ဘဝရဲ့ ပြဿနာလေးများ
Vol. 1 Ch. 2.1
သင်ကြားရေးဝန်ထမ်းများ အရည်အသွေးကောင်းမွန်မှုကြောင့် လက်ရွေးစင်အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သည်ဟု ကျောင်းတော်က မကြာခဏပြောတတ်သော်လည်း ၎င်းတို့သာလွန်နေရသည့် အဓိကအကြောင်းအရင်းက စာကြည့်တိုက်ကြီးကြောင့်သာဖြစ်ပါသည်။ ကျောင်းသားဟောင်းများ၏ ကူညီထောက်ပံ့မှု၊ ယခင်အငြိမ်းစား ကျောင်းအုပ်ကြီးများ၏ ရက်ရက်ရောရော ဘက်ဂျက်သတ်မှတ်ပေးမှု၊ ထူးခြားသော ပြည်တွင်းရာဇဝတ်မှုဥပဒေနဲ့ ကြီးကျယ်ခမ်းနားသော သမိုင်းကြောင်းများကြောင့် ကျောင်းတော်ကြီးမှာ သူမတူသော စာကြည့်တိုက်ကြီးတစ်ခုအား တည်ဆောက်နိုင်ခဲ့သည်။ လိုချင်တာမှန်သမျှ ဒီစာကြည့်တိုက်ကြီးမှာ ရှာတွေ့နိုင်သည်။ မှော်ဆန်ဆန်/မဆန်ဆန် ကိစ္စမရှိပါ။ ဥပမာ အချစ်ဝတ္ထုများအတွက် သီးသန့်သတ်မှတ်ပေးထားသော အကန့်ကြီးတစ်ခုလုံး ရှိနေသည်။ စာကြည့်တိုက်ကြီးက အလွန်ကြီးမားလွန်းသဖြင့် မြို့အောက်ရှိ လိုဏ်ခေါင်းများထဲအထိပါ တိုးချဲ့ထားရသည်။ အောက်ပိုင်း အထပ်အများစုကို Guild မှော်ဆရာများသာ ဝင်ရောက်ခွင့်ရှိခဲ့သဖြင့် ဇော်ရီယန်လည်း တတိယနှစ်ရောက်ခါမှ ဝင်ကြည့်ခွင့်ရှိသွားတာဖြစ်သည်။ ကံကောင်းစွာဖြင့် ပိတ်ရက်တွေမှာ စာကြည့်တိုက် ဖွင့်သည်။ ထို့ကြောင့် ဇော်ရီယန် နိုးနိုးလာချင်း ပထမဆုံးလုပ်သည့်အရာက ထိုအသိပညာနန်းတော်ထဲ ဆင်းကာ လွန်ခဲ့သည့် ၂ နှစ်လုံးလုံး သူလစ်ဟာခဲ့သည့် အရာတွေကို သင်ယူရင်း မန္တန်စာအုပ်ထဲလည်း မန္တန်အနည်းငယ် ထပ်ဖြည့်ဖို့ ပြင်လိုက်ပါသည်။
ပထမစက်ဝန်းအဆင့် မှော်ဆရာတစ်ယောက် အသုံးပြုနိုင်သည့် မန္တန်အရေအတွက်နဲ့ လေ့ကျင့်ရေးလက်စွဲစာအုပ်များကို မြင်လိုက်ရသောအခါ သူ အတော်လေး အံ့ဩသွားခဲ့ရပါသည်။ ဒီစာအုပ်တွေနဲ့ မန္တန်တွေကို သူ့တစ်သက် သင်ယူလို့ ပြီးနိုင်မှာ မဟုတ်ပေ။ မန္တန်အများစုက အသုံးသိပ်မဝင်တာမျိုး သို့မဟုတ် တစ်ခုနဲ့တစ်ခု သိပ်မကွဲပြားတာမျိုးတွေသာဖြစ်သဖြင့် အကုန်လုံးကို လောဘတကြီး သင်ယူစရာတော့ မလိုအပ်ပါ။ သို့သော် တစ်နှစ်ပတ်လုံး ဒီစာကြည့်တိုက်ကြီးထဲမှာ တစ်ယောက်တည်း အချိန်ကုန်ဆုံးမိမှာကိုတော့ ကြိုမြင်ယောင်နေပါပြီ။ မန္တန်အများစုမှာ ကြည့်ရသလောက်တော့ လွယ်ကူပြီး အန္တရာယ်လည်း သိပ်ရှိပုံ မပေါ်ပေ။ ထို့ကြောင့် လူတိုင်းအတွက်ဖွင့်လှစ်ပေးရမည့်အစား ဘာကြောင့် ပထမစက်ဝန်းအဆင့်ရောက်မှ ကျောင်းသားတွေကို ဖွင့်လှစ်ပေးတာလဲဆိုတာ သိချင်မိသည်။ မဟုတ်လျှင် ဒုတိယနှစ်ကတည်းက ဇော်ရီယန် လေ့လာထားလို့ရပါသည်။
ကျောင်းဝန်းထဲမှာ အသုံးပြုထားသည့် မိုးကာမန္တန်ကို ဇော်ရီယန် ရှာဖွေဖို့ ကြိုးစားနေရင်းတန်းလန်း မနက်စာမစားရသေးမှန်း သတိရသွားကာ အလွန်ဗိုက်ဆာလာပါသည်။ အချိန်ကား မွန်းတည့်တောင် ကျော်နေလေပြီ။ စာအုပ်တချို့ကို အဆောင်ခန်းထဲမှာ အေးဆေးဖတ်ဖို့ စာရင်းမှတ်ကာ ငှားခဲ့လိုက်ပြီး တစ်ခုခုစားဖို့ အပြင်ထွက်လာခဲ့ပါသည်။
စိတ်မကောင်းစရာတစ်ခုက သူ့အဆောင်ခန်းမှာ မီးဖိုချောင်မရှိပေ။ သို့သော် ကျောင်းတော်မှာ ကျောင်းသားများအတွက် အလွန်ကောင်းမွန်သော ကန်တင်းကြီးတစ်ခုရှိပါသည်။ အစားအသောက်များက ဈေးပေါသော်လည်း အံ့အားသင့်ဖို့ ကောင်းလောက်အောင် စားလို့သောက်လို့တော့ ရပါသည်။ သို့သော်လည်း သူဆင်းရဲများအတွက်ဆို ပိုမှန်လောက်ပြီး အနည်းငယ် ပိုပြည့်စုံသည့် ကျောင်းသားအများစုကတော့ ကျောင်းတော်အနီးတဝိုက်ရှိ စားသောက်ဆိုင်တွေထဲက တစ်ဆိုင်ဆိုင်မှာ စားလေ့ရှိကြပါသည်။ ထို့ကြောင့် ကန်တင်းထဲ ဇော်ရီယန် ဝင်လာသောအခါ အနည်းငယ် တုန်လှုပ်သွားရခြင်းဖြစ်၏။ ကျောင်းတော်ကြီးက အပြင်ဘက်ပုံပန်းသဏ္ဌာန်ကိုပဲ ပြန်လည်မွမ်းမံထားတာ မဟုတ်ချေ။ ကန်တင်းထဲမှာပါ အလွန်တောက်ပလျက် ရှိနေပါသည်။ စားပွဲတွေ ထိုင်ခုံတွေကအစ အားလုံး အသစ်တွေချည့်သာ။ ဒီနေရာကြီး အလွန်သန့်ရှင်းနေတာကို မြင်ရတာ… ထူးဆန်းပါသည်။
ခေါင်းခါလျက် သူ့လင်ဗန်းထဲ ပန်းကန်တချို့ အမြန်ထည့်လိုက်သည်။ ထမင်းချက်တွေက အသားဟင်းတွေ၊ ဈေးကြီးသည့် ဟင်းလျာတွေဆို ပိုပြီး ကပ်စေးနည်းကြမှန်း သူသတိထားမိသည်။ ထို့နောက် နေ့လည်စာစားသောက်နေသည့် ကျောင်းသားတွေထဲ မြင်ဖူးသည့် မျက်ခွက်တွေများ မြင်ရမလား ရှာကြည့်မိပါသည်။ ဒီကျောင်းတော်ကြီးမှာ တစ်ခုခုတော့ ဖြစ်နေတာသေချာသည်။ သတင်းအမှောင်ချခံထားရတာလောက် မုန်းတာမရှိပါ။
“ဟေး ဇော်ရီယန်! ဒီမှာ ဒီမှာ!”
ကံကောင်းချက်ပဲ…
သူ့ကို လက်ယက်ခေါ်နေသည့် ဝတုတ်လေးဆီ ဇော်ရီယန် ချက်ချင်း လျှောက်သွားလိုက်သည်။ သူ့ရဲ့ အပေါင်းအသင်းမင်သော အတန်းဖော်က ကျောင်းတော်ကြီး၏ အတင်းအဖျင်းလောကမှာ ကျင်လည်နေသူဖြစ်ကာ ဘယ်အရာကိုမဆို၊ ဘယ်သူ့အကြောင်းကို မဆို ကြေညက်နေတတ်မှန်း ဇော်ရီယန်သိပါသည်။ ကျောင်းတော်ကြီးမှာ ဘာတွေဖြစ်နေသလဲ သိသူကိုရှာပါဆို ဘန်နစ်ဆက်ခ်ကိုသာ လက်ညှိုးထိုးပြရပါလိမ့်မည်။
“ဟယ်လိုဘန်” ဇော်ရီယန်က နှုတ်ဆက်၏။ “ဆိုင်အောရီးယားကို အစောကြီးရောက်နေတာပါလား။ ပုံမှန်ဆို နောက်ဆုံးရထားနဲ့မှ လိုက်လာတတ်တာမဟုတ်ဘူးလား”
“အဲ့တာ မင်းကိုပြောရမှာကွ!” ဘန်နစ်ဆက်ခ်က ခပ်တိုးတိုးလေး အော်လိုက်ပါသည်။ ဒီကောင်ဘာလို့ အမြဲတမ်း အော်နေရသလဲ ဇော်ရီယန် နားမလည်ပါ။ “ငါဒီလောက်အစောကြီးလာခဲ့တာတောင် မင်းက ကြိုရောက်နေတယ်!”
“အတန်းမစခင် ၂ ရက်အလိုမှ မင်းရောက်လာတာလေ ဘန်…” ဇော်ရီယန် မျက်စောင်းမထိုးမိအောင် ထိန်းရင်း ပြောလိုက်ပါသည်။ တစ်ရက်နှစ်ရက်လောက် စောလာရတာကို မဟာအခက်အခဲကြီးတစ်ခုလိုလုပ်နေတာ ဘန်နစ်ဆက်ခ်တစ်ယောက်တည်းသာ ရှိပါသည်။ “အဲ့လောက်စောတာမှမဟုတ်တာ။ ငါလည်း မနေ့ကမှ ရောက်တာ”
“ငါကောပဲလေ” ဘန်နစ်ဆက်ခ်က ဆို၏။ “လခွမ်းပဲ။ မင်းငါ့ကို ဆက်သွယ်ရင် ငါတို့ အတူတူလာလို့တောင်ရတယ်။ “တစ်ယောက်တည်းဆိုတော့ တစ်လမ်းလုံး မင်းပျင်းနေမှာပေါ့”
“ဟုတ်ပါတယ်” ဇော်ရီယန် ယဉ်ယဉ်ကျေးကျေးပြုံးကာ လက်ခံလိုက်ပါသည်။
“မင်းစိတ်လှုပ်ရှားနေပြီလား” ဘန်နစ်ဆက်ခ်က ရုတ်တရက် စကားလမ်းကြောင်းပြောင်းလိုက်သည်။
“ဘာကိုလဲ” ဇော်ရီယန် မေးလိုက်၏။ ရယ်ချင်စရာကောင်းတာက ခီရီအဲလ်လည်း ဒီလိုမေးခွန်းပဲ မေးခဲ့တာ မဟုတ်လား။
“နှစ်သစ်အစကိုပေါ့ကွ! ငါတို့အခု တတိယနှစ်ရောက်နေပြီ။ အခုမှ ပျော်စရာတွေစတော့မှာ!”
ဇော်ရီယန် မျက်တောင်ခတ်လိုက်သည်။ သူသိထားသလောက်ဆို ဘန်နစ်ဆက်ခ်က အားကိန်းမှော်ပညာ အောင်မြင်ခြင်း မအောင်မြင်ခြင်းကို စိတ်မပူသည့်လူတွေထဲက တစ်ယောက်ဖြစ်သည်။ သူ့မိသားစု လုပ်ငန်းမှာ ရာထူးတစ်ခု ရမှာသေချာသဖြင့် ဒီကျောင်းတော်ကြီးကို လာတက်ရခြင်းက တရားဝင်လိုင်စင်ရ မှော်ဆရာတစ်ယောက်၏ အကျိုးခံစားခွင့်များကို ရရှိဖို့သာ ဖြစ်သည်။ ယခင်အောင်လက်မှတ်ရပြီး ချက်ချင်း ကျောင်းထွက်သွားလိမ့်မည်ဟု ဇော်ရီယန် ခန့်မှန်းထားခဲ့သော်လည်း အခုတော့ သူ့ရှေ့မှာ ပြန်ရောက်လာပါပြီ။ ဇော်ရီယန်လိုပဲ မှော်ပညာ၏ ဆန်းပြားမှုတွေကို စတင်သင်ယူဖို့ စိတ်လှုပ်ရှားနေလေသည်။ အခုတော့ သူ့ကို အပေါ်ယံကြည့်ပြီး အထင်သေးစောခဲ့တာ ဇော်ရီယန်နောင်တရသလိုလို ဖြစ်လာသည်။
“ဪ အဲ့တာလား။ ငါစိတ်လှုပ်ရှားပါတယ်။ ဒါပေမယ့် မင်းပညာရေးကို မင်းအဲ့လောက်ဂရုစိုက်မှန်း မသိခဲ့တာတော့ ငါဝန်ခံရမယ်”
“မင်းဘာတွေပြောနေတာလဲ” ဘန်နစ်ဆက်ခ်က သူ့ကို သံသယဖြစ်စွာ ကြည့်လိုက်သည်။ “စကီလေးတွေလေကွာ။ ငါစကီလေးတွေ အကြောင်းပြောနေတာကွ! အငယ်တန်းတွေဆို ငါတို့လို စီနီယာကြီးတွေကို သဘောကျတတ်တယ်! ပထမနှစ်လေးတွေအကုန် ငါတို့ကို လာငေးကြတော့မှာ!”
ဇော်ရီယန် အသံတိတ် ညည်းညူလိုက်မိ၏။ ထင်ထားသည့်အတိုင်းပင်။
“ဘာပဲဖြစ်ဖြစ်ပါ” ဇော်ရီယန် စကားပြန်ဆက်လိုက်သည်။ “မင်းကအမြဲတမ်း အတင်းတုပ်နေကျကောင်ဆိုတော့--”
“အခုလက်ရှိအခြေအနေတွေ တင်ပြရမယ်ဆိုပါတော့” ဘန်နစ်ဆက်ခ်က ဆရာကြီးလေသံဖြင့် ဖြတ်ပြောလိုက်သည်။
“အေး… ကျောင်းတော်က ဘာလို့ရုတ်တရက်ကြီး သန့်ရှင်းတောက်ပြောင်သွားရတာလဲ”
ဘန်နစ်ဆက်ခက် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်၏။ “မင်းမသိဘူးလား။ အောင်မယ်လေးကွာ။ သူများတွေဆို ဒီအကြောင်း လနဲ့ချီပြီးပြောနေကြတာ။ မင်း ဘယ်ချောင်ရောက်နေလို့လဲ”
“မင်းသိတဲ့အတိုင်း… ဆီရင်က ချောင်ကျတဲ့ ရွာကွ” ဇော်ရီယန်က ပြန်ပြောလိုက်သည်။ “ပြောစရာရှိတာ ပြောစမ်းပါ”
“နွေရာသီပွဲတော်ကြီးလေကွာ!” ဘန်နစ်ဆက်ခ်က ဆိုသည်။ “ကျောင်းတော်ကြီးတစ်ခုတည်းမဟုတ်ဘူး တစ်မြို့လုံး အသင့် ပြင်နေကြတာ!”
“ဒါပေမယ့် နွေရာသီပွဲတော်က နှစ်တိုင်းရှိတယ်မဟုတ်ဘူးလား” ဇော်ရီယန် နားမလည်သဖြင့် ပြန်မေးလိုက်သည်။
“အေး ဒီနှစ်က ထူးခြားတယ်လေ”
“ထူးခြားတယ်ဟုတ်လား ဘယ်လိုထူးခြားတာလဲ” ဇော်ရီယန် မေးလိုက်သည်။
“ငါလည်းမသိဘူး။ ဒါပေမယ့် နက္ခတ်ဗေဒ ဘာညာသာရကာနဲ့ ဆိုင်မယ်ထင်တယ်” ဘန်းနစ်ဆက်ခ်က စိတ်ပျက်လက်ပျက် လက်ခါရင်း ညည်းတွားလိုက်သည်။ “ဘာအရေးစိုက်စရာလဲကွာ။ ပုံမှန်ထက် ပိုကြီးကျယ်တဲ့ ပွဲတော်ကျင်းပဖို့ ဆင်ခြေပေးတာပဲ ဥစ္စာ။ အလကားရတဲ့လက်ဆောင် ချေးများစရာလား”
“ရုတ်က္ခတ်--” ဇော်ရီယန် မျက်မှောင်ကြုတ်သွားပြီး စကားလည်း ထစ်သွားသည်။ “နေပါဦး… ဘုံလောကပေါင်းစည်းခြင်းလား”
“အေး အဲ့တာအဲာတာ” ဘန်နစ်ဆက်ခ်က ခေါင်းငြိမ့်လိုက်သည်။ “အဲ့တာဘာကို ပြောတာလဲ”
“မင်းနာရီပိုင်းလောက်အချိန်ရလား”
“… တော်ပါပြီ။ စိတ်မဝင်စားတော့ဘူး” ဘန်နစ်ဆက်ခ် ဟန်ဆောင်ရယ်မောကာ စကားကို ခပ်မြန်မြန်ပဲ ပြန်ရုတ်သိမ်းလိုက်ပါသည်။
ဇော်ရီယန် မျက်စောင်းထိုးလိုက်၏။ အတော်ကြောက်တတ်တဲ့ကောင်။ တကယ်တော့ ဇော်ရီယန်လည်း ဘုံလောကပေါင်းစည်းခြင်း အကြောင်း သိပ်မသိပေ။ ထိုအကြောင်းပြောရလျှင် စက္ကန့် ၃၀ ပင်ကြာမှာ မဟုတ်ချေ။ အတော်လေး မရှင်းလင်းသော အကြောင်းအရာ တစ်ခုဖြစ်၏။ ဘန်နစ်ဆက်ခ်ပြောတာ မှန်သည်ဟု ဇော်ရီယန် ယုံကြည်မိသည်။ ပွဲတော်ကို ပိုပြီး ခမ်းခမ်းနားနား ဆင်နွှဲချင်ကြတာကြောင့် ဆင်ခြေပေးကြတာသာ ဖြစ်ပါလိမ့်မည်။
“နွေရာသီပိတ်ရက် မင်းဘာတွေလုပ်ခဲ့သေးလဲ” ဘန်နစ်ဆက်ခ်က မေးလိုက်သည်။
ဇော်ရီယန်က ညည်းညူ၏။ “မင်းလည်း ငါ့မူလတန်းတုန်းကဆရာအတိုင်းပဲ ဘန်။ ‘ကဲကလေးတို့ကို အိမ်စာပေးမယ်။ နွေရာသီ အားလပ်ရက်တွေမှာ ဘာတွေလုပ်ခဲ့သလဲဆိုတဲ့အကြောင်း စာစီစာကုံးတိုလေးတွေရေးခဲ့ကြနော်’”
“ငါက ယဉ်ကျေးမှုအရမေးတာပါကွာ” ဘန်နစ်ဆက်ခ်က ကိုယ့်ကိုယ်ကို ကာကွယ်သည့်အနေဖြင့် ပြန်ဖြေသည်။ “မင်းနွေရာသီ အားလပ်ရပ်မှာ အချိန်အလဟတ်သတ်ဖြုန်းခဲ့တယ်ဆိုတာ မပြောချင်တာနဲ့ဘဲ ငါ့ကို မငေါက်စမ်းပါနဲ့”
“မင်းကတော့ အရမ်းတွေအကျိုးရှိရှိ ဖြတ်သန်းခဲ့တယ်ပေါ့” ဇော်ရီယန်က စိန်ခေါ်သည်။
“ငါ့ဆန္ဒတော့ မပါပါဘူးကွာ” ဘန်နစ်ဆက်ခ်က ရှက်ကိုးရှက်ကန်းဖြင့် ဖြေလိုက်၏။ “မိသားစုလုပ်ငန်းအကြောင်း ငါစသင်ယူသင့်ပြီလို့ အဖေက ထင်နေတယ်လေ။ အဲ့တာကြောင့် တစ်နွေလုံး သူ့လက်ထောက်လုပ်ပြီး ကူညီပေးခဲ့ရတာပေါ့”
“ဪ…”
“အေး…” ဘန်နစ်ဆက်ခ် လျှာကို ကျွပ်သပ်ကာ ပြောလိုက်သည်။ “အဖေက ငါ့ကို အိမ်ရာစီမံရေးဘာသာရပ်လည်း ရွေးခိုင်းတယ်။ အဲ့အတန်းက တော်တော်ခက်တယ်တဲ့နော်”
“အင်း… ငါ့နွေရာသီက စိတ်ဖိစီးဖို့ကောင်းတယ်လို့တော့ ပြောလို့မရဘူး။ ဝတ္ထုတွေဖတ်၊ ငါ့မိသားစုကိုရှောင်ရင်း အချိန်တော်တော်များများ ဖြုန်းခဲ့တာဆိုတော့လေ။” ဇော်ရီယန်က ဝန်ခံသည်။ “အမေက ဒီနှစ် ငါ့ညီမကို ငါ့လက်ထဲထိုးထည့်ဖို့ ကြိုးစားသေးတာ။ ဒါပေမယ့် ငါမနည်းလွတ်အောင်ရုန်းနိုင်ခဲ့ပါတယ်”
“ငါကိုယ်ချင်းစာပါတယ်ကွာ” ဘန်နစ်ဆက်ခ်က ပခုံးတွန့်ကာ ပြောလိုက်သည်။ “ငါ့မှာလည်း ညီမ ၂ ယောက်ရှိတယ်။ သူတို့သာ ငါနဲ့လာနေရင် ငါသက်ဆိုးရှည်မယ်မထင်ဘူး။ နှစ်ယောက်စလုံးက အိပ်မက်ဆိုးတွေလိုပဲကွာ!။ ကဲပါလေ မင်းဘယ်ဘာသာရပ်တွေ ရွေးလိုက်လဲ”
“အင်ဂျင်နီယာ၊ သတ္တုအဂ္ဂိရတ်ပညာ၊ အဆင့်မြင့်သင်္ချာ”
“ဟ?!” ဘန်နစ်ဆက်ခ် လန့်သွား၏။ “ငါ့ကောင်… မင်းတကယ်ကြီး အတည်ပေါက်ချတော့မယ်ပေါ့လေ။ မန္တန်ပန်းပဲဖိုတွေမှာ နေရာရချင်လို့လား ဟုတ်လား”
“အေ” ဇော်ရီယန်က ခေါင်းငြိမ့်၏။
“ဘာလို့လဲကွာ” ဘန်နစ်ဆက်ခ်က နားမလည်နိုင်စွာ မေးလိုက်သည်။ “မှော်ပစ္စည်းတွေ ဒီဇိုင်းဆွဲရတာ… တော်တော် ပင်ပန်းတဲ့ အလုပ်နော်။ မင်းမိဘတွေအလုပ်မှာ မင်းအတွက် နေရာ တစ်နေရာလောက်ရှာမပေးနိုင်ဘူးလား”
ဇော်ရီယန် သူ့ကို မဲ့ပြုံးပြုးပြလိုက်ပါသည်။ အမှန်ပင်။ သူ့မိဘတွေကတော့ သံသယဖြစ်ဖွယ်မရှိအောင် သူ့အတွက် နေရာတစ်ခု စီစဉ်ပေးထားပြီးသားဖြစ်သည်။
“ငါ့ဖာသာ လမ်းပေါ်မှာပဲ အငတ်ခံလိုက်မယ် ကျေးဇူး” ဇော်ရီယန် ပွင့်ပွင့်လင်းလင်းပြောလိုက်၏။
ဘန်နစ်ဆက်ခ်က မျက်ခုံးပင့်ကာ သူ့ကိုကြည့်လိုက်၏။ ထို့နောက် စိတ်မကောင်းစွာဖြင့် ခေါင်းခါလိုက်ပါသည်။ “ငါတော့ မင်းရူးနေပြီလို့ထင်တာပဲ။ မင်းဆရာအနေနဲ့ ဘယ်သူ့ကိုရွေးလိုက်သေးလဲ”
“ငါရွေးခွင့်တောင်မရပါဘူး” ဇော်ရီယန် စိတ်ပျက်စွာ ပြောလိုက်သည်။ “ငါ့ရွေးရမယ့်အလှည့်ရောက်တော့ တစ်ယောက်ပဲ ကျန်တော့တယ်။ ငါ ဗင်ချောင်လက်အောက်ကို ရောက်သွားပြီထင်တာပဲ”
ထိုစကားကြားမှ ဘန်နစ်ဆက်ခ် လက်ထဲက ဇွန်းလွတ်ကျသွားပြီး ပါးစပ်အဟောင်းသားဖြင့် ဇော်ရီယန်ကို စိုက်ကြည့်လိုက်သည်။ “ဗင်ချောင်?! အဲ့ဘဲကြီးက အိပ်မက်ဆိုးကြီးနော်!”
“ငါသိတယ်” ဇော်ရီယန် သက်ပြင်းအရှည်ကြီးချကာ ပြောလိုက်သည်။
“ဘုရားဘုရား… ငါသာ အဲ့မြေနိုးကြီးလက်အောက်ရောက်သွားရင် ကျောင်းပါပြောင်းမိလောက်တယ်” ဘန်နစ်ဆက်ခ်က ဆိုသည်။ “မင်းက ငါ့ထက် အများကြီး ပိုသတ္တိရှိတာပဲ။ အဲ့တာတော့ သေချာတယ်”
“မင်းကကော ဘယ်သူ့ကို ရွေးလိုက်လဲ” ဇော်ရီယန် သိချင်စိတ်ဖြင့်မေးလိုက်သည်။
“ကာရာဘီရာ အာအိုပဲရ်” ဘန်နစ်ဆက်ခ် အပြုံးတွေချက်ချင်း တောက်ပသွားသည်။
“မင်းဆရာကို ပုံပန်းသဏ္ဌာန်ကြည့်ပြီး ရွေးလိုက်တယ်လို့တော့ မပြောနဲ့နော်” ဇော်ရီယန်က အကြောင်းသိစွာမေးလိုက်ပါသည်။
“ပုံပန်းသဏ္ဌာန်ကြောင့်ပဲမဟုတ်ပါဘူးကွာ” ဘန်နစ်ခ်ဆက်ခ်က ဆင်ခြေပေး၏။ “သူက တော်တော်လေး စိတ်ရှည် သည်းခံတတ်တယ်လို့ပြောကြတယ်…”
“မင်းအလုပ်ပိုမလုပ်ချင်လို့မလား” ဇော်ရီယန် ကောက်ချက်ချလိုက်သည်။
“ဒါကြီးတစ်ခုလုံးက ငါ့အတွက် အပန်းဖြေခရီးတစ်ခုလိုပဲသိလား” ဘန်နစ်ဆက်ခ်က မလုံမလဲ ဝန်ခံသည်။ “နောက် ၂ နှစ်လောက် နေရင် ငါ အလုပ်လုပ်ရတော့မှာလေကွာ။ အဲ့တာကြောင့် အခုချိန်မှာပျော်ထားမှပေါ့။ တစ်သက်မှာ တစ်ခါပဲ ငယ်ရွယ်ရတာတဲ့ ငါ့ကောင်ရေ ဟဲဟဲ”
ဇော်ရီယန် ပခုံးတွန့်လိုက်၏။ မှော်ပညာအကြောင်း လေ့လာသင်ယူရတာတစ်ခုတည်းနဲ့တင် ပျော်ရွှင်ဖို့ကောင်းနေပြီဟု သူကတော့ ထင်မိပါသည်။ သို့သော်လည်း သူနဲ့ အထင်အမြင်တူသူ လူနည်းစုသာရှိမှန်း သူကောင်းကောင်းသိ၏။
“ထင်တာပဲ…” ဇော်ရီယန် စိတ်မပါစွာ သဘောတူလိုက်ပါသည်။ “အဲ့တော့ ငါမသိသေးဘဲ သူများတွေအကုန်သိပြီးသား ဘာကိစ္စတွေ ရှိသေးလဲ”
ဘန်နစ်ဆက်ခ်နဲ့ အကြောင်းအရာပေါင်းစုံ စကားပြောရင်း နောက်ထပ် ၁ နာရီလောက် အချိန်ကုန်ဆုံးခဲ့သည်။ ဒီနှစ် ဘယ်အတန်းဖော်ဟောင်းတွေ သူတို့နဲ့အတူ ပါလာမလဲ ဘယ်သူတွေ ပါမလာဘူးလဲဆိုတာ နားထောင်ရတာ စိတ်ဝင်စားဖို့ ကောင်းပါသည်။ မနှစ်က စာမေးပွဲကြီးမှာ အနည်းငယ်လွယ်ကူသည်ဟု ဇော်ရီယန်ထင်ထားခဲ့သော်လည်း မှားသွားပါသည်။ ဒီနှစ် သူတို့ရဲ့ အတန်းဖော် လေးပုံတစ်ပုံလောက်ကို မြင်ရတော့မှာမဟုတ်တာကြောင့်ပင်။ စာမေးပွဲကျသည့် ကျောင်းသားအများစုက သာမန်ပြည်သူများ၏ သားသမီးတွေဖြစ်ကြတာကို သတိထားမိသည်။ သို့သော်လည်း ထူးဆန်းတာတော့ မဟုတ်ပေ။ မှော်မိသားစုများမှ ပေါက်ဖွားလာသည့် သားသမီးများမှာ မှော်ပညာသင်ကြားနေစဉ် မိဘများ၏ အထောက်အပံ့ကိုရရှိကြပြီး မိသားစု၏ ဂုဏ်ကို မြှင့်တင်ဖို့လည်း အလွန်ကြိုးစားကြရသည်။ သို့သော် ဒီနှစ် သူတို့နဲ့ မြေနိုးတစ်ကောင် ပါမလာတာကို သိလိုက်ရသောအခါ ဇော်ရီယန် အံ့လည်းအံ့ဩ၊ ဝမ်းလည်းသာသွားမိသည်။ ဖြစ်ချင်တော့ ဗေယာ့စ် ဘိုရာနိုဗာ တစ်ယောက် စည်းကမ်းကြားနာခြင်းပွဲတွင် စိတ်လွတ်သောင်းကျန်းတာကြောင့် ကျောင်းထုတ်ခံလိုက်ရသည်ဟု ဆိုသည်။ သူ့ကို သတိရနေမှာတော့ မဟုတ်ပါ။ ထိုကောင်က အလွန်ဆိုးသွမ်းပြီး စောစောစီးစီး ကျောင်းမထုတ်ခဲ့တာ ကျောင်းသိက္ခာကျသည်ဟုပင် ဆိုနိင်သည်။ ကံကောင်းစွာဖြင့် တော်ဝင်အိမ်တော် ဘိုရာနိုဗာ၏ မျိုးဆက်ဖြစ်နေရင်တောင် မျက်ကွယ်ပြုလို့မရသည့် အရာတချို့ ရှိနေသေးသည် ထင်ပါသည်။
အတန်းထဲက ကောင်မလေးများ၏ ကောင်းကွက်ဆိုးကွက်တွေအကြောင်း ဘန်နီဆက်ခ် စပြောသောအခါ ဇော်ရီယန် နားမထောင်ချင်တော့ဘဲ ထွက်လာခဲ့သည်။ ထို့နောက် ကိုယ့်အခန်းကိုယ်ပြန်ပြီး စာအုပ်ဖတ်ဖို့ ပြင်လိုက်ပါသည်။ ပထမဆုံး စာအုပ်ကို ဖွင့်တောင်မဖွင့်ရသေး၊ တံခါးခေါက်သံကြောင့် ဇော်ရီယန် အာရုံပျက်သွားသည်။ သူ့အခန်းကို နောက်ယောင်ခံလိုက်ဖို့ စိတ်ဝင်စားသူ မရှိသလောက်နည်းသဖြင့် တံခါးဖွင့်မပေးခင်ကတည်းက ဘယ်သူလဲဆိုတာ ဇော်ရီယန် ကောင်းကောင်းသိနေပါသည်။
“ဟိုင်း ပိုးဟပ်လေး!”
စော်စော်ကားကားနာမည်ပြောင်ကို စိတ်ဆိုးရမလား မဆိုးရမလား စဉ်းစားရင်း သူ့ရှေ့က စပ်ဖြီးဖြီးကောင်မလေးကို ဇော်ရီယန် စိုက်ကြည့်လိုက်သည်။ ယခင် သူမကို ဇော်ရီယန် တစ်ဖက်သတ်ကြိုက်နေတုန်းက ထိုနာမည်ပြောင်မှာ နာကျင်စရာကောင်းလှသည်။ အခုတော့ အနည်းငယ် စိတ်ရှုပ်ဖို့သာ ကောင်းတော့သည်။ တိုင်ဗန်က အခန်းအထဲ လှစ်ခနဲ ဝင်လာပြီး ကလေးလေးတစ်ယောက်လို သူ့ကုတင်ပေါ် ခုန်တက်လိုက်ပါသည်။ တကယ်ပါပဲ…။ သူ့ကို ဘာကြည့်ကြိုက်ခဲ့မိတာလဲ။ လှပပြီး အသက်နည်းနည်းပိုကြီးကာ သူ့အပေါ်ကောင်းပြလေ့ရှိပြီး ကိုယ်ကျပ်ဝတ်စုံတွေ မကြာခဏဝတ်တတ်တာကလွဲပြီး ဘာသဘောကျစရာရှိလို့လဲ။
“နင် ဘွဲ့ရသွားပြီထင်နေတာ” ဇော်ရီယန်ပြောလိုက်သည်။
“အေး ဟုတ်တယ်လေ” စာကြည့်တိုက်ထဲမှ ဇော်ရီယန်ငှားလာသည့် မန္တန်စာအုပ်တစ်အုပ်ကို သူမပေါင်ပေါ်တင်ကာ ဖတ်ဖို့ ပြင်ရင်း ပြန်ဖြေလိုက်သည်။ သူ့ကုတင်ကို တိုင်ဗန် သိမ်းပိုက်သွားတာကိုမြင်ပြီး စာရေးစားပွဲရှေ့ကာ ထိုင်ခုံမှာသာ ဇော်ရီယန် ဝင်ထိုင်လိုက်တော့သည်။ “ဒါပေမယ့် နင်လည်းသိတဲ့အတိုင်းပဲ… မှော်ပညာရှင်အငယ်လေးတွေက အမြဲတမ်း များပြားနေတာ။ ဆရာတွေကတော့ တစ်ခါမှ လုံလောက်တယ်ဆိုတာ မရှိဘူး။ အဲ့တာကြောင့် နာ့သ်သက်ခ် ဆီမှာ အကူလက်ထောက် ဝင်လုပ်နေတာ။ ဟဲ့… နင် မှော်ကင်းမဲ့ တိုက်ခိုက်ရေးဘာသာယူလိုက်ရင် ငါ့ကို အမြဲတမ်းတွေ့ရမှာနော်!”
“အေး ဟုတ်ပါတယ်” ဇော်ရီယန် ရွဲ့လိုက်သည်။ “ငါဘာမှကြံစည်လို့မရအောင် နာ့သ်သက်ခ်က ကြိုပြီး Blacklist ထဲ ထည့်ထားတယ်”
“တကယ်ကြီး?!”
“အေး။ ငါလည်း အဲ့လိုအတန်းမျိုး မတက်ပါဘူး” ဇော်ရီယန် ပြောလိုက်သည်။ သို့သော် တိုင်ဗန် ချွေးတရွှဲရွှဲ၊ ကိုယ်ကျပ် လေ့ကျင့်ခန်းဝတ်စုံနဲ့ လေ့ကျင့်ခန်းလုပ်နေတာကို မြင်ရမယ်ဆိုရင်တော့ တစ်မျိုးပေါ့…။
“နှမြောစရာကြီး…” သူမက စာအုပ်ထဲ ဈာန်ဝင်နေသည်။ “နင်ကြွက်သားလေးဘာလေးထွက်အောင် လုပ်သင့်တယ်။ ကောင်မလေးတွေက လေ့ကျင့်ခန်းလုပ်တဲ့ ကောင်လေးတွေကို သဘောကျတာ”
“ကောင်မလေးတွေ ဘာကြိုက်တတ်လဲ ငါဂရုမစိုက်ဘူး” ဇော်ရီယန် ပြတ်ပြတ်သားသား ပြန်ပြောလိုက်၏။ သူမလေသံက သူ့အမေနဲ့တောင် တူလာပါပြီ။ “နင်က ဘာလာလုပ်တာလဲ”
“အမယ်လေးဟယ် စိတ်လျှော့ပါ။ ဒီတိုင်း စိတ်ကူးပေါက်လို့လာခဲ့တာ” သူမက ဒရမ်မာဆန်ဆန်သက်ပြင်းချရင်း ညည်းလိုက်ပါသည်။ “ယောက်ျားလေးတွေရဲ့ မာနနုနုလေးတွေကတော့…”
“တိုင်ဗန် ငါနင့်ကို သဘောကျပါတယ်။ ဒါပေမယ့် အခု နင်မီးနဲ့ ကစားနေသလိုပဲနော်” ဇော်ရီယန်က သတိပေးလိုက်သည်။
“မနက်ဖြန် အလုပ်တစ်ခုလုပ်စရာရှိလို့ ငါနဲ့တခြားသူတွေနဲ့အတူ လိုက်ခဲ့ချင်လားလို့ လာမေးတာ” စာအုပ်ကို ဘေးချရင်း နောက်ဆုံးတော့ သူမလာရခြင်းအကြောင်းအရင်းကို ပြောပြပါသည်။
“အလုပ် ဟုတ်လား” ဇော်ရီယန်က မသင်္ကာစွာ မေးလိုက်၏။
“အေး။ မစ်ရှင်ဆို ပိုမှန်မယ်။ နင်သိတယ်မလား။ စီမံခန့်ခွဲရေးအဆောက်အဦးထဲမှာ ဘုတ်ပြားကြီးပေါ် လူတွေ ချိတ်ထားလေ့ ရှိတဲ့ အလုပ်ခေါ်စာတွေလိုလေ”
ဇော်ရီယန် ခေါင်းငြိမ့်လိုက်၏။ မြို့ထဲက မှော်ဆရာတွေ ဈေးပေါပေါနဲ့ တစ်ခုခုကိုလုပ်ချင်လျှင် စိတ်ဝင်စားသည့် ကျောင်းသားများအတွက် ‘အလုပ်ကမ်းလှမ်းချက်’ ဟူ၍ လာတင်လေ့ရှိသည်။ အခကြေးငွေကတော့ စိတ်ပျက်စရာကောင်းတာ ပြောမပြလည်း သိသာပါသည်။ သို့သော်လည်း ထိုမစ်ရှင်တွေကို လုပ်မှ ကျောင်းသားတွေ ‘အမှတ်’ရကြမှာဖြစ်သည်။ ထို့ကြောင့် များများလုပ်လေ ပိုကောင်းလေပင်။ လူအများစုက စတုတ္ထနှစ်ရောက်သည့်အထိ ထိုမစ်ရှင်တွေကို မလုပ်ကြပါ။ ငွေတကယ် လိုအပ်နေလျှင်တော့ ခြွင်းချက်ပေါ့။ ဇော်ရီယန်လည်း ထိုလမ်းကြောင်းအတိုင်းလိုက်ဖို့ ကြံထားသည်။
“ဒီတစ်ခုက တော်တော်ကောင်းတယ်” တိုင်ဗန်က ပြောလိုက်၏။ “ဒီတိုင်း ရိုးရိုးရှင်းရှင်းပစ္စည်းသွားရှာရမယ့် မစ်ရှင်လေးပါ။ တည်နေရာက မြို့အောက်က လိုဏ်ခေါင်းတွေထဲ---”
“ရေဆိုးမြောင်းတွေထဲမှာလား?!” သူမစကားဆုံးအောင် စောင့်မနေဘဲ ဇော်ရီယန် မယုံကြည်နိုင်စွာ ဖြတ်အော်လိုက်သည်။ “နင်ငါ့ကို ရေဆိုးမြောင်းတွေထဲ ဆင်းခိုင်းမလို့လား”
“အတွေ့အကြုံရတာပေါ့ဟယ်!” တိုင်ဗန်က ဖြောင်းဖြသည်။
“မရဘူး” ဇော်ရီယန် လက်ပိုက်ကာ ပြောလိုက်သည်။ “လုံးဝ မရဘူးနော်”
“ပိုးဟပ်လေးကလည်း ငါတောင်းပန်နေတာပါ!” တိုင်ဗန်က တအီအီ ဂျီကျသည်။ “၄ ယောက်မြောက် အဖွဲ့ဝင်တွေ့မှ အလုပ်ကို လက်ခံလို့ရမှာမို့လို့ပါ။ သူငယ်ချင်းဟောင်းတစ်ယောက်အတွက် ဒီလောက်လေး စတေးလိုက်ရလို့ သေသွားမှာမို့လို့လား”
“အေး သေသွားနိုင်တယ်!” ဇော်ရီယန်က ဂျစ်ကန်ကန် ပြန်ငေါက်လိုက်သည်။
“နင့်ကို ကာကွယ်ပေးမယ့် တခြား ၃ ယောက်ကြီးများတောင်ပါတယ်လေ!” သူမ အာမခံလိုက်၏။ “ငါတို့ အဲ့ကို အကြိမ်ရာပေါင်းများစွာ ရောက်ဖူးပါတယ်ဟယ်။ ဘာမှ ကြီးကြီးမားမား အန္တရာယ်မရှိဘူး။ ကောလဟာလတွေက ပုံကြီးချဲ့ထားကြတာတွေချည့်ပဲ”
ဇော်ရီယန် မျက်စောင်းထိုးကာ မျက်နှာလွှဲလိုက်၏။ သူတို့ သူ့ကို ဘေးကင်းအောင်ထားမည်ဆိုလျှင်တောင် သူနဲ့ မရင်းနှီးသည့် လူ ၃ ယောက်နဲ့ ချေးစော်နံ ရောဂါပိုးတွေ ပျံ့နှံ့နေသော လိုဏ်ခေါင်းတွေထဲဆင်းရမှာ စိတ်ပျက်စရာကောင်းပါသည်။ တကယ်ဆို မတတ်သာလို့ သူ့ကို ခေါ်လာရသည့်အတွက် တခြားလူ ၃ ယောက်က ကြည့်မရတောင် ဖြစ်နေနိုင်သည်။
ထို့အပြင် သူ့ကို ‘ပိုးဟပ်လေး’လို့ ဆက်မခေါ်တော့လျှင် နည်းနည်းလောက် စဉ်းစားပေးနိုင်ပါသည်။ ဒီလိုခဏခဏခေါ်ခံရတာ သူမ ထင်သလို ချစ်ဖို့ကောင်းမနေပါ။
“ဒါဆို လောင်းကြေးထပ်မယ်လေ” သူမ ဖြောင်းဖြဖို့ ထပ်ကြိုးစား၏။
“မရဘူး” ဇော်ရီယန် ပြတ်ပြတ်သားသား ငြင်းပြန်သည်။
သူမ အနိုင်ကျင့်ခံရသည့် ကလေးတစ်ယောက်လို အော်လိုက်သည်။ “ငါပြောတာ နားတောင်မထောင်ဘဲနဲ့!”
“နင်က လက်ရုံးချင်းယှဉ်ချင်တာ” ဇော်ရီယန်ကဆိုသည်။ “အမြဲတမ်း လက်ရုံးချင်းယှဉ်မယ်ဆိုတာကြီးပဲ”
“အဲ့တော့?” သူမ နှုတ်ခမ်းစူပြလိုက်၏။ “နင်ကြောက်နေတာလား။ ကောင်မလေးတစ်ယောက်ကို မနိုင်ဘူးလို့ ဝန်ခံနေတာလား”
“ရာနှုန်းပြည့် ရှုံးမှာ” ဇော်ရီယန် မရှက်နိုင်ပါ။ တိုင်ဗန်၏ မိဘနှစ်ပါးစလုံးက သိုင်းပညာရှင်တွေဖြစ်ကြပြီး သူတို့သမီးကို လမ်းလျှောက်တတ်စအရွယ်ကတည်းက သိုင်းသင်ပေးထားကြတာဖြစ်သည်။ လက်ရုံးချင်းယှဉ်လိုက်လျှင် ဇော်ရီယန် ၅ စက္ကန့်တောင် ခံမှာမဟုတ်ပါ။
ကျောင်းထဲမှာ သူ့ထက်သာမည့်လူလည်း ရှိမှာမဟုတ်ပါ။
တိုင်ဗန်က စိတ်ရှုပ်ထွေးသွားသည့်ပုံစံမျိုးနဲ့ လေထဲမှာ လက်သီးချက်တွေပစ်ထိုးလိုက်ပြီး ကုတင်ပေါ် လှဲချလိုက်သည်။ သူမ အရှုံးပေးလိုက်ပြီဟု ဇော်ရီယန် ထင်လိုက်မိပါသည်။ ထို့နောက် သူမ ဆတ်ခနဲထလာပြီး တမလ္လင်ခွေ ထိုင်လိုက်သည်။ သူမ မျက်နှာပေါ်မှ အပြုံးက ဇော်ရီယန်ကို ချွေးပြန်စေပါသည်။
“အဲ့တော့…” သူမ ပျော်ပျော်မြူးမြူး စကားစလိုက်၏။ “နွေရာသီဖြတ်သန်းခဲ့ပုံလေးပြောပါဦး”
ဇော်ရီယန် သက်ပြင်းချလိုက်သည်။ သူ့အားလပ်ရက်တွေကို ဒီလိုကုန်ဆုံးဖို့ လုံးဝ စိတ်မကူးခဲ့မိပါ။
*** *** ***