ချိပ်ပိတ်မျှော်စင် စာကြည့်တိုက်
Vol. 78 Ch. 1091
ဂိတ်တံခါးထဲကို ဝင်ဝင်ချင်း ဝေ့ဝူယင်မှာ ထူးဆန်းသည့် ခံစားချက် တစ်ရပ်ကို ခံစားလိုက်ရ၏။ ၎င်းက သူ တစ်ကြိမ် တစ်ခါမှ မတွေ့ကြုံဖူးသည့် အာရုံမျိုး ဖြစ်သည်။ ယင်းမှာ ပုံမှန် အာကာသ ရွှေ့ပြောင်းခြင်း၊ ဟင်းလင်းပြင် ပေါ်တယ် တစ်ခုကို ဝင်ရောက်ရခြင်းများနှင့် ခြားနားလှသော်လည်း တစ်ချိန်တည်း၌ ထိုနှစ်ခု စလုံးကို တစ်ပြိုင်နက်တည်း ရောနှောထားသလို ထင်ရသည်။
အာရုံငါးပါးကို ပြန်လည် ရရှိချိန်၌ ဝေ့ဝူယင်မှာအရှေ့တွင် စာကြည့်တိုက်ကြီး တစ်ခုကို တွေ့လိုက်ရ၏။ မိုင်ပေါင်းများစွာ ကျယ်ဝန်းလှသည့် နေရာကြီး တစ်ခုလုံးမှာ အမျိုးမျိုးသော စာအုပ်များ၊ ပုရပိုက်များ၊ ဝိညာဉ် ကျောက်စိမ်းများအား စီတန်းထားသည့် စင်မြင့်များနှင့် ပြည့်နှက် နေပေသည်။
“ဒါက...”
ဝေ့ဝူယင် အနည်းငယ် အံ့သြသွား၏။ ထိုနေရာက လွတ်လပ်သော လေ့လာခန်းနှင့် အတူတူလိုပင် ဖြစ်နေခဲ့သည် မဟုတ်ပါလား။ ပထမဆုံးသော အကြည့်၌ ၎င်းတို့က ကွဲလွဲမှု မရှိသလောက်ပင် ဖြစ်သည်။ သို့သော်လည်း... သေချာ စစ်ဆေးပြီး နောက်တွင်တော့ ဤစာကြည့်တိုက်မှာ မဆိုသလောက်ကလေး ပိုကျယ်ကာ စာအုပ်စင်များမှာ အနည်းငယ် ပိုမို ရှည်လျားကြောင်း သတိပြုမိလာခဲ့၏။
ထူးဆန်းသည့် အရာတစ်ခုကို တွေ့လိုက်ရသည့် ခွေးတစ်ကောင် အလား ဝေ့ဝူယင် နှာခေါင်းကို တစ်ရှုံ့ရှုံ့ လုပ်လိုက်၏။ အစစ်အမှန် ဟင်းလင်းပြင် နဂါး၏ ရုပ်ပိုင်းဆိုင်ရာ အာရုံများမှာ အမြင့်မားဆုံး အဆင့်ကို တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
‘ဒီနေရာမှာ ထူးဆန်းတဲ့ အာကာသ အမတေတွေ ရှိနေတာပဲ... ဘာလဲ...... နေဦး... ဒါက”
ဝေ့ဝူယင်၏ အတွေးများမှာ အလွန် လျှင်မြန်စွာပင် လှည့်ပတ်ကာ သုံးသပ်ချက် တစ်ခုဆီ တဟုန်ထိုး ရောက်ရှိသွား၏။ ၎င်းတို့မှာ အာကာသ စွမ်းအင်များနှင့် ရောနှောနေသည့် မူလ အမတေများပင် ဖြစ်သည်။
အတွင်းပိုင်း လောက...
နိဂုံးက ထင်းထင်းကြီး ပေါ်လာ၏။ အာကာသ မူလ အမတေများမှာ လေထု အတွင်း စိမ့်ဝင်ကာ အာကာသကို မပြိုပျက်အောင် ထိန်းသိမ်းပေးထားသလို တစ်ချိန်တည်း၌ သက်ရှိများ အသက်ရှင်ရန် လိုအပ်သည့် ကဏ္ဍများကိုလည်း ထောက်ပံ့ပေးထားသည်။
ဝူယု၏ အတွင်းပိုင်း လောကထဲကို ဝေ့ဝူယင် တစ်ခါ ဝင်ရောက်ဖူးလေရာ ထိုခံစားချက်က ရင်းနှီးပြီးသား ဖြစ်သည်။ သို့သော်လည်း... ၎င်းတို့က ထပ်တူညီနေသည်တော့ မဟုတ်ချေ။ အလားတူစွာပင် သူ၏ ရှန့်ထို လက်စွပ်မှာလည်း မတူညီချေ။ ထိုကဲ့သို့ ကွဲပြားခြားနားမှုကပင် ဝေ့ဝူယင်၏ သိလိုစိတ်ကို နောက်ထပ် အဆင့် တစ်ခုထံ တွန်းပို့ ပေးလိုက်၏။ သူ အနံ့ခံ အာရုံကို နောက်တစ်ဆင့်သို့ မြှင့်တင်လိုက်ရင်း အာကာသ မူလ အမတေများကို ဆန်းစစ်ဖို့ ပိုမို၍ ကြိုးစားလိုက်လေတော့သည်။
ချိယုံယွမ်က ခွေးတစ်ကောင်လို နှာခေါင်း တရှုံးရှုံ့ လုပ်နေသည့် ဝေ့ဝူယင်ကို ထူးဆန်းစွာ ကြည့်လိုက်သည်။ တစ်ယောက်ယောက်က ဤနေရာတွင် ချက်ပြုနေ၍လော။ အစားကျူးသူ ဆိုသည့် ဘွဲ့ထူးနှင့် လိုက်လျော ညီထွေစွာပင် သူလည်း နှာခေါင်း တရှုံ့ရှုံ့ လုပ်ကာ အနံ့ခံလိုက်၏။
များမကြာခင်မှာပင် ချိပ်ပိတ် မျှော်စင် ကြည့်တိုက် အတွင်း၌ လူငယ် တစ်ယောက်နှင့် လူအိုကြီး တစ်ယောက်တို့မှာ ဟိုဟိုဒီဒီ လျှောက်ကာ တစ်စုံတစ်ခုကို ရှာဖွေရန် ကြိုးပမ်းနေသည့် အလား နှာခေါင်း တရှုံ့ရှုံ့ လုပ်နေကြတော့သည်။
ထိုအခိုက်၌ စာကြည့်တိုက် အတွင်းတွင် အခြားလူများလည်း ရှိနေပေသေးသည်။ ချက်ချင်းပင်... သူတို့မှာ ထူးဆန်းနေသည့် အချင်းအရာကို သတိထားမိလိုက်၏။ အဇူရာလ စာကြည့်တိုက်မှူး တစ်ယောက်နှင့် ငွေရောင် မျက်လုံးပိုင်ရှင် သေမျိုးတို့က မည်သည့် အရာကို အနံ့ခံဖို့ ကြိုးပမ်း နေကြသနည်း။ တစ်ခုခု ထူးဆန်းစွာ ရှိ၍လော။
သူတို့ကလည်း စတင်ကာ အနံ့ခံဖို့ ကြိုးပမ်းလိုက်ကြ၏။ များမကြာခင်မှာပင် ချိပ်ပိတ် မျှော်စင် စာကြည့်တိုက် အတွင်း၌ ထူးဆန်းသော အုံကြွမှု တစ်ခု ဖြစ်ပေါ်လာခဲ့လေတော့သည်။
“...”
လေထု အခြေအနေကို စစ်ဆေးပြီးနောက် ဝေ့ဝူယင်မှာ ပတ်ဝန်းကျင်ရှိ ကျောင်းတော်သား အချို့နှင့် ကျင့်ကြံသူများမှာ နှာခေါင်းတရှုံ့ရှုံ့ လုပ်နေသည်ကို တွေ့လိုက်ရလေ၏။ သူ့ မျက်နှာထက်၌ ထူးဆန်းသော အမူအရာများ ပေါ်လာခဲ့လေသည်။ သူတို့က ဘာလုပ်ဖို့ ကြိုးစား နေကြသနည်း။
“အဟမ်း... အဟမ်း...”
ထိုအခိုက်တွင်ပင် ဘေးနားမှ ချောင်းဆိုးသံ တစ်ခု ထွက်ပေါ်လာ၏။ ချိယုံယွမ်မှာ ထူးဆန်းသည့် အမူအရာနှင့် သူ့ကို ကြည့်နေခဲ့လေသည်။
“ဘာနံ့ရလို့လဲ...”
ချိယုံယွမ်က စိတ်ဝင်တစားဖြင့် မေးလိုက်၏။ သူကိုယ်တိုင်ကတော့ ဘာအနံ့ကိုမှ မရချေ။ အခြားလူများပါ နှာခေါင်း တရှုံ့ရှုံ့ လိုက်လုပ်ကြသည်ကတော့ လောကရှန့်ထို တစ်ယောက်ပင်လျှင် မထိန်းချုပ်နိုင်သည့် အခြေအနေ တစ်ရပ် ဖြစ်ပေသည်။
“ကျုပ်လား... လေထုက နည်းနည်း မတူဘူးလားလို့...”
ဝေ့ဝူယင်က ရယ်ချင်စိတ်ကို ချုပ်တီးကာ ရှင်းပြလိုက်၏။ မြင့်မြတ် ထည်ဝါသည့် အရှင် အစားကျူးသူ ကြီးသည်လည်း လိုက်လံ နှာခေါင်းရှုံ့ခဲ့သည်လား။
“မတူဘူးလား...”
ချိယုံယွမ်က နားမလည်နိုင်ဟန်ဖြင့် မေးလိုက်၏။
“ထားလိုက်ပါ... ဒါနဲ့ ဒီထဲမှာ ရှိတဲ့ စာအုပ်တွေ၊ စာလိပ်တွေနဲ့ ဝိညာဉ် ကျောက်စိမ်းတွေ အကုန်လုံးကို ကျုပ် ဖတ်ခွင့် ရှိတာလား”
ထပ်မံ ရှင်းမပြချင်တော့ရာ ဝေ့ဝူယင်က မေးခွန်း ခေါင်းစဉ်ကို ပြောင်းလိုက်၏။ ချိယုံယွမ်က အိတ်ထဲမှ ဘယ်ရီသီး လက်တစ်ဆုပ်ကို နှိုက်စားရင်း ခေါင်းညိတ်လိုက်၏။
“ဒီနေရာမှာ ရှိသမျှ အားလုံးကို မင်း သင်ယူနိုင်တယ်... ဒါပေမဲ့ သတိပေးစရာ တစ်ခုတော့ ရှိတယ်... ချိပ်ပိတ် မျှော်စင်ထဲက စာအုပ်တွေက လွတ်လပ်တဲ့ လေ့လာခန်းထက် အဆပေါင်း ရာချီ ပိုများတယ်... မင်း တစ်ခုခု ရှာချင်တဲ့ ခေါင်းစဉ် ရှိရင် ငါ့ကို ပြော... မှန်ကန်တဲ့ တည်နေရာကို တိတိကျကျ လမ်းညွှန်ပေးမယ်”
ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။ ချိယုံယွမ်မှာ သူ့အပေါ် စိတ်ကောင်း စေတနာကောင်းဖြင့် ကူညီလိုနေခြင်း ဖြစ်လေရာ ကျေးဇူးတင်မိပေသည်။
“ကျေးဇူးပါပဲ... ဒါပေမဲ့ ခုတော့ မလိုသေးပါဘူး... ဒါနဲ့ ကျုပ် ဗိုက်ဆာရင် ခင်ဗျားကို လာရှာမှာနော်”
အပြုံးတစ်ချက်နှင့် ပြောလိုက်ပြီးနောက် ဝေ့ဝူယင်မှာ အနီးဆုံး စာအုပ်စင် ရှိရာ ခပ်သုတ်သုတ် ထွက်ခွာ သွားတော့၏။
ထိုစာအုပ်၌ မည်ကဲ့သို့သော အကြောင်းအရာများအား သိုလှောင်ထားကြောင်း သူ မသိပါချေ။ သိရန် အတွက်လည်း အားမထုတ်ပါချေ။ သူ လုပ်ရန် လိုအပ်သမျှက တစ်အုပ်လုံးကို လျှင်မြန်စွာ မိတ္တူကူးယူဖို့သာ ဖြစ်ပေသည်။
ဤသို့နှင့် ဧဒင် နန်းတော်ကြီး အတွင်းရှိ စာအုပ်စင်များထက်တွင် စာအုပ်များ တစ်ခုပြီး တစ်ခု တိုးလာ နေခဲ့လေတော့သည်။
...
အချိန်နှင့် အမျှ ဝေ့ဝူယင်၏ လုပ်ရပ်က များစွာသော လူများ၏ အာရုံ စူးစိုက်မှုများကို ဆွဲဆောင် သွားခဲ့၏။ နာရီပိုင်းမျှ အကြာမှာပင်... လှပသော မိန်းကလေးများနှင့် ကြည့်မနေနိုင်ကြသော ကျောင်းတော်သားများမှာ ဝေ့ဝူယင်ထံသို့ လာရောက်ကာ အကုန်လုံးကို လိုက်လှန်လောနေဖို့ မလိုအပ်ကြောင်းနှင့် သိချင်သည့် အချက်အလက်နှင့် သက်ဆိုင်ရာ စာအုပ်၊ ပုရပိုက်များကို သူတို့ ရှာဖွေ ပေးနိုင်ကြောင်း ကမ်းလှမ်းကြသည်။ သူတို့၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များကို ဝေ့ဝူယင် ယဉ်ကျေးစွာပင် ပယ်ချခဲ့၏။
သို့သော်လည်း... ထိုအကြောင်းအရာက ရက်အနည်းငယ် အတွင်း ထပ်တလဲလဲ ဖြစ်နေလေရာ ဝေ့ဝူယင်မှာ ငြီးငွေ့၍ လာခဲ့သည်။ နောက်ဆုံး၌ သူက ခေါင်းအထက်တွင် “ကျုပ်ကို စကားမပြောကြပါနဲ့” ဆိုသည့် ဝိညာဉ် စာလုံး တစ်ခုကို ဖွဲ့စည်းကာ ထားလိုက်တော့၏။
ထိုအချိန်မှ စ၍ မည်သူမှ သူ့ကို မနှောက်ယှက် ကြတော့ချေ။ မကျေလည်သော လူတစ်ချို့ထံမှ တီးတိုး အတင်းပြောဆိုမှုများနှင့် ကြည့်မရသည့် အကြည့် တစ်ချို့ကို လက်ခံ ရရှိခဲ့သည့်တိုင် ဝေ့ဝူယင်ကတော့ သူ့ ရည်ရွယ်ချက်ကို ပြီးမြောက်စေရန် အာရုံစိုက်နေဆဲ ဖြစ်သည်။
ဤသို့နှင့် နှစ်လခွဲမျှ ကြာမြင့်ပြီးနောက် ဝေ့ဝူယင်မှာ ဖြူရော်သည့် မျက်နှာပေး၊ လေးပင်သည့် အသက်ရှူသံများနှင့် အတူ စာအုပ်စင် တစ်ခု နံဘေးတွင် ရှိနေခဲ့၏။ အလွန် မောပန်း နွမ်းနယ်မှု၏ လက္ခဏာ တစ်ရပ် အနေဖြင့် သူ့ မျက်တောင်များက စင်းနေခဲ့ပြီ ဖြစ်သည်။ ထိုအခိုက်၌ အိပ်လိုသော ဆန္ဒတစ်ခုတည်းကသာ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံ နေခဲ့ပြီ ဖြစ်၏။ ဝေ့ဝူယင် အားတင်းကာ စာကြည့်တိုက် အတွင်းရှိ နောက်ဆုံးသော စာအုပ်ကို ကူးယူလိုက်သည်။
စိတ်စွမ်းအင် ပြန်လည် ဖြည့်တင်းသည့် အဂ္ဂိရတ် ထုတ်ကုန် များစွာ ရှိသော်ငြားလည်း လွန်ခဲ့သည့် သုံးလ အတွင်း အကြောင်းအရာတိုင်းကို စက္ကန့်မလပ် ဧဒင်နန်းတော် အတွင်း ကူးထည့် နေခဲ့လေရာ သူ၏ အသိစိတ် ပင်လယ်မှာ လဲပြိုလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထိုအခိုက်၌ ဧဒင်၏ အမြစ်များ ပင်လျှင် လှုပ်ရှားမှုများ နှေးကွေး လေးလံ နေခဲ့၏။
“မင်း အဆင်ပြေရဲ့လား...”
ချိယုံယွမ်မှာ လွန်ခဲ့သည့် သုံးလ လုံးလုံး ဝေ့ဝူယင်ကို မျက်စိဒေါက်ထောက် ကြည့်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင် ဘာလုပ်ရန် ကြိုးပမ်းနေသည်ကို မရှာဖွေ နိုင်ခဲ့ချေ။ ဘယ်လိုပဲ ဖြစ်ဖြစ်... ဝေ့ဝူယင်၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ သူ့ထံတွင် သီအိုရီ တစ်ခု ရှိပေသည်။
ဝေ့ဝူယင်မှာ ထိပ်တန်း ပညာရှင် တစ်ယောက်၏ စာအုပ်တစ်အုပ်၊ ပုရပိုက် တစ်ခု သို့မဟုတ် ဝိညာဉ် ကျောက်စိမ်း တစ်ခုကို ရှာဖွေ နေခြင်း ဖြစ်ပေလိမ့်မည်။
ချိယုံယွမ်သာလျှင် မက လျူယင်လန်းမှာလည်း အလားတူပင် တွေးတော နေခဲ့ခြင်း ဖြစ်သည်။ ကောင်းကင် သင်္ဘော စီးနေချိန်က စလို့ အထွတ်အမြတ် စာကြည့်တိုက်ထဲ ရောက်ရှိနေချိန် အဆုံး သူမ၏ ဝိညာဉ် အာရုံမှာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ထက်မှ တစ်ဖဝါးမျှ မခွာခဲ့ချေ။ လူငယ်ထံတွင် ဤနေရာကို ရောက်ရှိလာခြင်းနှင့် ပတ်သက်၍ လျှို့ဝှက်ချက် တစ်ခု ရှိနေမည်လော။
အစီအစဉ်များ လွဲချော်သွားမှာ စိုးရိမ်တာကြောင့်သာ မဟုတ်ပါက... လျူယင်လန်းမှာ နည်းဗျူဟာများကို ပြောင်းလဲ လိုက်ပြီ ဖြစ်သည်။ သူမ စိတ်ရှည်ရပေလိမ့်မည်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူမ လွတ်မြောက်ရန် ခြေတစ်လှမ်း ပိုမို နီးကပ် လာခဲ့ပြီ မဟုတ်ပါလား။
***