"ပဲရစ်၏အစီစဥ်"
Vol. 53 Ch. 821
"အလျှင်လိုစရာမလိုပါဘူး ခနလောက်ကြည့်ပါရစေဦး..." နတ်ဆိုးအမျိုးသမီး ပဲရစ်မှပြောလိုက်သည်။
သွေးများဖြင့်စွန်းထင်းနေသည့် အဖြူရောင်၀တ်စုံသည် တစ်မျိုးလှပနေ၏။ သူမ၏အပြုံးသည်ဆွဲဆောင်မှုရှိလှပြီး သူမ၏အလှသည် ငြင်းဆိုနိုင်ခြင်းမရှိပေ။
ကောင်းကင်ပေါ်တွင် ကိုယ်ယောင်ဖျောက်နေသည့် ကစဥ့်ကလျားပုလ္လင်ပေါ်တွင်ရပ်နေရင်းဖြင့် သူမသည် မြေပြင်ပေါ်တွင်ရှိနေသည့် အခြေအနေကိုအကဲခက်နေသည်။
သူမသည် လေးနက်စွာတွေးခေါ်နေပြီး သူမခန္ဓာကိုယ်တစ်၀ိုက်တွင် ရှားပါးသည့်မြင့်မြတ်သောအရှိန်၀ါတစ်ခုထွက်ပေါ်လာ၏။ စစ်မြေပြင်တွင်ပေါက်ကွဲနေသည့် ကြောက်မက်ဖွယ်မီးတောက်များသည် တောက်ပနေပြီး သူမ၏လှပသည့်မျက်နှာတွင်ထင်ဟပ်နေသည်။ ဖှေးသူမ၏မျက်နှာကိုကြည့်လိုက်သည့်အချိန်တွင် နတ်သမီးတစ်ပါး၏မျက်နှာကိုမြင်ရသလို အနည်းငယ်မွမ်းကြပ်သလိုခံစားလိုက်ရ၏။
မိနစ်အနည်းငယ်ခန့်ကြာသည့်အချိန်တွင် ပဲရစ်၏လှပသောမျက်နှာပေါ်တွင် ဂုဏ်ယူ၀င့်ကြွားသည့်အပြုံးတစ်ခုပေါ်လာ၏။ သူမတွင် အစီစဥ်တစ်ခုရှိလိုက်ပြီဟူသည့်အဓိပ္ပါယ်ပင်။
"အင်ပါယာက အဖိနှိပ်ခံနေရတယ်...စိတ်ဓာတ်တွေလဲကျနေကြပြီ။ တကယ်လို့ သာမန်စစ်သည်တော်တွေသာ မျှော်လင့်ချက်အလင်းရောင်ကို မမြင်နိုင်ဘူးဆိုရင် ကျွန်မတို့ ဒီစစ်ပွဲကိုသေချောပေါက်ရှုံးနိမ့်လိမ့်မယ်.." ပဲရစ်သည် ယုံကြည်ချက်ရှိသည့်လေသံဖြင့်ပြောလိုက်သည်။ "စစ်သည်အင်အားအရရော သိုင်းဆရာအရေတွက်အရရောဆိုရင် အင်ပါယာက ပူးပေါင်းတပ်ဖွဲ့ထက်အင်အားနည်းနေတယ်။ ဇီးနစ်က အတော်လေးဖိအားပေးခံနေရတယ်။ ဒီစစ်ပွဲက ကျွန်မတို့ပိုင်နက်မြေပြင်မှာဖြစ်ပွားနေတာပဲ...ကျွန်မတို့ရဲ့စစ်သည်တွေရဲ့ ဒေါသတွေနဲ့ မျှော်လင့်ချက်တွေလည်းကုန်ခမ်းနေလောက်ပြီ။ အဲ့တာကြောင့် ဒီအခိုက်တန့်က အန္တရာယ်များတဲ့အခိုက်တန့်ပဲ။ သေးငယ်ပေမယ့် ပြီးပြည့်စုံတဲ့အောင်မြင်ခြင်းတစ်ခုကို အင်ပါယာကလိုအပ်နေတယ်။ အဲ့လိုမှပဲ ကျွန်မတို့စစ်သည်တွေပြန်ပြီးတော့ စိတ်ဓာတ်မြင့်မားလာလိမ့်မယ်..."
ပဲရစ်၏စကားများကိုကြားသည့်အချိန်တွင် ဤမိန်းကလေးသည် ဉာဏ်ကောင်းကာအရေးကြီးသည့်အချက်များကို ချက်ချင်းမြင်နိုင်သည်ကို ဖှေး၀န်ခံရလိမ့်မည်ဖြစ်သည်။
နတ်ဆိုးအမျိုးသမီးသည် သူမ၏ဆံနွယ်များကို နားရွက်နောက်သို့ သပ်ကာပြောဆက်ပြောလိုက်သည်။ "ကျွန်မအနေနဲ့ မင်းသားအာရှဗင်ကို ရွံရှာစက်ဆုပ်ပေမယ့် သူကစစ်ပွဲနဲ့ဆိုင်တဲ့နေရာမှာ အရည်ချင်းရှိတဲ့လူတစ်ယောက်ပဲ။ မြို့တော်ကို ရန်သူတွေ၀ိုင်းထားတော့ အောင်နိုင်မှုကို သိုင်းဆရာခြင်းယှဥ်ပြိုင်ရာကနေပဲရနိုင်လိမ့်မယ်...ဒါကိုမင်းသားအာရှဗင်လဲမြင်ပြီးလောက်ပါပြီ..."
အခြေအနေကိုသုံးသပ်နေရင်းဖြင့် ပဲရစ်သည် ယုံကြည်မှုမြင့်မားကာ တုန်လှုပ်ဖွယ်ပင်။ စိန့်ပီတာစဘာ့တ်ထဲတွင် ဉာဏ်ပညာအမြင့်မားဆုံးအမျိုးသမီးနှစ်ယောက်ထဲမှ တစ်ယောက်၏ အရှိန်၀ါတို့ကို ဖော်ထုတ်ပြသနေ၏။ သူမသည် ဉာဏ်ပညာနတ်ဘုရားမဟုတင်စားကြသည့် မင်းသမီးတာနာရှာနှင့်ပင် ယှဥ်ပြိုင်နိုင်သည်မှာ အံ့သြစရာမရှိပေ။ စကားလုံးအနည်းငယ်ပြောရုံဖြင့်ပင် သူမသည် ရှုပ်ထွေးနေသည့်အခြေအနေကိုရှင်းလင်းကာ အဖြေတစ်ခုကိုထုတ်လိုက်သည်။
"အခုချိန်မှာ ဇီးနစ်အင်ပါယာက စွမ်းအားမြင့်မားတဲ့သိုင်းဆရာတစ်ယောက်သာရောက်ရှိလာပြီး ရန်သူဘက်ကသိုင်းဆရာတွေကို သတ်ဖြတ်လိုက်မယ်ဆိုရင် စစ်သည်တွေရဲ့ စိတ်ဓာတ်လဲပြန်ပြီးတော့ တက်ကြွလာလိမ့်မယ်...အဲ့တာကြောင့် စစ်နိုင်ဖို့လဲပိုပြီးတော့ အလားလာရှိလာမယ်...အင်ပါယာထဲမှာဆိုရင် အင်ပါယာအရှင်သခင်ယရှင်းကတော့...မင်းသားအာရှဗင်ကလည်း ဉာဏ်ကောင်းပေမယ့် ရန်သူတွေကို တုန်လှုပ်စေနိုင်လောက်တဲ့သိုင်းဆရာတစ်ယောက်မဟုတ်ဘူး။ အဲ့တာကြောင့်မို့ သူလည်းအဖြေတစ်ခုကို မြင်ပြီးလောက်ပါပြီ။ ဒါပေမယ့် အဲ့အဖြေကိုအကောင်ထည်မဖော်နိုင်ဘူးဖြစ်နေတယ်.." သူမသည် ဖှေးအားတောက်ပသည့်မျက်လုံးများဖြင့် ကြည့်ရင်းဖြင့် ဉာဏ်များသည့်အပြုံးတစ်ခုသည် သူမ၏မျက်နှာပေါ်တွင်ပေါ်လာ၏။
"မင်းဆိုလိုတာကို ငါနားလည်ပါတယ်..." ဖှေးသည် လက်သီးများဆုပ်၍တက်ကြွစွာပြောလိုက်သည်။ သူသည် ရက်စက်ကြမ်းကြုတ်သည့်ဟန်ဖြင့် ရယ်မောလိုက်သည်။ "အခုငါက ရန်သူတော်တော်များများသတ်ပြရမှာမလား။ ဟီးဟီး ဒါက ငါကျွမ်းကျင်တဲ့အရာပဲ..."
ဖှေးပြောသည်ကိုကြားသည့်အချိန်တွင် ပဲရစ်သည် သူမပါးစပ်ကိုဖုံးကာ ရယ်မောလိုက်သည်။ "ကောင်းကင်လက်သီးချမ်းဘော့ဒ်ဘုရင်။ ဟီးဟီး ဒီနေ့ကရှင့်အတွက် နာမည်ကြီးအောင်လုပ်ဖို့ အခွင့်ရေးတစ်ခုပဲ။ ဒီနေ့ကစပြီးတော့ တိုက်ကြီးတစ်ခုလုံး ရှင့်စွမ်းအားကိုချီးမွမ်းကြတော့မယ်။ ရေတွက်လို့မရနိုင်တဲ့ ခရီးသွားကဗျာဆရာတွေကလည်း ရှင့်အကြောင်းတွေကိုပုံပြင်အဖြစ်ပြောကြတော့မယ်.."
"ဟေး နေပါဦး မင်းပြောတဲ့ပုံကလည်း မသိရင်ငါကသေသွားတဲ့လူလိုလိုဘာလိုလိုဖြစ်နေပြီ..." ဖှေးသည် ပဲရစ်အားချက်ချင်းတားလိုက်သည်။
"ဟဟ ရှင့်ကိုတိုက်ပွဲမစခင်အားပေးနေတာပါ.." ပဲရစ်သည် ရယ်မောကာ စစ်မြေပြင်အားကြည့်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာသည့်အချိန်တွင် တည်ငြိမ်နေသော်လည်း စိတ်ရင်းဖြင့်မေးလိုက်သည်။ "ဟိတ်ကောင်လေး ထွက်ပြေးတာရောတော်ရဲ့လား...တကယ်လို့ဆူဆူညံညံဖြစ်လာပြီဆိုရင်တော့ ရန်သူဘက်က စွမ်းအားမြင့်မားတဲ့သိုင်းဆရာတွေလည်း ရှင့်စီရောက်လာလိမ့်မယ်။ ရှင်ထွက်ပြေးနိုင်ရဲ့လား...အော်မွန်းအင်ပါယာဘက်မှာလည်း နေအဆင့်သခင်တွေရှိမှာပဲနော်..."
ဖှေးသည် နေရာတစ်၀ိုက်အား သူ၏၀ိဉာဥ်စွမ်းအားဖြင့်ကြည့်ရှုပြီး ရယ်မောလိုက်သည်။ "မစိုးရိမ်ပါနဲ့ ဟဟ ဒီနေရာမှာရှိတဲ့လူဘယ်သူကမှ ငါ့ကို မယှဥ်ပြိုင်နိုင်ပါဘူး.."
"စိုးရိမ်တယ်ဟုတ်လား ရှင့်ကိုဘယ်သူက စိုးရိမ်တယ်လို့ပြောလို့လဲ ဟွန်း.."ပဲရစ်သည် သူတစ်ယောက်တည်းသာ ကြားနိုင်သည့် လေသံဖြင့်ပြောလိုက်သည်။
ထို့နောက်တွင် သူမကျယ်လောင်စွာပြောလိုက်၏။ "ကောင်းတယ်..ဒါပေမယ့် အခုတော့မထွက်သေးနဲ့ဦး။ အချိန်ကောင်းကိုစောင့်လိုက်ဦး အဲ့တာမှပဲ ရှင်ရောက်လာတဲ့သက်ရောက်မှုက ပိုပြီးတော့ ကြီးမားလိမ့်မယ်..."
ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် ပဲရစ်သည် ဖှေးအားမြို့တော်စိန့်ပီတာစဘာ့တ်၏ အရပ်မျက်နှာလေးဘက်လေးလံသို့ ပို့ဆောင်ပေးရန်တောင်းဆိုကာ အခြေအနေကိုအကဲခက်လိုက်သည်။ နောက်ဆုံးတွင် သူမသည် မြို့တော်ပင်မဂိတ်တံခါး၀တွင် နေရန်သူဆုံးဖြတ်လိုက်၏။
ကောင်းကင်ပေါ်မှကြည့်ပါက ရန်သူများသည် မြို့တော်၏ ပင်မဂိတ်တံခါးကို တွန်းဖွင့်ရန်အတွက်ကြိုးစားနေကြသည်။
ပူးပေါင်းတပ်ဖွဲ့ထဲတွင် အင်ပါယာများစွာပါရှိသည့်အနက် အင်အားအကြီးဆုံးဖြစ်သည့် လီယွန်အင်ပါယာမှတပ်ဖွဲ့များသည် မြို့တော်၏ပင်မဂိတ်တံခါးကို ဖွင့်ရန်အတွက်တာ၀န်ယူထား၏။
လီယွန်အင်ပါယာမှ ရေတွက်၍မရနိုင်သောစစ်သည်များသည် ပင်မဂိတ်တံခါးထံသို့ ချီတပ်နေလျှက်ရှိကြသည်။ သူတို့အားလုံးအကြောက်တရားကင်းမဲ့ကာ မျက်နှာပေါ်တွင်လည်း ရက်စက်ကြမ်းကြုတ်သည့်အပြုံးများရှိနေကြသည်။
"ချီတပ်ကြ ဇီးနစ်သားတွေဆက်ပြီးတောင့်မခံနိုင်တော့ဘူး။ ဟားဟား သောက်ဇီးနစ်သားတွေအကုန်လုံးကို သတ်ပစ်ကြမယ်ကွ..."
"စိန့်ပီတာစဘာ့တ်ထဲအမြန်၀င်ပြီး တွေ့သမျှယောက်ျားတွေအကုန်သတ်ပစ်ပြီး မိန်းမတွေကို အပိုင်သိမ်းမယ်...ရတနာတွေကိုလည်း လုယက်မယ်..."
"ပင်မတပ်ဖွဲ့ခေါင်းဆောင်က အမိန့်ပေးထားတယ်။ မြို့တော်စိန့်ပီတာစဘာ့တ်ထဲကို ၀င်ပြီးတိုက်ခိုက်တဲ့လူမှန်သမျှကို ရွှေဒင်္ဂါးတစ်သိန်းဆုချမယ်တဲ့။ မြို့တော်ကိုသိမ်းပိုက်ပြီးပြီဆိုရင် ငါတို့အားလုံးသုံးရက်ကြာလုယက်သတ်ဖြတ်လို့ရတယ်တဲ့။ နန်းတော်ထဲမှာရှိတဲ့ရတနာတွေရော မိန်းမလှလေးတွေရော ဦးသူယူပဲဟေ့..."
ကျယ်လောင်သည့် အော်ဟစ်သံများသည် ကောင်းကင်ပေါ်တွင်ပဲ့တင်နေ၏။
လီယွန်အင်ပါယာမှ စစ်သည်များအားလုံးစိတ်ဓာတ်တက်ကြွနေကြသည်။ ရတနာပစ္စည်းများနှင့် အမျိုးသမီးများကိုသာ မျက်လုံးထဲတွင်မြင်နေရ၏။ အကယ်၍သူတို့သာလျှင် ဇီးနစ်မြို့တော်၏ ဂိတ်တံခါးကိုဖွင့်နိုင်ပါက ဆုလာဘ်များစွာရရှိမည်ဖြစ်သည်။ စစ်ပွဲ၏ အဆုံးမဲ့သောသတ်ဖြတ်ခြင်းများနှင့် သေခြင်းတရားများသည် သူတို့ကို ရူးသွပ်သွားစေသလိုပင်။ အကယ်၍ ဤစိတ်ဖောက်နေကြသည့် လီယွန်အင်ပါယာမှ စစ်သည်များသာမြို့တော်ထဲသို့ ၀င်ရောက်သွားနိုင်ပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များသည် ကြောက်မက်ဖွယ်ပင်။
မြို့တော်၏ တောင်ဘက်ပင်မဂိတ်တံခါးကို ခုခံတိုက်ခိုက်နေသည့်လူမှာ ဇီးနစ်စစ်ပွဲနတ်ဘုရား မင်းသားအာရှဗင်ဖြစ်သည်ကို မြင်လိုက်ရသည့်အတွက် ဖှေးအံ့သြသွားသည်။
အာရှဗင်သည် သွေးသံမဏိတပ်ဖွဲ့၏ အနီရင့်ရောင်ချပ်၀တ်ကို၀တ်ဆင်ထားပြီး မြို့တော်ဂိတ်တံခါးပေါ်တွင်ရှိသည့် မျှော်စင်ပေါ်တွင် သတ်ဖြတ်လိုသည့်ဆန္ဒများနှင့်အတူ ခန့်ညားထည်၀ါသည့်အရှိန်၀ါတစ်ခုဖြင့်ထိုင်နေ၏။ သူ၏အမူယာသည် တည်ငြိမ်နေပြီး သူဘာတွေးသည်ကို မည်သူမှမသိနိုင်ကြပေ။
ဇီးနစ်စစ်ပွဲနတ်ဘုရား၏ဘေးတွင် သွေးသံမဏိတပ်ဖွဲ့မှ သိုင်းဆရာများရပ်နေပြီး မင်းသားအာရှဗင်ကိုကာကွယ်ပေးနေကြသည်။
ခံတပ်နံရံပေါ်တွင်ရှိနေသည့် လေထုသည် တင်းမာနေသော်လည်း အာရှဗင်သည်အရာအားလုံးကို ထိန်းချုပ်ထားနိုင်၏။ စစ်သည်၂၀ခန့်သည် ခံတပ်နံရံပေါ်တွင်ပြေးလွှားကာ အာရှဗင်၏အမိန့်ကိုသယ်ဆောင်ဖြန့်၀ေနေကြသည်။
ခံစစ်နှင့်ပတ်သက်သည့် အားနည်းချက်များ၊ အန္တရာယ်ရှိသည့်အခြေအနေများကို အာရှဗင်သည် ချက်ချင်းသိရှိသွားပြီး သူသည် အခြေအနေအားတည်ငြိမ်အောင်ထိန်းချုပ်ရန်အတွက် အမိန့်များပေးနေလျှက်ရှိသည်။
ဇီးနစ်စစ်ပွဲနတ်ဘုရား၏ တည်ငြိမ်မှုနှင့် ဉာဏ်ရည်တို့မှာ အထင်ကြီးလောက်ဖွယ်ပင်။
အာရှဗင်၏ ဦးဆောင်မှုအောက်တွင် ဇီးနစ်စစ်သည်များ၏တိုက်ရည်ခိုက်ရည်သည် ၂ဆခန့်မြင့်မားလာပြီး မည်သူမှ နောက်ဆုတ်ခြင်းမရှိကြပေ။ ခံတပ်နံရံပေါ်တွင် သူတို့၏ခန္ဓာကိုယ်များဖြင့် တန်းစီရပ်နေလျှက် နောက်ထပ်နံရံတစ်ခုကိုတည်ဆောက်ကာ အပေါ်သို့ တက်လာသည့်ရန်သူများကို သတ်ဖြတ်ကာကွယ်နေလျှက်ရှိသည်။
ခံတပ်နံရံ၏အပြင်ဘက်တွင် ဇီးနစ်အင်ပါယာမှသိုင်းဆရာများနှင့် လီယွန်အင်ပါယာမှသိုင်းဆရာများသည်လည်း တစ်ဦးနှင့်တစ်ဦးပြင်းထန်စွာတိုက်ခိုက်နေကြလျှက်ရှိသည်။
သူတို့ထဲတွင်ရွှေရောင်ချပ်၀တ်၀တ်ဆင်ထားသည့် ရုပ်ရည်ခန့်ညားသောလူငယ်တစ်ယောက်သည် အထင်ရှားဆုံးပင်။
လက်ထဲတွင် ရွှေရောင်လှံရှည်တစ်ချောင်းကိုကိုင်ထားပြီး သတ္တုဂုဏ်သတ္တိအတွင်းအားစွမ်းအင်များကို အမြင့်ဆုံးထုတ်သုံးနေလျှက်ရှိသည်။ မည်သည့်ရန်သူမှ သူ၏သိုင်းးကွက်ကို ရင်ဆိုင်နိုင်ခြင်းမရှိပဲ ဇီးနစ်အင်ပါယာမှသိုင်းဆရာများသည် သူ၏ဦးဆောင်မှုအနောက်မှလိုက်ပါတိုက်ခိုက်နေကြ၏။ သေစေနိုင်သောလက်နက်တစ်ခုလိုပင် သူတို့သည် လီယွန်အင်ပါယာမှ သိုင်းဆရာအယောက်၃၀ခန့်ကို သတ်ဖြတ်ပြီး ရန်သူ၏ သိမ်းပိုက်ခြင်းစက်ယန္တရားအခု၂၀ခန့်ကိုဖျက်ဆီးပစ်ပြီးဖြစ်၏။
ထိုလူငယ်သည် သူရဲကောင်းနန်းတော်မှ ဆယ်ယောက်မြောက်ပါးကွပ်သားသူရဲကောင်းတစ်ယောက်ဖြစ်သည့် ခရစ်-ဆူလ်တွန်ပင်။