ဉာဏ်စဉ်မြူနှင်း
Vol. 78 Ch. 1092
“အဟွတ်... အဟွတ်... ကျုပ် အဆင်ပြေပါတယ်”
ဝေ့ဝူယင်က ချောင်းတဟွဟွတ် ဆိုးရင်း ပြန်ဖြေလိုက်၏။ သူက ခန္ဓာကိုယ်ကို ယိုင်နဲ့ မသွားအောင် ထိန်းရင်း အသက် ပြင်းပြင်းရှူလိုက်သည်။ သူ၏ ငွေရောင် မျက်ဝန်းများကတော့ မှေးမှိန်စ ပြုနေခဲ့ပြီ ဖြစ်လေသည်။
“ငါတို့ ခရီးသွား မျှော်စင်ကို သွားကြည့်ကြဦးမလား...”
အထက်အလွှာကို တက်လှမ်းရန် ထပ်မံ တက်လှမ်းရန် ဝေ့ဝူယင် ဆန္ဒ ရှိ၊ မရှိ မသေချာလေရာ ချိယုံယွမ်က မေးလိုက်၏။ သို့သော်လည်း... ဝေ့ဝူယင်က လက်ခါပြလိုက်၏။ သူ ရင်ဘတ်က အင်အားတစ်ခုနှင့် အတူ နိမ့်ချည် မြင့်ချည် ဖြစ်နေချေသည်။
“ဟင့်အင်း... တော်ပြီ...”
သူက စကားကို မနည်း အားတင်းကာ ဆိုလိုက်၏။ ထို့နောက်တွင်တော့ ဝေ့ဝူယင်မှာ သူ့ကိုယ်ပိုင် ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်တော့ပဲ ကြမ်းပြင်ပေါ် လှဲချလိုက်တော့သည်။ ကျောက်သား၏ အေးမြမြ အငွေ့အသက်က သူ့ခန္ဓာကိုယ်ထံ သက်တောင်သက်သာ ရှိသော ခံစားချက် တစ်ခုကို ဆောင်ကျဉ်းလာသည်။ ဝေ့ဝူယင် စိတ်ချလက်ချပင် မျက်လုံးများကို မှိတ်လိုက်လေ၏။
“အမ်...”
အစားကျူးသူမှာ ဆွံ့အသွားသည်။
“ဒါမှမဟုတ် ငါတို့ အိပ်ရာ တစ်ခုရှာ...”
သူ့စကား မဆုံးခင်မှာပင် ဝေ့ဝူယင်၏ အသက်ရှူသံများမှာ စည်းချက်ညီသည့် စက်ဝန်း တစ်ခု အတွင်း ကျရောက် သွား၏။ သူကား အိပ်ပျော်သွားခဲ့ပြီ ဖြစ်လေသည်။
ချိယုံယွမ်မှာ ဖြူရော်သည့် အပြုံးနှင့် အတူ သက်ပြင်းချလိုက်မိ၏။ ထိုလူငယ်က မည်သည့် အရာကို အတိအကျ ရှာဖွေ နေသနည်း။ လက်ရှိအခြေအနေအထိ တွန်းပို့ရလောက်အောင် ထိုက်တန်၍လော။
အကယ်၍ စာကြည့်တိုက် နှစ်ခုစလုံးမှ အချက်အလက်များအား ပုံတူကူးယူထားသည့် ဧဒင် နန်းတော်ကြီးနှင့် ၎င်းအတွင်း စိတ်ရှည်စွာ စောင့်ဆိုင်းကာ စာအုပ်များအား ဖတ်နေခဲ့သည့် ဒုတိယမြောက် စိတ်တို့၏ အကြောင်းကိုသာ သိရှိပါက သူတို့ အားလုံး ပါးစပ် အဟောင်းသား ဖြစ်သွားကြမည် ဖြစ်လေတော့သည်။
....
ကျင့်ကြံသူများမှာ အလွန် အိပ်ခဲလှ၏။ ထိုလုပ်ဆောင်ချက်က စိတ်စွမ်းအင်များကို ပြန်လည် ဖြည့်တင်းရန် တစ်ခုတည်း အတွက်သာ ရည်ရွယ်ပေသည်။ အိပ်စက်ခြင်းကို အဓိပ္ပာယ် ဖွင့်ရလျှင် စိတ်၊ ခန္ဓာနှင့် အာရုံတို့ကို အားဖြည့်ပေးသည့် သဘာဝ အခြေအနေ တစ်ရပ်ဟု ဆိုရပေလိမ့်မည်။ မည်သို့ပင် ဆိုစေ... ကျင့်ကြံသူများမှာ အိပ်ခဲလှသည်။ သေမျိုး တာအို၏ အကန့်အသတ်ကို တဖြည်းဖြည်း ရောက်ရှိလာသည်နှင့် အမျှ စာသောက်ခြင်း၊ အသက်ရှူခြင်း၊ အိပ်စက်ခြင်း စသည့် သေမျိုးတို့၏ အလေ့အထများမှာ ကျင့်ကြံသူများထံတွင် အလိုလို နည်းပါး လာလေ့ ရှိသည်။
ဝေ့ဝူယင် ပြန်လည် နိုးထ လာခဲ့ပြီ ဖြစ်သည်။ အလွန် ရှည်လျားစွာ အိပ်စက်ပြီး နောက်တွင် သူ၏ ခန္ဓာကိုယ်နှင့် စိတ်တို့မှာ အလန်းဆန်းဆုံး အခြေအနေ တစ်ရပ်သို့ ပြန်လည် ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။
“မင်းက တကယ် ထူးဆန်းတာပဲ...”
၎င်းက သူ နိုးနိုးချင်း ကြားလိုက်ရသည့် စကားလုံး သုံးခုပင် ဖြစ်လေသည်။ ဝေ့ဝူယင် မျက်လုံးများကို ဖွင့်ကာ ဘေးဘက်ကို စောင်းကြည့်လိုက်၏။ အစားကျူးသူမှာ သူ့နံဘေးတွင် နောက်မှီ ကုလားထိုင် တစ်ခုနှင့် အတူ သက်တောင့်သက်သာ ထိုင်နေခဲ့သည်။ သူ့ပါးစပ်ကတော့ ခါးတိုင်းလိုပင် အဆက်မပြတ် ဝါးနေခဲ့၏။ ကြမ်းပြင်ပေါ် ပက်လက်လှန်နေရင်းကပင် ဝေ့ဝူယင် ပခုံးတွန့်ပြလိုက်၏။
“ဘာဖြစ်ဖြစ်... ငါက ထူးဆန်းတာတွေကို အမြဲတမ်း ကြိုက်တယ်.. ဟဟ...”
လူအိုကြီးက ရယ်မောလိုက်၏။
“ကျုပ် အိပ်ပျော်နေတာ ဘယ်လောက် ကြာသွားလဲ...”
ဝေ့ဝူယင် မေးလိုက်၏။ သို့သော်လည်း... ထိုအဖြေကို ကိုယ်ပိုင် စွမ်းအားကို စုံစမ်းရန် အတွေးတစ်ချက်သာ လိုအပ်မည် ဖြစ်ကြောင်း သူ သိရှိပေသည်။ ဒုတိယစိတ်ကို ဆက်သွယ်လျှင် ဆက်သွယ်၊ မဟုတ်လျှင်လည်း ခရာတိုနှင့် ချိတ်ဆက်လိုက်ရုံသာ ဖြစ်သည်။ အမှန်တကယ် သူ သိလိုသည်က အချိန် မဟုတ်ပဲ အခြေအနေသာ ဖြစ်ပေသည်။
“ရက်နည်းနည်းလောက်ပါပဲ... ဒါပေမဲ့ သုံးလ အကန့်အသတ်ကိုတော့ ကျော်သွားပြီ... တမန်တော်က မင်းကို နှိုးဖို့ လုပ်သေးတယ်... ဒါပေမဲ့ သဘာဝ အတိုင်း ပြန်ကုသတာက အကောင်းဆုံး ဖြစ်မယ်လို့ ငါက ယူဆခဲ့တယ်လေ... သူက ခရီးသွား မျှော်စင်ကို ပြန်ထွက်ခွာသွားပြီး မင်းနိုးလာရင် အကြောင်းကြားဖို့ မှာသွားခဲ့တယ်လေ”
ချိယုံယွမ်က တစ်စုံတစ်ရာကို သဘောကျသည့် အလား ပြုံးလိုက်၏။
“အင်း...”
နောက်ဆုံး၌ ဝေ့ဝူယင်က လှဲနေရာမှ ထလိုက်သည်။ ထို့နောက် အပျင်းကြော တစ်ချက် ဆန့်လိုက်၏။ မောပန်းနွမ်းနယ်မှုများမှာ သူ့ခန္ဓာကိုယ် အတွင်းမှ ထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။
“ကျေးဇူးပါပဲဗျာ...”
"ရပါတယ်... ရပါတယ်... ကျင့်ကြံသူတွေက အရမ်းကို အိပ်ခဲတယ်... ဒါပေမဲ့ ငါတို့ အိပ်ပြီဆိုရင် အဲဒါက ဘယ်တော့မှ မနှောက်ယှက်သင့်တဲ့ သဘာဝ ဖြစ်စဉ် တစ်ခုလေ ဟုတ်တယ် မလား... အနားဆုံး ငါကတော့ အဲဒီလို ယုံကြည်ထားတယ်... ငါကတော့ လောကီ မျက်လုံး အဆင့်ကို ရောက်ပြီးတည်းက မအိပ်စက်ခဲ့ဖြစ်တော့တာပဲ... နှစ်ပေါင်း ထောင်ချီလောက် ရှိရောပေါ့... ဟဟ”
ချိယုံယွမ်ထံတွင် ဝေ့ဝူယင် ကိုယ်တိုင် နှစ်ခြိုက်မိသည့် ပင်ကိုယ်စရိုက် တစ်ခု ရှိနေခဲ့သည်။ ပထမဆုံး စတင် တွေ့ဆုံခဲ့စဉ်က စလို့ ဝေ့ဝူယင်မှာ ဘယ်တော့မှ သက်တောင့်သက်သာ မရှိမှုကို မခံစားခဲ့ရချေ။ ဝေ့ဝူယင် အသာအယာ ပြုံးလိုက်မိ၏။
“စစ်ဆေးကြည့်...စစ်ဆေးကြည့်...”
ရုတ်တရက် အိုရီ၏ အသံက သူ့စိတ်အတွင်း မိုးကြိုးသံ တစ်ခုလို ထွက်ပေါ်လာ၏။ ဝေ့ဝူယင် အနည်းငယ် အံ့သြသွားကာ စိတ်ကိုယ်ပွား တစ်ခု ဖန်ဆင်း၍ အသိစိတ် ပင်လယ် အတွင်း ဝင်ရောက်လိုက်သည်။ ထို့နောက် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် မေးရိုးများပင် ကြမ်းပြင်ပေါ် ပြုတ်ကျ လုမတတ် ဖြစ်သွားခဲ့၏။
သူ့အသိစိတ် ပင်လယ်၏အကန့်အသတ်မှ အကြမ်ဖျဉ်း နှစ်ဆယ့်ငါး ရာခိုင်နှုန်းလောက် ပိုမို ကျယ်ပြန့် လာပေသည်။ ၎င်းနှင့် အတူ ဧဒင်၏ အရွယ်အစားမှာလည်း ကြီးပြင်းလာခဲ့၏။ ဧဒင်၏ အရွယ်အစားမှာ သူ့ခွန်းအားနှင့် တိုက်ရိုက် အချိုးညီခြင်း မရှိသည့်တိုင် အသိစိတ် ပင်လယ်ကတော့ သူ့ စိတ်စွမ်းအင် အကန့်အသတ်ကို ကိုယ်စားပြုနေပေသည်။
ဝေ့ဝူယင်မှာ စိတ်စွမ်းအင် အခြေခိုင်မာစေရန် အတွက် မရေမတွက်နိုင်သော အဂ္ဂိရတ် ထုတ်ကုန်များကို သုံးခဲ့ကာ အသိစိတ် ပင်လယ်ကို ချဲ့ထွင်ခဲ့သည်။ ထိုအပိုင်းတွင် ဧဒင်မှာလည်း တက်တက်ကြွကြွပင် ပါဝင်ခဲ့၏။ ကျင့်ကြံခြင်း အခြေခံ တစ်ခုကို မချိုးဖျက် မချင်း အကန့်အသတ် ရောက်တာ သေချာအောင် ဝေ့ဝူယင် အမြဲတမ်း လုပ်လေ့ ရှိသည်။ သို့သော်လည်း... အိပ်စက်ပြီး နောက်တွင် အသိစိတ် ပင်လယ်မှာ ထပ်မံ၍ ကြီးထွား လာခဲ့သည်။ ဝေ့ဝူယင် ထူးဆန်းစွာပင် ဆယ့်ရှစ်ထပ် မြင့်မားသည့် ဧဒင် နန်းတော်ကြီးကို စူးစမ်းလိုက်၏။
“ဒါက ဘာလဲ...”
ချက်ချင်းဆိုသလိုပင် နန်းတော်ကြီး၏ နံရံများမှ မြူနှင်းများ ခွဲဖြာ ထွက်ပေါ်နေသည်ကို သူ သတိထားမိလိုက်သည်။ ထိုမြူနှင်းများမှာ သူ့အသိစိတ် ပင်လယ်၏ အတွက်း နံရံများထဲ စိမ့်ဝင်ကာ အမျိုးမျိုးသော ပြောင်းလဲမှုများကို ဖြစ်ပေါ် နေစေခဲ့လေသည်။ ဧဒင်၏ အမြစ်များမှာလည်း ထိုမြူနှင်းများကို စုပ်ယူနေပေသည်။
ဝေ့ဝူယင် မြူနှင်းများကို သေချာ စစ်ဆေးဖို့ ကြိုးပမ်းလိုက်၏။ သို့သော်လည်း... ၎င်းတို့က ဉာဏ်အလင်း ပေးဝေနေသည့် အာရုံမျိုး ရှိကြောင်းကိုသာ သူ မှတ်ချက်ချလိုက်နိုင်သည်။
ဝေ့ဝူယင် မတုန့်မဆိုင်းပင် ဖြေရှင်းချက် တစ်ခု ရှာဖွေရန် ကောင်းကင် စစ်ဝိညာဉ်ထံသို့ သွားရောက်လေတော့၏။ သို့သော်လည်း ဧဒင်၏ အမြစ်များ အကြား ရှိနေသည့် ရွှေရောင် ဥကလေးမှာ အကန့်အသတ် တစ်ခုကို ရောက်ရှိနေဟန် ရလေသည်။ အရှိန်တငြီးငြီး တောက်လောင်နေသည့် ရွှေရောင် အလင်းတန်းများမှ အပ သူ ဘာကိုမှ မမြင်ရချေ။
ကံကောင်းထောက်မစွာပင်... သူ့ ကြယ်တာရာ ဝိညာဉ်များမှာ ထူးဆန်းသော အရာများကို အမြဲတမ်း စိတ်ဝင်တစား စူးစမ်း တတ်ကြသော ကလေးများ ဖြစ်ကြသည်။ သူတို့က အငြိမ်မနေပဲ ထိုမြူနှင်းများကို တစ်ချိန်လုံး ဆန်းစစ်ရန် ကြိုးပမ်း နေကြခြင်း ဖြစ်သည်။
“အဲဒါက အသိပညာတွေပဲ...”
ဧဒင်က အဖြေပေးလိုက်၏။ အံ့သြစွာပင် ဝေ့ဝူယင် ဧဒင် နန်းတော်ကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည်။ အသိပညာ... ဘာကို ဆိုလိုသနည်း။ ဝေ့ဝူယင်၏ မေးခွန်းကို သိသည့် အလား ဧဒင်က ဆက်လက် ရှင်းပြလိုက်၏။
“မြူနှင်းထဲမှာ အဂ္ဂိရတ် တာအိုရဲ့ အသန်စင်ဆုံး မြူနှင်းနဲ့ ဆင်တူတဲ့ အစိတ်အပိုင်းတွေ ပါဝင်နေတယ်... စာကြည့်တိုက်ထဲမှာ ရှိနေတဲ့ ဒုတိယမြောက်စိတ်ရဲ့ အသိပညာတွေနဲ့ စိတ်တာအိုရဲ့ အသိအမှတ် ပြုမှုကြောင့် အဲဒါက ဖြစ်ပေါ်လာတာလို့ ကျုပ် ယုံကြယ်တယ်”
"စိတ်တာအို... အသိအမှတ် ပြုမှု...”
ချက်ချင်းဆိုသလိုပင် ဝေ့ဝူယင်၏ စိတ်က ဖျပ်ခနဲ လက်သွားခဲ့၏။ သူ၏ စိတ်ကိုယ်ပွားက မူလ နေရာမှ ပျောက်ကွယ်သွားကာ ဧဒင်နန်းတော် တတိယ အလွှာတွင် ရှိနေသည့် ဒုတိယမြောက်စိတ် အနား၌ ပြန်လည် ပေါ်လာခဲ့သည်။ ဧဒင် ပြောတာ မှန်ပေသည်။ ကျောင်းတော်သား ပညာရှိ တစ်ယောက်၏ အော်ရာနှင့် ဆင်တူသည့် မြူနှင်းများမှာ ထိုစိတ်ကိုယ်ပွားထံမှ အကန့်အသတ်မဲ့စွာ ထွက်ပေါ် နေခဲ့ခြင်း ဖြစ်သည်။
“...”
ဝေ့ဝူယင် ရောက်ရှိသွားပြီးနောက် ဒုတိယမြောက် စိတ်က စာဖတ်ခြင်းကို ရပ်တန့်လိုက်၏။ ထို့နောက် သူက တောက်ပသည့် မျက်ဝန်းများနှင့် အတူ ဝေ့ဝူယင်ဘက် လှည့်ကာ အလင်းတန်း တစ်ခုကို ပစ်လွှတ်လိုက်လေသည်။ ထိုအခိုက်အတွင်းမှာပင် အသိပညာ ဗဟုသုတလှိုင်းများမှာ သူတို့ နှစ်ယောက် အကြားတွင် အလွှာလိုက် အလွှာလိုက် ချိတ်ဆက်သွားလေ၏။
တစ်ခဏ ကြာမြင့်ပြီးနောက် စာဖတ်ပေါင်း အသင်္ချေ ဖတ်ထားပြီး မိုင်ပေါင်း တစ်ကုဋေ ခရီးသွားထားသည့် ကျောင်းတော်သား တစ်ယောက်လိုမျိုး. ဝေ့ဝူယင်၏ အော်ရာမှာလည်း စတင်ကာ ပြောင်းလဲ လာခဲ့လေသည်။ နောက်ပြီး... မြူနှင်းများ၏ နာမည်ကို သူ သိရှိသွားခဲ့ပြီ ဖြစ်သည်။ ၎င်းကား...
“ဉာဏ်စဉ် မြူနှင်း” ဟူ၍။
***