"မီးထဲတိုး၀င်သည့် ပိုးဖလံများကဲ့သို့"
Vol. 53 Ch. 822
ရွှေရောင်နေမင်းသူရဲကောင်း ခရစ်-ဆူလ်တွန်နှင့်တိုက်ခိုက်ပြီးသည့်အချိန်တွင် ဖှေးသည် ဇီးနစ်အင်ပါယာထဲတွင်စတင်၍ နာမည်ကျော်ကြားလာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ ဖှေးအား အင်ပါယာ၏ အရှိန်၀ါကြီးမားသောပုဂ္ဂိုလ်များစတင်၍ သတိထားလာခဲ့မိကြသည်။ ထိုတိုက်ပွဲကြောင့် ကျန်ရှိနေသည့် ပါးကွပ်သားသူရဲကောင်းများသည် ဖှေးအားနံပါတ်၁ဓားကွင်းထဲတွင် ယှဥ်ပြိုင်ရန်စိန်ခေါ်ခဲ့ခြင်းဖြစ်ပြီး ထိုစိန်ခေါ်မှုနှင့် ရင်ဆိုင်ခဲ့ပြီးသည့်အချိန်တွင် ဖှေးသည် ကောင်းကင်လက်သီးဟူသော နာမည်ပြောင်ကို ရရှိခဲ့သည်။
လွန်ခဲ့သည့် တစ်နှစ်ခန့်က ဆူတွန်သည် အင်ပါယာ၏ လူငယ်မျိုးဆက်သိုင်းဆရာများထဲတွင် အကျော်ကြားဆုံးလူတစ်ယောက်ဖြစ်ပြီး သူသည် ငယ်ရွယ်စဥ်မှာပင် ပါးကွက်သားသူရဲကောင်းတစ်ယောက်ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာခါဆစ်၏ ရာထူးကို လွှဲပြောင်းယူနိုင်လိမ့်မည်ဟု လူပေါင်းများစွာမှ တွက်ဆခဲ့ကြသည်။
သို့သော် ဤလူငယ်သည် အလွန်မောက်မာ၍ ရန်လိုလှသည်။
ဖှေးနှင့်သူနှင့်ကြားထဲတွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲသည် သူ့အတွက်အထိနာဆုံးပင်။ တောင်ညီနောင်ပေါ်တွင် သူ၏လှံရှည်သည်လည်း ကျိုးပဲ့သွားခဲ့ပြီး ရွှေရောင်ချပ်၀တ်သည်လည်း ပျက်ဆီးသွားခဲ့ရာ အ၀တ်စားမပါသလောက်ဖြင့် ထိုနေရာမှပြန်လာခဲ့ရသည်။
ထိုအခိုက်တန့်မှစ၍ ရွှေရောင်နေမင်းသူရဲကောင်းဟုလူသိများသည့် ဆူလ်တွန်သည် မာနထောင်လွှားခြင်းမရှိတော့ပဲ ကျင့်ကြံခြင်းကိုသာအာရုံစိုက်ခဲ့ပြီး ဖှေးအား အနိုင်ယူရန်မှာ သူ၏ ဘ၀ရည်မှန်းချက်ဖြစ်လာခဲ့သည်။
ယခုနှစ်ထဲတွင် ဆူတွန်သည် သူ၏မကောင်းသည့်အကျင့်များကိုပြင်လိုက်ပြီး အချိန်ဖြုန်းခဲ့ခြင်းမရှိပေ။ သူ၏အရည်ခြင်းနှင့် ဖှေးအားအနိုင်ယူရန်ပြင်းထန်သည့် ရည်မှန်းချက်တို့ကြောင့် သူသည် ကြယ်ကိုးလုံးအဆင့်သို့ရောက်ရှိခဲ့ပြီး လအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်လာရန်အလွန်နီးကပ်နေပြီဖြစ်သည်။ သူ၏သတ္တုစွမ်းအင်များသည် သေစေနိုင်ပြီး လက်ရှိအခိုက်တန့်တွင် သူ့အားမည်သည့်ရန်သူမှ ရပ်တန့်နိုင်ခြင်းမရှိသေးပေ။
ဖှေး သူ၏မိတ်ဆွေဟောင်းကို ပြန်လည်မြင်တွေ့လိုက်ရပြီး လက်ရှိအခြေအနအား သက်ပြင်းချလိုက်မိသည်။
ရွှေရောင်နေမင်းသူရဲကောင်းသည် ပဲရစ်အားလိုက်လံပိုးပန်းနေသည့်လူများထဲမှတစ်ယောက်ဖြစ်သည်ကို ဖှေးအမှတ်ရလိုက်သည်။
သို့သော် အင်ပါယာ၏ ငြိမ်းချမ်းနေသည့်အခြေအနသည် ပျက်ဆီးသွားသည့်အတွက်ကြောင့် သူ၏ စိတ်ခံစားချက်များအားလုံးကို စွန့်လွှတ်လိုက်ရသည်။ ဇီးနစ်အင်ပါယာ၏ လူငယ်စစ်သည်တော်တစ်ယောက်အနေဖြင့် ဆူလ်တွန်သည် စစ်ပွဲထဲတွင် စိတ်ပါလက်ပါဖြင့် ၀င်ရောက်တိုက်ခိုက်နေလျှက်ရှိသည်။ သူသည် ရာထူးအရှိန်၀ါကြီးမားသည့်လူတစ်ယောက်ဖြစ်သော်လည်း အချိန်မရွေးသေဆုံးသွားနိုင်၏။
"ဖုန်း..."
ဆူတွန်၏ ဦးဆောင်မှုနှင့်အတူ ကျန်ရှိနေသည့် ဇီးနစ်အင်ပါယာမှသိုင်းဆရာများသည်လည်း သူ့အနောက်မှ လိုက်ပါနေလျှက်ရှိသည်။ သူတို့သည် ၃၁တစ်ခုမြောက်မြို့သိမ်းယန္တရားကြီဂကို ပြောင်းပြန်လန်ကာဖျက်ဆီးပစ်လိုက်သည်။ ကြီးမားသည့် ယန္တရားကြီးသည် မြေပြင်ပေါ်သို့ လဲကျ၍ ဖုန်မှုန့်များလွှင့်ပျံသွား၏။
ဆူတွန်သည် အသက်ပြင်းထန်စွာရှူရင်းဖြင့် ယခုအချိန်တွင် သွေးများပေကျံကာ အက်ကွဲကြောင်းများဖြင့်ပြည့်နှက်နေသည့် သူ၏ရွှေရောင်ချပ်၀တ်ကိုငုံ့ကြည့်လိုက်သည်။
အဆက်မပြတ်ဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် ဇီးနစ်အင်ပါယာ၏ စစ်သည်တော်လူငယ်သည် မောပန်းနေပြီး သူ၏အတွင်းအားစွမ်းအင်များအားလုံးလဲကုန်ခမ်းလုနီးနီးဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် အနည်းငယ်အနားယူ၍ စွမ်းအင်ပြန်လည်ဖြည့်တင်းရဦးမည်ဖြစ်၏။
သူ၏အနောက်တွင် ဇီးနစ်အင်ပါယာမှရွေးချယ်ထားသည့် အတွေ့ကြုံမြင့်မားသောကြယ်သုံးလုံးအဆင့်စစ်သည်တော်၁၆ယောက်သည် သူ့အားလေးစားသည့်မျက်လုံးများဖြင့်ကြည့်နေလျှက်ရှိသည်။ ငယ်ရွယ်သည့်ပါးကွပ်သားသူရဲကောင်း၏ ခေါင်းဆောင်မှုအောက်တွင် သူတို့သည် အသေးစားအောင်နိုင်ခြင်းတစ်ခုကိုရရှိနေကြ၏။ သူတို့သည် လီယွန်အင်ပါယာမှသိုင်းဆရာအယောက်၁၀၀၊ စစ်သည် အယောက်၁၀၀၀နှင့် ယန္တရားသုံးဆယ်ကျော်ကိုဖျက်ဆီးပြီးပြီဖြစ်သည့်အတွက်ကြောင့် သူတို့၏မျက်လုံးများထဲတွင် ဆူတွန်သည် သူရဲကောင်းအစစ်မှန်တစ်ယောက်ပင်။
ဆူတွန်ထံမှ ပြင်းထန်သည့် သတ်ဖြတ်လိုသောဆန္ဒများသည် လီယွန်အင်ပါယာမှ သာမန်စစ်သည်များကို ကြောက်လန့်စေပြီး ချည်းကပ်လာရဲခြင်းမရှိပေ။ ထို့ကြောင့် သူတို့အဖွဲ့သည် အ၀ိုင်းသာခံထားရပြီး တိုက်ခိုက်ခံရခြင်းမရှိသေးပေ။ ထို့ကြောင့် ဤအချက်ကိုအခွင့်ရေးယူ၍ ဆူတွန်တို့အဖွဲ့သည် သူတို့၏အတွင်းအားစွမ်းအင်များကို လျှင်မြန်စွာ ပြန်လည်ဖြည့်တင်းနေကြ၏။
ဤအခိုက်တန့်တွင် ခရစ်-ဆူတွန်သည် ရုတ်တရက်တစ်စုံတစ်ခုကို အာရုံခံလိုက်မိပြီး သူ၏မျက်လုံးများပြူးကျယ်သွားသည်။
ကောင်းကင်ပေါ်တွင် လီယွန်အင်ပါယာ၏ အနက်ရောင်ယူနီဖောင်းများ၀တ်ဆင်ထားကြသည့် လူသုံးယောက်သည် သူတို့ထံသို့ လျှင်မြန်စွာပျံသန်းလာနေပြီး အလင်းတန်းသုံးကြောင်းလိုပင်။ သူတို့ရောက်မလာသေးခင်မှာပင် ကျယ်ပြန့်သည့် စွမ်းအင်အရှိန်၀ါတို့သည် ဇီးနစ်အင်ပါယာမှစစ်သည်တော်များကို မွမ်းကြပ်စေ၏။
လအဆင့်သိုင်းဆရာများပင်။
လီယွန်တပ်ဖွဲ့၏ခေါင်းဆောင်ချုပ်သည် ဆူတွန်ဦးဆောင်သော ဇီးနစ်အင်ပါယာ၏အထူးတပ်ဖွဲ့ကို သတိထားမိသွားပြီး သူတို့အားသတ်ဖြတ်ရန်အတွက် လအဆင့်သိုင်းဆရာများစေလွှတ်လိုက်သည့်ပုံပင်။ စိန့်ပီတာစဘာ့တ်၏ ပင်မဂိတ်တံခါးကို အမြန်ဆုံးထိန်းချုပ်လိုသည့်အတွက်ပင်။
လအဆင့်သိုင်းဆရာတစ်ယောက်ခြင်းစီတိုင်းသည် အင်ပါယာ၏ကြီးမြတ်သောရတနာတစ်ခု၏ ဆိုနိုင်၏။
လွန်ခဲ့သည့် နာရီသုံးဆယ်လုံးတွင် အင်ပါယာနှစ်ခုလုံးမှလအဆင့်သိုင်းဆရာများအခြင်းခြင်းအကြိမ်ပေါင်းများစွာတိုက်ခိုက်ခဲ့ကြသည်။ ဇီးနစ်သည်လည်း အင်ပါယာဆီးနိတ်အဖွဲ့မှ လအဆင့်သိုင်းဆရာများအားလုံးနီးပါးကိုစေလွှတ်ခဲ့သည်။ ဇီးနစ်ဘက်မှ လအဆင့်သိုင်းဆရာလေးယောက်သည် လီယွန်ဘက်မှ အဆင့်သိုင်းဆရာများကို ဖိအားပေးနိုင်ခြင်းမရှိပဲ ခံတပ်နံရံပေါ်မှ မှော်ဒူးလေးများ၏အကူညီဖြင့် ပြန်လည်ဆုတ်ခွာလာခဲ့ကြရရသည်။ ဇီးနစ်၏လအဆင့်သိုင်းဆရာနှစ်ယောက်သည် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး ကျန်နှစ်ယောက်သည် တိုက်ပွဲတွင်ကျဆုံးသွားခဲ့၏။
ဇီးနစ်အင်ပါယာဘက်တွင် တိုက်ခိုက်နိုင်သေးသည့် လအဆင့်သိုင်းဆရာများမရှိသလောက်နည်းပါးနေသည်ကို ခရစ်-ဆူတွန်နားလည်သည်။ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိလာခဲ့သည့် လအဆင့်သိုင်းဆရာနှစ်ယောက်ထဲမှ တစ်ယောက်သည် ဆေးကုသနေရင်းသေဆုံးသွားခဲ့ပြီဖြစ်သည်။ ကျန်ရှိနေသည့်သိုင်းဆရာတစ်ယောက်မှာမူ မှော်ဆရာများ၏ ကုသမှုကြောင့် ပြန်လည်သက်သာလာခဲ့ပြီး ပြန်လည်တိုက်ခိုက်နိုင်ရန်အတွက် လေးနာရီငါးနာရီခန့်အနားယူရဦးမည်ဖြစ်သည်။ ယခုအချိန်တွင် ဇီးနစ်အင်ပါယာတွင် ရန်သူဘက်မှလာနေသည့် လအဆင့်သိုင်းဆရာများကိုရင်ဆိုင်ရန်အတွက် သိုင်းဆရာများစေလွှတ်နိုင်ခြင်းမရှိသေးပေ။
"အခုချိန်မှာတော့ ငါတို့အသက်နဲ့ရင်းပြီးတော့ ဒီလအဆင့်သိုင်းဆရာတွေကို အချိန်ဆွဲထားဖို့လောက်ပဲ တတ်နိုင်တော့တယ်..." ရွှေရောင်နေမင်းသူရဲကောင်းဆူတွန်သည်တွေးလိုက်မိပြီး ကြောက်လန့်ခြင်းမရှိပေ။
သူ၏ ရွှေရောင်လှံတံရှည်ကိုဆုပ်ကိုင်ကာ ခါးမက်လိုက်ပြီး သူ၏ရဲဘော်များကို ကျောခိုင်း၍ သူရဲကောင်းဆန်ဆန်ပြောလိုက်သည်။ "မင်းတို့နဲ့အတူတိုက်ခိုက်ရတာ င့ါအတွက် ဂုဏ်ယူစရာပါပဲ ညီအကိုတို့။ အခုဆိုရင် နောက်ဆုံးအချိန်ရောက်လာပြီထင်တယ်...ဘာပဲဖြစ်လာဖြစ်လာ..ငါတို့အသက်ရှင်နေသ၍တော့ လီယွန်သားတွေကို မြို့တော်ထဲအ၀င်ခံလို့မရဘူး..မြို့တော်ထဲက ငါတို့ချစ်ရတဲ့လူတွေကိုကာကွယ်ဖို့အသက်ရင်းရမယ်...အင်ပါယာအရှင်သခင်ယရှင်းကို ပေးထားတဲ့ငါတို့ကတိကိုတည်အောင်လုပ်ရမယ်..."
"သေတဲ့အထိတိုက်ပွဲ၀င်သွားပါ့မယ်..." ကျွမ်းကျင်စစ်သည်တော်၁၆ယောက်သည်လည်း ပြိုင်တူကြုံး၀ါးလိုက်သည်။
ဤကြုံး၀ါးသံထဲတွင် ဇီးနစ်စစ်သည်များ၏ ရဲရင့်မှုများထင်ဟပ်နေ၏။
တစ်ချိန်တည်းမှာပင် ပျံသန်းလာနေသည့် လီယွန်အင်ပါယာမှ လအဆင့်သိုင်းဆရာများသည် အုပ်စုနှစ်ခုခွဲလိုက်ကြသည်။
နှစ်ယောက်သည် မှော်စွမ်းအင်အကာရံကို ဖြတ်ကျော်၍ ခံတပ်နံရံပေါ်တွင်ထိုင်နေသည့် ခေါင်းဆောင်ချုပ်ဖြစ်သော မင်းသားအာရှဗင်ထံသို့ ဦးတည်သွားလိုက်သည်။ ကျန်ရှိနေသည့် တစ်ယောက်သည် သိမ်းငှက်တစ်ကောင်ကဲ့သို့ အောက်သို့ပျံသန်းလာပြီး ဆူတွန်အား အထင်သေးသည့်အပြုံးတစ်ခုနှင့်အတူတိုက်ခိုက်လိုက်သည်။
"သေစမ်းကွာ..."
ရွှေရောင်နေမင်းသူရဲကောင်းသည် ကြုံး၀ါးကာ သူ၏သတ္တုစွမ်းအင်များအားလုံကို ထုတ်လွှတ်လိုက်၏။ ရွှေရောင်ချပ်၀တ်မှ တောက်ပသည့်အတွင်းအားစွမ်းအင်မီးတောက်များ ထွက်ပေါ်လာပြီး သူသည် မြေပြင်ပေါ်တွင်ရှိနေသည့် နေမင်းတစ်ခုလိုပင်။ သူ၏လက်ထဲတွင်ကိုင်ထားသည့် သုံးမီတာခန့်ရှည်သော နဂါးလှံရှည်အား ဆင်းသက်လာနေသည့်လအဆင့်သိုင်းဆရာထံသို့ ပစ်လွှတ်လိုက်သည်။
"ဟားဟားဟား မင်းလို ပုရွတ်စိတ်တစ်ကောင်က ငါ့လိုမျိုးနဂါးတစ်ကောင်ကို စိန်ခေါ်ရဲတယ်ပေါ့..." မောက်မာသည့် ရယ်မောသံတစ်ခုကို ကောင်းကင်ပေါ်မှကြားလိုက်ရသည်။
"ဖုန်း"
ထိုလအဆင့်သိုင်းဆရာသည် လက်သီးဖြင့်အသာယာထိုးလိုက်ရုံဖြင့်ပင် ကြယ်ကိုးလုံးအဆင့်စစ်သည်တစ်ယောက်ဖြစ်သည့် ဆူတွန်ပစ်လွှတ်လိုက်သောလှံရှည်သည် အစိတ်စိတ်အမွှာမွှာကွဲအက်သွားတော့၏။
သို့သော် ဆူတွန်သည် ဤကဲ့သို့ဖြစ်မည်ကို ကြိုသိထားသလိုပင်။ သူ၏ခန့်ညားသည့်မျက်နှာသည် တည်ငြိမ်နေဆဲဖြစ်ပြီး အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ထို့နောက်တွင် သူ၏ညာလက်ဖြင့် လေထုကို ဆုပ်ကိုင်လိုက်ပြီး သိပ်သည်းသောသတ္တုစွမ်းအင်များဖြင့်ပြုလုပ်ထားသည့် ကြီးမားသောနဂါးလှံရှည်ကြီးတစ်ခုသည် သူ၏လက်အတွင်းသို့ ရောက်ရှိလာကာ ကောင်းကင်ပေါ်သို့ ထက်မံပစ်လွှတ်လိုက်၏။
စက္ကန့်၀က်အတွင်းမှာပင် ဆူတွန်သည် နဂါးလှံရှည်ပေါင်းများစွာကိုပစ်လွှတ်လိုက်သည်။
ရွှေရောင်စွမ်းအင်လှံတံများသည် ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားပြီး ကြီးမားသည့်ပိုက်ကွန်ကြီးတစ်ခုကို ဖန်တီးကာ ထိုလအဆင့်သိုင်းဆရာကို လွှမ်းခြုံလိုက်သည်။
ဤသိုင်းကွက်သည် ဆူတွန်တော်၀င်သိုင်းပညာစာကြည့်တိုက်မှရရှိခဲ့သည့် စွမ်းအားမြင့်မားသောစာလိပ်တစ်ခုမှဖြစ်သည်။ စွမ်းအားမြင့်မားသည့် လှံရှည်သိုင်းကွက်တစ်ခုဖြစ်ပြီး သတ္တုဂုဏ်သတ္တိစွမ်းအားဖြင့်အသုံးပြုပါက အဆပေါင်းများစွာပို၍စွမ်းအားမြင့်မား၏။ အင်ပါယာအရှင်သခင်ယရှင်းကိုယ်တိုင် ဖန်တီးခဲ့သည့်သိုင်းကွက်ဖြစ်သည်ဟု လူများပြောကြသည်။
ဤကဲ့သို့သော မျှော်လင့်ချက်မဲ့သည့်အခြေအနေတွင် ဆူတွန်သည် အသက်မရှင်နိုင်တော့မှန်းသိပြီး အကြောက်တရားကင်းမဲ့နေသည်။ ဆူတွန်သည် အသက်သေစေကာမူ သူ၏ရန်သူအား ဒဏ်ရာပြင်းပြင်းထန်ထန်ရစေရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည့်အတွက်ကြောင့် သူ၏ အတွင်းအားစွမ်းအင်များအားလုံးကိုထုတ်လွှတ်လိုက်သည်။
ထို့ကြောင့် ဆူတွန်၏ သိုင်းကွက်သည် အဆင့်နိမ့်လသစ်အဆင့်သို့ပင်ခနတာရောက်ရှိသွား၏။
လီယွန်အင်ပါယာ၏ လအဆင့်သိုင်းဆရာသည် သူ၏ရန်သူအားအထင်သေးခဲ့မိသည်။ ကြယ်ကိုးလုံးအဆင့်သိုင်းဆရာတစ်ယောက်သည် သူ့အားအန္တရာယ်ပေးနိုင်လိမ့်မည်ဟု ထင်မထားသည့်အတွက်ပင်။ ထို့ကြောင့် ရွှေရောင်လှံတံတစ်ချို့သည် သူ၏ မျက်နှာနားသို့ကပ်၍ပျံသန်းသွားကာ ပါးပြင်ပေါ်တွင် အစင်းကြောင်းတစ်ခုကို ထင်သွားစေခဲ့၏။
"သေစမ်းကွာ..." စစ်သည်တော်၁၆ယောက်သည်လည်း တစ်ပြိုင်နက်ကြုံး၀ါးလိုက်ကြသည်။
ထို့နောက်တွင် သူတို့၏ စွမ်းအင်များအားလုံးကိုထုတ်လွှတ်လိုက်ပြီး လေပေါ်သို့ ခုန်တက်ကာစွမ်းအားအမြင့်ဆုံးသိုင်းကွက်များကိုအသုံးပြု၍ သေရမည်မကြောက်ပဲ လအဆင့်သိုင်းဆရာအား တိုက်ခိုက်လိုက်ကြတော့သည်။ မီးထဲသို့ တိုး၀င်နေသည့် ပိုးဖလံများကဲ့သို့ပင်။