← Chapters

ဘဝရဲ့ပြဿနာလေးများ

Vol. 1 Ch. 2.2

ဘဝရဲ့ပြဿနာလေးများ

Vol. 1 Ch. 2.2

၂ ရက်ကြာသောအခါ ဇော်ရီယန် သူ့အခန်းထဲ အခြေတကျဖြစ်သွားလေပြီ။ ဒီနေ့က တနင်္လာနေ့ဖြစ်၏။ နောက်ကျမှ အိပ်ရာထတတ်သော အကျင့်ဆိုးကြောင့် စောစောစီးစီးထရတာ အလွန်ပင်ပန်းခက်ခဲလွန်းပါသည်။ သို့သော်လည်း ရအောင် ထနိုင်ခဲ့သည်။ သူ့မှာ အပြစ်အနာအဆာတွေအများကြီးရှိသော်လည်း ကိုယ့်ကိုယ်ကို ထိန်းကြောင်းဖို့တော့ တတ်စွမ်းပါသေးသည်။

ထိုနေ့က တိုင်ဗန်နဲ့ ၃ နာရီကြာ စကားစစ်ပွဲဆင်နွှဲပြီးနောက် သူမကို မောင်းထုတ်နိုင်ခဲ့သည်။ တိုင်ဗန်ပြန်သွားပြီးနောက် ဘာမှ လုပ်ချင်စိတ်မရှိတော့သဖြင့် စာဖတ်ဖို့ကို နောက်နေ့မှလုပ်ဖို့ ရွှေ့ဆိုင်းလိုက်ပါသည်။ နောက်ဆုံးတော့လည်း အတန်းစမှာကို စိတ်မရှည်စွာစောင့်မျှော်ရင်း ရက်သတ္တပတ် အားလပ်ရက် ၂ ရက်စလုံး ဟိုလိုလိုဒီလိုလို ကုန်ဆုံးသွားခဲ့ရပါသည်။

ဒီနေ့အတွက် ပထမဆုံးအတန်းက အခြေခံတိုင်တည်ခြင်း ဘာသာရပ်ဖြစ်သည်။ သို့သော်လည်း ထိုဘာသာရပ်က ဘာကို သင်ကြားမှာလဲဆိုတာ ဇော်ရီယန် သိပ်မသေချာလှပေ။ သူ့အချိန်စာရင်းထဲက တခြားဘာသာရပ်တွေမှာ နာမည်ကိုကြည့်လိုက်ရုံနဲ့ သင်ယူရမည့်အကြောင်းအရာကို ရှင်းရှင်းလင်းလင်း သိနိုင်သည်။ သို့သော်လည်း ‘တိုင်တည်ခြင်း’ဆိုတာ ယေဘုယျအခေါ်အဝေါ် တစ်ခုသာ။ ‘မှော်ပညာ’ဟုဆိုလိုက်လျှင် လူတွေပထမဆုံး ပြေးမြင်ကြတာက ‘တိုင်တည်ခြင်း’ကိုဖြစ်၏။ အာကိန်းမှော်စကားလုံး အနည်းငယ်ရွတ်ဖတ်ပြီး လက်ဟန်အမူအရာအနည်းငယ်ကစားလိုက်ပါက ဖွတ်ခနဲ မှော်ပညာထွက်လာလိမ့်မည်ဟု ထင်ကြသည်။ သို့သော်လည်း ဒါက အပေါ်ယံသာဖြစ်၏။ ထို့ကြောင့် လူတွေ အမြင်အများဆုံးလည်းဖြစ်သည်။ ဒီအတန်းကို အလွန်အရေးပါသည်ဟု ကျောင်းတော်က သတ်မှတ်ထားပုံရသည်။ အဘယ့်ကြောင့်ဆိုသော် နေ့တိုင်း ဒီအတန်းအချိန် မပါမဖြစ် ပါရှိနေတာကြောင့်ပင်။

စာသင်ခန်းအနားရောက်သောအခါ လက်ထဲတွင် စာရေးအောက်ခံဘုတ်ပြားတစ်ချပ်ကိုကိုင်ထားပြီး တံခါးရှေ့မှာ မတ်တပ်ရပ်နေသည့် မြင်ဖူးနေသော လူတစ်ယောက်ကို သတိထားမိသွားသည်။ အာကိုဂျာ စထရုတ်ဇ် မှာ ဇော်ရီယန် ပထမနှစ်ကတည်းက အတန်းခေါင်းဆောင်ဖြစ်ခဲ့သူ။ အာကိုဂျာက သူမတာဝန်ကို အလွန်အလေးအနက်ထားသည်။ ဇော်ရီယန်ကို မြင်တော့ အာကိုဂျာ ခပ်စူးစူး ကြည့်လိုက်သည်။ သူမကို စိတ်ရှုုပ်အောင်ဘာများလုပ်မိလို့လဲဟု ဇော်ရီယန် တွေးမိသွား၏။

“နင်နောက်ကျတယ်” ဇော်ရီယန် အနားရောက်တာနဲ့တစ်ပြိုင်နက် အာကိုဂျာက ပြောလိုက်၏။

ဇော်ရီယန် မျက်ခုံးပင့်လိုက်သည်။ “အတန်းက နောက် ၁၀ မိနစ်လောက်နေမှ စမှာလေ။ ငါကဘယ်လိုနောက်ကျတာလဲ”

“အတန်းမစခင် ၁၅ မိနစ်အလိုမှာ ကျောင်းသားတွေ စာသင်ခန်းထဲ အသင့်ရှိနေရမှာ” သူမက ဆိုသည်။

ဇော်ရီယန် မျက်စောင်းထိုးလိုက်၏။ အဓိပ္ပာယ်မရှိလိုက်တာ…။ “ငါက နောက်ဆုံးမို့လို့လား”

“မဟုတ်ဘူး” ခေတ္တတိတ်ဆိတ်သွားပြီး သူမ ပြန်ပြောလိုက်ပါသည်။

ဇော်ရီယန်လည်း ဘာမှမပြောတော့ဘဲ သူမဘေးမှဖြတ်ကာ စာသင်ခန်းထဲဝင်လာခဲ့၏။

မှော်ပညာရှင်အုပ်စုတစ်စုထဲ ရောက်လာပြီဆို သိသာလွန်းပါသည်။ ၎င်းတို့၏ ပုံပန်းသဏ္ဌာန်၊ ဖက်ရှင်များက မေးစရာမလိုအောင် မှော်ဆန်နေတာကြောင့်ပင်။ အထူးသဖြင့် တစ်ကမ္ဘာလုံးကမှော်ပညာရှင်များ ၎င်းတို့၏ ကလေးတွေကို ပို့ဆောင်လေ့ရှိသော ဆိုင်အောရီးယားတွင် ပိုသိသာသည်။ သူ့အတန်းဖော်အများစုက တော်ဝင်အိမ်တော်တွေမဟုတ်ရင်တောင် အခြေခိုင်မာသည့် မှော်မိသားစုတွေမှ လာခဲ့ကြတာဖြစ်သည်။ မှော်မျိုးနွယ်အများစုမှ ပေါက်ဖွားလာသည့် မျိုးဆက်တွေမှာ သတိထားမိလောက်စရာ ထူးကဲဆန်းပြားသည့် လက္ခဏာများ ပါလာလေ့ရှိကြသည်။ မိဘများထံမှ သဘာဝအတိုင်း မျိုးရိုးဗီဇဆက်ခံခြင်း သို့မဟုတ် ၎င်းတို့ ကိုယ်တိုင် လျှို့ဝှက်ဖန်တီးလေ့ရှိကြသည့် အစီအရင်များကြောင့် ဖြစ်နိုင်သည်။ ဥပမာ အစိမ်းရောင်ဆံပင်များဖြင့် မွေးဖွားလာကြခြင်း၊ ဝိညာဉ်ချင်း ချိတ်ဆက်နေသည့် အမြွှာပူးများအဖြစ်မွေးဖွားလာခြင်း၊ သို့မဟုတ် ပါးပြင်များ၊ နဖူးများပေါ်တွင် တက်တူးလို အမှတ်အသားမျဉ်းကြောင်းများဖြင့် မွေးဖွားလာကြခြင်းတို့ကို မြင်တွေ့ရလေ့ရှိသည်။ ဒါတွေအားလုံးကို သူ့အတန်းဖော်တွေထဲမှာတောင် မြင်နိုင်ပါသည်။

အတွေးတွေကို ဖယ်ထုတ်ဖို့ ခေါင်းခါလိုက်ရင်း အတန်းရှေ့ကို သွားကာ တချို့တွေထက် အနည်းငယ်ပိုရင်းနှီးသည့် အတန်းဖော်တချို့ကို ဇော်ရီယန် ယဉ်ကျေးမှုအရ နှုတ်ဆက်လိုက်ပါသည်။ ဘယ်သူကမှ သူ့ကို စကားလာပြောဖို့မကြိုးစားပါ။ သူနဲ့ ရန်ငြှိုးရန်စရှိကြလို့လည်း မဟုတ်ပေ။ သို့သော် ရင်းနှီးချင်စိတ်လည်း မရှိကြပါ။

သူထိုင်ဖို့ ပြင်လိုက်စဉ် မာန်ဖီသံခပ်သဲ့သဲ့ကို ကြားလိုက်ရ၏။ သူ့ဘယ်ဘက်ကို လှည့်ကြည့်လိုက်ရာ လိမ္မော်နီရောင် နဂါးပေါက်တစ်ကောင်ကို ပေါင်ပေါ်တင်ပြီး ကလေးချော့ချော့နေသည့် သူ့အတန်းဖော်တစ်ယောက်ကို တွေ့လိုက်ရပါသည်။ ထိုသတ္တဝါက သူ့ကို တောက်တောက်ပပ မျက်လုံးဝါများဖြင့် စိုက်ကြည့်ကာ လေထဲမှာ လျှာကို ဝှေ့ရမ်းနေလေသည်။ ဇော်ရီယန် ထိုင်ခုံမှာ ဖြည်းဖြည်းချင်း ထိုင်လိုက်ပြီးနောက်မှာတော့ မာန်မဖီတော့ပါ။

“ဆောရီးပါကွာ” ထိုကောင်လေးက တောင်းပန်သည်။ “သူက လူစိမ်းတွေ သိပ်သဘောမကျဘူး”

“ရပါတယ်…” ဇော်ရီယန် လက်ပြကာ ခွင့်လွှတ်လိုက်ပါသည်။ ဘရီယမ် နဲ့ သူနဲ့ ထင်သလောက် မရင်းနှီးပါ။ သို့သော် သူ့မိသားစုက မီးနဂါးပေါက်တွေကို စီးပွားရေးအဖြစ် မွေးမြူမှန်း ဇော်ရီယန်သိပါသည်။ ထို့ကြောင့် သူ့ဆီမှာ ဒီလိုသတ္တဝါတစ်ကောင်တွေ့ရတာ အံ့ဩစရာတော့မရှိပေ။ “မင်းမိသားစုက မင်းကို ကိုယ်ပိုင် မီးနဂါးပေါက်လေး ပေးလိုက်ပြီပေါ့။ လူယဉ်နေပြီလား”

ဘရီယမ်က ပျော်ရွှင်စွာ ခေါင်းငြိမ့်ပြလိုက်သည်။ သူ့လက်ဖြင့် နဂါးပေါက်လေး၏ ခေါင်းကို ကုတ်ပေးနေသဖြင့် သတ္တဝါက မျက်လုံးပိတ်ကာ အငြိမ့်သား ဇိမ်ခံနေလေသည်။ “နွေရာသီအားလပ်ရက်တွေတုန်းက ရင်းနှီးအောင်လုပ်ထားတာလေ” သူရှင်းပြသည်။ “တိရိစ္ဆာန်တွေကို ယဉ်ပါးအောင်လုပ်တာက အစပိုင်းတော့ နည်းနည်းထူးဆန်းတယ်။ ဒါပေမယ့် ငါလက်တတ်လာပြီ ထင်ပါတယ်။ အနည်းဆုံးတော့ ခွင့်ပြုချက်မရှိဘဲ လူတွေကို မီးနဲ့မမှုတ်အောင် ထိန်းနိုင်ထားတယ်။ ဒီလိုမှ မဟုတ်ရင် သူ့ကို မီးထိန်းလည်ပတ် ပတ်ပေးထားရမှာ။ အဲ့တာဆို သူလည်း ကြိုက်မှာမဟုတ်ဘူးလေ”

“အတန်းကိုခေါ်လာတော့ ကျောင်းက မရစ်ဘူးလား” ဇော်ရီယန်က သိချင်စိတ်ဖြင့် မေးလိုက်၏။

“မရစ်ပါဘူး။ ကျောင်းတော်ကို ကြို တင်ပြထားပြီး လိမ္မာအောင်သင်ပေးထားရင်း ခေါ်လာလို့ရတယ်။ ပြီးတော့ အရွယ်အစားကလည်း အသင့်အတင့်ရှိရမှာပေါ့”

“မီးနဂါးပေါက်တွေက တော်တော်အကောင်ကြီးလာတတ်တယ်လို့ ကြားဖူးတယ်နော်” ဇော်ရီယန် ပြောလိုက်၏။

“ဟုတ်တယ်” ဘရီယမ် ခေါင်းငြိမ့်လိုက်ပါသည်။ “အဲ့တာကြောင့် အရင်တုန်းက ငါ့ကိုမွေးခွင့်မပေးကြတာပေါ့။ နောက်နှစ် နည်းနည်းလောက်ကြာရင် သူအကောင်အရမ်းထွားလာပြီး စာသင်ခန်းထဲထိလိုက်နိုင်တော့မှာမဟုတ်ဘူး။ ဒါပေမယ့် အဲ့ကျရင် ငါလည်း ကျောင်းပြီးသွားပြီး ခြံကို ပြန်ရလောက်ပါပြီ”

အတန်းချိန်အတွင်း နဂါးအကိုက်ခံရမှာ မဟုတ်တာကို သိလိုက်ရသဖြင့် ဇော်ရီယန်ကျေနပ်သွားပြီး တခြားကို အာရုံပြောင်းလိုက်သည်။ သူလည်း မယောင်မလည်နဲ့ ကောင်မလေးတွေကို ခိုးကြည့်လေ့ရှိသည်။ ဘန်နစ်ဆက်ခ်ကိုသာ အပြစ်တင်ရမည်။ ပုံမှန်ဆို ဘယ်လောက်ပဲချစ်ဖို့ကောင်းပါစေ အတန်းဖော်တွေကို ဇော်ရီယန် ကြောင်လေ့ကြောင်ထမရှိပါ။

“လန်းတယ်နော်”

အနောက်က အသံတစ်သံကြောင့် ဇော်ရီယန် ထခုန်မိမတတ် လန့်သွားသည်။ ကိုယ့်ကိုယ်ကိုလည်း သတိမဲ့မိသည့်အတွက် ကျိန်ဆဲလိုက်ပါသည်။

“မင်းဘာတွေပြောနေတာလဲ” ဇော်ရီယန် ပြန်ပြောလိုက်ပြီး ဇက်ချ် ကို မျက်နှာမူဖို့ ဖြည်းဖြည်းချင်း နောက်လှည့်လိုက်သည်။ သူ့အတန်းဖော်ရဲ့ ရွှင်ရွှင်မြူးမြူး အပြုံးမျက်နှာကြောင့် အရူးလုပ်လို့မရတော့မှန်း ဇော်ရီယန် သိလိုက်ရပါသည်။

“မရှက်ပါနဲ့” ဇက်ချ်က ရွှင်မြူးစွာ ပြောလိုက်သည်။ “ငါတို့ရဲ့ ဆံနီနတ်ဘုရားမလေးအကြောင်း စိတ်ကူးမယဉ်တဲ့ကျောင်းသား ငါတို့ အတန်းထဲမှာရှိမယ်မထင်ဘူး”

ဇော်ရီယန် မဲ့ပြုံးပြုံးလိုက်သည်။ တကယ်တော့ သူ ရေနီ ကိုကြည့်နေတာ မဟုတ်ပါ။ သူမနဲ့ စကားပြောနေသည့် ကောင်မလေးကို ကြည့်နေတာသာ ဖြစ်သည်။ သို့သော် ဇက်ချ်ကိုတော့ ရှင်းပြမနေတော့ပါ။ ဇော်ရီယန် ဇက်ချ်ကို ဘယ်လိုမြင်သလဲဆိုတာကတော့ ရှင်းပြရခက်သည်။ တစ်ဖက်မှာ ဒီဆံနက်နက်ကောင်လေးက ဆွဲဆောင်မှုရှိသည်၊ ယုံကြည်မှုပြည့်ဝသည်၊ ချောလည်းချောသည်၊ ရေပန်းလည်းစားသည်။ ထို့ကြောင့် သူ့ရဲ့အစ်ကိုကိုတောင် ဇော်ရီယန် အမှတ်ရမိပါသည်။ သို့သော်လည်း တစ်ဖက်မှာတော့ ဇက်ချ်က ဇော်ရီယန်အပေါ် မကောင်းတာ တစ်ခုမှ မလုပ်ခဲ့ဖူးသလို ရက်လည်းမရက်စက်ခဲ့ဖူးပါ။ အတန်းထဲက တခြားသူတွေ ဇော်ရီယန်ကို မသိချင်ယောင်ဆောင်နေချိန်မှာ ဇက်ချ်ကတော့ မကြာခဏ စကားလာပြောလေ့ရှိပါသည်။ ထို့ကြောင့် သူနဲ့ရင်ဆိုင်ရတိုင်း ဇော်ရီယန် ဘယ်လိုတုန့်ပြန်ရမလဲ အမြဲအခက်တွေ့သည်။

ထို့အပြင် ဘယ်လိုမိန်းကလေးမျိုးတွေကို ကြိုက်တတ်သလဲဆိုသည့်အကြောင်းတွေကို ဇော်ရီယန် တခြားယောက်ျားလေးတွေနဲ့ တစ်ခါမှ မပြောဖူးပေ။ ကျောင်းတော်ကြီးမှာ ဘယ်သူက ဘယ်သူ့ကို ကြိုက်နေသလဲဟူသည့် ကောလဟာလများက အလွန်ပျံ့နှံ့လွယ်ပြီး ဘာမဟုတ်သည့် ကောလဟာလ အသေးစားလေးတစ်ခုကတောင် နှစ်ပေါင်းများစွာကြာသည်အထိ အရိပ်မည်းကြီးလို ခြောက်လှန့်နေလိမ့်မည်။

“ကြေကွဲစရာ မင်းလေသံကို ကြည့်ရသလောက်တော့ မင်းရဲ့ဆွဲဆောင်မှုတွေ သူ့အပေါ်မှာ အလုပ်မဖြစ်ဘူးထင်တယ်နော်” ဇော်ရီယန်က စကားလမ်းကြောင်းလွှဲဖို့ ကြိုးစားရင်း ပြောလိုက်ပါသည်။

“သူကနည်းနည်းဉာဏ်များတယ်” ဇက်ချ် ဝန်ခံလိုက်ပါသည်။ “ဒါပေမယ့် ငါ့ဆီမှာ အချိန်ဆိုတာ အပေါဆုံးပါပဲကွာ”

ဇော်ရီယန် မျက်ခုံးပင့်သွား၏။ ဒီကောင်ဘာပြောနေသလဲ သူနားမလည်ပါ။ အချိန်ဆိုတာ အပေါဆုံး ဟုတ်လား။

ကံကောင်းစွာဖြင့် စာသင်ခန်းတံခါးကျယ်လောင်စွာပွင့်လာပြီး ဆရာမ ဝင်လာသောကြောင့် ဒီစကားဝိုင်းကို ဆက်စရာမလိုတော့ပေ။ ဆရာဆရာမတွေအားလုံး သယ်ဆောင်နေကျ ဧရာမစာအုပ်အစိမ်းကြီးကို ကိုင်ဆောင်ပြီး စာသင်ခန်းထဲဝင်လာသူက အီလ်ဆာ ဖြစ်နေတာကို မြင်လိုက်ရသောအခါ ဇော်ရီယန် အနည်းငယ် အံ့အားသင့်သွားပါသည်။ သို့သော် တကယ်တော့ အံ့ဩစရာမဟုတ်ပေ။ အီလ်ဆာက ကျောင်းတော်မှ ဆရာမတစ်ယောက်ဆိုတာ သူသိပြီးသားပဲမဟုတ်လား။ ထို့ကြောင့် ဒီအတန်းကို လာသင်တာ ဘာမှ ထူးဆန်းတာမဟုတ်ပါ။ အီလ်ဆာက ဇော်ရီယန်ကို ပြုံးပြလိုက်ပြီး သူမရဲ့ စားပွဲခုံပေါ် စာအုပ်ချလျက် စကားများနေသည့် ကျောင်းသားများ၏ ပါးစပ်ပေါက်ကိုပိတ်ဖို့ လက်ခုပ်တစ်ချက်တီးလိုက်သည်။

“အားလုံးတိတ်မယ်။ အတန်းစကြစို့” အီလ်ဆာ၏ ဘေးတွင် စစ်သားတစ်ယောက်လို သတိအနေအထားဖြင့် ရပ်နေသော အာကိုဂျာက သူမကို ကျောင်းသားစာရင်း ပေးလိုက်ပါသည်။

“နှစ်သစ်ရဲ့ ပထမဆုံးအတန်းကနေ ကြိုဆိုပါတယ် ကျောင်းသားတို့။ ငါက အီလ်ဆာ ဇီလက်တီ၊ ဒီအတန်းအတွက် မင်းတို့ရဲ့ ဆရာမပေါ့။ အခု မင်းတို့က တတိယနှစ်ကျောင်းသားတွေဖြစ်သွားကြပြီ။ ဆိုလိုတာက လိုအပ်တဲ့အရည်အချင်းတွေပြည့်မှီပြီးသား ဖြစ်ပြီး ငါတို့ရဲ့… အထင်ကရ မှော်ပညာအသိုင်းအဝိုင်းထဲ ဝင်ရောက်လာကြပါပြီ။ မင်းတို့က ဉာဏ်ရည်ကောင်းမွန်ကြောင်း၊ ကြိုးစား ချင်စိတ်ရှိကြောင်း၊ မှော်ပညာရဲ့အသက်သွေးကြောဖြစ်တဲ့ မန်နာကို လိုက်လျောညီထွေးဖြစ်အောင် အသုံးပြုတတ်ပြီဖြစ်ကြောင်း သက်သေပြခဲ့ပြီးပြီ။ ဒါပေမယ့် မင်းတို့ရဲ့ ခရီးက အခုမှ စတင်မှာ။ မင်းတို့အားလုံး သတိထားမိတဲ့အတိုင်း ဒီ့မတိုင်ခင်က မင်းတို့ကို အပျော့စား မန္တန်တွေ လက်တစ်ဆုပ်စာလောက်ပဲ သင်ပေးခဲ့တယ်။ အားလုံးလည်း ဒါကို မကျေမနပ်ဖြစ်ခဲ့ကြတယ်။ အခုတော့ အဲ့ဒီ မတရားမှုကြီး အဆုံးသတ်သွားပြီဖြစ်လို့ အားလုံး ဝမ်းသာလိုက်ကြတော့”

ကျောင်းသားတွေထံမှ အောင်ပွဲခံသံများ စီစီညံအောင် ထွက်လာလေသည်။ သူတို့ကို ခေတ္တသောင်းကျန်းခွင့်ပေးပြီးမှ အီလ်ဆာ လက်ပြကာ ပြန်လည်တိတ်ဆိတ်ခိုင်းလိုက်ပါသည်။ အီလ်ဆာက အတော်လေး ဒရမ်မာဆန်တတ်သူဖြစ်မည်။

ကျောင်းသားတွေလည်း ဒီလိုပဲမဟုတ်လား။ ပျော်ရွှင်မှုကို မထိန်းချုပ်နိုင်လို့ အော်ဟစ်အောင်ပွဲခံနေကြတာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။

“ဒါပေမယ့် မန္တန်တွေဆိုတာ ဘာလဲ” အီလ်ဆာက မေး၏။ “ဘယ်သူပြောနိုင်လဲ”

“ကောင်းရောကွာ…” ဇော်ရီယန် တီးတိုးရေရွတ်လိုက်သည်။ “စာပြန်နွှေးချိန်ပေါ့”

စာသင်ခန်းထဲက မဝံ့မရဲတီးတိုးပြောသံများအကြား အီလ်ဆာက ကောင်မလေးတစ်ယောက်ကို လက်ညှိုးထိုးလိုက်သည်။ ထိုကောင်မလေးက ‘ပုံစံကျ မှော်ပညာ’ အကြောင်း ရွတ်ဖတ်ပြလိုက်သည်။

“အမှန်ပဲ။ မန္တန်တွေဆိုတာ ပုံစံချမှတ်ထားတဲ့ မှော်ပညာတွေ။ မန္တန်တစ်ခုကို ရွတ်ဆိုတယ်ဆိုတာ သတ်မှတ်ထားတဲ့ မန်နာ တည်ဆောက်ပုံတစ်ခုကို တိုင်တည်လိုက်တာပဲမဟုတ်လား။ တည်ဆောက်မှုဆိုတာ တခြားအရာတွေလိုပဲ အကန့်အသတ်ရှိတယ်။ ဒါ့ကြောင့် ‘ပုံစံကျမှော်ပညာ’တွေကို ‘အကန့်အသတ်ရှိမှော်ပညာ’တွေလို့လည်း ခေါ်ကြတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လုံးလုံး မင်းတို့ လုပ်ခဲ့ရတဲ့၊ ဘာမှအသုံးဝင်မှာမဟုတ်ဘူးလို့ မင်းတို့ထင်ခဲ့ကြတဲ့ ပုံဖော်လေ့ကျင့်ခန်းတွေက ‘ပုံစံမဲ့မှော်ပညာ’တွေပဲ။ သီအိုရီအရဆို ‘ပုံစံမဲ့မှော်ပညာ’တွေက ဘာမဆို စွမ်းဆောင်နိုင်တယ်။ တိုင်တည်တာတွေဘာတွေက မင်းတို့ကို ပိုသက်သာအောင်လုပ်ပေးတဲ့ ကိရိယာသက်သက်ပဲ။ တချို့တွေပြောတဲ့အတိုင်းပြောရရင် ခြေမသန်တဲ့သူတွေအတွက် ချိုင်းထောက်တစ်ခုလိုပေါ့။ အကန့်အသတ်ရှိ မှော်မန္တန်တစ်ခုကို ရွတ်ဆိုတယ်ဆိုတာ ဖြစ်နိုင်ချေရှိတဲ့ အလားအလာတွေကို စတေးပြီး ကြိုတင်သတ်မှတ်ထားပြီးသားဖြစ်တဲ့ ပုံသေ ပုံစံခွက်ကြီးတစ်ခုထဲ မန်နာတွေကို စီးဆင်းစေလိုက်တာပဲ။ အဲ့ဒီ အကန့်အသတ်ရှိမှော်မန္တန်တွေကို အသေးအဖွဲပဲ ပြောင်းလဲလို့ ရနိုင်တယ်။ ဒါဖြင့်ရင် လူတွေက ဘာလို့ တိုင်တည်ခြင်းကို ပိုသဘောကျရတာလဲ”

သူမ အဖြေကြားရဖို့ ခေတ္တစောင့်လိုက်ပြီး ထပ်ရှင်းပြလိုက်ပါသည်။ “ပြီးပြည့်စုံတဲ့ ကမ္ဘာတစ်ခုမှာတော့ မင်းတို့ရဲ့ မှော်ပညာတွေကို ပုံစံမဲ့နည်းလမ်းတွေနဲ့ အသုံးပြုပြီး စိတ်ကြိုက်ပြုပြင်ပြောင်းလဲနိုင်လိမ့်မယ်။ ဒါပေမယ့် ဒီကမ္ဘာကြီးက ပြီးပြည့်စုံတဲ့ ကမ္ဘာမဟုတ်ဘူး။ ပုံစံမဲ့မှော်ပညာတွေက နှေးကွေးပြီး သင်ယူရခက်တယ်။ ငါတို့ရဲ့ အချိန်က အဖိုးတန်လွန်းတယ်။ ပြီးတော့ တိုင်တည်ခြင်းတွေနဲ့တင် အားလုံးနီးပါး ပြည့်စုံနေပြီးသားပဲဥစ္စာ။ အံ့ဖွယ်အရာတွေကို လုပ်ဆောင်နိုင်ပြီးသား။ တိုင်တည်ခြင်းနဲ့ ဖန်တီးနိုင်တဲ့အရာ အများစုကို ပုံစံမဲ့ မှော်ပညာတွေနဲ့ ဘယ်တုန်းကမှ ပြန်မဖန်တီးခဲ့ဖူးဘူး…”

သူမ အိတ်ကပ်ထဲမှ ဖောင်တိန်တစ်ချောင်းကို ထုတ်လိုက်ပြီး စားပွဲပေါ်တင်ကာ ရိုးရိုးရှင်းရှင်း ‘မီးတုတ်’ မန္တန်ကို ရွတ်ဆိုလိုက်သည်။ ထိုမန္တန်ကို ဇော်ရီယန် ကောင်းကောင်းသိပါသည်။ ဖောင်တိန်မှ ခပ်ဖျော့ဖျော့အလင်းရောင်ထွက်ပေါ်လာပြီး တစ်ခန်းလုံးကို လွှမ်းခြုံသွားလေသည်။ အခုတော့ စာသင်ခန်းထဲ ဘာကြောင့် ခန်းဆီးတွေပိတ်ထားသလဲဆိုတာ ဇော်ရီယန်နားလည်ပါပြီ။ နေ့ခင်းကြောင်တောင်ကြီး အလင်းပြမန္တန်တွေကို သရုပ်ဖော်ပြဖို့ ခက်ခဲတာကြောင့်ဖြစ်မည်။ ဒီမန္တန်က ဇော်ရီယန်အတွက် ဘာမှ မထူးခြားပါ။ မနှစ်က သင်ခဲ့ရတာကြောင့်ဖြစ်သည်။

“ဒီ ‘မီးတုတ်’ တိုင်တည်ခြင်းက အရိုးရှင်းဆုံး မန္တန်တွေထဲကတစ်ခုပဲ။ အခုလောက်ဆို အားလုံးလည်း သုံးတတ်လောက်ရောပေါ့။ မင်းတို့သိထားတဲ့ အလင်းထုတ်ပုံဖော်ခြင်းလေ့ကျင့်ခန်းနဲ့လည်း ဆင်တူတယ်”

ထို့နောက် ပုံဖော်လေ့ကျင့်ခန်းတွေနဲ့ယှဉ်လျှင် ‘မီးတုတ်’မန္တန်၏ အားသာချက်များ၊ အားနည်းချက်များကို အီလ်ဆာ ရှင်းပြလေသည်။ ပုံစံကျမှော်ပညာ၊ ပုံစံမဲ့မှော်ပညာတွေနဲ့ ဘယ်လို ဆက်နွယ်နေကြောင်းကိုလည်း ရှင်းပြသည်။ အများစုက ဇော်ရီယန် စာအုပ်တွေထဲမှ ဖတ်ထားပြီးသားဖြစ်၏။ ထို့ကြောင့် သူမ ရှင်းပြနေစဉ် ဇော်ရီယန်က စာအုပ်ဘေးနားတွေမှာ မှော်သတ္တဝါပေါင်းစုံ ပုံတွေကို ရေးဆွဲရင်း အပျင်းဖြေနေလိုက်ပါသည်။ အာကိုဂျာနဲ့ တခြားကျောင်းသားတစ်စုကတော့ ကြားသမျှကို အားတက်သရော ချရေးနေမှန်း ဇော်ရီယန် မျက်လုံးထောင့်မှ လှမ်းမြင်နေရသည်။ ဒါက စာပြန်နွှေးရုံသက်သက်ဖြစ်ပြီး အခု အီလ်ဆာပြောပြနေတာတွေ အကုန်လုံးမှာ မနှစ်က ဖတ်စာအုပ်ထဲ အကုန်ပါပြီးသားပင်…။ ထို့ကြောင့် သူတို့ရဲ့ အားထုတ်မှုကိုပဲ လေးစားရမလား တုံးအမှုကိုပဲ အထင်သေးရမလား ဇော်ရီယန် မသိတော့ပါ။ သို့သော် တချို့ကျောင်းသားတွေက ဆရာမရှင်းပြတာ နားထောင်နေစဉ် သင်ခန်းစာတစ်ခုလုံးကို အလိုလျောက်ချမှတ်ဖို့ သူတို့ ဖောင်တိန်များကို အသက်သွင်းထားလေသည်။ ဇော်ရီယန်က ကိုယ်တိုင် မှတ်စုရေးရတာ ပိုသဘောကျသော်လည်း ဒီမန္တန်က အသုံးဝင်မည့်ပုံပေါ်သဖြင့် နောက်မှ လေ့လာကြည့်ဖို့ စာအုပ်ထဲ ချမှတ်ထားလိုက်ပါသည်။

ထို့နောက် အီလ်ဆာက တန်ပြန်မှော်ပညာအကြောင်း စတင်ရှင်းပြသည်။ ထိုအကြောင်းအရာကိုလည်း မနှစ်တုန်းက စိတ်ကုန်ဖို့ ကောင်းလောက်အောင် သင်ပြီးသားဖြစ်သည်။ မနှစ်က စာမေးပွဲအောင်ဖို့ အရေးပါသည့် အဓိက သင်ခန်းစာတစ်ခုလည်းဖြစ်ပါသည်။ အလွန်ရှုပ်ထွေးပြီး အချက်အချာကျသည့် အကြောင်းအရာတစ်ခုဖြစ်ကာ ပုံစံကျမန္တန်တစ်ခုကို တန်ပြန်ဖို့ ပုံသေ သတ်မှတ်ထားသည့် ဖြေရှင်းချက်ဆိုတာမျိုး မရှိပါ။ ကိုယ့်ရဲ့ မန္တန်တွေကိုတောင် ဘယ်လိုတန်ပြန်ရမလဲမသိဘဲ ပုံစံကျမှော်ပညာကို သုတေသနလုပ်မိလျှင် အကုန်ကပ်ဆိုက်ကုန်ပါလိမ့်မည်။ သို့သော်လည်း အခုလောက်ဆို အားလုံး နားလည်ပြီးလောက်ပြီဖြစ်သဖြင့် ကျောင်းတော်က ဒီအကြောင်းတွေပြန်မပြောလောက်တော့ဘူးဟု ယူဆခဲ့မိပါသည်။

ရှင်းပြနေရင်းနဲ့ အီလ်ဆာက သရုပ်ဖော်ပြီး ရှင်းပြဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် ဆင့်ခေါ်မန္တန်တစ်ခုကို ရွတ်ဆိုလိုက်သောအခါ သူမရဲ့ စားပွဲပေါ်မှာ ကြွေပန်းကန်လုံးတွေအများကြီး ပေါ်လာခဲ့ပါသည်။ ထို့နောက် တစ်ယောက်တစ်လုံးစီ အားလုံးကို ဝေပေးဖို့ အာကိုဂျာအား တာဝန်ပေးလိုက်သည်။ ကြွေပန်းကန်တွေ ရရှိပြီးနောက် ‘ဝတ္ထုဈာန်ပျံ’ မန္တန်သုံးပြီး စားပွဲပေါ်မှာ ကြွေပန်းကန်ကို မှောက်ခုံဝဲနေအောင်ဖြစ်အောင် လုပ်ခိုင်းလိုက်သည််။ ကလေးမလေးရဲ့ စက်ဘီးကို ရေထဲကနေ ဆယ်ပေးခဲ့ရတာနဲ့ ယှဉ်လိုက်ပါက အလွန် လွယ်ကူလွန်းနေပါသည်။

“အားလုံး ပန်းကန်လုံးတွေ လေပေါ်ဝဲအောင် လုပ်နိုင်ကြပြီပေါ့” အီလ်ဆာက ပြောလိုက်သည်။ “တော်ပါပေတယ်။ ကဲ အခု မင်းတို့အားလုံး အဲ့ဒီပန်းကန်လုံးတွေပေါ်မှာ ‘အလင်းပျောက်’မန္တန်ကို သုံးကြည့်လိုက်ကြ”

ဇော်ရီယန် မျက်ခုံးပင့်သွား၏။ ဒီလိုလုပ်လို့ ဘာရမှာလဲ။

“လုပ်ကြလေ” အီလ်ဆာ ပြောလိုက်သည်။ “ဘယ်လိုသုံးရလဲ မေ့သွားပြီလို့တော့ မပြောနဲ့နော်”

ဇော်ရီယန်က ခပ်မြန်မြန်ပဲ လက်ဟန်ပြင်လိုက်ပြီး ပန်းကန်လုံးပေါ်အာရုံစိုက်ကာ မန္တန်တိုတစ်ခု ရွတ်ဆိုလိုက်သည်။ လေထဲက ပန်းကန်လုံးမှာ စက္ကန့်ပိုင်းလောက် ယိမ်းယိုင်သွားပြီး သာမန်လေးလံသည့် ပစ္စည်းတစ်ခုလို စားပွဲပေါ် ပြန်ပြုတ်ကျလာပါသည်။ ဘေးနားက တဂွက်ဂွက်မြည်သံတွေကြောင့် သူတစ်ယောက်တည်းမဟုတ်တာ သိသွားသည်။ ရှင်းပြချက်ကို နားထောင်ဖို့ အီလ်ဆာကို ဇော်ရီယန် ပြန်မော့ကြည့်လိုက်ပါသည်။

“အားလုံးမြင်တဲ့အတိုင်း ‘ဝတ္ထုပျံ’ မန္တန်ကို ‘အလင်းဖျောက်’မန္တန်နဲ့ တန်ပြန်လို့ရတယ်။ စိတ်ဝင်စားဖို့မကောင်းဘူးလား။ အလင်းရောင်တွေကို မှေးမှိန်သွားအောင်လုပ်တဲ့ မန္တန်တစ်ခုက ပစ္စည်းတွေကို လေပေါ်ပျံအောင်လုပ်တဲ့ မန္တန်နဲ့ ဘာဆိုင်လို့လဲပေါ့။ အမှန်တကယ်တော့ ‘အလင်းဖျောက်’မန္တန်လို့ ခေါင်းစဉ်တပ်ထားတဲ့ အဲ့ဒီမန္တန်ဟာ အထွေထွေအသုံးပြုလို့ရတဲ့ ဖြိုခွင်းခြင်းမန္တန်တစ်ခုကနေ အထူးပြုဖန်တီးထားတာကြောင့်ပါ။ ဖြိုခွင်းခြင်းမန္တန်ကိုသုံးလိုက်ရင် မန္တန်တစ်ခုရဲ့ တည်ဆောက်ပုံကို ဖျက်ဆီးနိုင်ပြီး ပျောက်ကွယ်သွားစေတယ်။ ‘ဝတ္ထုပျံ’မန္တန်ကို တန်ပြန်ဖို့ဆိုပြီး ဖန်တီးထားတာမဟုတ်ပေမယ့် စွမ်းအင်လုံလုံလောက်လောက်သာထည့်နိုင်ရင်သက်ရောက်မှုရှိနိုင်တာပဲ”

“ဒါဆိုလည်း ဘာလို့ ရိုးရိုးတန်းတန်း တန်ပြန်မန္တန် မသုံးခိုင်းတာလဲ” ကျောင်းသူတစ်ယောက်ကမေးလိုက်သည်။

“အဲ့တာကိုတော့ နောက်တစ်ကြိမ်မှဆွေးနွေးကြတာပေါ့” အီလ်ဆာက ချက်ချင်းပြန်ပြောလိုက်ပါသည်။ “လောလောဆယ် ခုနက ပန်းကန်လုံးပေါ်မှာ တန်ပြန်မန္တန်သုံးလိုက်တဲ့အခါ ဘာဖြစ်သွားလဲဆိုတာ မှတ်ထားကြရမယ်။ ကျောက်တုံးတစ်တုံးလိုပဲ ပြုတ်ကျသွားတယ်မဟုတ်လား။ မှော်နဲ့သာ မမွမ်းမံထားဘူးဆိုရင် စားပွဲပေါ်ပြုတ်ကျတဲ့အခါ ကွဲသွားမှာပဲ။ ဒါက ဖြိုခွင်းခြင်း မန္တန်တွေ အားလုံးရဲ့ ပြဿနာတစ်ခုပဲ။ ဖြိုခွင်းခြင်းမန္တန်တွေဆိုတာ တန်ပြန်မန္တန်တွေရဲ့ အရိုးရှင်းဆုံး ပုံစံပေါ့။ အမြင်အားဖြင့်ဆိုရင် ဖြိုခွင်းခြင်း မန္တန်မှာ စွမ်းအားလုံလုံလောက်လောက်ထည့်ခြင်းအားဖြင့် ဘယ်မန္တန်ကိုမဆို တန်ပြန်နိုင်မယ်လို့ ယူဆရတယ်။ ဒါပေမယ့် တစ်ခါတလေ မန္တန်တစ်ခုကို ဖြိုခွင်းလိုက်ခြင်းက ဒီတိုင်းလွှတ်ပေးလိုက်တာထက် ပိုဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာစေတယ်။ အထူးသဖြင့် အဆင့်မြင့် မန္တန်တွေမှာဆို ပိုသိသာတယ်။ မန္တန်ထုတ်သုံးနေတုန်း မန်နာအမြောက်အများ ရုတ်တရက်ဝင်ရောက်လာတာကြောင့် အမြဲတမ်း ပေါက်ကွဲမှုတွေနဲ့ အဆုံးသတ်သွားလေ့ရှိတယ်။ အဲ့ဒီ ‘စွမ်းအင်လုံလုံလောက်လောက်’ ဆိုတာလည်း မှော်ဆရာတွေ ထုတ်သုံးနိုင်တာနဲ့ အဝေးကြီးပဲ။ မင်းတို့ ပန်းကန်လုံးတွေကို စားပွဲပေါ် သေချာပြန်တင်ပြီး မှတ်စုစာအုပ်ထဲက စာရွက်နည်းနည်း ဖြဲပြီးတော့ ထည့်လိုက်”

အီလ်ဆာ၏ ရုတ်တရက် ခိုင်းစေမှုကြောင့် ဇော်ရီယန် အံ့အားသင့်သွားသည်။ သို့သော်လည်း သူမ ခိုင်းသည့်အတိုင်းပဲ လိုက်နာလိုက်ပါသည်။ စက္ကူတွေဖြဲရတာကို စိတ်ကျေနပ်ဖို့ကောင်းသည်ဟု ဇော်ရီယန် အမြဲထင်မိသည်။ ထို့ကြောင့် လိုအပ်တာထက် ပိုပြီး သူ့ပန်းကန်လုံးထဲ စက္ကူအပိုင်းအစတွေ ထည့်ကာ နောက်ထပ်ညွှန်ကြားမှုကို စောင့်နေလိုက်ပါသည်။

“အခု စက္ကူစတွေပေါ်မှာ အားလုံး ‘လောင်ကျွမ်းခြင်း’ မန္တန်ကို သုံးလိုက်ကြ။ ပြီးတာနဲ့ ချက်ချင်းပဲ ‘အလင်းဖျောက်’ မန္တန်ကို ဆက်သုံးပြီး ဖြိုခွင်းလိုက်” အီလ်ဆာက အမိန့်ပေးသည်။

ဇော်ရီယန် သက်ပြင်းချလိုက်၏။ ဒီတစ်ခါတော့ သူမ ဘာဖြစ်စေချင်တာလဲဆိုတာ ဇော်ရီယန် သိပါသည်။ မီးတောက်တွေကို အလင်းဖျောက်မန္တန်နဲ့ ဖြိုခွင်းလို့ရမှာမဟုတ်ပါ။ သို့သော်လည်း သူမ ပြောသည့်အတိုင်း လုပ်ကြည့်လိုက်ပါသည်။ မီးတောက်တွေက တုတ်တုတ်မျှ မလှုပ်ပါ။ လောင်စာကုန်သွားခါမှ သဘာဝအတိုင်း ငြိမ်းသွားသည်။

“အားလုံး လောင်ကျွမ်းခြင်း မန္တန်ကို ကောင်းကောင်း သုံးနိုင်ကြသားပဲ” အီလ်ဆာက ဆို၏။ “အံ့ဩစရာတော့မရှိပါဘူး။ မှော်ပညာနဲ့ ပစ္စည်းတွေကို အပူပေးဖို့ဆိုတာ အရမ်းလွယ်ကူတဲ့ အလုပ်ပဲဥစ္စာ။ ပေါက်ကွဲမှုတွေလည်း ထိုနည်းလည်းကောင်းပဲ။ မင်းတို့ထဲက ဘယ်သူမှ မီးတောက်တွေကို မဖြိုခွင်းနိုင်ခဲ့ဘူးနော်။ ဘာကြောင့်လို့ ထင်လဲ”

ဇော်ရီယန် စိတ်ပျက်လက်ပျက် မျက်စပစ်လိုက်၏။ တခြားကျောင်းသားတွေ အဖြေကို ခန့်မှန်းဖို့ ကြိုးစားနေတာကိုလည်း သူကြားနေရသည်။ ‘ခန့်မှန်းဖို့’ဆိုသည့် စကားလုံးက နည်းနည်းတော့ ချီးကျူးရာကျနေပါသည်။ တကယ်တမ်းက မှန်လိုမှန်ငြား ပေါက်ကရ အဖြေတွေ ကျပန်း ပစ်လွှတ်နေကြတာသာဖြစ်သည်။ ပုံမှန်ဆို အတန်းထဲမှာ ဇော်ရီယန် ဘာမှ ဝင်ပြောလေ့မရှိပါ။ သူများတွေရဲ့ အာရုံစိုက်ခံရတာကို သူသဘောမကျပေ။ သို့သော်လည်း ဒီလိုခန့်မှန်းသည့်ကစားနည်းကို စိတ်ကုန်လာပြီး အီလ်ဆာကလည်း တစ်စုံတစ်ယောက် အဖြေကို မပြောမချင်း ဘာမှ ကူညီမည့်ပုံစံမပေါ်ပါ။

“ဖြိုခွင်းစရာ ဘာမှမရှိလို့လေ” ဇော်ရီယန် ပြောလိုက်၏။ “ဒါကသာမန်မီးတောက်သက်သက်ပဲ။ မှော်ပညာနဲ့ ဖန်တီးလိုက်ပေမယ့် မှော်ပညာနဲ့ လောင်စာပေးထားတာ မဟုတ်လို့”

“မှန်တယ်” အီလ်ဆာက ဆိုသည်။ “ဖြိုခွင်းခြင်းမန္တန်တွေရဲ့ နောက်ထပ် အားနည်းချက်တစ်ခုပေါ့။ အဲ့ဒီမန္တန်တွေက မန်နာ တည်ဆောက်မှုကို ဖျက်ဆီးပစ်တာ။ ဒါပေမယ့် မှော်ပညာနဲ့ မသက်ဆိုင်တဲ့ အာနိသင်တွေကိုတော့ ဘာမှမလုပ်နိုင်ဘူး။ အဲ့တာကို မှတ်ထားကြပြီး ခုနက ပြဿနာကို ပြန်သွားကြစို့…”

၂ နာရီခန့်ကြာသောအခါ အတန်းဖော်တွေနဲ့အတူ စာသင်ခန်းထဲမှ အနည်းငယ် စိတ်ပျက်စွာ လစ်ထွက်လာခဲ့သည်။ စာသင်ချိန်အတွင်း အသစ်အဆန်း အနည်းငယ်သာ သင်ယူခဲ့ရပြီး ဒီတစ်လလုံး အခြေခံတွေ ပြန်နွှေးပြီးမှ အဆင့်မြင့်တာတွေ ဆက်သင်မည်ဟု အီလ်ဆာကလည်း ဆိုသည်။ ထို့နောက် တန်ပြန်မှော်ပညာနှင့် ပတ်သတ်သည့် စာစီစာကုံးပါ ရေးခိုင်းလိုက်သေးသည်။ ဇော်ရီယန်က အခြေပိုင်နိုင်ပြီးသားဖြစ်သဖြင့် တဖြည်းဖြည်းနဲ့ ပျင်းစရာ အတန်းတစ်ခု ဖြစ်လာနေပါပြီ။ တစ်ပတ်ကို အခြေခံတိုင်တည်ခြင်း အတန်းက ၅ ကြိမ်ဆက်တိုက်ရှိသည်။ နေ့တိုင်း ထိုအတန်းရှိပါသည်။

နောက် အတန်း ၄ တန်းကလည်း သင်ခန်းစာ မိတ်ဆက်အဆင့်သာရှိကြပြီး ဘယ်အတန်းမှာ ဘာတွေသင်မလဲဆိုသည့် အောက်လိုင်းများ ချပြကာ အသေးစိတ်ဆွေးနွေးသည်။ အခြေခံအဂ္ဂိရတ်ပညာနှင့် မှော်ပစ္စည်းဖန်တီးခြင်းအတန်းတို့က အလားအလာကောင်းမည့် ပုံစံပေါက်သော်လည်း တခြား အတန်း ၂ တန်းကတော့ ယခင် ၂ နှစ်တာတုန်းက အတိုင်းပင်။ တတိယနှစ်ရောက်ပြီဖြစ်တာတောင် ကျောင်းတော်က ဘာလို့ သူတို့ကို မှော်ပညာသမိုင်းကြောင်းတွေ၊ နိယာမ ဥပဒေသတွေ သင်ပေးဖို့ လိုအပ်နေသေးသည်ဟု ထင််နေတာလဲ ဇော်ရီယန် မပြောတတ်ပါ။ အားလုံးကို တမင်သက်သက် စိတ်ဒုက္ခပေးနေတာများလား။ အထူးသဖြင့် သူတို့ရဲ့ သမိုင်းဆရာ ဇီနိုးမီးရား အော်ဂိုင်း က ပိုဆိုးသည်။ သူ့ဘာသာရပ်ကို အလွန်စိတ်အားထက်သန်သော ဆရာတစ်ယောက်ဖြစ်ပြီး စာမျက်နှာ ၂၀၀ ရှိသော သမိုင်းစာအုပ်တစ်အုပ်ကိုလည်း ဒီတစ်ပတ်အတွင်း ပြီးအောင်ဖတ်ဖို့ အိမ်စာပေးလိုက်သေး၏။

ဒီရက်သတ္တပတ်၏ အစကတော့ မလှပတော့ပါ။

--- --- ---

နောက်တစ်နေ့က တိုက်ခိုက်ရေးမှော်ပညာအတန်းဖြင့် အစပြုသည်။ ပုံမှန်စာသင်ခန်းမဟုတ်ဘဲ လေ့ကျင့်ရေးခန်းမကြီးထဲမှာ သင်ကြားခြင်း ဖြစ်၏။ သူတို့ရဲ့ ဆရာက အငြိမ်းစားတိုက်ပွဲမှော်ဆရာဟောင်း ကိုင်ရွန် ဖြစ်သည်။ တစ်ချက်လောက်ကြည့်လိုက်ရုံနဲ့ ဒီအတန်းက သာမန်အတန်း မဟုတ်တာကို ဇော်ရီယန် ရိပ်မိပါသည်။

သူတို့ရှေ့မှာ ရပ်နေသည့် လူက အရပ်အားဖြင့် သာမန်သာရှိသော်လည်း ကျောက်သားဖြင့် ထွင်းထုထားသည့် ပုံစံမျိုးပေါက်နေသည်။ ထိပ်ပြောင်ပြောင်၊ မျက်နှာတည်တည်၊ ပြီးတော့ အလွန့်အလွန် ကြံ့ခိုင်သည်။ ခန့်ညားသော နှာခေါင်းတစ်ခုကို ပိုင်ဆိုင်ထားပြီး လောလောဆယ် အပေါ်ပိုင်းဗလာဖြင့် သူ့ကြွက်သားဖွံ့ဖြိုးမှုကို ဂုဏ်ယူဝံ့ကြွားစွာ ထုတ်ပြနေပါသည်။ လက်တစ်ဖက်မှာ တိုက်ခိုက်ရေး တုတ်တံတစ်ချောင်းကို ကိုင်ထားပြီး နောက်တစ်ဖက်မှာတော့ ဆရာ/ဆရာမများ၏ အစိမ်းရောင်လက်စွဲစာအုပ်ကို ကိုင်ထားသည်။ တခြားသူတစ်ယောက်ယောက် ပုံဖော်ပြောပြတာကို ကြားရလျှင် ရယ်စရာကောင်းသည်ဟု ထင်မိမှာ အမှန်ဖြစ်သော်လည်း လူကိုယ်တိုင် မြင်လိုက်ရချိန်မှာတော့ ဘာမှ ရယ်စရာကောင်းမနေပါ…။

“တိုက်ခိုက်ရေးမှော်ပညာဆိုတာ တကယ်တမ်း မန္တန်အမျိုးအစားထဲမှာမပါဘူး” ကိုင်ရွန်က ကျယ်လောင်ပြီး အမိန့်ပေးသော လေသံ ဖြင့် ပြောလိုက်သည်။ ကျောင်းသားတွေကို ဆရာတစ်ယောက်ကစကားပြောနေသည့်ပုံစံထက် တပ်သားသစ်များအား စစ်သူကြီးတစ်ယောက်က အမိန့်ပေးနေသည့်ပုံစံနဲ့ ပိုတူပါသည်။ ဇော်ရီယန် တက်ဖူးသမျှ အတန်းတွေထဲ ဒီအတန်းက အတိတ်ဆိတ်ဆုံးဖြစ်၏။ စကားများတတ်သည့် နီယိုလု နဲ့ ဂျိတ် တို့လို လူမျိုးတွေတောင် အသံတိတ်နေကြသည်။ “မှော်ပညာကို သုံးတဲ့ နည်းလမ်းတစ်ခုဆို ပိုမှန်မယ်။ တိုက်ခိုက်ရေးမှာ မန္တန်တွေသုံးဖို့ဆိုရင် အမြန် သုံးနိုင်မှရမယ်။ ရန်သူရဲ့ ကာကွယ်ရေးကို ကျော်လွန်နိုင်ရမယ်။ ဆိုလိုတာက စွမ်းအင်အမြောက်အများလိုအပ်ပြီး မန္တန်ကို မျက်တစ်မှိတ်အချိန်အတွင်း ပုံဖော်နိုင်ရမယ်…။ အဲ့တာကြောင့် တခြားအတန်းတွေမှာ မင်းတို့ သင်ထားတဲ့ ရှေးရိုးစွဲ တိုင်တည်ခြင်းတွေအကုန်လုံးက ဘာမှ အသုံးမဝင်ဘူးကွ!” သူ့လက်ထဲက တုတ်တံဖြင့် ကြမ်းပြင်ကို ထုလိုက်ပြီး ခပ်ကြမ်းကြမ်း ပြောလိုက်သည်။ လေ့ကျင့်ရေးခန်းမကြီးတစ်ခုလုံးလည်း ပဲ့တင်သံထပ်သွား၏။ ဒီလူ သူ့အသံကို မှော်ပညာနဲ့ အားဖြည့်ထားမှန်း ဇော်ရီယန် သေချာပေါက် သိနေပါသည်။ “မန္တန်တစ်ခုကို ရွတ်ဖတ်ဖို့က စက္ကန့်တွေအများကြီး ကြာနိုင်တယ် မင်းတို့ ရွတ်လို့မပြီးသေးခင် မင်းတို့ ရန်သူတွေက လာသတ်သွားလိမ့်မယ်။ အထူးသဖြင့် ဒီနေ့ဒီခေတ်မှာ ပိုဆိုးတယ်။ ဂိုဏ်းကဏ္ဍကွဲစစ်ပွဲကြီး အပြီးမှာ သောက်ရူးတိုင်းကို သေနတ်တွေ ဆင်ပေးထားပြီး တိုက်ခိုက်ရေးမှော်ဆရာတွေကို ဘယ်လို အာနိသင်ရှိရှိ တိုက်ခိုက်ရမလဲဆိုတာ သင်ပေးထားကြတယ်”

ကိုင်ရွန် လေထဲမှာ လက်ကို ဝေ့ရမ်းလိုက်သောအခါ သူ့နောက်က လေထုတုန်ခါသွားပြီး အကြည်ရောင် မိုင်နိုတောရ် (ကျွဲခေါင်းနှင့် လူခန္ဓာရှိသော မှော်သတ္တဝါဆန်း) တစ်ကောင်၏ ပုံရိပ် ပေါ်လာသည်။ ထိုသတ္တဝါက ဒေါသထွက်နေသည့်ပုံစံပေါက်သော်လည်း ပုံရိပ်ယောင်ကြီးမှန်း သိသာပါသည်။

“ဟိုးအရင်တုန်းက မှော်ဆရာတွေ သုံးတဲ့ တိုက်ခိုက်ရေးမှော်ပညာတွေကို မှော်ပညာနဲ့ ဝေးကွာတဲ့ သာမန်လူတွေက အံ့အားသင့် မှင်သက်လေ့ရှိကြတယ်။ ဒီနေ့ခေတ်မှာတော့ မူလတန်းတက်ခဲ့တဲ့ ကလေးတိုင်း ဒီလို ပုံရိပ်ယောင်ကြီးတစ်ခုဆိုတာ ကြောက်စရာ မဟုတ်မှန်း သိနေကြပြီ။ ကျွမ်းကျင်စစ်သားတွေ၊ ရာဇဝတ်သားတွေဆို ပိုဆိုးတာပေါ့။ မင်းတို့ စာကြည့်တိုက်မှာ ရှာတွေ့တဲ့ မန္တန်တွေ နည်းလမ်းတွေ အများစုက အရမ်းကို ခေတ်နောက်ကျနေတဲ့ ဟာတွေချည့်ပဲ”

ကိုင်ရွန် စကားရပ်တန့်လိုက်ပြီး မေးကိုင်ကာ စဉ်းစားလိုက်သည်။ “ပြီးတော့ မင်းကို တစ်ယောက်ယောက်က သတ်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ မှော်ပညာသုံးဖို့ အာရုံစိုက်ဖို့က ခက်ခဲတယ်လေ”။ သူခေါင်းခါလိုက်သည်။ “အဲ့တာကြောင့် အခုခေတ်မှာ ဘယ်သူမှ တိုက်ခိုက်ရေးမှော်ပညာတွေကို ရှေးရိုးစွဲတိုင်တည်နည်းတွေနဲ့ မသုံးကြတော့ဘူး။ အဲ့ဒီအစား ဖော်မြူလာတွေကို သုံးလာကြတယ်။ ဥပမာ ငါ့လက်ထဲက တောင်ဝှေးတုတ်တံပေါ်မှာ ထည့်သွင်းထားတဲ့တစ်ခုလိုပေါ့။ အဲ့ဒါဆို တချို့ မန္တန်တွေကို ပိုပြီး လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် သုံးနိုင်လာမယ်။ အဲ့ဒီ ပစ္စည်းတွေမရှိရင် မင်းတို့ကိုငါ တိုက်ခိုက်ရေးမှော်ပညာသင်နေမှာတောင် မဟုတ်ဘူး။ ရှေးရိုးစွဲ တိုင်တည်ခြင်းနည်းလမ်းတွေနဲ့ တိုက်ပွဲမှာ သက်ရောက်မှုရှိအောင် ဘယ်လို တိုက်ခိုက်ရမလဲဆိုတာ သင်ယူဖို့ နှစ်ပေါင်းများစွာ ကြာနိုင်တယ်။ တကယ်လို့ သိချင်တယ်ဆိုရင်လည်း မင်းတို့ဖာသာ စာကြည့်တိုက်ထဲသွားပြီး လက်ဟန်တွေ ရေရွတ်နည်းတွေ လေ့လာလို့ရတယ်”

ထို့နောက် ကျောင်းသားတိုင်းကို မှော်ကျည်ဆံ တုတ်တံတစ်ချောင်းစီ ဝေပေးပြီး လေ့ကျင့်ရေးခန်းမ အဆုံးရှိ ရွှံ့ရုပ်များကို သူတို့မန်နာကုန်သည့်အထိ မန္တန်ဖြင့် ပစ်ခိုင်းသည်။ ရှေ့က ကောင်မလေး မန်နာကုန်မည့်အချိန်ကို စောင့်ရင်း ဇော်ရီယန် သူ့လက်ထဲက မှော်တုတ်တံကို လေ့လာကြည့်လိုက်၏။ လုံးဝ ဖြောင့်တန်းနေသော သစ်သားချောင်းလေးတစ်ချောင်းဖြစ်ကာ ဇော်ရီယန်၏ လက်နှင့် ကွက်တိကျသည်။ တုတ်တံကို ဘယ်ဘက်က ကိုင်ကိုင် အဆင်ပြေသည်။ ကိုင်ဆောင်သူ၏ ဆန့်ကျင်ဘက် အစွန်းမှ မှော်စွမ်းအင်တွေ ထွက်လာမှာဖြစ်ပါသည်။

နောက်ဆုံးတော့ ဇော်ရီယန် အလှည့်ရောက်လေပြီ။ မန္တန်ဖော်မြူလာတစ်ခု၏ အကူအညီနဲ့ မှော်ပညာသုံးရတာ အလွန်လွယ်ကူမှန်း သိလိုက်ရ၏။ ဘာမှတောင် စဉ်းစားဖို့မလိုဘဲ ဆန္ဒရှိသည့်ဘက်သို့ တုတ်တံကိုညွှန်ကာ မန်နာ ထည့်သွင်းလိုက်ရုံပင်။ မှော်တုတ်တံထဲက မန္တန်ဖော်မြူလာမှာ အလိုလျောက် အလုပ်လုပ်သွားသည်။ တကယ့်ပြဿနာက ဒီ ‘မှော်ကျည်ဆံ’ မန္တန်မှာ ဇော်ရီယန် သုံးဖူးသည့် တခြား ဘယ်မန္တန်ထက်မဆို မန်နာအသုံးပိုများတာဖြစ်သည်။ ၈ ချက်လောက် ပစ်ပြီးနောက် သူ့မန်နာ လုံးဝ ကုန်ဆုံးသွားလေသည်။

မန်နာ အကုန်မြန်တာကို စိတ်ပျက်လက်ပျက်ဖြစ်သွားသော်လည်း သူ့ရှေ့က ဇက်ချ်တစ်ယောက် ပျင်းရိပျင်းတွဲ ယုံကြည်ချက် ရှိစွာဖြင့် မှော်ကျည်ဆံတွေ တစ်ချက်ပြီးတစ်ချက် ပစ်လွှတ်နေတာကို ဇော်ရီယန် ငေးကြည့်နေမိသည်။ ဒီကောင့်ကို ဇော်ရီယန် အနည်းငယ် အားကျသွား၏။ ယခု ဇက်ချ်သုံးလိုက်သည့် မန်နာ ပမာဏမှာ ဇော်ရီယန် အများဆုံး သုံးနိုင်သည့် ပမာဏထက် ၃ ဆ လောက် ၄ ဆလောက် အသာလေး ပိုများသည်။ ထို့အပြင် ဇက်ချ် ပုံစံကလည်း လုံးဝ အားနည်းသွားပုံမပေါ်ပါ။

“အတန်းမပြီးသေးပေမယ့် မင်းတို့အားလုံးကို သွားခွင့်ပေးလိုက်မယ်” ကိုင်ရွန်က ဆို၏။ “ဟော့ဒီက မစ္စတာ ဇက်ချ် နိုဗယ်ဒါ ကလွဲလို့ အကုန် မန်နာတွေ ကုန်သွားပြီကိုး။ နှုတ်ဆက်စကားအနေနဲ့ မင်းတို့အသစ်စက်စက် သင်ယူထားတဲ့ တိုက်ခိုက်ရေးမှော်ပညာကို ထိန်းထိန်းသိမ်းသိမ်း တာဝန်ရှိရှိ သုံးဖို့ သတိပေးလိုက်မယ်။ မဟုတ်ရင် ငါကိုယ်တိုင် မင်းတို့ကို အမဲလိုက်ပြီး နှိမ်နင်းမှာ”

ဒီလိုစကားမျိုးပြောတာ တခြားပရော်ဖက်ဆာတွေသာဆို ဇော်ရီယန် ရယ်မိလောက်သည်။ သို့သော်လည်း ကိုင်ရွန်က တကယ်လုပ်မည့် ပုံစံကြီးနှင့်…။

ထို့နောက် မန္တန်ဖော်မြူလာအတန်း တက်ရသည်။ တိုက်ခိုက်ရေးမှော်ပညာအတန်းအတွက် အထောက်အကူဖြစ်သော အတန်းလည်း ဖြစ်သည်။ သူတို့ရဲ့ ဆရာမက ဖယောင်းတိုင်မီးတောက်တစ်ခုလို ထောင်မတ်နေသည့် လိမ္မော်နီရောင် ဆံပင်များကို ပိုင်ဆိုင်ထားသည့် ခပ်ငယ်ငယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမရဲ့ ဘာသာအပေါ် စိတ်အားထက်သန်မှုက ဇီနိုးမီးရား အော်ဂါနဲ့တောင် ဆင်တူသည်။ ဇော်ရီယန်က မန္တန်ဖော်မြူလာတွေကို သဘောကျပါသည်။ သို့သော်လည်း နိုရာ ဘိုလီ (မန္တန်ဖော်မြူလာဆရာမ) ထင်သလောက်တော့ မဟုတ်ပါ။ သူမ ဖတ်ခိုင်းသည့် စာအုပ်တွေက ၁၂ အုပ်လောက်ရှိပြီး စိတ်ဝင်စားသူတွေအတွက် အပတ်တိုင်း အချိန်ပိုသင်ပေးမည်ဟုလည်း ကြေညာသည်။ ထို့နောက် သူတို့ကို ‘အသေးစား စာမေးပွဲ’ (မေးခွန်း ၆၀ လောက်ရှိ)တစ်ခု ဖြေခိုင်းပြီး ပြီးခဲ့သည့် ၂ နှစ်ကစာတွေ ဘယ်လောက်မှတ်မိသလဲ စစ်ဆေးသည်။ ထို့နောက် သူမ ဖတ်ခိုင်းထားသည့် စာအုပ်မှ ပထမ အခန်း ၃ ခန်းကို မနက်ဖြန် အတန်းအတွက် ကြိုဖတ်ထားဖို့ ပြောကာ အနှစ်ချုပ်လိုက်ပါသည်။

ထိုအတန်းတွေ ပြီးသည့်နောက်မှာတော့ ဇော်ရီယန်အတွက် တစ်နေကုန် အပန်းဖြေခရီး ထွက်လိုက်ရသလိုပင်။

--- --- ---

ဇော်ရီယန် သူ့ရှေ့က တံခါးကို စိတ်ဖိစီးစွာ ခေါက်လိုက်သည်။ ကျောင်းစတက်သည့် ပထမအပတ်က အတော်လေး ပျင်းဖို့ကောင်း ပါသည်။ အဆင့်မြင့် သင်္ချာဘာသာကိုလည်း နိုရာဘိုလီပဲ သင်မှန်း သိလိုက်ရတာက လွဲလို့ပေါ့။ သူမက ထိုဘာသာရပ်သင်ရတာကိုလည်း အတော်လေး စိတ်အားထက်သန်မှုရှိပုံရသည်။ နောက်တစ်ခါ စာမေးပွဲထပ်ဖြေခိုင်းပြီး ဖတ်စရာ စာအုပ်တွေလည်း ထပ်ညွှန်းပေးသည်။

ဒီနေ့က သောကြာနေ့ဖြစ်ပြီး နောက်ဆုံးတော့ သူ့ရဲ့သီးသန့်ဆရာနဲ့ တွေ့ဖို့ အချိန်ကျလေပြီ။

“ဝင်ခဲ့” အခန်းထဲမှ အသံတစ်သံထွက်လာ၏။ ထိုအသံကိုကြားရုံနဲ့ အထဲကလူ စိတ်မရှည်ဖြစ်နေမှန်း ဇော်ရီယန် ခံစားမိသည်။ မသိလျှင် ဇော်ရီယန်က သူ့အချိန်ကို လာဖြုန်းနေသည့် ပုံစံမျိုးနဲ့…။ ဇော်ရီယန် တံခါးဖွင့်ကာ ဝင်လာလိုက်ပြီး ငရဲကလာသည့်ဆရာဟူ၍ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဗင်ချောင်နဲ့ မျက်နှာချင်းဆိုင် တွေ့လိုက်ရလေသည်။ မျက်နှာကို ကြည့်ရုံနဲ့ ဗင်ချောင်က သူ့ကို သိပ်စိတ်မဝင်စားမှန်း ဇော်ရီယန် ပြောနိုင်ပါသည်။

“ဇော်ရီယန် ခါဇင်စကီလား။ ထိုင်ပါ” ဗင်ချောင်က အမိန့်ပေးသည်။ တစ်ဖက်လူ၏ အဖြေကိုတောင် မစောင့်ပါ။ ဗင်ချောင် ပစ်ပေးလိုက်သော ဖောင်တိန်ကို ဇော်ရီယန် မနည်းဖမ်းကာ ထိုင်လိုက်သည်။

“အခြေခံမန္တန် ၃ မျိုး သုံးပြ” ဗင်ချောင် အမိန့်ပေးလိုက်သည်။ ဒုတိယနှစ်တုန်းက သင်ယူခဲ့ရသည့် ပုံဖော်လေ့ကျင့်ခန်းတွေကို ပြောနေတာ ဖြစ်ပါသည်။

ဒီအကြောင်း ဇော်ရီယန် ကောင်းကောင်းကြား ဖူး၏။ ဗင်ချောင်အထင်ကြီးလောက်အောင် အခြေခံမန္တန် ၃ မျိုးကို ဘယ်သူမှ ချောချောမွေ့မွေ့ မသုံးနိုင်ကြသေးပါ။ သေချာပါသည်။ ဇော်ရီယန် ဖောင်တိန်ကို လေထဲမြောက်အောင် လုပ်ခါစပဲ ရှိသေး၊ အနှောင့်ယှက်ခံလိုက်ရသည်။

“နှေးတယ်” ဗင်ချောင်က ဖြတ်ပြောလိုက်သည်။ “အာရုံစိုက်ဖို့ ၁ စက္ကန့်ကြီးများတောင် ကြာတယ်ပေါ့။ ဒီ့ထက်ပိုမြန်ရမယ်။ ပြန်လုပ်”

ပြန်လုပ် ပြန်လုပ် ပြန်လုပ်…။ ဗင်ချောင် ထိုစကားလုံး ၂ လုံးတည်းသာ ထပ်ခါထပ်ခါ ပြောနေခဲ့သည်။ ဇော်ရီယန် သတိမထားမိလိုက်ခင်မှာပဲ ၁ နာရီတောင် ကြာသွားခဲ့ပါသည်။ ဗင်ချောင့်မျက်လုံးကို ဖောင်တိန်ဖြင့် ထိုးစိုက်ချင်စိတ်များအား မျိုသိပ်ရင်း လေ့ကျင့်ခန်းကိုပဲ အာရုံစိုက်ထားလိုက်သည်။

“ပြန်လုပ်”

ဗင်ချောင် စကားမဆုံးခင်မှာတင် ဖောင်တိန်က လေထဲ ချက်ချင်းမြောက်တက်သွားသည်။ တကယ်ပါပဲ။ ဒီ့ထက် ဘယ်လိုလုပ် ပိုမြန်နိုင်တော့မှာလဲ။

သူ့နဖူးကို ဂေါ်လီလုံးတစ်လုံး လာမှန်သောအခါ ဇော်ရီယန် အာရုံပျက်သွားသည်။

“မင်းအာရုံပျက်သွားတယ်” ဗင်ချောင်က အပြစ်တင်၏။

“ကျွန်တော့်ကို ဂေါ်လီလုံးနဲ့ လာပစ်တာကိုး!” ဒီလောက်ကလေးဆန်သည့် လုပ်ရပ်မျိုး ဗင်ချောင်လုပ်လိုက်တာကို ဇော်ရီယန် မယုံကြည်နိုင်ဖြစ်နေသည်။ “အဲ့လိုလာပစ်မှတော့ ဘာဖြစ်မယ်ထင်လို့လဲ?!”

“ဘာကိစ္စပဲဖြစ်ဖြစ် လေ့ကျင့်ခန်းကိုပဲ အာရုံစိုက်ထားရမှာလေ” ဗင်ချောင်က ဆို၏။ “မင်းသာ တကယ်တမ်း ကျွမ်းကျင်နေပြီဆိုရင် ဒီလိုအသေးအဖွဲ အနှောင့်အယှက်လေးကြောင့် အာရုံပျက်သွားမှာမဟုတ်ဘူး။ ကြည့်ရတာ ငါထပ်မှန်ပြန်ပြီထင်တယ်။ လက်ရှိ ကျောင်းတော်သင်ရိုးရဲ့ အားနည်းချက်က အလားအလာရှိတဲ့ ကျောင်းသားနောက်တစ်ယောက်ကို ဖျက်ဆီးလိုက်ပြန်ပြီ။ အခြေခံ မန်နာပုံဖော်ခြင်းကနေ ပြန်စရတော့မယ်ထင်တယ်။ အမှားအယွင်းမရှိ လုပ်နိုင်တဲ့အထိ အခြေခံ ၃ မျိုးကို ပြန်သင်ရမယ်”

“ပရော်ဖက်ဆာ။ အဲ့ဒီ လေ့ကျင့်ခန်းတွေကို လွန်ခဲ့တဲ့ ၁ နှစ်က ကျွန်တော် ကျွမ်းကျင်ထားပြီးပါပြီ” ဇော်ရီယန်က ဆန့်ကျင်၏။ အခြေခံ မန္တန် ၃ မျိုးအတွက် သူ့အချိန်တွေကို မဖြုန်းနိုင်ပါ။ သူ့အမြင်မှာတော့ ဒါတွေအတွက် သူအချိန်လုံလုံလောက်လောက် ပေးခဲ့ပြီးပါပြီ။

“မင်းမကျွမ်းကျင်ပါဘူး” ဇော်ရီယန် ဒီလိုစကားမျိုးပြောတာ သူ့ကို စော်ကားသလို ပုံစံမျိုး ဖြစ်နေသည်။ “လေ့ကျင့်ခန်းကို စိတ်ချရအောင် ဖန်တီးနိုင်တာနဲ့ ကျွမ်းကျင်တာနဲ့က တခြားစီပဲ။ ပြီးတော့ ဒီလိုလုပ်ချင်းအားဖြင့် စိတ်ရှည်တတ်လာအောင် မင်းကို သင်ပေးလိမ့်မယ်။ အဲ့တစ်ချက်က မင်းကို တော်တော်ဒုက္ခပေးနေတဲ့ပုံပဲ။ မှော်ဆရာဆိုတာ စိတ်ရှည်ဖို့ အရေးကြီးတယ်ကွ”

ဇော်ရီယန် နှုတ်ခမ်းများ ပါးသွား၏။ ဒီလူက သူ့ကို တမင်သက်သက် ဒေါသထွက်အောင် စိတ်ဆွနေတာဖြစ်မည်။ သေချာပါသည်။ ကောလဟာလတွေက အမှန်ဖြစ်ပြီး ဒီသင်ကြားမှုတွေက အတော့်ကို စိတ်ရှုပ်ဖို့ကောင်းတော့မည်။

“ဝတ္ထုပျံ လေ့ကျင့်ခန်းနဲ့ စကြရအောင်လား” ဇော်ရီယန် မကျေနပ်တာကို ဂရုမစိုက်ဘဲ ဗင်ချောင်က ပြောလိုက်သည်။ “ပြန်လုပ်”

ထိုစကားလုံး ၂ လုံးကို ဇော်ရီယန် တော်တော်လေး မုန်းစပြုလာပါပြီ။

… … …

All Chapters