"ငါနဲ့တိုက်ခိုက်ရဲတယ်ပေါ့"
Vol. 53 Ch. 826
ခရစ်-ဆူတွန်ထင်ထားသလိုသာဖြစ်ပျက်သွားခဲ့သည်။
"ဟားဟားဟား ၀က်တွေက၀က်တွေပါပဲ။ ဓားသွေးနေတဲ့အချိန်လေးမှာ မင်းတို့ကို အသက်ရှင်ခွင့်ပေးထားဦးမလို့ကို မင်းတို့ကမြန်မြန်သေချင်နေတာပေါ့။ ဒါပဲလား...အဲ့လိုဆိုရင်တော့ ငါမင်းရဲ့ဆန္ဒကိုဖြည့်စည်းပေးရမှာပေါ့" စွမ်းအင်လက်နက်မုန်တိုင်းအတွင်းမှ တူညီသည့်မောက်မောက်မာမာရယ်မောသံတစ်ခုထွက်ပေါ်လာပြီး လီယွန်စစ်သည်များ၏ အော်ဟစ်အားပေးနေသံကိုလွှမ်းခြုံသွားသည်။
ထို့နောက်တွင် လျှပ်စီးကဲ့သို့သောလူတစ်ယောက်သည် လက်နက်မုန်တိုင်းအတွက်မှပျံသန်းလာပြီး စွမ်းအင်လက်နက်များသူ့ကိုဖိနှိပ်ထားသော်လည်း အပေါ်သို့ပျံထွက်လာ၏။ စွမ်းအင်လက်နက်များအားလုံးသည် သူ၏အနီးသို့ပင်ရောက်နိုင်ခြင်းမရှိပေ။
ဖှေးသည် လီယွန်အင်ပါယာမှ လအဆင့်သိုင်းဆရာ၏အရှေ့သို့ချက်ချင်းရောက်ရှိလာပြီး လက်ကိုဆန့်တန်းကာ ထိုလူကိုလည်ပင်းမှကိုင်ညှစ်လိုက်သည်။
"မင်း...မင်းဘယ်လိုလုပ်လိုက်တာလဲ.." သေခြင်းတရားကိုခံစားလိုက်မိပြီး ထိုလအဆင့်သိုင်းဆရာသည်တစ်စုံတစ်ရာကိုသတိထာမိသွားပုံပင်။ မျက်လုံးအပြူးသားဖြင့်မြင်နေရသည့်အရာများကိုယုံနိုင်ခြင်းမရှိပဲ သူမေးလိုက်သည်။ "ဒါ..ဒါမဖြစ်နိုင်ဘူး..မင်း..မင်းက လအဆင့်ကမဟုတ်ဘူး။ မင်းဘယ်သူလဲ..."
"မင်းသိစရာမလိုဘူး" ဖှေး၏အဖြေသည် ယခင်ကလိုပင်။
"ချွတ်" သူ၏ လက်ကိုညှင်သာစွာလှည့်၍ ရန်သူ၏လည်ပင်းကိုလိမ်ချိုးလိုက်သည်။ သူသည် အသုံးမ၀င်သည့်တုတ်ချောင်းတစ်ချောင်းကိုချိုးလိုက်သလိုပင်။
"ဖုန်"
စိန့်ပီတာစဘာ့တ်အား သိမ်းပိုက်ရန်စေလွှတ်လိုက်သည့် နောက်ထပ်လအဆင့်သိုင်းဆရာတစ်ယောက်သည် အသက်ဆုံးရှုံးသွားပြီး မြေပြင်ပေါ်သို့စွမ်းအားကင်းမဲ့စွာပြုတ်ကျလာ၏။
စင်းတီတုံးပေါ်တွင်အသတ်ခံလိုက်ရသည့် ၀က်တစ်ကောင်ကဲ့သို့ပင် ထိုသိုင်းဆရာ၏အလောင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျကာ ဖုန်မှုန့်တစ်ချို့ကို လေပေါ်သို့ ပျံ၀ဲသွားစေသည်။ ဤလောက်သာဖြစ်၏။
စစ်မြေပြင်တွင်ရှိနေသည့်လူများအားလုံး သူတို့မြင်လိုက်ရသည့်အရာကြောင့် တုန်လှုပ်သွားပြီး တိုက်ခိုက်နေကြသည့် သောင်းနှင့်ချီသောစစ်သည်များအားလုံးတိတ်ဆိတ်ကုန်ကြသည်။ ထူးဆန်းသည့် မြင်ကွင်းတစ်ခုဖြစ်သောကြောင့်ပင်။
လွန်ခဲ့သည့်အချိန်က အော်ဟစ်အားပေးနေခဲ့ကြသည့် လီယွန်အင်ပါယာမှစစ်သည်များတိတ်ဆိတ်သွားကြသည်။ သူတို့၏မျက်နှာပေါ်တွင် ယခင်ကပျော်ရွှင်နေသည့်အရိပ်ယောင်များကျန်ရှိနေဆဲဖြစ်သောလည်း ပါးစပ်အဟောင်းသားဖြစ်နေပြီး အသံတစ်စုံတစ်ရာထွက်ပေါ်လာခြင်းမရှိပေ။ လွန်ခဲ့သည့်နာရီသုံးဆယ်လုံးတွင် လီယွန်အင်ပါယာမှသိုင်းဆရာများသည် ဇီးနစ်အင်ပါယာမှ သိုင်းဆရာများကို တိုက်ပွဲတိုင်းအနိုင်ယူနိုင်ခဲ့သည်ကိုမြင်တွေ့ရခြင်းနှင့် အသားကျနေသည့်အတွက်ကြော့င် သူတို့၏မျက်လုံးများကိုပင်ယုံနိုင်ခြင်းမရှိပေ။
စိတ်ဓာတ်ကျနေခဲ့သည့် ဇီးနစ်အင်ပါယာမှစစ်သည်များသည် ဤမြင်ကွင်းကိုမြင်သည့်အချိန်တွင် ခုန်ပေါက်အော်ဟစ်အားပေးလိုက်ကြသည်။ သူတို့၏နှလုံးသားများရင်ဘက်ထဲမှခုန်ထွက်သွားတော့မလိုပင် တစ်ချို့သည်အော်ဟစ်နေပြီးတစ်ချို့သည် သူတို့၏လက်နက်များဖြင့် ၀တ်ဆင်ထားသည့် ချပ်၀တ်တို့ကိုထုနှက်ကာ ဆူညံသံများပြုလုပ်နေကြ၏။
တစ်ချို့သည် ရယ်မောနေကြပြီး တစ်ချို့သည် ငိုကြွေးနေကြသည်။ တစ်ချို့သည် မြေပြင်ပေါ်တွင်ဒူးထောက်၍ လီယွန်အင်ပါယာမှလအဆင့်သိုင်းဆရာများလက်ချက်ကြောင့် သေဆုံးသွားခဲ့သည့်ရဲဘော်များအတွက်ဆုတောင်းပေးနေကြသည်။
"ဟားဟားဟား လယ်ဗယ်၆လီယွန်အင်ပါယာက သိုင်းဆရာတွေဆိုတာက ဒီလိုကောင်တွေလား။ အတော်အားနည်းတာပဲ။ စိတ်ပျက်စရာပဲဟေ့..." ဖှေးသည်မြို့တော်၏ ခံတပ်နံရံပေါ်သို့ ပျံသန်းသွားလိုက်သည်။ သူသည် မြို့တော်၏ ပင်မဂိတ်တံခါးကိုကျောခိုင်း၍ လီယွန်အင်ပါယာမှ သောင်းနှင့်ချီသည့်စစ်သည်များကိုကြည့်ကာ ရယ်မောလိုက်သည်။ "မင်းတို့ထဲက ဘယ်ကောင်ထွက်လာပြီး ငါနဲ့တိုက်ခိုက်ရဲသေးလဲ လီယွန်သားတွေ"
သူ၏အသံသည် နတ်ဘုရားတစ်ပါးစကားပြောနေသလိုပင် ကောင်းကင်ပေါ်တွင်ဟိန်းရံပြီး လူတိုင်း၏နားအတွင်းသို့၀င်ရောက်သွားသည်။
"သူပဲ..ဒီကောင်..ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒား ဒီကိုရောက်လာတာလား"
ခံတပ်နံရံပေါ်တွင်ရှိနေသည့် မင်းသားအာရှဗင်သည်စွမ်းအားမြင့်သိုင်းဆရာအား ချက်ချင်းမှတ်မိသွားသည်။ အံ့သြခြင်းအပြင် ဒေါသနှင့် အမုန်းတရားတို့သည်လည်း သူ၏စိတ်ထဲတွင်ပေါ်လာ၏။ သို့သော် ထိုခံစားချက်များကို တစ်ခြားအရာတစ်ခုမှ လျှင်မြန်စွာအစားထိုးသွားလိုက်၏။ သူ၏စိတ်ထဲတွင်ရှိနေသည့် လေးလံသည့်ဖိအားသည်ဤအခိုက်တန့်တွင် ပျောက်ကွယ်သွားပြီး သူစိတ်အေးသွားမိသည်။
ရှင်းလင်းစွာဇီးနစ်စစ်ပွဲနတ်ဘုရားအာရှဗင်ပင် ချမ်းဘော့ဒ်သည် ပြိုင်ဘက်ကင်းမဲ့သည်ဟု ယုံကြည်သည့်အတွက်ပင်။
"ဒီကောင်ရောက်လာပြီဆိုတော့ အန္တရာယ်ထဲရောက်နေတဲ့ စိန့်ပီတာစဘာ့တ်လဲအခုလောလောဆယ်တော့ လုံခြုံသွားပါပြီ" အာရှဗင်တွေးလိုက်မိသည်။ "အဲ့ကောင်လျှောက်လုပ်ပြီး စစ်ဥပဒေတွေကိုမချိုုးဖောက်ဖို့ပဲ မျှော်လင့်ပါတယ်"
သို့သော် ချမ်းဘော့ဒ်ဘုရင်သည်စာအုပ်ထဲတွင်ပါရှိသည့် စည်းမျဥ်းများကိုချိုးဖောက်စေကာမူ သူဘာမှမတတ်နိုင်ကြောင်းကို အာရှဗင်သိရှိနားလည်လိုက်သည်။ သူသည် စွမ်းအားကင်းမဲ့လွန်းလှ၏။ တဖြည်းဖြည်းဖြင့် ဇီးနစ်အင်ပါယာမှစစ်သည်များသည်လည်း ဖှေး၏ သရုပ်မှန်ကိုသိရှိလာကြသည်။
"အဲ့တာချမ်းဘော့ဒ်ဘုရင်ပဲဟ..ငါသူ့ကိုသိတယ်။ ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒားပဲ"
"ငါမှတ်မိတယ်။ ဟိုတလောကမှ မြို့တော်ထဲလာပြီး ပြသနာရှာသွားသေးတယ်။ သူကကြောက်စရာကောင်းတဲ့ သိုင်းဆရာတစ်ယောက်ပဲ"
"သူပဲဟုတ်တယ်။ ဒီနေရာကိုရောက်လာမယ်လို့ ထင်မထားခဲ့ဘူး။ ဒီလိုရက်စက်ပြီးစွမ်းအားမြင့်မားတဲ့သိုင်းဆရာတစ်ယောက်က မြို့တော်ကိုလာပြီးကာကွယ်ပေးတာလား။ ဆွေကြီးမျိုးကြီးတွေပြောကြတော့ သူကရွံစရာကောင်းတဲ့သစ္စာဖောက်တစ်ယောက်ပဲဆို။ ဒါဆို ဘာလို့ဒီကိုရောက်လာတာလဲ။ ဆွေကြီးမျိုးကြီးတွေပြောတဲ့ပုံနဲ့ တစ်ခြားစီပဲ"
"မင်းဘာတွေပြောနေတာလဲ။ ဆွေကြီးမျိုးကြီးတွေထဲမှာလူကောင်းဆိုတာရှိလို့လား။ ဆွေကြီးမျိုးကြီးတွေသူ့ကိုမကောင်းပြောနေကတည်းက သူကလူကောင်းတစ်ယောက်မို့ပဲပေါ့"
"ဟုတ်တယ် အင်ပါယာသုံးခု ငါတို့အင်ပါယာကာကွယ်စောင့်ရှောက်သူကို လုပ်ကြံခဲ့တုန်းက အသက်စွန့်ပြီးတော့ လုပ်ကြံသတ်ဖြတ်သူတွေကိုဖမ်းစီးပေးတာကလည်း ချမ်းဘော့ဒ်ဘုရင်ပဲ။ မင်းတို့စဥ်းစားကြည့် ကာကွယ်စောင့်ရှောက်သူသိုင်းဆရာကြီးခါဆစ်ယုံကြည်တဲ့လူက သစ္စာဖောက်တစ်ယောက်ဖြစ်နိုင်ပါ့မလား"
"အင်း..ငါအဲ့လိုမစဥ်းစားခဲ့မိဘူး"
"ဟားဟားဟား ကျန်တာတွေငါဂရုမစိုက်ဘူး။ ချမ်းဘော့ဒ်ဘုရင်က လီယွန်အင်ပါယာရဲ့လအဆင့်သိုင်းဆရာနှစ်ယောက်ကိုသတ်ပြီးတော့ မြို့တော်ကိုကာကွယ်ပေးခဲ့တယ်။ အဲ့အချက်နဲ့တင် သူက ဇီးနစ်ရဲ့သူရဲကောင်းဖြစ်နေပြီ"
ဖှေး၏ သရုပ်မှန်သည် ချက်ချင်းပင်ပြန့်နှံ့သွားပြီး စကားပြောဆိုသံများစွာထွက်ပေါ်လာ၏။ ဆွေကြီးမျိုးကြီးများ၏ ၀ါဒဖြန့်မှုများကြောင့် ဖှေးအားအထင်လွှဲနေခဲ့ကြသည့်စစ်သည်များပင် သူ့အားအော်ဟစ်အားပေးနေကြသည်။ ချမ်းဘော့ဒ်ဘုရင်သည် အလွန်စွမ်းအားမြင့်မားသည်ကို သူတို့အားလုံးသိရှိကြသည်။ ထိုကဲ့သို့သောသိုင်းဆရာသည် သူတို့ဘက်တွင်ရှိနေသည့်အတွက်ကြောင့် သူတို့သည် ပို၍လုံခြုံသွားပြီဖြစ်သည်။
"ချမ်းဘော့ဒ်ဘုရင်ကွ"
"သေကြစမ်း..ငါတို့ချမ်းဘော့ဒ်ဘုရင်နဲ့ ဘယ်ကောင်တိုက်ခိုက်ရဲလဲ.."
"သောက်လီယွန်သားတွေအခုကြောက်နေကြပြီလား။ ချမ်းဘော့ဒ်ဘုရင်ရောက်လာပြီဆိုတော့ မင်းတို့မသေချင်ရင်မင်းတို့အမေတွေစီလှည့်ပြန်ကြတော့"
ဇီးနစ်မှခေါင်းဆောင်များအမိန့်ပေးစရာမလိုပဲ စစ်သည်များသည် ဖှေး၏နာမည်ကို ဟစ်ကြွေးနေကြသည်။ စိတ်ဓာတ်များပြန်လည်တက်ကြွလာပြီး အင်ပါယာအား လာရောက်သိမ်းပိုက်သည့် လီယွန်သားများကို ရန်စနေကြ၏။
စစ်ပွဲ၏လေထုသည် ချက်ချင်းပင်ပြောင်းပြန်လှန်ပြောင်းလဲသွား၏။
ခံတပ်နံရံ၏အပြင်ဘက်တွင် လီယွန်အင်ပါယာမှစစ်သည်များသည် အနောက်သို့လှည့်ကြည့်လိုက်ကြသည်။ ခေါင်းဆောင်ချုပ်အားကြည့်လိုက်ကြပြီး ချမ်းဘော့ဒ်ဘုရင်နှင့်တိုက်ခိုက်ရဲသည့်သိုင်းဆရာများရှိသေးလားကြည့်နေခြင်းပင်။
"ဟမ် သွေးရူးသွေးတန်းနဲ့လူပျက်တစ်ယောက်ပဲ။ မင်းကံကောင်းလို့နိုင်သွားတာကို မင်းကိုယ်မင်းပြိုင်ဘက်ကင်းတယ်ထင်နေတာလား။ မင်းက ဒီအဆင့်နိမ့်အင်ပါယာက အဖွဲ့၀င်တစ်ယောက်ပဲ။ မင်းကို ငရဲပြည်ပို့ပြီးတော့ ငါ့ရဲဘော်တွေကိုလက်စားခြေပေးမယ်"
ရုတ်တရက်ပင် စူးရှကျယ်လောင်သည့်အော်သံတစ်ခုကို အ၀ေးတစ်နေရာမှကြားလိုက်ရသည်။ ထိုနေရာသည် လီယွန်အင်ပါယာမှခေါင်းဆောင်များရှိနေသည့်နေရာပင်။
ထို့နောက်တွင် တောင့်တင်းသည့်လူတစ်ယောက်သည် လျှပ်စီးအလင်းတန်းတစ်ခုကဲ့သို့ကောင်းကင်ပေါ်သို့ ပျံတက်လာ၏။
ထိုလူ၏ မျက်ခုံးမွှေးများသည် တစ်ခုနှင့်တစ်ခုထိစပ်နေပြီး ရှည်လျားသည့်ရွှေရောင်ဆံပင်ရှည်များသည် အနက်ရောင်ခေါင်းစည်းကွင်းတစ်ခုဖြင့်စုချည်ထားသည်။ သူ၏မျက်နှာသည် လေးထောင့်စပ်စပ်ပုံဖြစ်ပြီး မိုက်မိုက်ကန်းကန်းဥပတိရုပ်ရှိသည်။ လေညှင်းတစ်ခုတိုက်ခတ်သွားသည်နှင့်အတူ သူ၏အနက်ရောင်၀တ်ရုံသည် လေထဲတွင်လွှင့်ပျံသွားပြီး အထာကျနေ၏။
ထိုလူသည် ကောင်းကင်ပေါ်တွင်ရပ်နေရင်းဖြင့် ဖှေးကိုလက်ညိုးထိုးလိုက်သည်။ မျက်နှာပေါ်တွင်လှောင်ပြောင်သည့်အမူယာတစ်ခုဖြင့် သူပြောလိုက်၏။ "မင်းလိုသနားစရာကောင်းတဲ့ကောင်ကို ငါအခွင့်ရေးနှစ်ခုပေးလိုက်မယ်။ မင်းကိုယ်မင်းသတ်သေမလား။ ငါမင်းကိုနှိပ်စက်ပြီးသတ်ရမလား"