Good Morning ကိုကြီး
Vol. 1 Ch. 1.2
ဇော်ရီယန်တစ်ယောက် မိသားစုနောက်ကို တိတ်တိတ်ဆိတ်ဆိတ်လိုက်ရင်း ဆီရင်ဘူတာအတွင်းသို့ ရောက်လာခဲ့သည်။ ‘သူငယ်ချင်း’ ဆိုသူတွေကို ဖောတို့ဗ်တစ်ယောက် ပျော်ပျော်မြူးမြူးနှုတ်ဆက်နေတာကို ဇော်ရီယန်မြင်သော်လည်း မမြင်ချင်ယောင်သာ ဆောင်လိုက်သည်။ ဘူတာထဲမှာ ရင်းနှီးနေသော မျက်နှာတချို့ မြင်ရမလား ရှာဖွေကြည့်သော်လည်း ထင်ထားသည့်အတိုင်း တစ်ယောက်မှမတွေ့ရပါ။ ဒီ မြို့ထဲမှာ သူနဲ့ရင်းနှီးသူလည်း သိပ်မရှိပေ။ အမေ့ရဲ့ အကြည့်ကို အာရုံခံမိနေသော်လည်း သူပြန်လှည့်မကြည့်ဘဲ ထိုင်စရာ ခုံတန်းရှည်အလွတ် တစ်လုံးကိုသာ လိုက်ရှာနေမိသည်။ ပြန်ကြည့်လိုက်ပါက အမေ့ကိုစကားပြောခွင့်ပေးလိုက်သလိုဖြစ်ပြီး သူမ ဘာတွေငေါက်ဦးမလဲဆိုတာ ဇော်ရီယန် ကြိုသိနေပြီးသားဖြစ်တာကြောင့်ပင်။
“ဖောတို့ဗ်နဲ့ သူ့သူငယ်ချင်းတွေကို ဘာလို့စကားသွားမပြောတာလဲ ဇော်ရီယန်”
ဘာလို့လဲဆိုတော့ ဒီကောင်တွေကလည်း ဖောတို့ဗ်လို မရင့်ကျက်တဲ့ ဆန်ကုန်မြေလေးတွေမို့လို့ပေါ့။ အဲ့တာကြောင့်လေ။
ရထားလမ်းမကြီးကို စိတ်ပင်ပန်းစွာကြည့်လိုက်ရင်း ဇော်ရီယန် သက်ပြင်းချလိုက်၏။ ရထားက နောက်ကျနေပါသည်။ စောင့်ရတာ ကိစ္စမရှိသော်လည်း ဒီလိုလူစုလူဝေးထဲမှာစောင့်နေရတာက သူ့ကို နှိပ်စက်နေသလိုပင်။ သူ့မိသားစုကတော့ နားလည်မှာမဟုတ်၊ ဇော်ရီယန်က လူစုလူဝေးတွေကို မုန်းတီးသည်။ လက်ဆုပ်လက်ကိုင်ပြနိုင်သောအရာမဟုတ်သော်လည်း လူတွေအများကြီး စုဝေးလာလျှင် သူ့အပေါ် တစ်စုံတစ်ခုက ဖိအားပေးထားသလို လေးလံလာတာကို ခံစားမိခြင်းကြောင့် ဖြစ်သည်။ အချိန်အတော်များများမှာတော့ စိတ်ရှုပ်ဖို့ကောင်းသော်လည်း တစ်ခါတလေ အသုံးဝင်ပါသည်။ ဥပမာအားဖြင့် လူစုလူဝေးတွေထဲ သူ့ကို ဆွဲခေါ်သွားလျှင် မိနစ်ပိုင်းအတွင်း သတိလစ်သွားတတ်မှန်း အဖေနဲ့ အမေ သိသွားပြီဖြစ်တာကြောင့် သူ့ကို ဘုရားကျောင်းတွေဘာတွေ ခေါ်သွားလေ့မရှိတော့ပါ။ ကံကောင်းစွာဖြင့် ဒီနေ့ သတိလစ်ရလောက်အောင်တော့ ရထားဘူတာရုံက လူတွေပြည့်ကျပ်မနေပေ။ သို့သော်လည်း အချိန်ဆွဲလို့တော့မရမှန်း ဇော်ရီယန်သိပါသည်။ ရထားအရမ်းကြီး နောက်မကျဖို့ ဆုတောင်းမိသည်။ တစ်နေကုန် ခေါင်းကိုက်ပျောက်အောင် အနားယူရင်း မကုန်ဆုံးချင်တာကြောင့် ဖြစ်ပါသည်။
ဖောတို့ဗ်၏ အာကျယ်ကျယ် ရယ်သံကြီးကြောင့် သူ့အတွေးတွေတောင် ပျောက်သွားရသည်။ သူ့အစ်ကိုမှာတော့ သူ့လို ပြဿနာတွေ မရှိတာသေချာပါသည်။ အရင်လိုပဲ တက်တက်ကြွကြွ၊ လူတောတိုးပြီး ကမ္ဘာကြီးကို ထိန်လင်းသွားစေမည့် အပြုံးတစ်ခု အမြဲဆောင်ထားသည်။ သူ့နားကလူတွေကလည်း သူ့ကို စိတ်ဝင်စားကြတာ သိသာသည်။ ဇော်ရီယန်လို လူကောင် သေးသော်လည်း တစ်ချက်လောက်ကြည့်လိုက်တာနဲ့ လူအုပ်အကြားမှာ ထင်ရှားနေပါသည်။ သူ့နားမှာ စကားဖြင့်ဖော်မပြနိုင်သည့် အရှိန်အဝါတစ်ခုရှိနေသည်။ ဒီအချက်မှာတော့ ဖောတို့ဗ်က ဒေမန်နဲ့ တူပါသည်။ သို့သော်လည်း ဒေမန်က သူ့ဆွဲဆောင်မှုနဲ့လိုက်အောင် တကယ့်အစွမ်းအစတွေပိုင်ဆိုင်ထားသည်။
ဇော်ရီယန် ခေါင်းခါပြီး ခပ်သဲ့သဲ့ပြုံးလိုက်၏။ ဆိုင်အောရီးယားမှော်ကျောင်းတော်ကြီးလို မြင့်မြတ်သည့်အဖွဲ့အစည်းထဲ ဖောတို့ဗ် တစ်ယောက် ဘယ်လိုရောက်လာသလဲ ဇော်ရီယန် သေချာမသိပေ။ သို့သော်လည်း ဖောတို့ဗ်ကို ကျောင်းတော်ဝင်ခွင့်ရအောင် အကြီးအကဲလက်တချို့ကို သူ့အဖေ ဆီဆွတ်ပေးခဲ့ရပုံပေါ်ပါသည်။ ဖောတို့ဗ်က တုံးအတာမဟုတ်သော်လည်း အလွန်အပျင်းကြီးပြီး ဘယ်လောက်အရေးကြီးကြီး ဘာတာဝန်ကိုမှအာရုံမစိုက်နိုင်သည့်လူတစ်ယောက်ဖြစ်သည်။ ဒီအကြောင်းကို ဘယ်သူမှ သိပ်မသိကြပါ။ အမှန်ပင်။ ဒီကောင်လေးက အလွန်ဆွဲဆောင်မှုရှိသည်။ ထိုဆွဲဆောင်မှုအောက်မှာ သူ့ရဲ့အသုံးမကျချက်တွေကို ဖုံးကွယ်ထားတာလည်း အလွန်တော်သည်။
ဖောတို့ဗ်နဲ့ ဇော်ရီယန်တို့က ဒေမန်ဆီမှ ကောင်းကွက်တွေ တစ်ယောက်တစ်ဝက်ပိုင်ဆိုင်ထားသည်ဟု အဖေက မကြာခဏ စနောက်တတ်သည်။ ဖောတို့ဗ်က ဒေမန်၏ ဆွဲဆောင်မှုမျိုးကို ပိုင်ဆိုင်ထားပြီး ဇော်ရီယန်ကတော့ ဒေမန်၏ ထူးချွန်မှုမျိုးကို ပိုင်ဆိုင်ထားသည်။
သူ့အဖေရဲ့ ဟာသဉာဏ်ကို ဇော်ရီယန် တစ်ခါမှသဘောမကျခဲ့ပေ။
ထိုအချိန် လေထုထဲမှ ဝီစီသံတစ်သံထွက်ပေါ်လာသည်။ ထို့နောက် သံဘီးများနဲ့ ရထားလမ်းတို့ ပွတ်တိုက်သံ ကျယ်ကျယ် လောင်လောင်ဖြင့် ရထားကြီး ဆိုက်ရောက်လာပါသည်။ ယခင်တုန်းက ရထားများမှာ မောင်းနှင်ဖို့ ကျောက်မီးသွေးအမြောက်အများ သုံးစွဲရပြီး မီးခိုးတွေလည်း အလွန်ထွက်သော ရထားများဖြစ်ကြသည်။ သို့သော်လည်း ဒီတစ်စင်းကတော့ မန်နာပုံဆောင်ခဲများကို လောင်စာအဖြစ်အသုံးပြုသည့် မှော်နည်းပညာအင်ဂျင်ကို ထည့်သွင်းထားသော ရထား တစ်စင်းဖြစ်သည်။ ပိုလည်းသန့်ရှင်း၊ ဈေးလည်းသက်သာ၊ ပြုပြင်ထိန်းသိမ်းဖို့လည်း သိပ်မလိုပေ။ ရထားကြီးနီးကပ်လာသောအခါ မန်နာတွေ ဖြာထွက်နေတာကို ဇော်ရီယန်ခံစားမိပါသည်။ သို့သော်လည်း သူ့မှော်ပညာကို အာရုံခံနိုင်စွမ်းက အလွန်အားနည်းသေးသဖြင့် ဘယ်လိုအလုပ်လုပ်သလဲ အသေးစိတ်တော့ မသိရပေ။ ထိုရထားကြီးများ၏ အင်ဂျင်ခန်းတွေထဲ ဝင်ကြည့်ချင်မိသော်လည်း ရထား အော်ပရေတာတွေကို ချဉ်းကပ်ဖို့ နည်းလမ်းကောင်းရှာမရသေးပါ။
အမေနဲ့ ခီရီအဲလ်တို့ကို နှုတ်ဆက်ပြီး ရထားထဲဝင်ကာ ဇော်ရီယန် ထိုင်ခုံရှာလိုက်ပါသည်။ လူမရှိသည့် ရထားခန်းကို သူတမင်သက်သက် ရွေးလိုက်သည်။ ထိုကဲ့သို့ အခန်းမျိုးကို ရှာဖို့က အလွန်လွယ်ကူပါသည်။ အပြင်မှာ လူတွေ ဘယ်လောက်များများ ဒီရထားကို စီးမည့်သူက အနည်းငယ်သာရှိတာကြောင့်ပင်။
၅ မိနစ်ခန့်ကြာသောအခါ နောက်ထပ် နားကွဲစေလောက်အောင် ကျယ်လောင်သော ဝီစီသံနဲ့အတူ ဆိုင်အောရီးယားသို့ ခရီးရှည်ကြီး စတင်ခဲ့တော့သည်။
--- --- ---
ကျယ်လောင်စူးရှသော တဂျီဂျီတဂျောက်ဂျောက်မြည်သံကို ကြားလိုက်ရပြီး ခေါင်းလောင်းထိုးသံတွေလည်း ထွက်ပေါ်လာသည်။
“ကော်ဆာဘူတာဆိုက်ပါပြီ” ပျင်းရိပျင်းတွဲအသံတစ်သံ ထွက်ပေါ်လာ၏။ “ကော်ဆာဘူတာကို ဆိုက်ရောက်ပါပြီ။ ကျေးဇူးအများကြီး တင်ပါတယ်”
စပီကာက ခပ်စူးစူးအသံတစ်ချက် ထပ်မြည်ပြီး တိတ်ဆိတ်သွားလေသည်။
ဇော်ရီယန် စိတ်ညစ်စွာ သက်ပြင်းအရှည်ကြီးချလိုက်ပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူရထားတွေကို မုန်းသည်။ ပျင်းဖို့လည်းကောင်း၊ ပူလည်းပူ၊ စည်းချက်ကျကျ ဂျုံးဂျုံးဂျက်ဂျက်မြည်သံတွေက သူ့ကို အိပ်ငိုက်စေသည်။ သို့သော်လည်း တကယ်တမ်း အိပ်ပျော်သွားရင်လည်း ဘူတာရုံကြေညာသူရဲ့ ရိုင်းရိုင်းစိုင်းစိုင်း နှိုးတာကို ခံရပြန်ပါသည်။ ထိုကြေညာသူရဲ့ အလုပ်က ဒါပဲမဟုတ်လား။ အိပ်စက်ပြီး လိုက်ပါလာတဲ့ ခရီးသည်တွေကို နှိုးဖို့ဖြစ်သည်။
ပြူတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်ပြန်တော့လည်း တခြား ရထားဘူတာရုံတွေလိုပဲ ပုံစံတူ ဘူတာရုံကြီးတစ်ခုကိုသာ မြင်ရပါသည်။ တကယ်တော့ ဒီဘူတာကလည်း ယခင် ဘူတာရုံ ၅ ခုနဲ့ လုံးဝ ချွတ်စွတ်တူနေသည်။ အပြာရောင်အနားကွပ်ထားသော အဖြူရောင် ဆိုင်းဘုတ်ကြီးပေါ်တွင် ‘ကော်ဆာ’ ဟု ရေးသားထားတာကအစ အကုန်တူနေပါသည်။ ဘူတာရုံဆောက်လုပ်ရေးသမားတွေက ပုံစံတူ နမူနာတွေသုံးပြီး ဘူတာတွေအကုန်လုံးကို ဆောက်ထားတာများလား။ ရထားဆိုက်ကပ်ထားသော ဘူတာရုံပလက်ဖောင်းကြီးကို ကြည့်လိုက်လျှင် ရထားပေါ်တက်ဖို့ စောင့်နေသော လူအုပ်ကြီးကို မြင်ရသည်။ ကော်ဆာက အဓိက ကုန်သွယ်ရေး မဏ္ဍိုင်တစ်ခုဖြစ်သည့်အလျောက် ကုန်သည်မိသားစုတွေလည်း များစွာနေထိုင်ကြသည်။ ထိုကုန်သည်များက ၎င်းတို့၏ သားသမီးများကို ဂုဏ်သရေရှိ ဆိုင်အောရီးယားမှော်ကျောင်းတော်သို့ ပို့ဆောင်ပြီး မှော်ပညာရှင်တွေ ဖြစ်လာစေကာ တခြား တော်ဝင်မိသားစုတွေရဲ့ကလေးတွေကြားထဲ ဝင်ရောက်ရောစပ်ပါဝင်စေသည်။ တခြားကျောင်းသားတွေ သူ့ရထားခန်းထဲ ဝင်မလာဖို့ ဇော်ရီယန် ဆုတောင်းမိသည်။ သို့သော် ဒါက အိပ်မက်သာသာဆိုတာ သူသိပါသည်။ ကျောင်းသားတွေက အများကြီး ရှိပြီး ဒီရထားခန်းထဲမှာ သူကလွဲလို့ ဗလာကျင်းဖြစ်နေတာကြောင့်ပင်။ သူ့ထိုင်ခုံမှာ သက်တောင့်သက်သာရှိအောင် ဆက်နေဖို့ အကောင်းဆုံးကြိုးစားပြီး မျက်လုံးပြန်မှိတ်ထားလိုက်ပါတော့သည်။
သူ့ရထားခန်းထဲ ပထမဆုံးဝင်ရောက်လာသူက အစိမ်းရောင် လည်ခေါက်ဆွယ်တာကို ဝတ်ဆင်ထားပြီး မျက်မှန်တပ်ထားသော ခပ်ဝဝ ကောင်မလေးတစ်ယောက်ဖြစ်သည်။ သူမက ဇော်ရီယန်ကို သာမန်ကာလျှံကာအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး တစ်ယောက်တည်း စာအုပ်တွေ တိုးတိုးတိတ်တိတ် ထိုင်ဖတ်နေလိုက်ပါသည်။ ဒီလို လူလိုနားလည်သည့် ခရီးသွားအဖော်ကို ရလိုက်တာ ဇော်ရီယန် ဝမ်းသာသော်လည်း သိပ်မကြာခင် တခြား မိန်းကလေး ၄ ယောက်အုပ်စုရောက်လာပြီး ကျန်ရှိနေသော ထိုင်ခုံ ၄ ခုံတွင် ဝင်ထိုင်လိုက်ကြသည်။ ထို ၄ ယောက်က အလွန်အာပြဲပြီး အရယ်သန်ကြသည်။ ထို့ကြောင့် ဇော်ရီယန်တစ်ယောက် ချက်ချင်းထပြီး နောက်တစ်ခန်းပြောင်းချင်စိတ်တွေတောင် ပေါ်လာပါသည်။ ရထားအပြင်က ကျော်ဖြတ်သွားသော အဆုံးမဲ့ ကွင်းပြင်တွေကို ငေးကြည့်လိုက်၊ တခြား ကောင်မလေးတွေရဲ့ ဆူညံပွက်လောရိုက်မှုကြောင့် သူ့လိုပဲ စိတ်ညစ်နေသော မျက်မှန်ကောင်မလေးနဲ့ အကြည့်ချင်းဖလှယ်လိုက်နဲ့ ဇော်ရီယန် ခရီးတစ်ခုလုံး အေးအေးဆေးဆေးမနေရဘဲ လိုက်ပါလာခဲ့ပါသည်။
မိုးကုတ်စက်ဝိုင်းမှာ သစ်ပင်တွေကိုမြင်သောအခါ ဆိုင်အောရီးယားနဲ့ နီးကပ်လာပြီဆိုတာ သူသိလိုက်သည်။ ဒီလမ်းကြောင်းပေါ်မှာ မဟာမြောက်ပိုင်းသစ်တောကြီးနဲ့ နီးကပ်သည့်မြို့တော်ဆိုလို့ ဒီတစ်မြို့တည်းသာရှိသည်။ မဟုတ်ပါက ရထားတွေအကုန်လုံး ထိုနာမည်ဆိုးနဲ့ ကျော်ကြားသည့်နေရာနား မကပ်မိအောင် ရှောင်ရှားလေ့ရှိကြပါသည်။ ဇော်ရီယန် အိတ်ကို မလိုက်ပြီး ထွက်ပေါက်နားမှာ သွားရပ်နေသည်။ ဆိုင်အောရီးယားကိုရောက်တာနဲ့ လူတွေအများကြီး စုပြုံလာတာကိုရှောင်ပြီး အရင်ဆုံး ဆင်းလို့ရအောင်ဖြစ်ပါသည်။ သို့သော်လည်း သူနောက်ကျသွားလေပြီ။ သူထွက်ပေါက်နားကိုရောက်သောအခါ လူအုပ်ကြီးတစ်အုပ်က ကြိုစောင့်နေပြီးသားဖြစ်သည်။ အနီးနားရှိ ပြူတင်းပေါက်မှာ မှီနေလိုက်ပြီး သူ့ဘေးက ပထမနှစ် ကျောင်းသူ တစ်စု၏ မှော်ပညာကို စတင်သင်ယူရမှာ ဘယ်လိုတောင်စိတ်လှုပ်ရှားမိကြောင်း ပျော်ပျော်မြူးမြူးပြောဆိုနေကြသံကို နားထောင်ကာ စိတ်ကူးနဲ့ပုံဖော်ဖို့ ကြိုးစားနေလိုက်သည်။ ဟင်းဟင်း ဒင်းတို့တော့ စိတ်ပျက်သွားကြတော့မှာပဲ။ ပထမနှစ်တွေက သီအိုရီတွေ၊ တရားထိုင်လေ့ကျင့်ခန်းတွေ၊ မန်နာကို မှန်မှန်ကန်ကန် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာတွေသာ သင်ရမှာဖြစ်သည်။
“ဟေ့! နင်က စီနီယာတစ်ယောက်မလား”
သူ့ကို စကားလာပြောသည့် ကောင်မလေးကို ဇော်ရီယန် စိတ်ပျက်စွာကြည့်လိုက်၏။ ဒီလူတွေကို သူစကားမပြောချင်ပါ။ မနက်အစောကြီးကတည်းက ရထားစီးလာရတာဖြစ်ပြီး အိမ်မှာလည်း အီလ်ဆာကို သူသောက်စရာတစ်ခုခု ချမပေးခဲ့တာကြောင့် ဧည့်ဝတ်မကျေပွန်ကြောင်း အမေက နားပူနားဆာလုပ်ခဲ့သေးသည်။ ဇော်ရီယန် ဘာဆိုဘာမှလုပ်ချင်စိတ်မရှိတော့ပါ။
“အဲ့လိုပြောလို့ရမယ်ထင်တာပဲ” ဇော်ရီယန် သတိထားပြီးပြောလိုက်ပါသည်။
“ငါတို့ကို မှော်ပညာနည်းနည်း သုံးပြလို့ရလား” သူမက စိတ်အားထက်သန်စွာ မေးလိုက်သည်။
“မရဘူး” ဇော်ရီယန်က ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။ သူညာနေတာ မဟုတ်ပေ။ “ဒီရထားပေါ်မှာ မန်နာပုံဆောင်လို့ မရအောင် ကာကွယ်ထားတယ်။ အရင်က လူတွေ မီးမှော်ပညာ လက်သရမ်းသုံးပြီး ရထားခန်းတွေကို ဖျက်ဆီးခဲ့ဖူးလို့”
“ဪ…” ကောင်မလေးက သိသိသာသာ စိတ်ပျက်သွားလျက် ပြောလိုက်ပါသည်။ သူမ တစ်ခုခုကို စဉ်းစားဖို့ ကြိုးစားနေသလို မျက်မှောင်ကြုတ်သွား၏။ “မန်နာပုံဆောင်တယ်ဆိုတာက?” သူမ သတိထားပြီး မေးလိုက်ပါသည်။
ဇော်ရီယန် မျက်ခုံးတစ်ဖက် ပင့်သွား၏။ “မန်နာဆိုတာ ဘာလဲမသိဘူးလား” သူမက ပထမနှစ်ဆိုတာတော့ မှန်ပါသည်။ သို့သော်လည်း မန်နာဆိုတာ မူလတန်းအဆင့်မျှသာဖြစ်သည်။ မူလတန်းတက်ခဲ့သူတိုင်း ဒီလောက်တော့ သိသင့်ပါသည်။
“မှော်ပညာလား” သူမ ရှက်ကိုးရှက်ကန်း ခန့်မှန်းကြည့်လိုက်သည်။
“အောင်မယ်လေး…” ဇော်ရီယန် ညီးတွားလိုက်ပါသည်။ “နင်အဲ့လိုလုပ်နေရင် ဆရာတွေ အကျပဲပေးလိမ့်မယ်။ မဟုတ်ဘူး။ မှော်ပညာမဟုတ်ဘူး။ မှော်ပညာကို အားဖြည့်ပေးတဲ့အရာ။ စွမ်းအင်၊ ပါဝါ၊ ဒါမှမဟုတ် မှော်ပညာရှင်တစ်ယောက်က မှော်အာနိသင် တစ်ခုဖြစ်လာအောင် ပုံဆောင်ရတဲ့အရာပေါ့။ သင်ရိုးတွေထဲမှာ ပိုသင်ရပါလိမ့်မယ်။ အရိုးရှင်းဆုံးပြောရရင်တော့ မန်နာမရှိရင် မှော်ပညာဆိုတာဖြစ်မလာဘူး။ လောလောဆယ် ငါမန်နာသုံးလို့မရဘူး။ ဒါပါပဲ”
သူ့ရှင်းပြချက်က အနည်းငယ် အဓိပ္ပာယ်ကွဲလွဲနေရင်တောင် သောက်ဂရုမစိုက်ပါ။ ဒီလိုအရာတွေကို သိနေသင့်သော သူစိမ်း တစ်ယောက်ကို အကုန်ရှင်းပြနေစရာမလိုပါ။
“အမ်… အိုကေပါ။ ဒါဆို နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်နော်”
ရထားဘီးသံအကျယ်ကြီးနဲ့ ဆိုင်အောရီးယားဘူတာရုံသို့ သူတို့ရထား ဆိုက်ရောက်သွားခဲ့ပါသည်။ ဇော်ရီယန် အမြန်ဆုံး ဆင်းလိုက်ပြီး အရှေ့က အံ့ဩတကြီးဖြစ်နေကြသော ပထမနှစ်လေးများကို ကျော်ဖြတ်လာခဲ့သည်။
ဆိုင်အောရီးယားဘူတာရုံကြီးက အလွန်ကြီးမားပြီး ဧရာမ လိုဏ်ခေါင်းကြီးတစ်ခုနဲ့တူသည်။ တကယ်တော့ ဘူတာရုံကြီးတစ်ခုလုံးက ပိုပြီးတောင်ကြီးမားပါသေးသည်။ ဒီလိုလိုဏ်ခေါင်းကြီးမျိုး ၄ ခုလောက်ရှိသေးပြီး တခြားအဆောက်အအုံတွေလည်း ရှိပါသေးသည်။ ကမ္ဘာပေါ်မှာ ဒါမျိုး တခြားဘယ်မှာမှ မတွေ့ရသဖြင့် ပထမဆုံး ကြုံရသူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွား စေလေ့ရှိသည်။ ဇော်ရီယန်လည်း ပထမဆုံးအကြိမ်ရောက်လာတုန်းက ဒီလိုပဲမဟုတ်ပါလား။ ဒီဂိတ်ကြီးကနေ ဖြတ်သွားသော လူအရေအတွက်ကြောင့် ပိုပြီး မျက်စိလည်လမ်းပျောက်စေသည်။ ဆိုင်အောရီးယားသို့ လာရောက်ကြသော သို့မဟုတ် ဆိုင်အောရီးယားမှ ထွက်ခွာကြသော ခရီးသည်များ၊ ရထားကြီးတွေကို စစ်ဆေးပြီး အထုတ်အပိုးများ သယ်ယူကြသော အလုပ်သများများ၊ သတင်းစာခေါင်းစီးတွေကို အော်ဟစ်နေကြသော သတင်းစာအရောင်းသမားလေးများ၊ သို့မဟုတ် အကြွေလေးများ ရှိရင်ပေးသနားကြပါဟု တောင်းစားနေကြသော အိမ်ရာမဲ့များဖြင့် ပြည့်နှက်လို့နေသည်။ ဇော်ရီယန် သိသလောက်ဆို ဒီလို လူစည်ကားသိုက်မြိုက်တာ ညဘက်မှာတောင် လျော့နည်းမသွားပေ။ ပိုဆိုးတာက ဒီနေ့က အတော်လေး အလုပ်များကြသော နေ့ဖြစ်နေပါသည်။
မျက်နှာကြက်ပေါ်မှ တွဲလောင်းကျနေသော ဧရာမ နာရီကြီးကိုကြည့်လိုက်ပြီး သူ့မှာ အချိန်တွေအများကြီးရှိသေးတာကို ဇော်ရီယန် သိလိုက်ရပါသည်။ ထို့နောက် အနီးနားရှိ ပေါင်မုန့်ဆိုင်မှ ပေါင်မုန့်တချို့ကို ဝယ်ယူပြီး ဆိုင်အောရီးယား ဗဟိုပလာဇာသို့ ဦးတည်ခဲ့သည်။ ဗဟိုပလာဇာမှာရှိသည့် ရေပန်းကြီးဘေးမှာ ဝယ်ထားတာတွေ ထိုင်စားဖို့ ကြံထားသည်။ ထိုနေရာက အနားယူလို့ကောင်းသည့် နေရာတစ်ခုဖြစ်ပါသည်။
ဆိုင်အောရီးယားက စိတ်ဝင်စားစရာ မြို့တစ်မြို့ဖြစ်၏။ ကမ္ဘာ့အဖွံ့ဖြိုးဆုံးနဲ့ အကြီးမားဆုံး မြို့ကြီးတွေထဲကတစ်မြို့လည်း ဖြစ်သည်။ သို့သော် မကောင်းဆိုးဝါးတွေပြည့်နှက်နေသော သစ်တောကြီးတစ်ခုနဲ့ အလွန်နီးကပ်နေတာကတစ်ကြောင်း၊ ကုန်သွယ်ဖို့ ကောင်းမွန်သည့် တည်နေရာမဟုတ်တာကတစ်ကြောင်း ကမ္ဘာ့အဖွံ့ဖြိုးဆုံးနဲ့ အကြီးမားဆုံးမြို့ဟု မထင်ရက်စရာ ဖြစ်နေသည်။ ဆိုင်အောရီးယားကို တကယ်တမ်း ကျော်စောစေသည့်အရာက မြို့တော်၏ အနောက်ဘက်ရှိ ဧရာမ စက်ဝန်းပုံစံ တွင်းပေါက်ကြီး ဖြစ်ပါသည်။ ကမ္ဘာ့အသိသာဆုံး မြေအောက်တွင်းဝင်ပေါက်တစ်ခုဖြစ်ကာ အဆင့် ၉ မန်နာတွေ တည်ရှိနေသာ နေရာတစ်ခုဖြစ်သည်။ ထိုမြေအောက်ကမ္ဘာမှ မတော်မတရားထွက်နေသော မန်နာစွမ်းအင်ပမာဏတွေကြောင့် မှော်ပညာရှင်များအတွက် မလွန်ဆန်နိုင်စရာနေရာတစ်ခုဖြစ်နေသည်။ မှော်ပညာရှင်များစွာ တည်ရှိနေမှုကြောင့် ဆိုင်အောရီးယားကို ဒီကုန်းမြေတိုက်ပေါ်ရှိ တခြားမြို့တော်တွေနဲ့ မတူကွဲပြားစေသည်။ မြို့တော်တွင် နေထိုင်နေကြသော လူတွေရဲ့ ထုံးတမ်းဓလေ့များ ကွဲပြားပြီး နောက်တစ်ခုသိသာတာက မြို့တော်ကြီး၏ ဗိဿုကာ ပညာပဲဖြစ်သည်။ တခြားနေရာတွေမှ တည်ဆောက်ဖို့ လုံးဝ မဖြစ်နိုင်ဘူးဆိုသောအရာတွေကို ဒီမှာ နေ့စဉ်တည်ဆောက်လျက်ရှိသည်။ ထို့အပြင် ရှုခင်းကြည့်စရာ နေရာကောင်းတစ်ခုရှာနိုင်ပါက မြို့တော်ကြီး၏ ခမ်းနားလှပသော အလှတရားကို မြင်နိုင်ပါသည်။
ဇော်ရီယန် ဆင်းမည့် လှေကားအောက်ခြေတွင် သူ့ကို စိုက်ကြည့်နေသော ကြွက်တစ်အုပ်ကိုမြင်သောအခါ ကြက်သေသေသွား၏။ သူတို့ အပြုအမူက ထူးဆန်းလှသည်။ သို့သော် ကြွက်တွေရဲ့ ခေါင်းကို သတိထားမိမှ ဇော်ရီယန် တကယ်နှလုံးခုန်နှုန်း မြန်သွားရ၏။ သူတို့… ဦးနှောက်ကြီးတွေ အထင်းသားပေါ်နေတာလား?! တံတွေးမျိုချလိုက်ပြီး နောက်သို့ခြေတစ်လှမ်းဆုတ်ကာ လှေကားနဲ့ ခပ်ဝေးဝေးခွာလျက် သုတ်ခြေတင်ပြေးတော့သည်။ ဘာကောင်တွေမှန်းမသိသော်လည်း ထိုကြွက်တွေက သာမန်ကြွက်တွေတော့ မဖြစ်နိုင်ပါ။
သူအရမ်းကြီး တုန်လှုပ်စရာတော့ မလိုဘူးထင်ပါသည်။ ဆိုင်အောရီယားလို နေရာမျိုးက ဆွဲဆောင်နိုင်တာ မှော်ဆရာတွေကိုပဲ မဟုတ်ပေ။ မျိုးစိတ်စုံလင်သည့် မှော်သတ္တဝါပေါင်းစုံလည်း ဒီနေရာကြီး၏ ဆွဲဆောင်မှုကို ခံရလေ့ရှိသည်။ ကြွက်တွေ သူ့နောက် လိုက်မလာတာကိုသာ ကျေးဇူးတင်ရမည်။ သူ ဘာတိုက်ခိုက်ရေးမှော်ပညာမှ မတတ်ထားပါ။ ဒီလိုအခြေအနေမျိုးမှာ သူသုံးတတ်သည့်မှော်ပညာဆိုလို့ ‘တိရိစ္ဆာန်ခြောက်’ မန္တန်တစ်ခုတည်းသာရှိသည်။ ဒီလို မှော်သတ္တဝါတွေအပေါ် သက်ရောက်မှု ရှိပါ့မလားဆိုတာတောင် သူမသိပါ။
အနည်းငယ်လန့်သွားသော်လည်း ရေပန်းသို့ ရောက်အောင်သွားဖို့ ဆုံးဖြတ်ထားသဖြင့် အနီးနားရှိ ပန်းခြံထဲမှ ဖြတ်သွားပြီး ကြွက်အုပ်ကို ပတ်ကျော်ဖို့ ကြိုးစားလိုက်ပါသည်။ သို့သော် ဒီနေ့ ကံတရားက သူ့ဘက်မှာရှိမနေပါ။ သူဖြတ်ရမည့် တံတားငယ်တစ်စင်းပေါ်မှာ မျက်လုံးကျွတ်ထွက်မတတ် ငိုနေသည့် ကလေးမလေးတစ်ယောက်နဲ့ ဆုံမိလေသည်။ သူမကို အငိုတတ်အောင်လုပ်ပြီး ဘာဖြစ်တာလဲမေးဖို့ ၅ မိနစ်လောက် အချိန်ယူလိုက်ရ၏။ ကလေးမလေးဘေးနားက ကပ်လျှောက်ပြီး ငိုချင်ငိုပါစေ ထားခဲ့လို့ ရသော်လည်း ဇော်ရီယန် ဒီလောက် နှလုံးသားမမဲ့ပါ။
“စ-စက်ဘီး!” နောက်ဆုံးတော့ သူမ ရှိုက်ကြီးတငင်နဲ့ စကားပြောပါပြီ။ “ပြုတ်ကျသွားတယ်!”
ဇော်ရီယန် မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း ဘာပြောတာလဲ အဓိပ္ပာယ်ကောက်ဖို့ ကြိုးစားလိုက်သည်။ သူမ ပြောတာ အဓိပ္ပာယ်မရှိမှန်း နားလည်သဖြင့် ကလေးမလေးက တံတားအောက်ဘက်တွင် စီးဆင်းနေသည့် ချောင်းငယ်လေးကို လက်ညှိုး ထိုးပြလိုက်သည်။ ဇော်ရီယန် တံတားအစွန်းမှ ငုံ့ကြည့်လိုက်သည်။ သေချာပါသည်။ ရွှံ့ရေတွေထဲ ကလေးစက်ဘီးတစ်စီးက ထက်ဝက်ခန့် နစ်မြုပ်နေလေသည်။
“ဪ” ဇော်ရီယန် ပြောလိုက်၏။ “ဘာဖြစ်တာလဲမသိဘူးနော်”
“ပြုတ်ကျသွားတာလို့!” ကလေးမလေးက ထပ်ငိုတော့မည့် ပုံစံဖြင့် ထပ်ပြောလိုက်ပါသည်။
“အေးပါ အေးပါ။ မငိုစမ်းပါနဲ့။ ငါဆယ်ပေးမယ်ဟုတ်ပြီလား” ဇော်ရီယန် စက်ဘီးကို အကဲခတ်လိုက်ပြီး ပြောလိုက်သည်။
“ညစ်ပတ်သွားမှာပေါ့” သူမက အသံတိုးတိုးလေးဖြင့် သတိပေးလိုက်သည်။ သို့သော်လည်း သူမ လေသံကို နားထောင် ကြည့်ရသလောက်တော့ ဇော်ရီယန်ကို စက်ဘီးဆယ်ပေးဖို့ မျှော်လင့်နေမှန်း သိသာပါသည်။
“စိတ်မပူပါနဲ့။ ငါရွှံ့ထဲ မဆင်းပါဘူး” ဇော်ရီယန်က ဆိုသည်။ “ကြည့်နေ”
လက်ဟန်အမူအရာတချို့ လုပ်လိုက်ပြီး ‘ဝတ္ထုဈာန်ပျံ’ မန္တန်ကို အသုံးပြုလိုက်သည်။ ထိုအခါ ရေထဲမှ လေထဲသို့ ကလေးစက်ဘီး တုန်တုန်ယင်ယင် မြောက်တတ်လာသည်။ ဒီစက်ဘီးက သူလေ့ကျင့်နေကျ ပစ္စည်းတွေထက် အများကြီးပိုလေးသည်။ ထို့ကြောင့် ပုံမှန်ထက် အများကြီး ပိုမြင့်အောင် မြှောက်ထားရ၏။ သို့သော်လည်း သူ မလုပ်နိုင်တာတော့မဟုတ်ပေ။ အနားရောက်လာသောအခါ စက်ဘီး၏ ထိုင်ခုံကို လှမ်းဆွဲလိုက်ပြီး တံတားပေါ် တင်လိုက်ပါသည်။
“ရပြီ” ဇော်ရီယန် ပြောလိုက်သည်။ “ရွှံ့တွေပေကျံနေပေမယ့် ဒါတော့ ငါမကူညီနိုင်တော့ဘူး။ သန့်ရှင်းရေး မန္တန်တစ်ခုမှ မတတ်လို့”
“အို-အိုကေ” သူမ ဖြည်းညှင်းစွာ ခေါင်းငြိမ့်လိုက်သည်။ မသိလျှင် စက်ဘီးပျံထွက်သွားမည့်အလား သူမစက်ဘီးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထား၏။
ကလေးမလေးကို နှုတ်ဆက်လိုက်ပြီး ရေပန်းမှာ အနားယူရဖို့ ကံမပါလာဘူးဟု ဆုံးဖြတ်လိုက်ပါတော့သည်။ ရာသီဥတုကလည်း အတော်လေး ဆိုးရွားလာသည်။ မိုးကုတ်စက်ဝိုင်းတွင် မိုးရေများကိုသယ်ဆောင်လျက် နိမိတ်မကောင်းစွာ စုစည်းချီတက်လာသော တိမ်နက်များကို မြင်နေရသည်။ ကျောင်းတော်ကြီးသို့ သွားဖို့ မသပ်မရပ်တန်းစီနေကြသော ကျောင်းသားလူတန်းကြီးထဲပဲ ဝင်တန်းစီကာ လုပ်စရာရှိတာ အမြန်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့သည်။
ရထားဘူတာမှ ကျောင်းတော်သို့သွားဖို့ အလွန်ဝေးကွာသည်။ ရထားဘူတာက မြို့စွန်မှာရှိပြီး ကျောင်းတော်က တွင်းပေါက်ကြီး ဘေးနားမှာရှိသည်။ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုဘယ်လောက်ရှိသလဲ၊ အထုတ်အပိုးဘယ်လောက်သယ်ထားလဲဆိုသည့်အပေါ် မူတည်ပြီး ကျောင်းတော်သို့ တစ်နာရီ နှစ်နာရီလောက် သွားရသည်။ ဇော်ရီယန်က ပိန်ပိန်ညှောင်ညှောင် ကိုယ်လုံးကိုယ်ပေါက်ကြောင့် ကြံ့ခိုင်မှု သိပ်မရှိသည့် အုပ်စုထဲပါဝင်သည်။ သို့သော်လည်း ဒီခရီးအပေါ် မျှော်လင့်ချက်တော့ ထားထားပါသည်။ ရထားဘူတာမှ ကျောင်းတော်သို့ တလှုပ်လှုပ်ရွေ့လျားနေသည့် ကျောင်းသားအုပ်ထဲ ဝင်ရောက်သွားပြီး မကြာခဏ မြင်နေရသော အထုတ်အပိုးများစွာဖြင့် မနိုင်မနင်းဖြစ်နေကြသည့် ပထမနှစ်ကျောင်းသားတချို့ကို မသိချင်ယောင် ဆောင်ခဲ့ပါသည်။ သူ့လူယုတ်မာအစ်ကိုများက အထုတ်အပိုးတွေအများကြီး ယူမသွားဖို့ သတိမပေးခဲ့သဖြင့် ဇော်ရီယန် ကျောင်းတော်ကို ပထမဆုံးလာရောက်တုန်းကလည်း သူတို့လိုပဲဖြစ်ခဲ့ဖူးတာကြောင့် ကိုယ်ချင်းတော့စာပါသည်။ သို့သော် သူတို့ကို ကူညီဖို့ ဇော်ရီယန် ဘာမှ မလုပ်နိုင်ပေ။
မိုးတွေမှောင်မဲနေပြီး ကံတွေသိပ်မကောင်းခဲ့သော်လည်း ကျောင်းတော်နဲ့ နီးကပ်လာလေလေ ဇော်ရီယန် ပိုပြီးအားတက်လာသလို ခံစားရပါသည်။ တွင်းပေါက်ကြီးအနားမှာ ဝဲပျံနေသည့် မန်နာများစွာကို သူစုပ်ယူနေပြီး ကလေးမလေး၏ စက်ဘီးကို ဆယ်ပေး လိုက်ရခြင်းကြောင့် ကုန်ဆုံးသွားသည့် မန်နာများနေရာတွင် ပြန်ဖြည့်တင်းလိုက်သည်။ ဒီလိုအာနိသင်ကို အသုံးချဖို့အတွက် မှော်ကျောင်းတော်အများစုကို မန်နာတွင်းများအပေါ်တွင် အမြဲလိုလိုတည်ဆောက်ထားလေ့ရှိသည်။ ဒီလို မန်နာပေါများသည့် နယ်မြေတစ်ခုက အတွေ့အကြုံမရှိသော မှော်ပညာရှင်လေးများ မန္တန်လေ့ကျင့်ဖို့အတွက် ပြီးပြည့်စုံသော နေရာတစ်ခုဖြစ်ပါသည်။ သူတို့ မန်နာကုန်သွားတိုင်း ဘေးပတ်လည်ရှိ ပိုလျှံနေသော မန်နာများကို စုပ်ယူရင်း သဘာဝအလျောက် မန်နာပြန်လည် ဖြည့်တင်းလို့ ရပါသည်။
မနက်က အိတ်ကပ်ထဲခိုးထည့်လာသော ပန်းသီးကို ဇော်ရီယန်ထုတ်လိုက်ပြီး လက်ဖဝါးပေါ်မှာ ပျံနေအောင် လုပ်လိုက်သည်။ မန္တန်ဟုဆိုလို့မရဘဲ မန်နာကို အစိမ်းသက်သက် အသုံးချခြင်းသာဖြစ်သည်။ မှော်စွမ်းအင်တွေကို ထိန်းချုနိုင်စွမ်း၊ လမ်းကြောင်း သွယ်နိုင်စွမ်း ပိုမိုမြင့်မားအောင် ကူညီပေးသည့် မန်နာပုံဆောင်ခြင်း လေ့ကျင့်ခန်းတစ်ခုဖြစ်သည်။ ရုတ်တရက်ကြည့်လိုက်လျှင် ရိုးရှင်းသည်ဟု ထင်ရသော်လည်း အပြည့်အဝကျွမ်းကျင်အောင် ဇော်ရီယန် ၂ နှစ်လောက် အချိန်ယူခဲ့ရပါသည်။ တစ်ခါတလေ သူ့ကို ပညာရေးအာရုံစိုက်လွန်းသည်ဟု သူ့မိသားစုစွပ်စွဲတာ မှန်ကန်နေမလား ဇော်ရီယန် တွေးမိသည်။ သူ့အတန်းဖော်အများစုက သူ့လောက်မှော်ပညာထိန်းချုပ်တာ မကျွမ်းကျင်ကြဘဲ လေ့ကျင့်ခြင်းလည်း သိပ်မရှိကြပေ။
ပန်းသီးကို လေပေါ်ပျံနေအောင် ထုတ်သုံးထားသည့် မန်နာအား ပြန်ရုတ်သိမ်းလိုက်သောအခါ သူ့လက်ဖဝါးပေါ် ပန်းသီး ပြုတ်ကျလာပါသည်။ မိုးဖွဲလေးများ စတင်ဆင်းသက်လာပြီဖြစ်သဖြင့် သူ့မှာ မိုးရေကာကွယ်သည့် မန္တန်ရှိလျှင်ကောင်းမည်ဟု တွေးမိသည်။ သို့မဟုတ် ထီးတစ်ချောင်းဆိုလည်း အဆင်ပြေပါသည်…။ ထီးတစ်ချောင်းရှိလျှင်တော့ ထိုမန္တန်တတ်မြောက်ဖို့ နှစ်ပေါင်းများစွာ လေ့ကျင့်ဖို့လိုမှာမဟုတ်ပေ။
“တစ်ခါတလေ မှော်ပညာတွေက အပေါစားဆန်လိုက်တာ” ဇော်ရီယန် မှုန်ကုပ်ကုပ်ဖြင့် ညည်းတွားလိုက်ပါသည်။
ထို့နောက် အသက်ဝဝရှူလိုက်ပြီး မိုးလွတ်အောင် သုတ်ခြေတင် ပြေးတော့သည်။
--- --- ---
“ဪ… မိုးကာတဲ့ မန္တန်ရှိတယ်ပေါ့” သူ့ရှေ့က ကိုယ်ပျောက်အဟန့်အတားတစ်ခုအပေါ် မိုးစက်တွေ တစ်ပေါက်ပေါက် ကျဆင်းနေတာကို ကြည့်ရင်း ဇော်ရီယန် ရေရွတ်လိုက်ပါသည်။ သူ့လက်ကို အဟန့်အတားအပြင်ဘက်သို့ ထုတ်ကြည့်လိုက်သော အခါ ချောချောမွတ်မွတ် ဖြတ်ကျော်သွားလေသည်။ ရုတ်တရက် စိုစွတ်သွားသော လက်ကို အဟန့်အတားထဲ ပြန်ထည့်လိုက်ပြီး အဟန့်အတားကြီး၏ အကွာအဝေးကို မှန်းဆကြည့်လိုက်သည်။ သူခန့်မှန်းတာမမှားလျှင် ဒီအဟန့်အတားကြီးက ကျောင်းဝန်းကြီးတစ်ခုလုံးကို လွှမ်းခြုံထားတာဖြစ်ရမည်။ မိုးစက်တွေ ဝင်ရောက်မလာနိုင်အောင် ကာကွယ်ထားသည့် လေပူပေါင်းကြီးတစ်ခုလို ဖြစ်သည်။ ယခင်တစ်ခေါက် မိုးရွာတုန်းက ဒါမျိုးမရှိသဖြင့် မကြာသေးခင်ကမှ ကျောင်းဝန်းကြီးကို အဆင့်မြှင့်တင်လိုက်တာဖြစ်ရမည်။
ပခုံးတွန့်လျက် ကျောင်းတော်ကြီး၏ စီမံခန့်ခွဲရေးအဆောက်အဦးထံသို့ ဆက်လျှောက်လာခဲ့သည်။ အဟန့်အတားကြီးက ရေစိုတာကို ခြောက်အောင်လုပ်မပေးနိုင်တာကတော့ ဆိုးပါသည်။ အဘယ့်ကြောင့်ဆိုသော် ဇော်ရီယန်တစ်ကိုယ်လုံး စိုရွှဲနေပြီ ဖြစ်တာကြောင့်ပင်။ ကံကောင်းစွာဖြင့် သူ့လွယ်အိတ်ကတော့ ရေစိုခံသည်။ ထို့ကြောင့် အဝတ်အစားတွေ၊ ဖတ်စာအုပ်တွေ ပျက်စီးမည့်အန္တရာယ်မရှိပါ။ ခြေလှမ်းကို ဖြည်းဖြည်းလှမ်းရင်း ကျောင်းတော်ကြီးထဲက အဆောက်အဦးများကို သူ လေ့လာလိုက်သည်။ ကျောင်းဝန်းတစ်ခုတည်းကို အဆင့်မြှင့်တင်လိုက်တာမဟုတ်ဘဲ တစ်နေရာလုံး… ပိုမိုလှပလာသလိုပင်။ အဆောက်အဦးတိုင်းကို ဆေးအသစ်သုတ်ထားပြီး ယခင် အုတ်နီလမ်းကိုလည်း ပိုမိုအရောင်စိုပြည်အောင် ပြန်ခင်းထားသည်။ ပန်းခင်းများကလည်း ရောင်စုံဖူးပွင့်နေလေသည်။ နှစ်ပေါင်းများစွာ ပျက်ယွင်းနေခဲ့သည့် ရေပန်းကြီးလည်း ပြန်လည် အလုပ်လုပ်နေပါပြီ။
“ဘာလို့လဲ မသိဘူး…” သူရေရွတ်လိုက်၏။
မိနစ်အနည်းငယ်လောက် စဉ်းစားချင့်ချိန်ပြီးနောက် ဘာသောက်ဂရုစိုက်စရာလိုလို့လဲဟု ဆုံးဖြတ်လိုက်ပါသည်။ အရေးကြီးတာ တစ်ခုခုဆို အနှေးနဲ့အမြန်သိရမှာပဲ မဟုတ်လား။
စီမံခန့်ခွဲရေးအဆောက်အဦးကြီးက ထင်ထားသည့်အတိုင်း လူသူကင်းမဲ့နေပါသည်။ ကျောင်းသားအများစုက ဇော်ရီယန်လို မိုးရေထဲ လမ်းဆင်းမလျှောက်နိုင်ဘဲ မိုးခိုနေကြသည်။ ကျောင်းဝန်းထဲမှာ မနေထိုင်ကြသူတွေကလည်း ဒီနေ့ ကျောင်းကိုလာစရာ အကြောင်းအရင်းမရှိပါ။ ထို့ကြောင့် ဇော်ရီယန်အတွက် အလွန်ကောင်းပါသည်။ လုပ်စရာရှိတာ မြန်မြန်ဆန်ဆန်လုပ်ပြီး လက်စသတ်နိုင်တာကြောင့်ပင်။
‘မြန်မြန်ဆန်ဆန်’ဆိုသည့် စကားလုံးက သိပ်တော့ မမှန်လှပါ။ အရစ်သန်သည့် စာရေးစားပွဲက ကောင်မလေးနဲ့ ၂ နာရီကျော်ကြာအောင် ငြင်းခုံပြီးမှ လိုအပ်သည့် စာရွက်စာတမ်းတွေအကုန် ပြင်ဆင်လို့ပြီးသွားပါသည်။ သူ့အတန်းအချိန်စာရင်းကို မေးကြည့်လိုက်သေးသည်။ သို့သော်လည်း အပြီးမသတ်ရသေးသဖြင့် တနင်္လာနေ့ မနက်အထိ စောင့်ရဦးမည်ဟု ဆိုပါသည်။ စဉ်းစားကြည့်မှ အီလ်ဆာလည်း ဒီလိုပြောခဲ့တာပဲမဟုတ်လား။ ဇော်ရီယန် ပြန်ထွက်မလာခင် တတိယနှစ်ကျောင်းသားများ သိထားသင့်သည့် စည်းမျဉ်းစည်းကမ်းများပါဝင်သည့် စာအုပ်တစ်အုပ်ကို စာရေးမလေးက ပေးလိုက်ပါသည်။ ဇော်ရီယန်က စည်းမျဉ်းစာအုပ်ကို ဟိုလှန်ဒီလှန်လုပ်ရင်း သူနေထိုင်ရမည့် အခန်း ၁၁၅ ကို ရှာဖွေနေပါသည်။ ခဏကြာတော့ သူ့ကျောပိုးအိတ်ထဲက မထင်ရှားသည့် အကန့်တစ်ကန့်ထဲ စာအုပ်ကိုထည့်လိုက်သည်။ နောက်ထပ်လည်း ပြန်ဖွင့်ဖတ်မိတော့မည် မထင်ပါ။
ကျောင်းတော်က စီစဉ်ပေးထားသည့် အဆောင်ခန်းတွေက အတော်လေးဆိုးရွားပြီး ဇော်ရီယန် အတွေ့အကြုံကောင်းကောင်း သိပ်မရခဲ့ပေ။ သို့သော်လည်း အနည်းဆုံးတော့ အလကားနေရတာပဲမဟုတ်လား။ ဆိုင်အောရီးယားရှိ အိမ်ငှားခတွေက အလွန်ဈေးကြီးသည်။ တော်ဝင်မိသားစုမှလာသည့် ကလေးတွေတောင် ကိုယ်ပိုင်တိုက်ခန်းမှာနေမည့်အစား ကျောင်းအဆောင်ခန်းတွေမှာသာ လာနေကြသည်။ ဘယ်သူ့ကို အပြစ်တင်လို့ရမှာလဲ။ ထို့အပြင် သင်ကြားရေးခန်းမကြီးနဲ့လည်း အလွန်နီးသဖြင့် မနက်တိုင်း ထိုသို့သွားဖို့ အချိန်တစ်ဝက်လောက် သက်သာသည်။ မြို့ထဲက အကြီးမားဆုံး စာကြည့်တိုက်ကြီးနဲ့လည်း နီးကပ်သည်။ ထို့ကြောင့် ကောင်းကွက်လေးတွေတော့ ကျိန်းသေပေါက် ရှိပါသေးသည်။
တစ်နာရီခန့်ကြာသောအခါ အနည်းငယ် ကျယ်ဝန်းလှသော အခန်းတစ်ခန်းထဲကို ဝင်လိုက်ရင်း ဇော်ရီယန် ပြုံးလိုက်မိပါသည်။ ကိုယ်ပိုင် သန့်စင်ခန်းရှိတာကို မြင်လိုက်ရသောအခါ ပိုလို့တောင် ကျေနပ်သွားသေးသည်။ ကိုယ်ပိုင်ရေချိုးခန်းအကန့်ငယ်လေးလည်း ပါသေး၏။ ယခင်က လူလိုနားမလည်သည့် အခန်းဖော်တစ်ယောက်နဲ့ ခပ်ကျဉ်းကျဉ်း အခန်းလေးထဲမှာနေခဲ့ရပြီး တစ်ထပ်လုံးမှာမှ သန့်စင်ခန်း တစ်ခန်းတည်းသာရှိသော အခြေအနေမျိုးထက်စာလျှင် အလွန်အဆင့်မြင့်သွားသလို ခံစားရပါသည်။ ပရိဘောဂတွေအနေနဲ့တော့ အခန်းထဲမှာ ကုတင်တစ်လုံး၊ ဗီရိုတစ်လုံး၊ အံဆွဲတချို့၊ စာရေးစားပွဲ၊ ထိုင်ခုံတစ်လုံးတို့ရှိသည်။ ဇော်ရီယန် လိုအပ်တာ အကုန်ရှိပါသည်။
ခရီးဆောင်အိတ်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီး မိုးရေစိုရွှဲနေသည့် အဝတ်အစားများကို လဲကာ ဇော်ရီယန် စိတ်သက်သာစွာဖြင့် ကုတင်ပေါ် လှဲချလိုက်ပါတော့သည်။ အတန်းတွေမစခင် ၂ ရက်ကြီးများတောင် အချိန်ရသေးသည်။ ထို့ကြောင့် အထုတ်အပိုး ဖြည်ဖို့ကို မနက်ဖြန်ကျမှ လုပ်ပါတော့မည်။ အခုတော့ ကုတင်ပေါ်မှာ အသေကောင်လို တုံးလုံးလှဲရင်း ပြူတင်းပေါက်မှန်ပေါ် မိုးရေစက်တွေကျလာသည့်အသံ ဘာကြောင့်မကြားရတာလဲ စဉ်းစားနေမိသည်။ ပြီးမှ မိုးကာ အဟန့်အတားအကြောင်း ပြန်သတိရသွားလေသည်။
“ငါလည်း အဲ့တာမျိုး သုံးနိုင်အောင် သင်ထားဦးမှ…” သူရေရွတ်လိုက်၏။
လောလောဆယ် သူ့မန္တန်စုဆောင်းမှုက အလွန်နည်းပါးပါသေးသည်။ ရိုးရှင်းသည့် မန္တန် အခု ၂၀ သာ သုံးနိုင်၏။ သို့သော် ဒီနှစ်တော့ ထိုပမာဏကို တိုးမြှင့်ဖို့ ရည်ရွယ်ထားသည်။ အသိအမှတ်ပြုခံထားရသည့် ပထမစက်ဝန်းအဆင့် မှော်ပညာရှင်တစ်ယောက် အနေဖြင့် ယခင်တုန်းက သူဝင်ရောက်ခွင့်မရခဲ့သည့် ကျောင်းတော်စာကြည့်တိုက်ထဲက အပိုင်းကဏ္ဍတွေကို ဝင်ရောက်ခွင့်ရသွားပါပြီ။ အထဲမှာ ပါဝင်သည့် မန္တန်တွေကို လေ့လာဖို့အတွက် စာအုပ်တွေတစ်အုပ်မကျန် ဖတ်ရှုဖို့ ပြင်ထား၏။ ထို့အပြင် တတိယနှစ် ကျောင်းသားတွေက အစွမ်းအစရှိကြောင်း အသိအမှတ်ပြုခံရပြီးသူတွေဖြစ်သဖြင့် ဒီနှစ်အတန်းတွေမှာ လက်တွေ့ မန္တန်သုံးခြင်းကို ပိုမိုအလေးပေး သင်ကြားပေးပါတော့မည်။ ထို့ကြောင့် ယခင်လိုမဟုတ်ဘဲ အတန်းထဲမှာ စိတ်ဝင်စားစရာတွေသာ သင်ယူရတော့မည်။
ခရီးရှည်ကြီးကြောင့် ပင်ပန်းခဲ့ရသဖြင့် ဇော်ရီယန် ခေတ္တ မှေးစက်ဖို့ ဆုံးဖြတ်ရင်း မျက်လုံးများကို မှိတ်လိုက်သည်။ သူ မနက်ဖြန် မနက်အထိ နိုးလာတော့မှာမဟုတ်ပါ။
… … …