ဂွတ်မောနင်း ကိုကြီး
Vol. 1 Ch. 1.1
ဝမ်းဗိုက်ပေါ်က စူးစူးရှရှ နာကျင်မှုကြောင့် ဇော်ရီယန်မျက်လုံးများ ဆတ်ခနဲပွင့်သွား၏။ သူ့ကိုယ်ပေါ် ပြုတ်ကျလာသည့်အရာအား ခံစားမိကာ ခန္ဓာကိုယ်တစ်ခုလုံး တွန့်သွားပြီး အိပ်မောကျနေရာမှ အိပ်ချင်စိတ်တစ်စက်မှ မရှိတော့ဘဲ ရာနှုန်းပြည့် လန့်နိုးသွားခဲ့လေသည်။
“ဂွတ်မောနင်း ကိုကြီး!” စိတ်ရှုပ်စရာ အသံစူးစူးတစ်ခု သူ့ကိုယ်ပေါ်မှ ထွက်ပေါ်လာသည်။ “မောနင်း မောနင်း မောနင်းးးး!!!”
ညီမဖြစ်သူကို ဇော်ရီယန် ခပ်စူးစူး စိုက်ကြည့်လိုက်သည်။ သို့သော်လည်း ညီမဖြစ်သူကတော့ မျက်နှာပြောင်ပြောင်ပဲ ပြန်ပြုံးပြလိုက်၏။ အတော်လေး စိတ်ကျေနပ်နေပုံရပြီး ခြေနှစ်ချောင်းကို လေထဲမှာ လှုပ်ခါလျက် ဇော်ရီယန် ကုတင်ဘေးနား နံရံမှာ ကပ်ထားသော ဧရာမ ကမ္ဘာ့မြေပုံကြီးကို လေ့လာနေလေသည်။ သို့မဟုတ် လေ့လာချင်ယောင် ဆောင်နေသည်ဟု ပြောလျှင် ပိုမှန်မည်။ မျက်လုံးထောင့်ကနေ သူ့ကို ခိုးကြည့်နေမှန်း ဇော်ရီယန် ရိပ်မိပါသည်။
တံခါးကို အာကိန်းမှော်ပညာဖြင့် လော့ခ်မချဘဲ ကုတင်ဘေးနားမှာလည်း စည်းနယ်နိမိတ်မှော်ပညာ မသုံးခဲ့ခြင်း၏ အကျိုးဆက်ပင်။
“ဖယ်စမ်း” လေသံကို အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ်ထားကာ ဇော်ရီယန် ပြောလိုက်၏။
“အမေ နှိုးခိုင်းလို့လေ” ညီမဖြစ်သူက တုတ်တုတ်မှမလှုပ်ဘဲ ပြန်ပြောလိုက်၏။
“မဟုတ်တာတွေမပြောနဲ့။ သူဒီလိုနှိုးခိုင်းမှာ မဟုတ်ဘူး” ဇော်ရီယန်တစ်ယောက် ဒေါသကို မျိုသိပ်ကာ သူ့ညီမ သတိမဲ့သွားမည့် အချိန်ကို စောင့်နေရင်း ညည်းညူလိုက်ပါသည်။ ဇော်ရီယန် စိတ်မဝင်စားချင်ယောင်ဆောင်ပြလိုက်သောအခါ ခီရီအဲလ် သိသိသာသာ စိတ်တိုသွားလေသည်။ သူမ မသောင်းကျန်းနိုင်ခင် ဇော်ရီယန်က သူမကို ခြေထောက်နဲ့ ရင်ဘတ်မှ ဆွဲလိုက်ပြီး ကုတင်ထောင့်စွန်းသို့ ကိုင်ပေါက်လိုက်၏။ ဒုန်းခနဲမြည် အင့်ခနဲအသံထွက်ကာ သူမ ကြမ်းပြင်ပေါ် ပြုတ်ကျသွားပါသည်။
ခီရီအဲလ် ဘယ်လို ကြမ်းကြုတ်မှုမျိုးနဲ့ပဲ တုန့်ပြန်ပါစေ အသင့်ဖြစ်နေအောင် ဇော်ရီယန် ကုတင်ပေါ်မှ ခုန်ချကာ အသင့်အနေအထား ပြင်လိုက်၏။ ထို့နောက် ကြမ်းပြင်ပေါ်က ညီမဖြစ်သူကို ငုံ့ကြည့်ကာ ပြောလိုက်သည်။ “နင်မှတ်ထားနော်။ နောက်တစ်ခါ နင့်ကို ငါအိပ်ရာလာနှိုးရတဲ့အချိန်ကျ အသေပဲ”
“ဆုတောင်းလေ” ခီရီအဲလ်က ပြောင်ပြောင်တင်းတင်း ပြန်ပြောသည်။ “နင်ကငါ့ထက် အအိပ်ပိုပုပ်တာမဟုတ်ဘူးလား”
ဇော်ရီယန် အရှုံးသမားတစ်ယောက်လို သက်ပြင်းချလိုက်ပါသည်။ မသာမ စုန်းပြူးမလေး။ သူမပြောတာ ဒီတစ်ချက်တော့ မှန်ပါသည်။
“အဲ့တော့…” ခီရီအဲလ်မတ်တပ်ပြန်ရပ်ကာ စကားစလိုက်သည်။ “နင်စိတ်လှုပ်ရှားနေပြီလား”
သူ့အခန်းထဲမှာ ဆေးကွဲနေသည့် မျောက်တစ်ကောင်လို ခုန်ပေါက်နေသော ညီမဖြစ်သူအား ဇော်ရီယန် မမြင်ချင်လည်း မြင်နေရပါသည်။ တစ်ခါတလေ သူ့မှာလည်း သူ့ညီမလို ခုန်ဆွခုန်ဆွ အားအင်တွေ ရှိလျှင်သိပ်ကောင်းမည်ဟု ဆုတောင်းမိသည်။ သို့သော် လေးပုံတစ်ပုံလောက်ဆို တော်ပါပြီ။
“ဘာကိုလဲ” ဇော်ရီယန်က မသိချင်ယောင်ဆောင်ပြီး မေးလိုက်၏။ သူ့ညီမ ဘာကိုပြောချင်တာလဲ သူကောင်းကောင်း သိပါသည်။ သို့သော်လည်း သိသာနေသည့် မေးခွန်းများကို ပြန်မေးခြင်းက ခီရီအဲလ်ကို ဒေါသထွက်စေပြီး ဇော်ရီယန် မပြောချင်သည့် စကားတွေကို ရှောင်လွှဲဖို့ အမြန်ဆုံးနည်းလမ်းလည်းဖြစ်သည်။
“ကျောင်းပြန်သွားဖို့ပေါ့ဟ!” ခီရီအဲလ်က ခပ်အီအီပြောလိုက်သည်။ သူမလည်း အစ်ကိုဖြစ်သူအကြောင်း ကောင်းကောင်းသိသည်။ မှော်ပညာအသစ်တွေ သူထပ်သင်ရတောာ့မည်။ “မှော်ပညာသင်ဖို့လေ။ ငါ့ကို မှော်ပညာသုံးပြပါလား”
ဇော်ရီယန် နာနာကျင်ကျင် သက်ပြင်းအရှည်ကြီး ချလိုက်၏။ ခီရီအဲလ်က သူ့ကို ကစားစရာတစ်ခုလို အမြဲတမ်း သဘောထားသည်။ အားပေးအားမြောက်မလုပ်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ပြီး ပုံမှန်ဆို သူမ စည်းကျော်လေ့မရှိပေ။ သို့သော်လည်း ဒီနှစ်တော့ အလွန်တရားလွန်လာသည်။ ဒီစုန်းပြူးကို ထိန်းဖို့ အမေ့ကို တောင်းပန်ပြန်တော့လည်း သူ့အမေက နည်းနည်းလေးတောင် လှည့်မကြည့်ပါ။ ဇော်ရီယန်က တစ်နေကုန် စာပဲဖတ်နေတတ်သဖြင့် ဘာမှအရေးကြီးတာ လုပ်နေတာလည်း မဟုတ်ဟု သူ့အမေက ဆိုသည်။ ကံကောင်းစွာဖြင့် နွေရာသီပိတ်ရက်တွေ ပြီးဆုံးသွားပြီဖြစ်ကာ နောက်ဆုံးတော့ အကုန်လုံးကို ထားခဲ့လို့ရပါပြီ။
“ခီရီ။ ငါအထုပ်အပိုးပြင်ရဦးမယ်။ အပြောင်းအလဲလေးအနေနဲ့ ဖောတို့ဗ်ကို သွားနှောင့်ယှက်ပါလား”
ခီရီအဲလ်တစ်ယောက် သူ့ကို မျက်နှာရှစ်ခေါက်ချိုးဖြင့် ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားသလိုမျိုး ဆတ်ခနဲ ခေါင်းထောင်သွားပါသည်။ ထို့နောက် အခန်းထဲမှ ပြေးထွက်သွား၏။ သူမ ဘာကြံနေသလဲဆိုတာကို ဇော်ရီယန်လည်း နားလည်သွားပြီး မျက်လုံး ပြူးသွားသည်။
“နင်မလုပ်နဲ့နော်!” ဇော်ရီယန် အော်ဟစ်ကာ သူမနောက် ပြေးလိုက်သွားသည်။ သို့သော်လည်း ခီရီအဲလ်က သူ့မျက်စိရှေ့မှာတင် သန့်စင်ခန်း တံခါးကို စောင့်ပိတ်လိုက်ပါသည်။ ဇော်ရီယန် တံခါးကို ဒေါသတကြီး ထုရိုက်လိုက်၏။ “လခွီးပဲ ခီရီ! ငါမနိုးခင်က ဘယ်အချိန်တက်တက် တက်လို့ရရဲ့သားနဲ့!!!”
“စိတ်မကောင်းလိုက်တာဟယ်” ခီရီအဲလ်က အထဲမှ လှောင်ပြောင်ပြီး ပြန်အော်လိုက်လေသည်။
တံခါးရှေ့မှာ ခဏလောက် ဆဲဆိုပြီးနောက် ဇော်ရီယန် ဆောင့်ကြီးအောင့်ကြီးဖြင့် ကိုယ့်အခန်းကိုယ်ပြန်ပြီး အဝတ်အစား လဲလိုက်ပါသည်။ သူ့ညီမကတော့ သူ့ကို စိတ်တိုအောင်လုပ်ဖို့အတွက်နဲ့ သန့်စင်ခန်းထဲမှာ တစ်သက်လုံး နေနေလိမ့်မည်။
ညအိပ်အဝတ်အစားများကိုလဲကာ မျက်မှန် တပ်လိုက်ပြီးနောက် အခန်းထဲ ဇော်ရီယန် ဝေ့ဝိုက်ကြည့်လိုက်၏။ သူ့ကို မနှိုးခင် သူ့ပစ္စည်းတွေကို ခီရီအဲလ် မမွှေနှောက်ခဲ့လို့ တော်ပါသေးသည်။ သူမက သူများကိုယ်ရေးကိုယ်တာတွေဘာတွေ နားလည်တတ်သူ မဟုတ်ပါ။
ဇော်ရီယန် အထုပ်အပိုးပြင်တာ သိပ်မကြာလိုက်ပေ။ တစ်ခါမှ အထုပ်အပိုးမဖြည်ခဲ့တာကြောင့်ဖြစ်သည်။ အမှန်တော့ သူ့အမေသာ မကန့်ကွက်ပါက လွန်ခဲ့သည့် တစ်ပတ်လောက်ကတည်းက ဆိုင်အောရီးယားကို ပြန်သွားမိပါလိမ့်မည်။ သူ့ ကျောင်းပစ္စည်းတွေကို ထုပ်ပိုးနေစဉ် ဖတ်စာအုပ်တချို့ပျောက်နေတာ သတိထားမိသဖြင့် အနည်းငယ် စိတ်ရှုပ်သွားရပြန်သည်။ ‘တည်နေရာရှာ’ မှော်ပညာကို သုံးကြည့်လို့ရသော်လည်း သူ့စာအုပ်တွေ ဘယ်မှာရှိနေမလဲ ကြိုသိပြီးသားဖြစ်သည်။ သူ့စာအုပ်တွေကို သူမအခန်းထဲ ယူယူသွားတတ်သည့် အကျင့်တစ်ခု ခီရီအဲလ်တွင် ရှိ၏။ စာအုပ်တွေကို မထိဖို့ ဇော်ရီယန် ဘယ်လောက်ပဲ သတိပေးပါစေ ခီရီအဲလ်က ဂရုမစိုက်ပါ။ စိတ်ထဲမသင်္ကာသဖြင့် စာရေးကိရိယာတွေကိုပါ စစ်ကြည့်လိုက်သည်။ သေချာပါသည်။ အကုန် ဘာမှ သုံးလို့မရတော့ပေ။
အမြဲတမ်း ဒီလိုဖြစ်နေကျပင်။ သူအိမ်ပြန်လာတိုင်း ခီရီအဲလ်က သူ့ကျောင်းပစ္စည်းတွေကို မွှေနှောက်တတ်၏။ ကိုယ့်အစ်ကို အခန်းထဲကို ဖောက်ထွင်းပြီး ပစ္စည်းတွေ ခိုးတာအသာထား၊ ဒီခဲတံတွေ ခဲဖျက်တွေ ကုန်သွားရလောက်အောင် ဘာတွေ လုပ်နေတာလဲမသိပါ။ ဒီတစ်ခေါက်တော့ သူ့ညီမကို သတိထားသည့်အနေဖြင့် အပိုထပ်ဆောင်း ဝယ်လာခဲ့သည်။ ဒါတောင် မလုံလောက်သေးပါ။ သူ့အံဆွဲထဲ ခဲဖျက်တစ်တုံးတောင် မတွေ့ရတော့။ အိမ်ပြန်မလာခင်တုန်းက ခဲဖျက်တွေ အထုပ်လိုက်ကြီး ဝယ်ခဲ့တာ ဖြစ်သည်။
အမေ့ကို ခီရီအဲလ် ခဲတံတွေ ခဲဖျက်တွေ ကိုယ့်ဖာသာကိုယ် ဘာကြောင့်မဝယ်ခိုင်းတာလဲ ဇော်ရီယန် နားမလည်နိုင်ပါ။ သူမက အငယ်ဆုံးဖြစ်ပြီး တစ်ယောက်တည်းသော သမီးမိန်းကလေးလည်းဖြစ်သည်။ ထို့ကြောင့် အမေက သူမကို အမြဲတမ်း အလိုလိုက်ခဲ့သည်။ အမေ့ကို သူမ ပူဆာခဲ့သည့် အရုပ်တွေက စာအုပ်တွေခဲတံတွေထက် ၅ ဆ လောက် ပိုဈေးကြီးသည်။
ဘယ်လိုပဲဖြစ်ဖြစ် ဇော်ရီယန်က သူ့စာရေးကိရိယာတွေကို ပြန်သုံးရဖို့ မမျှော်လင့်တော့သော်လည်း ဖတ်စာအုပ်တွေတော့ ပြန်ရမှ ဖြစ်ပါမည်။ ထို့ကြောင့် တံခါးတွင်ရေးထားသည့် [အပြင်လူမဝင်ရ] ဟူသော စာကို လျစ်လျူရှုရင်း သူ့ညီမ အခန်းထဲ ချီတက်လာခဲ့သည်။ ထို့နောက် ပျောက်ဆုံးနေသော သူ့စာအုပ်များကို သူ့ညီမဖွက်နေကျနေရာဖြစ်သည့် ကုတင်အောက်က အမွေးပွ အရုပ်တွေ နောက်မှာ ရှာတွေ့သွားပါသည်။
ထုပ်ပိုးလို့ ပြီးသွားပြီဖြစ်သဖြင့် မနက်စာတစ်ခုခုစားပြီး အမေဘာတွေ ကောမလဲနားထောင်ဖို့ အောက်ထပ်သို့ ဆင်းလာခဲ့သည်။
သူ့မိသားစုက ဇော်ရီယန်ကို အအိပ်မက်သည်ဟု ထင်နေကြသော်လည်း ဇော်ရီယန် နောက်ကျမှ ထရသည့် အကြောင်းအရင်း ရှိပါသည်။ သူအိပ်ရာထသည့်အချိန်ဆို အားလုံး မနက်စာစားပြီးပြီဖြစ်တာကြောင့် သူတစ်ယောက်တည်း ငြိမ်းငြိမ်းချမ်းချမ်း စားနိုင်တာကြောင့်ပင်။ သူစားသောက်နေတုန်း စကားလာပြောတာလောက် စိတ်တိုတာမရှိပါ။ ဖြစ်ချင်တော့ သူ့မိသားစု စကားအများဆုံးအချိန်ကလည်း မနက်စာစားချိန်ဖြစ်နေသည်။
ကံမကောင်းစွာဖြင့် အမေက ဒီနေ့ သူ့ကို စောင့်မနေဘဲ ဆင်းလာတာကို မြင်တာနဲ့တစ်ပြိုင်နက် ပြောဆိုလေသည်။ ဇော်ရီယန် အောက်ထပ် ကြမ်းပြင်ပေါ်တောင် ခြေမချရသေးခင် သူမ မကြိုက်တာကို မြင်သွားပုံရပါသည်။
“အဲ့လိုပုံစံကြီးနဲ့ သွားဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်?” သူမ မေးလိုက်၏။။
“ဒီပုံစံက ဘာဖြစ်နေလို့လဲ” ဇော်ရီယန် ပြန်မေးလိုက်၏။ အညိုရောင်ဗြောင် ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားတာဖြစ်ပြီး တခြား ယောက်ျားလေးတွေ မြို့ထဲသွားသောအခါ ဝတ်ဆင်ပုံနဲ့ သိပ်မကွာလှပေ။ သူ့အတွက်တော့ ပုံမှန်ပင်။
“အဲ့လိုပုံစံနဲ့ သွားလို့မဖြစ်ဘူးလေ” အမေက သက်ပြင်းအရှည်ကြီးချလိုက်ပြီး ပြောလိုက်သည်။ “နင်အဲ့လို ဝတ်စားထားတာ မြင်ရင် တခြားသူတွေ ဘာပြောကြမလဲ”
“ဘာမှမပြောဘူးလေ?” ဇော်ရီယန် ပြန်ပြောလိုက်၏။
“ဇော်ရီယန် ပြောရဆိုရမခက်နဲ့နော်” သူမ ငေါက်လိုက်၏။ “ငါတို့မိသားစုက ဒီမြို့ရဲ့ အဓိကထောက်တိုင်တွေထဲက တစ်ခုပဲ။ အိမ်ထဲက အိမ်ပြင်ထွက်လိုက်တိုင်း မျက်စေ့ဒေါက်ထောက် စောင့်ကြည့်ခံနေရတာ။ နင်အဲ့တာတွေ ဂရုမစိုက်တတ်မှန်း ငါသိတယ်။ ဒါပေမယ့် ပုံပန်းသဏ္ဌာန်ဆိုတာ တခြားလူတွေအတွက် အရမ်းအရေးကြီးတယ်။ နင်ကျွန်းပေါ်မှာနေနေတာမဟုတ်ဘူး။ ပြီးတော့ အရာရာကို ဒီကမ္ဘာပေါ်မှာ နင်တစ်ယောက်တည်းနေနေသလို ဆုံးဖြတ်လို့မရဘူး။ နင်က ဒီမိသားစုဝင်တစ်ယောက်ဖြစ်လို့ နင့်လုပ်ရပ်တွေက ငါတို့ဂုဏ်သိက္ခာအပေါ် သက်ရောက်မှုရှိမှာ ရှောင်လွှဲလို့မရဘူး။ သာမန် စက်ရုံအလုပ်သမားတစ်ယောက်လို ဝတ်စားပြီး ငါတို့ကို အရှက်ခွဲတာမျိုး ခွင့်မပြုနိုင်ဘူးနော်။ ခုချက်ချင်း ကိုယ့်အခန်းကိုယ်ပြန်ပြီး သပ်သပ်ရပ်ရပ် ပြန်ဝတ်လာခဲ့စမ်း”
ဇော်ရီယန် မျက်စ မပစ်မိအောင် မနည်းထိန်းထားပြီး သူ့အမေကို ကျောခိုင်းလိုက်ပါသည်။ သူ့ကို ဒီလို ပထမဆုံး ပြောဆိုဖူးတာ ဆိုရင်တော့ ဇော်ရီယန် ဝမ်းနည်းချင်ဝမ်းနည်းမိလောက်သည်။ သို့သော်လည်း ပြန်ငြင်းခုံလို့ ဘာမှမထူးသဖြင့် ဈေးနည်းနည်း ပိုကြီးသည့် အဝတ်အစားများကို လဲလိုက်ရပါသည်။ တစ်နေကုန် ရထားပေါ်မှာပဲ အချိန်ကုန်ရမှာဖြစ်တာကြောင့် အိုဗာဖြစ်နေသည် ဟုဆိုနိုင်သည်။ သို့သော်လည်း သူအောက်ထပ်ကိုပြန်ဆင်းလာတော့ သူ့အမေက ခေါင်းတငြိမ့်ငြိမ့်နဲ့ အသိအမှတ်ပြုပါသည်။ ထို့နောက် သူ့ကို တိရိစ္ဆာန်တစ်ကောင်လို ဟိုလှည့်ခိုင်းလိုက် ဒီလှည့်ခိုင်းလိုက် လုပ်ပြီးမှ ‘မဆိုးပါဘူး’ဟု မှတ်ချက်ပေးလိုက်သည်။ မီးဖိုချောင်ထဲဝင်လာတော့လည်း သူ့အမေက အနောက်မှ လိုက်လာသည်။ ဒီနေ့လည်း မနက်စာအေးအေးချမ်းချမ်း စားရမည့်ကိန်း မမြင်ပေ။
ကံကောင်းစွာဖြင့် အဖေက ‘အလုပ်ကိစ္စ’ ခရီးထွက်နေသဖြင့် ဒီနေ့တော့ သူနဲ့ ရင်ဆိုင်စရာမလိုတော့ပါ။
မီးဖိုချောင်ထဲရောက်လာပြီး စားပွဲပေါ်မှာ အသင့်စောင့်ကြိုနေသည့် ဆန်ပြုတ်တစ်ပန်းကန်ကို မြင်သောအခါ ဇော်ရီယန် မျက်မှောင် ကြုတ်သွားပါသည်။ ပုံမှန်ဆို ကိုယ့်မနက်စာကိုယ် ပြင်ဆင်ရတာ သဘောကျသော်လည်း သူ့အမေက လက်မခံပါ။ ဒါသူမရဲ့ ငြိမ်းချမ်းရေး သင်္ကေတတစ်ခုလိုပင်။ ဇော်ရီယန် မကြိုက်သည့်အရာတွေကို တမင်လုပ်ခိုင်းပြီး စကားနားထောင်မထောင် စမ်းသပ်တာ ဖြစ်သည်။
“ဒီနေ့ နင့်အတွက် တစ်ခုခုလုပ်ပေးဖို့ တွေးမိလို့။ ပြီးတော့ နင်က ဆန်ပြုတ်ကြိုက်တယ်လေ” သူမ ပြောလိုက်၏။ ၈ နှစ်သား အရွယ်ကတည်းက သူ ဆန်ပြုတ်မကြိုက်တော့ပါဟု ဇော်ရီယန် ပြောချင်သော်လည်း မပြောဖြစ်ခဲ့ပါ။ “ငါခန့်မှန်းထားတာထက် အိပ်ရာထနောက်ကျတော့ စောင့်နေရင်း ဆန်ပြုတ်တွေတောင် အေးကုန်ပြီ”
ဇော်ရီယန် မျက်စပစ်ကာ ဆန်ပြုတ်ပေါ်မှာ ‘ရေအပူပေး’ မှော်မန္တန်ကို ရွတ်ဖတ် အသုံးပြုလိုက်သည်။ ထိုအခါမှ ဆန်ပြုတ်က အနည်းငယ်သောက်ချင်စရာအခြေအနေ ပြန်ဖြစ်သွားပါသည်။
သူတို့ ကုန်သည်အဖွဲ့တွေထဲကတစ်ဖွဲ့ စိုက်ပျိုးရေးဆိုင်ရာပြဿနာတွေ ဘယ်လိုကြုံနေရကြောင်း အမေဖြစ်သူက နားငြီးအောင် ရှင်းပြနေစဉ် ဇော်ရီယန်ကတော့ အေးအေးဆေးဆေး ခေါင်းလေးငြိမ့်ရင် မနက်စာစားနေပါသည်။ သူမကို မသိမသာ လျစ်လျူ ရှုနေခြင်းပင်။ ခါဇင်စကီမိသားစု၏ သားသမီးတိုင်း တက်မြောက်ထားသင့်သော စကေးတစ်ခုဖြစ်၏။ သူတို့အဖေနဲ့ အမေက ဘယ်ကိစ္စကိုမဆို သင်ရိုးညွှန်းတမ်းကြီးတစ်ခုဖြစ်သွားအောင် ဖန်တီးနိုင်တာကြောင့်ဖြစ်ပါသည်။
သို့သော်လည်း မိသားစု၏ သိုးနက်တစ်ကောင်ဖြစ်သော ဇော်ရီယန်က ထိုသင်ရိုးတွေကို သူများတွေထက် ပိုနားထောင်ရပါသည်။ ကံကောင်းစွာဖြင့် သူ့ဆိတ်ငြိမ်မှုကို သူ့အမေ သိပ်ဂရုမစိုက်ပါ။ အဘယ့်ကြောင့်ဆိုသော် ဇော်ရီယန်က မိသားစုနဲ့အတူရှိတိုင်း အမြဲတမ်း ပါးစပ်ပိတ်နေတတ်တာကြောင့်ဖြစ်သည်။ ဒီနည်းလမ်းက သူတို့နဲ့ အဆင်ပြေပြေနေနိုင်ဖို့ အကောင်းဆုံး နည်းလမ်းလည်း ဖြစ်ပါသည်။
“အမေ” ဇော်ရီယန် စကားဖြတ်ပြောလိုက်၏။ “ခီရီ ကျွန်တော့်ပေါ် ခုန်ပေါက်နေလို့ အိပ်ရာနိုးလာတာ။ သန့်စင်ခန်းတောင် မဝင်ခဲ့ရဘူး။ အခုလည်း ကျွန်တော်စားသောက်တုန်း အမေ နားလာပူပြန်ပြီ။ လိုရင်းကိုပြောရင်ပြော ဒါမှမဟုတ် ကျွန်တော် မနက်စာ စားလိုပြီးတဲ့အချိန်အထိစောင့်ပါလားဗျာ”
“သူအဲ့လိုထပ်လုပ်ပြန်ပြီလား” သူ့အမေ မေးလိုက်သည်။ အသံက ရွှင်မြူးနေသည့် အသံနှင့်။
ဇော်ရီယန် မျက်လုံးပွတ်လိုက်ပြီး ဘာမှမပြောတော့ပေ။ သူ့အမေ မမြင်ခင် စားပွဲပေါ်ရှိ ပန်းကန်ထဲက ပန်းသီးတစ်လုံးကို အိတ်ကပ်ထဲ ခိုးထည့်လိုက်သည်။ ခီရီအဲလ်တစ်ယောက် စိတ်ရှုပ်စရာလုပ်ရပ်တွေ အကြိမ်ကြိမ်လုပ်နေသော်လည်း သူ့အမေကို တိုင်တာက အချိန်ဖြုန်းတာသက်သက်ပင်။ ဒီမိသားစုထဲမှာ ဘယ်သူမှ သူ့ဘက်မှာမရှိကြပါ။
“ဪ အဲ့လိုကြီး လုပ်မနေစမ်းပါနဲ့” ဇော်ရီယန်၏ မကျေနပ်သော မျက်နှာထားကို ရိပ်စားမိသဖြင့် သူ့အမေ ပြောလိုက်သည်။ “ညီမလေးက ဒီတိုင်းပျင်းလို့ နင်နဲ့ ကစားချင်တာနေမှာပါ။ နင်က အရမ်းကို ဆတ်ဆတ်ထိမခံဖြစ်နေတာပဲ။ နင့်အဖေနဲ့ တူလိုက်တာ”
“ကျွန်တော် အဖေနဲ့ ဘာမှမတူဘူး!” ဇော်ရီယန် အသံကျယ်လာပြီး သူမကို စိုက်ကြည့်ကာ ပြောလိုက်သည်။ ဒါ့ကြောင့် သူများတွေနဲ့အတူ စားရသောက်ရတာ မကြိုက်ခြင်းဖြစ်သည်။ ထို့နောက် မနက်စာကို တတ်နိုင်သမျှ အမြန်ဆုံးစားလို့ပြီးအောင် ပါးစပ်ထဲ ပလုတ်ပလောင်း ထည့်လေတော့သည်။
“ဟုတ်ပါတယ် မတူပါဘူး” အမေဖြစ်သူက ပေါ့ပေါ့ပြက်ပြက် ပြောလိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။ “အခုမှ သတိရတယ်။ နင့်အဖေနဲ့ ငါနဲ့ ဒေမန်ကိုသွားတွေ့ဖို့ ခေါ့သ်ကို သွားရမယ်”
အရွဲ့တိုက်စကားမပြောမိအောင် ဇော်ရီယန် ပါးစပ်ထဲက ဇွန်းကို ကိုက်ထားလိုက်ရပါသည်။ ဟိုဟာလည်း ဒေမန်၊ ဒီဟာလည်း ဒေမန်။ သားအကြီးဆုံးကို ဒီလောက် သိသိသာသာချစ်နေမှတော့ ဘာကြောင့် တခြားကလေးတွေကို ယူခဲ့တာလဲဟု သူ့မိဘတွေကို မေးချင်စိတ်များ တစ်ခါတလေ ပေါ်မိသည်။ ဒေမန်နဲ့ တွေ့ရဖို့အတွက်နဲ့ တခြားကုန်းမြေတိုက်တစ်ခုအထိတောင် တကယ်ကြီး ခရီးသွားကြမှာလား။ တစ်နှစ်လောက် မတွေ့ရရင် သေသွားမှာမို့လို့လား။
“အဲ့တာ ကျွန်တော်နဲ့ ဘာဆိုင်လို့?” ဇော်ရီယန် မေးလိုက်သည်။
“ဒီတစ်ခါသွားတာ နည်းနည်းကြာမယ်” သူမ ပြောလိုက်သည်။ “ငါတို့ ၆ လလောက် အဲ့မှာနေမယ်။ ဒါပေမယ့် တစ်နေရာနဲ့တစ်နေရာ ခရီးသွားတာနဲ့တင် အချိန်ကုန်မှာပါ။ နင်နဲ့ ဖောတို့ဗ်တို့က ကျောင်းတော်မှာဆိုပေမယ့် ခီရီအဲလ်အတွက် စိတ်ပူလို့။ ပြီးတော့ သူက အသက် ၉ နှစ်ပဲရှိသေးလို့ ခေါ်သွားဖို့လည်း မဖြစ်နိုင်ဘူး”
သူ့အမေ ဘာလုပ်စေချင်တာလဲဆိုတာကို ရိပ်စားမိသွားသဖြင့် ဇော်ရီယန် မျက်နှာ ဖြူဖပ်သွားသည်။ မရဘူးနော်။ လုံးဝ နိုး နော်။
“အမေ ကျွန်တော်လည်း ၁၅ နှစ်ပဲ ရှိသေးတယ်လေ” သူ ကန့်ကွက်သည်။
“အဲ့တော့?” သူမ ပြန်မေးလိုက်၏။ “နင့်အရွယ်တုန်းက ငါနဲ့ နင့်အဖေ အိမ်ထောင်ကျပြီးသွားပြီ”
“ခေတ်တွေမှမတူတော့တာ။ ပြီးတော့ ကျွန်တော်က ကျောင်းတော်မှာပဲ အချိန်ဖြုန်းတာများတယ်” ဇော်ရီယန်က ပြန်ပြောလိုက်၏။ “ဖောတို့ဗ်ကို ထိန်းခိုင်းလိုက်ပါလား။ သူက ကျွန်တော့်ထက် ၁ နှစ်ပိုကြီးတယ်လေ။ ပြီးတော့ ကိုယ်ပိုင်တိုက်ခန်းလည်း ရှိတယ်”။
“ဖောတို့ဗ်က စတုတ္ထနှစ်ရောက်နေပြီ” အမေဖြစ်သူက ခက်ထန်စွာ ပြောလိုက်သည်။ “ဒီနှစ် ဘွဲ့ရတော့မှာမို့လို့ ပညာရေးကို အာရုံစိုက်ထားရမယ်မလား”
“သူလည်း မထိန်းချင်ဘူးဆိုပါတော့” ဇော်ရီယန် ကောက်ချက်ချလိုက်ပါသည်။
“ပြီးတော့…” ဇော်ရီယန်စကားကို ဂရုမစိုက်ဘဲ သူမ ဆက်ပြောသည်။ “တစ်ခါတလေ ဖောတို့ဗ် ဘယ်လောက်တောင် ပေါ့ပြက်ပြက် နိုင်လဲဆိုတာ နင်လည်း သိရဲ့သားနဲ့။ ကလေးမလေးတစ်ယောက်ကို သူထိန်းနိုင်မယ်မထင်ဘူး”
“အဲ့တာဘယ်သူ့အပြစ်တုန်း” ဇော်ရီယန် တိုးညှင်းစွာ ညည်းတွားလိုက်သည်။ သို့သော် လက်ထဲကဇွန်းကိုတော့ ကျယ်လောင်စွာ ပစ်ချလိုက်ပြီး ပန်းကန်ကို ဆောင့်တွန်းလိုက်ပါသည်။
ရူးချင်ယောင်ဆောင်လိုက်လျှင် အဖေနဲ့အမေတို့က သူ့တာဝန်တွေကို ဇော်ရီယန် ခေါင်းပေါ် ပုံချမယ်မှန်း သိတာကြောင့် ဖောတို့ဗ် ပေါ့ပြက်ပြက်ဖြစ်နေတာကော မဖြစ်နိုင်ဘူးလား။ အဲ့တာမျိုး တစ်ခါမှ မစဉ်းစားမိကြဘူးလား။ အဲ့ဒီ စုန်းပြူးမလေးကို ထိန်းဖို့က ဘာလို့ သူ့တာဝန်ပဲ ဖြစ်နေရတာလဲ။ သူဒီတိုင်း ငြိမ်ခံမနေနိုင်ပါ။ ဖောတို့ဗ်က သောက်ရမ်းတွေတော်နေလို့ ခီရီအဲလ်ကို မထိန်းရတာဆို ဇော်ရီယန်လည်း ထိုနည်းလည်းကောင်းပဲ မဟုတ်လား။
ထို့အပြင် ထိုပြဿနာအိုးလေးက သူလုပ်တာမှန်သမျှကို တစ်ခုမကျန် အမေ့ဆီ ပြန်တိုင်မှာ သေချာသည်။ အိမ်နဲ့အလွန် ဝေးကွာသည့် ကျောင်းမှာ တက်ရခြင်း၏ အကောင်းဆုံးအချက်က အနားမှာ ပွစိပွစိလုပ်မည့် မိသားစုမရှိသဖြင့် ကိုယ်ကြိုက်တာ လုပ်လို့ရခြင်းပင်။ ဒါကို သူလက်မလွှတ်နိုင်ပါ။ အမှန်တကယ်ဆို ဒီကိစ္စက မိသားစုဂုဏ်ရည်တွေ၊ အဆင့်အတန်းတွေအကြောင်း သူ့ကို ပိုဆုံးမချင်တာကြောင့် သူ့အမေ ကြံစည်ထားသည့် အကြံအစည်တစ်ခုသာ ဖြစ်လိမ့်မည်။
“ကျွန်တော်လည်း ထိန်းလို့ရမယ်မထင်ဘူး” ဇော်ရီယန် အသံနည်းနည်းကျယ်လာသည်။ “လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်ကမှ ကျွန်တော်က မိသားစုအတွက် အရှက်ရစရာလို့ အမေပဲပြောသွားတာလေ။ ကျွန်တော့်အကျင့်တွေကို အတုယူပြီး ခီရီလေး ပျက်စီးသွားမှာ ဘယ်သူမှ မလိုချင်ကြဘူးမလား”
“အဲ့လိုမဟုတ်-“
“မရဘူး!” ဇော်ရီယန် အော်လိုက်၏။
“ပြီးတာပဲ” အမေဖြစ်သူက သည်းခံကာ ဆောင့်ကြီးအောင့်ကြီး ပြောလိုက်ပါသည်။ “ဒါပေမယ့် ငါတောင်းဆိုနေတာတော့မဟုတ်-“
“ဘာတွေပြောနေကြတာလဲ” ခီရီအဲလ်က အနောက်မှ ပေါ်လာပြီး မေးလိုက်ပါသည်။
“နင်ဘယ်လောက်တောင် ဆိုးတဲ့ဟာမလဲဆိုတာ ပြောနေကြတာ” ဇော်ရီယန် ချက်ချင်းပဲ ပြန်ငေါက်လိုက်လေသည်။
“ဘားမှမဟုတ်ဘူး!!” ခီရီအဲလ်က ပြန်အော်သည်။
ဇော်ရီယန် မျက်စောင်းထိုးလိုက်ပြီး ထိုင်ခုံမှ ထကာ သန့်စင်ခန်းသွားဖို့ ပြင်လိုက်ပါသည်။ သို့သော်လည်း စိတ်ဆိုးနေသည့် ညီမဖြစ်သူက လမ်းမှာ ကာပိတ်ထားသည်။ ထိုစဉ် အိမ်ရှေ့တံခါးခေါက်သံ ထွက်ပေါ်လာလေသည်။
“ကျွန်တော် သွားဖွင့်လိုက်မယ်!” ဇော်ရီယန် အမြန်ပြောလိုက်သည်။ သူတို့မောင်နှမနှစ်ယောက်ထဲက တစ်ယောက်ကို သူ့အမေ တံခါးသွားဖွင့်ခိုင်းမှာသေချာပြီး စုန်းပြူးမက တုတ်တုတ်မျှ မလှုပ်မှာကို ကြိုသိသောကြောင့် ဖြစ်ပါသည်။ ခီရီအဲလ်က အလွန် ခေါင်းမာသည်။
တံခါးဖွင့်ပေးလိုက်သောအခါ အဖိုးတန် ကာကီရောင် ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားပြီး မျက်မှန်တစ်လက်တပ်ထားကာ စာအုပ်ထူထူတစ်အုပ်ကို လက်ထဲမှာ ကိုင်ထားသည့် အမျိုးသမီးတစ်ယောက်ကို ဇော်ရီယန် မြင်လိုက်ရသည်။
အမျိုးသမီးက သူ့ကို အကဲခတ်သော အကြည့်မျိုးဖြင့် ကြည့်လိုက်ပြီး မျက်မှန် ပင့်တင်လိုက်သည်။ “ဇော်ရီယန် ခါဇင်စကီလား”
“အမ်… အင်း…” ဇော်ရီယန် ဘယ်လို တုန့်ပြန်ရမလဲ မသိပေ။
“ငါက ဆိုင်အောရီးယား တော်ဝင်မှော်ကျောင်းတော်က အီလ်ဆာ ဇီလက်တီပါ။ မင်းရဲ့ အောင်လက်မှတ်ရလဒ်ကိစ္စ ဆွေးနွေးဖို့ လာခဲ့တာ”
ဇော်ရီယန်မျက်နှာ အရောင်မဲ့သွားသည်။ သူ့ဆီ တကယ့် မှော်ဆရာမတစ်ယောက် လွှတ်လိုက်တာလား?! သူဘာများ လုပ်မိလို့လဲ?! သူ့အမေတော့ သူ့ကို အရေခွံနွှာတော့မည်။
“ပြဿနာရှိလို့မဟုတ်ပါဘူး။ မစ္စတာ ခါဇင်စကီ” သူမက ပြုံးကာ ရှင်းပြလိုက်ပါသည်။ “ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ ဆွေးနွေးဖို့အတွက် ကျောင်းတော်က တတိယနှစ်ကျောင်းသားတွေဆီကို ကိုယ်စားလှယ်တွေစေလွှတ်လေ့ရှိပါတယ်။ ငါစောစော လာခဲ့လို့ရတာမှန်ပေမယ့် ဒီနှစ် နည်းနည်းအလုပ်များနေလို့။ တောင်းပန်ပါတယ် စိတ်မရှိပါနဲ့”
ဇော်ရီယန် သူမကို စက္ကန့်ပိုင်းလောက် ဆက်ပြီး ငေးကြည့်နေမိ၏။
“အထဲဝင်လို့ရမလား”
“အမ်… အဲ! ဟုတ်ကဲ့ စိတ်မရှိပါနဲ့ မစ္စဇီလက်တီ။ ဝင်ပါ ဝင်ပါ” ဇော်ရီယန် ပျာပျာသလဲလဲ ဖိတ်ခေါ်လိုက်သည်။
“ကျေးဇူးပါ” သူမ ယဉ်ကျေးစွာ ခေါင်းငြိမ့်ရင်း အိမ်ထဲဝင်လာခဲ့ပါသည်။
သူ့အမေနဲ့ ညီမဖြစ်သူတို့ကို အမြန်မိတ်ဆက်ပေးပြီးနောက် ကျောင်းကိစ္စတွေ တစ်နေရာရာမှာ သီးသန့်ပြောလို့ရမလားဟု အီလ်ဆာက ဇော်ရီယန်ကို မေးလိုက်ပါသည်။ ထိုအခါမှ အမေဖြစ်သူက မြို့ထဲဈေးထွက်ဝယ်ရဦးမည်ဟုဆိုကာ ခီရီအဲလ်ကိုပါ ခေါ်ထုတ်သွားသည်။ ထိုအခါ အိမ်ထဲတွင် ဇော်ရီယန်နဲ့ မှော်ဆရာမ နှစ်ယောက်တည်းသာ ကျန်ခဲ့သည်။ မှော်ဆရာမက မီးဖိုချောင် စားပွဲပေါ်တွင် စာရွက်စာတမ်းပေါင်းစုံကို ဖြန့်ချလိုက်ပါသည်။
“ကဲ ဇော်ရီယန်” သူမ စကားစလိုက်၏။ “မင်းအောင်တယ်ဆိုတာ သိပြီးလောက်ပြီပေါ့”
“ဟုတ်ကဲ့။ ကျွန်တော် အသိပေးစာ ဖတ်ရပါတယ်” ဇော်ရီယန်ကဆိုသည်။ “ဆီရင်မှာ မှော်တာဝါမရှိလို့ ဆိုင်အောရီးယား ပြန်ရောက်မှ တံဆိပ်လက်ခံမလို့ပါ”
အီလ်ဆာက သူ့ကို ချိတ်ပိတ်ထားသည့် စာလိပ်တစ်စောင် ကမ်းပေးလိုက်သည်။ ဇော်ရီယန်က စာလိပ်ကို ခဏလောက် ဆန်းစစ်ကြည့်လိုက်ပြီး ဖွင့်ဖတ်လို့ရအောင် ချိတ်ပိတ်ထားတာကို ဖျက်ဖို့ ကြိုးစားသည်။ ကံမကောင်းစွာဖြင့် ချိတ်ပိတ်ထားတာက အလွန်ခိုင်မာလွန်းပါသည်။ သဘာဝတောင် မကျပါ။
သူမျက်မှောင်ကြုတ်သွား၏။ ဒီစာလိပ်ကို ဖွင့်နိုင်သည့် အရည်အချင်းမျိုး သူ့မှာမရှိဘူးဟုထင်လျှင် အစကတည်းက အီလ်ဆာ ပေးမှာမဟုတ်ပါ။ ဒါ စမ်းသပ်မှုတစ်ခုလား။ သူက အများထက်တစ်မူထူးကဲနေသူမျိုးမဟုတ်သဖြင့် ဒီစမ်းသပ်ချက်က လွယ်ကူတာ တစ်ခုခုဖြစ်ရမည်။ အတွေ့အကြုံမရှိတဲ့ မှော်ပညာရှင်တွေတောင် ဖြေရှင်းနိုင်မယ့် ဒီစမ်းသပ်ချက်မျိုးကို ဘယ်လို စကေးနဲ့---
ဪ…
စမ်းသပ်ချက်က ဘာလဲဆိုတာကို နားလည်သွားသဖြင့် ဇော်ရီယန် မျက်စပစ်ချင်သွားသည်။ ချိတ်ပိတ်ထားသည့်နေရာကို မန်နာ(Mana) တချို့ စီးဆင်းစေလိုက်သောအခါ ချိတ်က နှစ်ပိုင်းကျိုးသွားလေတော့သည်။ ထိုအခါမှ ဇော်ရီယန် စာလိပ်ကို ဖြည်ကာ ဖတ်နိုင်ပါသည်။ လက်ရေးလက်သား အလွန်လှပစွာ ရေးသားထားပြီး ပထမစက်ဝန်းအဆင့် မှော်ပညာရှင်တစ်ယောက် ဖြစ်သွားပြီဆိုတာကို သက်သေပြသည့်အထောက်အထား တစ်ခုဖြစ်ပုံရသည်။ အီလ်ဆာကို သူပြန်မော့ကြည့်လိုက်သည်။ ဇော်ရီယန် စမ်းသပ်ချက်တစ်ခုကို အောင်မြင်သွားကြောင်း အသိအမှတ်ပြုသည့်အနေဖြင့် အီလ်ဆာက ခေါင်းငြိမ့်ပြပါသည်။
“ကျောင်းပြီးတဲ့အထိ တံဆိပ်သွားမယူလည်းရပါတယ်” သူမ ပြောလိုက်၏။ “အဲ့တံဆိပ်က အရမ်း တန်ဖိုးကြီးတယ်။ ဆိုင်တစ်ခုခုဖွင့်ချင်တာမျိုး ဒါမှမဟုတ် မင်းရဲ့မှော်ပညာကျွမ်းကျင်မှုကို ရောင်းချချင်တာမျိုးမဟုတ်ရင် ဘယ်သူမှ လိုက်ရစ်မှာ မဟုတ်ဘူး။ ရစ်တဲ့သူရှိရင် ကျောင်းတော်ကိုသာ တိုင်လိုက်။ ငါတို့ရှင်းပေးမယ်”
ဇော်ရီယန် ပခုံးတွန့်ပြလိုက်သည်။ သူ့မိသားစုထဲမှ ခွဲထွက်ဖို့ ကြံထားသော်လည်း ဘွဲ့ရသည့်အထိတော့ စောင့်ရပါဦးမည်။ ဘွဲ့ရဖို့ ၂ နှစ် လိုသေး၏။ အီလ်ဆာကို ပြောစရာရှိတာဆက်ပြောဖို့ ဇော်ရီယန် အချက်ပြလိုက်ပါသည်။
“ဒါဆိုလည်း ကောင်းပြီ။ ပြီးခဲ့တဲ့ ၂ နှစ်လုံး ကျောင်းတော်အဆောင်မှာပဲ နေခဲ့တယ်လို့ မှတ်တမ်းမှာ တွေ့ရတယ်နော်။ အဲ့မှာပဲ ဆက်နေဖို့ စိတ်ကူးထားတယ်ဆိုပါတော့?”
ဇော်ရီယန် ခေါင်းငြိမ့်ပြလိုက်သည်။ ထိုအခါ အီလ်ဆာက အိတ်ကပ်ထဲ လက်နှိုက်ကာ သူ့ကို ထူးထူးဆန်းဆန်း သော့တစ်ချောင်း ထုတ်ပေးလိုက်၏။ ယေဘုယျအားဖြင့် သော့တွေ ဘယ်လိုအလုပ်လုပ်သလဲ ဇော်ရီယန် ကောင်းကောင်း သိပါသည်။ အချိန်လုံလုံလောက်လောက်ပေးပါက ရိုးရှင်းသည့်သော့တွေကို ခိုးတောင်ဖွင့်နိုင်ပါသည်။ သို့သော်လည်း ဒီသော့ ဘယ်လို အလုပ်လုပ်လဲ သူနားမလည်ပေ။ သော့ခလောက်ထဲက သော့ပေါက်တွေနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ သော့တံမှာ အသွားလည်း မပါပေ။ မသင်္ကာသဖြင့် မန်နာတချို့ ထည့်ကြည့်လိုက်သောအခါ သော့၏ သံမဏိမျက်နှာပြင်ပေါ်တွင် ခပ်ဖျော့ဖျော့ ရွှေရောင်အစင်းကြောင်းများ ပေါ်လာာသည်။ အီလ်ဆာကို သူ နားမလည်နိုင်စွာ မော့ကြည့်လိုက်၏။
“တတိယနှစ်အဆောင်တွေက တခြားအဆောင်တွေနဲ့ ခြားနားတယ်” သူမ ပြောလိုက်သည်။ “မင်းသိတဲ့အတိုင်း အခု မင်းက အသိအမှတ်ပြု ပထမစက်ဝန်းမှော်ပညာရှင်ဖြစ်နေပြီ။ ကျောင်းတော်က မင်းကို ပထမစက်ဝန်းနဲ့အထက် အဆင့်ရှိတဲ့ မှော်မန္တန်တွေ သင်ပေးခွင့် ရှိသွားပြီ။ မင်းလက်ထဲ အန္တရာယ်များတဲ့ ကုန်ကြမ်းတွေ ကိုင်ဆောင်ရနိုင်လို့ လုံခြုံရေး ပိုတင်းကျပ်ဖို့ လိုလာတဲ့အတွက် တခြား အဆောက်အဦးတစ်ခုကို မင်းပြောင်းရွှေ့ရမယ်။ အခန်းသော့ခလောက်အတွက် အဓိက သော့ချက်က မင်းရဲ့ မန်နာပဲ။ အဲ့တာကြောင့် ခုနကလိုပဲ သော့တံထဲကို မင်းရဲ့ ကိုယ်ပိုင်မန်နာ စီးဆင်းစေပြီး ဖွင့်မှ သော့ခလောက်က ပွင့်လိမ့်မယ်”
“ဪ…” ဇော်ရီယန် ရေရွတ်လိုက်သည်။ သူ့ပင်ကိုမန်နာလက္ခဏာတွေကို သူတို့ ဘယ်လိုရသွားကြသလဲဆိုတာ တွေးရင်း လက်ထဲက သော့တံကို ဇော်ရီယန် ကစားနေပါသည်။ နောက်မှ သေချာ စုံစမ်းကြည့်ရမည့် ကိစ္စတစ်ခုထပ်တိုးလာပြန်သည်။
“ပုံမှန်ဆိုရင်တော့ ဆိုင်အောရီးယား မှော်ကျောင်းတော်ရဲ့ တတိယနှစ်ကျောင်းသားတစ်ယောက်ဖြစ်ရတာ ဘယ်လိုလဲဆိုတာကို ငါအသေးစိတ်ရှင်းပြပါတယ်။ ဒါပေမယ့် ခဏနေရင် မင်းစီးမယ့်ရထား ထွက်တော့မယ်လို့ ကြားတယ်။ အဲ့တော့ ငါရောက်လာရတဲ့ အဓိကအကြောင်းအရင်းကိုပဲ ပြောကြရအောင်လား။ မင်းရဲ့ ဆရာနဲ့ ဘာသာရပ်တွေအကြောင်းပေါ့။ နောက်မှ သိချင်တာရှိရင် ထပ်မေးလို့ရတယ်”
ဇော်ရီယန် စိတ်အားထက်သန်သွား၏။ အထူးသဖြင့် ‘ဆရာ’ ဟူသည့် စကားကို ကြားလိုက်ရတာကြောင့်ဖြစ်သည်။ တတိယနှစ် ကျောင်းသားတိုင်း တစ်ပတ်တစ်ခါ သီးသန့်ဆုံခွင့်ရှိသည့် ဆရာတစ်ယောက်စီ ရွေးကြရသည်။ ထိုဆရာများက သက်ဆိုင်ရာ ကျောင်းသားများကို သင်ရိုးအတိုင်းမဟုတ်ဘဲ စွမ်းဆောင်ရည်တွေ အမြင့်ဆုံးထိ ရောက်ရှိနိုင်အောင် တခြားနည်းလမ်းများနဲ့ ကူညီသင်ကြားပေးလေ့ရှိသည်။ ဆရာတစ်ယောက်ရွေးချယ်လိုက်ခြင်းက ကျောင်းသားတစ်ယောက်၏ မှော်ပညာလမ်းကြောင်းကို အချောမွေ့ဆုံးဖြစ်အောင် ကူညီပေးနိုင်သလို အဆိုးရွားဆုံးဖြစ်အောင်လည်း ဖျက်ဆီးနိုင်သည်။ ထို့ကြောင့် ဂရုတစိုက် ရွေးချယ်ရမည်ဆိုတာကို ဇော်ရီယန် ကောင်းကောင်း သိပါသည်။ ကံကောင်းစွာဖြင့် ဘယ်ဆရာကကောင်းသလဲ ဘယ်ဆရာက ဆိုးရွားသလဲဆိုတာကို တခြားစီနီယာကြီးတွေဆီ မေးကာ လေ့လာထားဖူးသည်။ ထို့ကြောင့် အနည်းဆုံးတော့ သာမန်ထက် အနည်းငယ်ပိုသာသည့် ဆရာတစ်ယောက် ရနိုင်လိမ့်မည်ဟု ဇော်ရီယန် ယုံကြည်ထားသည်။
“ဒါဆို ကျွန်တော်က ဘယ်ဆရာတွေထဲက ရွေးလို့ရမှာလဲ” ဇော်ရီယန် မေးလိုက်သည်။
“တကယ်တော့လေ… မင်းရွေးလို့မရလောက်တော့ဘူး” အီလ်ဆာက တောင်းတောင်းပန်ပန်ပြောလိုက်သည်။ “ခုနက ပြောခဲ့သလိုပဲ ငါမင်းဆီ ဒီ့ထက်စောစော လာခဲ့ရမှာ။ ကံမကောင်းစွာနဲ့ အခုလောက်ဆို တခြားဆရာတွေလည်း ကျောင်းသားတွေ လက်ခံလို့ ပြည့်သွားလောက်ပြီ”
ဇော်ရီယန် ခံစားချက်တွေ မကောင်းတော့ပါ။ “… ဒါဆို ဘယ်ဆရာလဲ”
“ဗင်ချောင်”
ဇော်ရီယန် မျက်နှာကို လက်ဖြင့်အုပ်ကာ ညည်းတွားလိုက်မိသည်။ ဆရာတွေအားလုံးထဲမှာ ဗင်က အဆိုးဆုံးဆရာဆိုတာ လူတိုင်း လက်ခံကြသည်။ ဘာကြောင့် သူနဲ့မှ…။
“အဲ့လောက်လည်း မဆိုးပါဘူး” အီလ်ဆာက အာမခံလိုက်ပါသည်။ “ကောလဟာလတွေက ပုံကြီးချဲ့ထားကြတာတွေများတယ်။ ပရော်ဖက်ဆာဗင်ရဲ့ သင်ကြားတဲ့ပုံစံကို မနာခံချင်တဲ့ကျောင်းသားတွေ သွားပုပ်လေလွင့်ပြောကြတာပေါ့။ မင်းလို ပါရမီလည်းရှိ၊ ကြိုးလည်းကြိုးစားတဲ့ ကျောင်းသားတွေဆိုရင်တော့ သူနဲ့ပြဿနာရှိမယ် မထင်ပါဘူး”
ဇော်ရီယန်က ထပ်မေးလိုက်သည်။ “တခြား ဆရာရွေးဖို့လည်း အခွင့်အရေးမရှိတော့ဘူးမလား”
“ဟင့်အင်း။ မနှစ်က အောင်ချက်တွေတော်တော်ကောင်းတော့ ဆရာတွေအကုန် ကျောင်းသားတွေပြည့်သွားပြီ။ ပရော်ဖက်ဆာဗင် တစ်ယောက်ပဲ လွတ်တော့တာ”
“အောင်မယ်လေး အံ့ဩစရာကြီး။ ဘာလို့လဲမသိဘူးနော်” ဇော်ရီယန် အရွဲ့တိုက်ကာ ငေါ့လိုက်ပါသည်။ “ဟုတ်ပါပြီ ထားလိုက်ပါတော့။ ဘာသာရပ်တွေကကော”
အီလ်ဆာက နောက်ထပ် စာလိပ်တစ်လိပ် ကမ်းပေးလိုက်သည်။ ဒီတစ်လိပ်ကတော့ ချိတ်ပိတ်ထားခြင်းမရှိပေ။ ကျောင်းတော်မှ သင်ကြားပေးနိုင်သည့် ဘာသာရပ်အတန်းအားလုံးကို စာရင်းပြုစု ဖော်ပြထားပြီး အတော်လေး ရှည်လျားလှသည်။ အလွန့်အလွန်ရှည်လျားလှပါသည်။ သင်ယူလိုသည့် ဘာသာရပ်မှန်သမျှကို ဒီစာလိပ်ပေါ်မှာ ရှာနိုင်သည်။ မှော်ပညာနဲ့ သိပ်မသက်ဆိုင်သော ပညာရပ်တွေလည်း ပါဝင်နေသည်။ ဥပမာအားဖြင့် အဆင့်မြင့်သင်္ချာ၊ အနုပညာနဲ့ ယဉ်ကျေးမှု၊ ဗိဿုကာ စသည်တို့ ဖြစ်ကြသည်။ ဒါလည်း ဖြစ်သင့်ပါသည်။ အစ်ခ်ကော့ရှန်း မှော်ပညာက တခြားပညာရပ်တွေနဲ့ တစ်နည်းမဟုတ်တစ်နည်း ဆက်နွယ်နေတာကြောင့် ဖြစ်သည်။
“အများဆုံး ၅ ဘာသာ အနည်းဆုံး ၃ ဘာသာ ရွေးပေးရမယ်။ အခု ရွေးလိုက်ရင် ငါတို့အတွက် ပိုအဆင်ပြေတာပေါ့။ အတန်းမစခင် ပိတ်ရက်တွေမှာ အချိန်စာရင်း စီစဉ်ပေးလို့ရတယ်လေ။ စာရင်းအရွယ်အစားကိုကြည့်ပြီး ကြောက်မသွားပါနဲ့။ မင်းနဲ့ မသင့်တော်တဲ့ ဘာသာရပ်တစ်ခုခုရွေးလိုက်မိရင်တောင် ပထမလအတွင်း ပြန်ပြောင်းလို့ရတယ်”
ဇော်ရီယန် မျက်မှောင်ကြုတ်သွား၏။ ဘာသာရပ်တွေက အလွန်များပြားပြီး ဘယ်တစ်ခုကိုရွေးချင်မှန်းလည်း မသေချာပါ။ ဆရာ ကဏ္ဍမှာ စုတ်ချာသွားပြီးပြီမို့ ဒီကဏ္ဍမှာတော့ သောက်တလွဲလုပ်လို့ မဖြစ်ပေ။ သူအချိန်ယူရပါမည်။
“စိတ်တော့မရှိပါနဲ့ မစ္စဇီလက်တီ။ ကျွန်တော်တို့ ဆက်မဆွေးနွေးခင် ခဏလောက်နားလို့ရမလားဟင်”
“ရပါတယ်” သူမ ပြောလိုက်၏။ “တစ်ခုခုဖြစ်လို့လား”
“ဘာမှမဖြစ်ဘူး” ဇော်ရီယန်က ရှင်းပြလိုက်သည်။ “ကျွန်တော် သန့်စင်ခန်း တကယ်သွားမှဖြစ်တော့မှာမို့လို့ပါ…”
အီလ်ဆာတော့ သူ့ကို ဘယ်လိုမြင်သွားပြီလဲ ဇော်ရီယန်မသိပါ။ သို့သော် သူ့ကို ဒီလိုထိန်းမနိုင်သိမ်းမရအခြေအနေဖြစ်အောင် လုပ်ခဲ့သည့်အတွက် ခီရီအဲလ် သေချာပေါက် ပြန်ပေးဆပ်ရမည်…။
*** *** ***