အဂ္ဂိရတ် တာအိုနဲ့ အခြား အကူအညီတွေ မရှိဘူး ဆိုရင် သေမျိုး တစ်ယောက် အနေနဲ့တောင် ဆက်ပြီး နေထိုင်နိုင်တော့မှာ မဟုတ်ဘူး... အစီအရင်က ဘယ်တော့မှ နူးညံ့ သိမ်မွေ့လေ့ မရှိဘူး... ထိတွေ့သမျှ အကုန်လုံးကို ချေမှုန်းပစ်တာပဲ”

"ဒါပေမဲ့... ဘာလို့လဲ...”

ဝေ့ဝူယင်မှာ ပဟေဠိ ဝှက်ခံရသလို ခံစားနေရ၏။ ဝိညာဉ်အော်ရာ နှော‌ရောခြင်း ဆိုသည့် အရာကို တားဆီးဖို့ အာဏာရှင် အင်ပါယာများ ဆိုသည့် လူများက ထိုကဲ့သို့ ပြုလုပ်ခဲ့သည်လား။

“ဝိညာဉ်အော်ရာ ရောနှောခြင်းက ကန့်သတ်ခြင်းကို အားနည်းစေတယ်... မျိုးဆယ်ပေါင်း ဆယ်ချီလောက် ရောနှောသွားရင် အသစ် မွေးဖွားလာတဲ့ လူတွေက အစီအရင် မသက်ရောက်နိုင်တဲ့ သဘာဝ ဝိညာဉ် အော်ရာကို ရရှိလာလိမ့်မယ်... ရိုးရိုးရှင်းရှင်း ကြည့်ရင် မြင်ဖို့ ခက်ခဲပေမဲ့ အဲဒါက ချိပ်ပိတ် နယ်မြေနဲ့ အပြင်လောက အတွက်တော့ တကယ့် အန္တရာယ်ပဲ...”

ချိယုံယွမ်က လေးနက်သည့် အမူအရာဖြင့် ရှင်းပြလိုက်၏။

“...”

ဝေ့ဝူယင်၏ အတွေးများမှာ အနည်းငယ် ရှုပ်ထွေးသွားကာ မျက်မှောင်ကြုတ် လိုက်၏။

“အလွှာကြားက လောကထဲ မွေးလာတဲ့ လူတွေကရော မတူ ကွဲပြားတဲ့ ဝိညာဉ် အော်ရာတွေကို ပိုင်ကြတာလား...”

“ပိုင်ကြတာပေါ့...” ချိယုံယွမ်က ခေါင်းညိတ်ကာ အတည်ပြုလိုက်၏။

“ဒါပေမဲ့ အဲဒီ စည်းမျဉ်းရဲ့ ချွင်းချက်ထားခြင်းကို ခံရတဲ့ လူနည်းစုတွေလည်း ရှိတယ်... သူတို့တွေက ချိပ်ပိတ် နယ်မြေနဲ့ အလွှာကြားက လောကကို လွတ်လွတ်လပ်လပ် သွားလာလို့ ရတယ်... လိုရင်းတိုရှင်း ပြောရရင် အဖွဲ့အစည်းတွေက သူတို့တွေကို တာဝန်တွေ ပေးတယ်... အလွှာကြားက လောကမှာ မရနိုင်တဲ့ ရင်းမြစ်တွေကို စုဆောင်းခိုင်းတယ်...”

“ဘာလို့ ချွင်းချက်တစ်ခု ရှိနေရတာလဲ ဆိုရင် အဲဒီ ကျင့်ကြံသူတွေက ရေစက်ကြိုး ပိုင်ရှင်တွေရဲ့ မျိုးဆက်‌တွေ ဆိုပေမဲ့ အလွှာကြားက လောကမှာ မွေးဖွားလာကြတာ မဟုတ်လို့ပဲ... သူတို့က ဝင်္ကပါရဲ့ လွှမ်းမိုးမှုကနေ ကင်းလွတ်ပြီး ချိပ်ပိတ်နယ်မြေ ဒေသခံတွေနဲ့ ဝိညာဉ်အော်ရာချင်း ရောနှောလို့ ရတယ်... ငါက အဲဒီ ကျင့်ကြံသူတွေထဲက တစ်ယောက်ပေါ့လေ... ငါတို့ကို ပထမ မွေးဖွားခြင်းလို့ ခေါ်ကြတယ်”

“ပထမံ မွေးဖွားခြင်း...”

ဝေ့ဝူယင်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ရီ သွားခဲ့၏။ ၎င်းက မယုံကြည်နိုင်စရာ ကောင်းသည့် တစ်စုံတစ်ရာနှင့် ဆက်စပ်နေသလို သူ ခံစားရသည်။

“ငါ့ကို အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ထောင်လောက်တုန်းက မွေးခဲ့တာ... မင်းတွေ့ခဲ့တဲ့ တစ်ယောက်လည်း အတူတူပါပဲ... အဲဒီ မိုက်မဲတဲ့ ကောင်က နည်းနည်းတော့ ခြားနားတာပေါ့... လွန်ခဲ့တဲ့ နှစ်တွေထဲမှာ ရွှေရောင် အသက်နန်းတော် အတွက် ငါတို့ တာဝန်တွေ အများကြီး ထမ်းဆောင် ပေးခဲ့ကြတယ်... တော်ဝင်မျိုးနွယ် ရှစ်ခုလည်း အပါအဝင်ပေါ့... ဒါကြောင့်ပဲ အများစုက ငါတို့ရဲ့ ဇစ်မြစ်ကို မသိကြဘူး...”

ချိယုံယွမ်က လွမ်းဆွတ်သည့် အပြုံးတစ်ခုနှင့် အတူ ပြန်လည် ပြောပြလိုက်၏။ မင်မျိုးနွယ် အမျိုးသမီးကို ပြန်လည် သတိရမိသော အခိုက်၌ သူ့ နှလုံးသားက အနည်းငယ် ပူလောင်လာသလို ခံစား လိုက်ရသည်။ သူတို့ နှစ်ယောက် အတူတူ ရှိခဲ့သည့် ညလေး... အဇူရာလ စာကြည့်တိုက်မှူး တစ်ယောက် ဖြစ်လာပြီးနောက် အချိန်မရသည်မှာ ဆိုးလွန်းလှသည်။ မဟုတ်ပါက... သူ သေမျိုးတစ်ပိုင်း အရှင် အဆင့် ကျင့်ကြံခြင်း အခြေခံနှင့် အတူ သူမထံ အလည်အပတ် သွားရောက်ခဲ့လောက်ပြီး ဖြစ်သည်။

“အဟမ်း... အဟမ်း...”

လူအိုကြီးက သူ့အတွေးများကို ဝေ့ဝူယင် ရိပ်မိသွားမှာ စိုးရိမ်သည့် အလား ချောင်းနှစ်ချက် ဆိုးကာ လည်ချောင်း ရှင်းလိုက်၏။ အကယ်၍ မင်ရှုလင်သာ သူမ၏ အဘွားဖြစ်သူ အပေါ် သူ့ အတွေးများကို သိရှိပါက ဘယ်လောက်တောင် သောင်းကြမ်းလိုက်မည်လဲ မပြောတတ်ပါချေ။

"ပထမံ မွေးဖွားခြင်း...”

ဝေ့ဝူယင်ကတော့ ပထမ ခေါင်းစဉ် အ‌ပေါ်တွင်သာ ဆက်လက် အာရုံစိုက်နေဆဲ ဖြစ်သည်။ သူက လူအိုကြီး၏ မျက်လုံးများကို တည့်တည့်ကြည့်ကာ လေးနက်စွာ မေးလိုက်၏။

“အစစ်အမှန် မွေးဖွားခြင်းကရော ဘာလဲ...”

“...”

ချိယုံယွမ်၏ အမူအရာက ပျော်ရွှင်မှု၊ လွမ်းဆွတ်မှု၊ ရှက်ရွံ့မှုတို့ဖြင့် ရောနှော ပြည့်နှက် နေရာမှ ရုတ်တရက် မည်းမှောင် သွား၏။

“...”

ထိုအခိုက်တွင်ပင် ဥပဒဟို သွားလာနေကြသည့် ခြေသံများမှ ရုတ်တရက် တိတ်ဆိတ်သွားလေ၏။ များစွာသော လူများမှာ လှုပ်ရှားနေကြရာမှ ရပ်တန့်သွားကာ သူတို့ကို လှမ်းကြည့် နေကြကြောင်း ဝေ့ဝူယင် ချက်ချင်း သတိထားမိလိုက်သည်။ သူတို့ အားလုံး၏ မျက်ဝန်းများက သုန်မှုန်သည့် အလင်းတန်းများကို သယ်ဆောင် ထားကြ၏။

ထိုအခိုက်တွင်ပင်... ချိယုံယွမ်၏ မျက်နှာထက်ရှိ မည်းမှောင်မှုများက ပြေလျော့ သွားသည်။ သူက ဖြူရော်စွာ ပြုံးလိုက်၏။

“တရားဝင် ရေစက်ကြိုး ပိုင်ရှင် တစ်ယောက် ဖြစ်မလာမချင်း အဲဒီ အကြောင်းကို မပြောပဲ နေရအောင်... ငါ့နေရာကို အစားထိုးမယ့်လူ ရောက်လာပြီ... သွားကြရအောင်”

“...”

ဝေ့ဝူယင် တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် ချိယုံယွမ်မှာ လှေကားများဆီ သွက်လက်သော ခြေလှမ်းများနှင့် ထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်မှာ ဘေးနားရှိ လူများ၏ သုန်မှုန်သော အကြည့်များကို သတိထားမိလေရာ အတွေးနက်စွာပင် နောက်မှ လိုက်လာခဲ့၏။ ခေါင်းစားစရာ ခေါင်းစဉ် တစ်ခု တိုးလာပြီ ဖြစ်ကြောင်း သူ သဘောပေါက် လိုက်ပြီ ဖြစ်လေသည်။

...

အထွတ်အမြတ် စာကြည့်တိုက်...

အထွတ်အမြတ် စာကြည့်တိုက် အတွင်း၌ အချိန်မှာ ပုံမှန် အတိုင်း ခရီးဆက် နေခဲ့၏။ ဝေ့ဝူယင် ခပ်မှန်မှန် ခြေလှမ်းများနှင့် အတူ ချိယုံယွမ်၏ နောက်မှ လိုက်လာခဲ့၏။ သူတို့ နှစ်ယောက်မှာ လှေကား အချို့ကို ဖြတ်သန်းကာ ဆက်လက် လျှောက်လှမ်းနေကြဆဲ ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင်၏ စိတ်တစ်ခုလုံးကိုတော့ အတွေး တစ်ခုတည်းကသာ ကြီးစိုးနေ၏။

အစစ်အမှန် မွေးဖွားခြင်းက ဘာနည်း။ အစစ်အမှန် မွေးဖွားခြင်းက ဘယ်သူတွေနည်း။

သူ နားလည်ထားသလောက် ဆိုလျှင် အစစ်အမှန် မွေးဖွားခြင်းမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်း မိစ္ဆာ လုပ်ရပ်များကို လုပ်ဆောင်နေသည့် အနက်ရောင် လောက အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ ထိပ်တန်း အင်အားစု များစွာတွင် သူတို့၏ အဖွဲ့ဝင်များမှာ စိမ့်ဝင် နေကြသည်။

သို့သော်လည်း... ချိယုံယွမ်နှင့် စာကြည့်တိုက် အတွင်းရှိ လူများ၏ တုန့်ပြန်မှုများ အရဆိုလျှင် အစစ်အမှန် မွေးဖွားခြင်းမှာ ထိုထက် အများကြီး ပိုလိမ့်မည် ဖြစ်သည်။ ထိုလျှို့ဝှက်ချက်များကို သိရှိဖို့ ဆိုလျှင် သူ့အနေဖြင့် ရေစက်ကြိုး ပိုင်ရှင် တစ်ယောက် ဖြစ်လာဖို့ လိုအပ်သည်။ ကံဆိုးစွာပင် ဝေ့ဝူယင်မှာ ရေစက်ကြိုး ပိုင်ရှင် တစ်ယောက် ဖြစ်လာဖို့ ဘယ်တုန်းကမှ ရည်ရွယ် မထားခဲ့ပါချေ။

ဘယ်လိုပဲ ဖြစ်ဖြစ်... အနာသိလျှင် ဆေးရှိပေသည်။ ပြဿနာတိုင်းတွင် ဖြေရှင်းရန် နည်းလမ်း တစ်ခု ရှိစမြဲ ဖြစ်သည်။ သူ့အနေဖြင့် လျှို့ဝှက် အာဏာရှင် အဆင့် မဟုတ်သည့် ကျင့်ကြံသူ တစ်ယောက်ကို ရှာဖွေကာ လျှို့ဝှက်ချက်များကို ဖော်ထုတ်၍ ရသည်။ သူ လိုအပ်သမျှက ပစ်မှတ်တစ်ယောက်၊ အချိန်နှင့် အခွင့်အရေးတို့ပင် ဖြစ်သည်။

ဝေ့ဝူယင်တို့ နှစ်ယောက်မှာ နေရာပေါင်းများစွာကို ဖြတ်သန်းကာ လျှောက်လှမ်းရင်း မကြာခင် စက်ဝိုင်း သဏ္ဌာန် တံခါး တစ်ခုနားကို ရောက်ရှိလာခဲ့၏။ ၎င်းက အာကာသ စွမ်းအင် အလင်း အရိပ်အငွေ့ တစ်ချို့ကို ထုတ်လွှတ် နေပေသည်။ တစ်နည်းဆိုရသော် ထိုတံခါးမှာ အာကာသ ဂိတ်တံခါး တစ်ခုနှင့်ပင် ဆင်တူနေပေသေးသည်။ ဝေ့ဝူယင် ချိယုံယွမ်ကို သိလိုစိတ် ပြည့်နှက်နေသည့် မျက်လုံးများနှင့် ကြည့်လိုက်၏။

“ချိပ်ပိတ် မျှော်စင်တဲ့ စာကြည့်တိုက်က သီးခြား အတွင်းပိုင်း လောက တစ်ခုထဲမှာ ရှိနေတာ... သက်ရှိတွေပါ နေထိုင်နိုင်တဲ့ ဟင်းလင်းပြင် နေရာ တစ်ခုပေါ့ကွာ... ကဲပါလေ... အရင် ဝင်လိုက်ရအောင်”

ချိယုံယွမ်က ရှင်းပြနေမှုကို တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်လိုက်သည်။ ထို့နောက် သူက အဇူရာလ လည်ဆွဲကို အနည်းငယ် ဖိလိုက်ကာ တံခါး အတွင်း ဝင်ရောက်လာခဲ့၏။

ဝမ်...

ချက်ချင်းပင် ‌ငွေရောင် အလင်းတန်းများ လင်းလက်လာကာ ချိယုံယွမ် တစ်ယောက် ပျောက်ကွယ်သွားသည်။ ဝေ့ဝူယင်ကလည်း ထပ်မံ တုန့်ဆိုင်း မနေတော့ပဲ သူ့နောက်ကို လိုက်လိုက်လေတော့၏။

***

All Chapters